အသက်ဓာတ်အမှတ်အသား
Vol. 79 Ch. 1173
ကောင်လေးက ဆူဇီမိုနှင့် ဆက်စပ်နေသည်ကို ချင်ချင်သိရှိရသောအခါ သူမသည် ပို၍ပျော်ရွှင်ရလေသည်။ သူမသည် ကောင်လေးကို ကြည့်ရင်းနှင့် ပို၍သဘောကျလာလေလေဖြစ်၏။
“နင်ကတော့.... အဲ့ဒါနဲ့ပဲ ထိုက်တန်တယ်”
သူမသည် စိတ်ဝိညာဥ်ကျား၏ မျက်နှာပေါ်ရှိ ထိခိုက်ခံစားနေရသည့်မျက်နှာကိုမြင်ရသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်၏။
“နင်က... ကလေးကိုသွားပြီး အနိုင်ကျင့်ချင်တာကိုး”
“ဒီလောက်ကြမ်းထော်နေတဲ့ကလေးမျိုး နင်အရင်က တွေ့ဖူးလို့လား”
စိတ်ဝိညာဥ်ကျားက သုန်မှုန်နေသော အမူအရာဖြင့် မျက်လုံးစွေကြည့်လိုက်၏။ ကောင်လေးသည် သူတို့သုံးယောက်ကို ဖိနှိမ်နိုင်ခဲ့ရုံသာမက သူသည် ညဝိညာဥ်နှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်မှာတောင် အရေးနိမ့်ခြင်းမရှိပေ။
ရွှေခြင်္သေ့က အံ့အားတသင့် ရေရွတ်လိုက်၏။
“အစ်ကိုကြီးက တော်တော်မိုက်တာပဲ.... သူက ဒီလိုမျိုး ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို ဘယ်အချိန်ကတည်းက ပြုစုပျိုးထောင်ခဲ့တာလဲ မသိဘူး....”
ကောင်လေးက တွေဝေရှုပ်ထွေးသွားပြီး မနေနိုင်ဘဲ မေးလိုက်၏။
“ခင်ဗျားတို့တွေက သခင်လေးနဲ့ သိနေတာလား...”
“သိတာထက်ပိုတာပေါ့....”
မျောက်က ပြုံးဖြီးလိုက်၏။
“ငါတို့က... မင်းသခင်လေးနဲ့ အရမ်းကိုရင်းနှီးကြတာ... ငါတို့က သွေးသောက်ညီကိုမောင်နှမတွေပဲ... မင်းသခင်လေးက ငါတို့ရဲ့အစ်ကိုကြီးပေါ့”
“အဲ့လိုလား...”
ကောင်လေးသည် သူ၏ခေါင်းကိုစောင်းငဲ့၍ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။ သူ၏ နက်မှောင်နေသော မျက်လုံးများက မယုံကြည်နိုင်သေးသည့်ပုံဖြင့် လှည့်ပတ်ကြည့်ရှုနေ၏။
ချင်ချင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“အစ်ကိုကြီးက... မင်းအကြောင်းကို တစ်ခါမှ ငါတို့ကို မပြောဖူးပါဘူး...”
ထိုသည်ကိုကြားသောအခါ ကောင်လေး၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သည့် ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ သူက ခေါင်းကိုအနည်းငယ်ငုံ့ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်၏။
“အင်း... သခင်လေးက ကျုပ်ကိုစကားနှစ်ခါပဲ ပြောဖူးတယ်”
“အဲ့ဒါ ဘယ်လိုဖြစ်နိုင်ပါ့မလဲ...”
စိတ်ဝိညာဥ်ကျားက ပြောလိုက်၏။
“အစ်ကိုကြီးက မင်းနဲ့ စကားများများစားစားမပြောဖူးဘူးဆိုရင် မင်းက အဲ့ဒီသတ်ဖြတ်ကွက်တွေကို ဘယ်လိုလုပ်ပြီး တတ်မြောက်နေရတာလဲ...”
ထိုသို့ပြောရင်း စိတ်ဝိညာဥ်ကျားက လက်ဟန်ခြေဟန်ပြုလုပ်ပြလိုက်၏။
“အဲ့ဒီလှုပ်ရှားကွက်တွေလား...”
ကောင်လေးက ခေါင်းခါပြလိုက်၏။
“အဲ့ဒါကို သခင်လေးက ကျုပ်ကိုသင်ပေးခဲ့တာမဟုတ်ဘူး”
“သူသင်ပေးခဲ့တာ မဟုတ်ဘူးလား”
ချင်ချင် ၊ စိတ်ဝိညာဥ်ကျားနှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့အားလုံးက တွေဝေရှုပ်ထွေးကုန်ကြလေသည်။
သူတို့၏ထင်မြင်ချက်အရ ဆူဇီမိုသာလျှင် ထိုသတ်ဖြတ်ကွက်များကို သိထားလေသည်။
အဲ့ဒါကို ဆူဇီမိုက သင်ပေးတာမဟုတ်ဘူးဆိုရင် ကောင်လေးက အဲ့ဒါကို ဘယ်ကနေသင်ယူတတ်မြောက်ခဲ့တာလဲ...။
“အစ်ကိုကြီးက ဘယ်လိုကျင့်ကြံရမလဲ မင်းကိုမသင်ပေးခဲ့ဘူးလား...”
ချင်ချင်က ထပ်မေးလိုက်၏။
ကောင်လေးက ခေါင်းခါပြလိုက်၏။
“သခင်လေး.. ရွှေအမြုတေအဆင့်ကို ချိုးဖျက်တက်လှမ်းနေတဲ့မြင်ကွင်းကိုပဲ ကျုပ်က မြင်တွေ့ခဲ့ရတာ... ကျုပ်အသိစိတ်ရလာပြီးတဲ့နောက် အဲ့ဒီလှုပ်ရှားကွက်တွေနဲ့ ကျင့်ကြံဖို့အတွက် ဓမ္မအစီအရင်တချို့က ကျုပ်စိတ်ထဲမှာ ရှိနေခဲ့ပြီ...”
“အဲ့ဒါက ထူးဆန်းတယ်.... အစ်ကိုကြီးမဟုတ်ဘူးဆိုရင် အဲ့ဒီလှုပ်ရှားကွက်တွေကို တခြားဘယ်သူသိသေးလို့လဲ...”
စိတ်ဝိညာဥ်ကျားက တီးတိုးရေရွတ်လိုက်၏။
မျောက်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏စိတ်ထဲတွင် သွေးနီရောင်ဝတ်ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
“သူမများလား....”
သူက တီးတိုးရေရွတ်လိုက်၏...။
ဆူဇီမိုအပြင် ထိုသတ်ဖြတ်ကွက်များကို နောက်ထပ်လူတစ်ယောက်သိထားသေးကြောင်း မျောက်က သိလေသည်။
လွန်ခဲ့သည့်နှစ်တစ်ရာကျော်က ညတစ်ညတွင် ထိုလျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီးသည် သူ့အား မျောက်ဝံမျိုးနွယ်မှ ဓမ္မအစီအရင်တစ်ခုကိုသင်ကြားပေးပြီးနောက် ပျောက်ကွယ်သွားလေသည်။
မက်မွန်ပင်၏ အသိစိတ်၏ ဇာစ်မြစ်က ပိုမိုသန်မာလေ ကောင်လေး၏ အနာဂတ်အလားအလာကလည်း ပိုမိုကြီးမားလေဖြစ်ကြောင်း ညဝိညာဥ်ကလည်း ပြောခဲ့လေသည်။
ထိုသို့ဆိုလျှင် မက်မွန်ပင်ကို အသိစိတ်ရရှိအောင်ကူညီပေးခဲ့သူမှာ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသာလျှင် ဖြစ်နိုင်လေသည်။
ဤကောင်လေးက ကြောက်စရာကောင်းလောက်အောင်သန်မာနေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ လက်စသတ်တော့ သူက လျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီး၏ အမွေအနှစ်ကို ခံယူထားတာကိုး...။
ချင်ချင်သည် ကောင်လေး၏ဘေးနားသို့ ရောက်ရှိလာပြီး ဆောင့်ကြောင့်ထိုင်ချကာ ပြုံး၍မေးလိုက်လေသည်။
“မင်းသခင်လေးနဲ့ မတွေ့ရတော့တာ ဘယ်လောက်ကြာသွားပြီလဲ...”
“နှစ်နှစ်ရာကျော်သွားပြီ...”
ကောင်လေးက သူ၏လက်ချောင်းများကိုချိုးပြီး ရေတွက်လိုက်၏။
“မင်းသခင်လေးက ... ထွက်မသွားခင် မင်းကိုဘာပြောခဲ့သေးလဲ”
ချင်ချင်က ထပ်မေးလိုက်၏။
ကောင်လေးက တည်တံ့သောအမူအရာဖြင့် ပြန်ဖြေလိုက်၏။
“သူက ဒီနေရာမှာရှိတဲ့ မြို့သူမြို့သားတွေကို ကာကွယ်ပေးဖို့ကျုပ်ကိုပြောခဲ့တယ်...”
“အဲ့ဒါကြောင့် မင်းက ဒီနေရာမှာ နှစ်ပေါင်းတစ်ရာကျော်ကြာအောင် ကာကွယ်စောင့်ရှောက်နေတာပေါ့လေ...”
ချင်ချင်၏မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့သည့် အမူအရာက ပေါ်ထွက်လာခဲ့၏။
ကောင်လေးက အားမာန်တက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
“ကျုပ်က... ဒီနှစ်တွေထဲ ဘယ်မှထွက်မသွားခဲ့ဘူး... ပင်ယန်းမြို့က မြို့သူ့မြို့သားတွေကလည်း ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ခဲ့ကြတယ်...”
“အင်း....ငါတို့ အဲ့ဒါကို မြင်ခဲ့ပါတယ်”
ချင်ချင်က ခေါင်းညိတ်ပြလိုက်၏။ ဘာ့ကြောင့်ရယ်မသိ ထိုကဲ့သို့သောပုံစံနှင့်ကောင်လေးကို မြင်သောအခါ သူတို့၏စိတ်နှလုံးထဲတွင် နူးညံသိမ်မွေ့သည့် ခံစားချက်များက ပေါ်ထွက်လာကြ၏။
ကောင်လေးအပေါ် စိတ်ဝိညာဥ်ကျား၏ မကျေမချမ်းမှုကပင် ချက်ချင်းကွယ်ပျောက်သွား၏။
စကားတစ်ခွန်းအတွက်နှင့် ဤကောင်လေးသည် ဤမြို့မှာရှိသည့် မြို့သူမြို့သားများကို ကာကွယ်ရမည်ဟူသော လေးလံသည့်တာဝန်ကို ပုခုံးထမ်းထားပြီ သူက ခြေတစ်လှမ်းမှ မခွာခဲ့ပေ။ ဤအချိန်အတောအတွင်း သူက အန္တရာယ်နှင့် အခက်အခဲ ဘယ်လောက်များများကို တွေ့ကြုံခဲ့ရမလဲ...။
ယခင်က မြောက်ပိုင်းဒေသသည် စုန်းဂူကပ်ဘေးနှင့် တွေ့ကြုံခဲ့ရသော်လည်း အဲ့ဒါက ဤနေရာမှာဖြစ်ပွားခဲ့သည့် အရိပ်လက္ခဏာမရှိပေ။ အဲ့ဒါက ဤကောင်လေး၏ ကာကွယ်မှုကြောင့်ဖြစ်ပေလိမ့်မည်။
ဤကောင်လေးသည် ထိုတာဝန်က ဘယ်တော့မှပြီးဆုံးသွားမလဲ သူမသိပေ။
တကယ်ဆို သူ့သခင်လေးနှင့်သူ ဘယ်တော့ပြန်တွေ့ရမလဲဆိုတာကိုပင် သူက မသိရှိပေ။
သူမှတ်ထားသည့်အရာမှာ သူ့သခင်လေးထွက်မသွားခင် သူ့ကိုပြောခဲ့သောစကားသာလျှင်ဖြစ်ပေသည်။ ထို့သို့နှင့် သူသည် ဤနေရာမှာ နှစ်ပေါင်းတစ်ရာကျော်ကြာအောင် ကာကွယ်စောင့်ရှောက်နေခဲ့လေသည်။
ကောင်လေးသည် ချင်ချင်နှင့် အခြားသူများကို အနည်းငယ်ယုံကြည်လာပုံရပြီး သူက ဆက်ပြောလိုက်၏။
“ကျုပ်က မြို့မှာရှိတဲ့ အဖိုးအဖွားတွေကို နှစ်စဥ်နှစ်တိုင်း ကျုပ်ရဲ့မက်မွန်သီးတွေကို ခွဲဝေပေးခဲ့တယ်... မက်မွန်သီးတွေကိုစားသုံးပြီးတဲ့နောက် သူတို့က အသက်ပိုရှည်လာကြတယ်...”
လူတိုင်းက နားလည်သဘောပေါက်သွားကြ၏။
ပင်ယန်းမြို့တွင် အသက်ရာကျော် အဖိုးအိုများစွာကို တွေ့မြင်ရသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ အဲ့ဒါက ဤကောင်လေး၏ ကာကွယ်စောင့်ရှောက်မှုကြောင့်ဖြစ်လေသည်။
“မက်မွန်ပင်နဲ့ပတ်သက်ဲတဲ့ ဒဏ္ဍာရီတွေက မှန်နေတဲ့ပုံပဲ...”
ညဝိညာဥ်က ပြောလိုက်၏။
“ဒဏ္ဍာရီအရဆို အင်မော်တယ်မက်မွန်ပင်တွေက လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို နှစ်ပေါင်းရာချီ... ဒါမှမဟုတ် နှစ်ပေါင်းထောင်နဲ့ချီအောင် မြှင့်တင်ပေးနိုင်တယ်တဲ့”
တကယ်တော့ ကောင်လေးသည် ထိုအဆင့်သို့ရောက်ဖို့ ဝေးကွာသေးလေသည်။
သူ၏သစ်သီးများသည် မော်တယ်များ၏ ဘဝသက်တမ်းကို နှစ်ပေါင်းနှစ်ဆယ်၊ သုံးဆယ်လောက် မြှင့်တင်ဖို့အတွက် ကူညီပေးနိုင်ခြင်းသာ ဖြစ်လေသည်။
“ဒီနှစ်တွေထဲမှာ... ငါတို့လို လူဆိုးတွေအများကြီးကလည်း ဒီကိုလာခဲ့ကြမှာပေါ့.. ဟုတ်တယ်မလား....”
ချင်ချင်က ပြုံး၍မေးလိုက်၏။
ကောင်လေးက ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်ချက်ချင်းပင် သူကခေါင်းခါလိုက်ပြီး သူ၏ကြည်လင်ရှင်းလင်းသော မျက်လုံးများကို ပုတ်ခတ်လိုက်၏။ သူက ချင်ချင်နှင့် အကြည့်ချင်းဆုံပြီး ပြောလိုက်လေသည်။
“ခင်ဗျားတို့တွေက.. မဆိုးပါဘူး... ဟိုလူဆိုးတွေကမှ တကယ်ဆိုးတာ”
“အဲ့ဒီလူဆိုးတွေက သူတို့က သန်မာတယ်ဆိုပြီး... ဒီမှာရှိတဲ့ပစ္စည်းတွေကို လုယူချင်ကြတယ်... သူတို့က လူတွေကို နေရာတိုင်းမှာ သတ်ဖြတ်ပြီးအနိုင်ကျင့်ချင်ကြတယ်... ဒါပေမယ့်လို့ ကျုပ်က သူတို့ကို ရိုက်နှက်ပြီးတော့ မောင်းထုတ်ခဲ့တယ်..”
“မင်းက သူတို့ကိုရိုက်နှက်ပြီး မောင်းထုတ်ခဲ့တာလား...”
လူတိုင်းသည် အံအားသင့်သွားပြီး စိတ်ဝိညာဥ်ကျားက မနေနိုင်ဘဲ မေးလိုက်၏။
“မင်းက သူတို့ကို မသတ်ခဲ့ဘူးလား...”
သူတို့၏ စိတ်ထဲတွင် သူတို့က သူတို့၏ရန်သူများအပေါ်ရက်စက်ပြတ်သားပြီး သတ်ဖြတ်ရမည်ဟု ယုံကြည်လက်ခံထားကြ၏။ ရန်သူများကို ရိုက်ပုတ်၍ မောင်းထုတ်ခြင်းဟူသော အရာမျိုးက သူတို့မှာမရှိပေ။
“ဟင့်အင်း....”
ကောင်လေးကခေါင်းခါပြလိုက်၏။
“ကျုပ်က... ဘယ်လိုသတ်ရမလဲဆိုတာကို မသိဘူး.. သတ်လည်းမသတ်ချင်ဘူး.. အသက်တိုင်းက တန်ဖိုးရှိတယ်... ကျုပ်က သူတို့ကို ထိခိုက်နာကျင်အောင်မလုပ်ချင်ဘူး”
မျောက်နှင့်အခြားသူများအတွက်တော့ ထိုစကားလုံးများက အရမ်းကိုရယ်စရာကောင်းနေလေသည်။
သူတို့သာ ထိုသို့သော ယုံကြည်မှုရှိသည်ဆိုလျှင် သူတို့သည် ရက်စက်ကြမ်းကြုတ်သော သားရဲလောကနှင့် ကျင့်ကြံရေးလောကမှာ ရှင်သန်နိုင်ကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မျောက်နှင့်အခြားသူများက သူ့ကိုလှောင်ပြောင်ခြင်း ၊ ရယ်မောခြင်း သို့မဟုတ် သရော်ခြင်း မရှိကြပေ။
ဤကောင်လေး၏ စိတ်နှလုံးက သန့်စင်ပြီး ကြင်နာမှုရှိလေသည်။
သူ့မျက်လုံးထဲရှိလောကက သာယာလှပပြီး နူးညံ့သိမ်မွေ့လေသည်။
သူ၏ရင်ထဲတွင် အသက်တိုင်းကတန်ဖိုးရှိပြီး လေးစားမှုနှင့်ထိုက်တန်လေသည်။
မျောက်နှင့်အခြားသူများသည် ကောင်လေး၏ လှပသောလောကကို ဖျက်ဆီးလိုခြင်း သိုမဟုတ် ဖျက်ဆီးရက်ခြင်းမရှိကြပေ။
ဤကောင်လေးက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ တစ်မူထူးခြားကွဲပြားနေလေသည်။
သူက စွမ်းအားကြီးမားသော်လည်း မည်သူ့ကိုမှသတ်ဖြတ်ခဲ့ခြင်းမရှိပေ။
ထိုကဲ့သို့သောယုံကြည်မှုနှင့်လူများက ရက်စက်ကြမ်းကြုတ်သောလောကတွင် ရှင်သန်နိုင်ချင်မှ ရှင်သန်နိုင်ပေလိမ့်မည်။ သို့သော်လည်း သူတို့က ဤကလေးကို ကာကွယ်ပေးရပေလိမ့်မည်။
ဆူဇီမိုကလည်း ဤကလေးကို ကာကွယ်ပေးပေလိမ့်မည်။
ဖြစ်နိုင်လျှင် သူတို့သည် ဤကလေး၏ လက်များကို သွေးများဖြင့် မစွန်းထင်းစေလိုကြပေ။
ကောင်လေးသည် ဤကဲ့သို့သော လက်ခံယုံကြည်မှုကိုပိုင်ဆိုင်ထားသည်မှာ တိုက်ဆိုင်မှုဟုတ်မဟုတ် မျောက်နှင့်အခြားသူများက မသိရှိကြပေ။
ဤမက်မွန်ပင်၏ အသိစိတ်၏ တျဲယွဲ့ဖြစ်လေသည်။ သို့သော်လည်း တကယ်တမ်းတော့ အဲ့ဒါအပြင် မက်မွန်ပင်ထံမှာ နောက်ထပ်အသက်ဓာတ်အမှတ်အသားတစ်ခုရှိလေသည်။ အဲ့ဒါက ပကတိသက်ရှိကန်းလန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ဇူဖန်ဖြစ်လေသည်။
ဇူဖန်က အတိတ်ကာလတုန်းက ဆူဇီမိုသဘောအကျဆုံးမြင်းတစ်ကောင်လည်း ဖြစ်လေသည်။
အရင်တုန်းက ဆူဇီမိုသည် ဇူဖန်၏ ပြာများကို အလွန်တရာဝမ်းနည်းပူဆွေးမှုနှင့်အတူ မက်မွန်ပင်၏အောက်မှာ မြှုပ်နှံခဲ့လေသည်။
တျဲယွဲ့က အရာရာတိုင်းကို တွေ့မြင်ခဲ့ရလေသည်။
ထို့ကြောင့်ပင် ဇူဖန်၏ အကြွင်းအကျန်ဝိညာဥ်သည် မက်မွန်ပင်နှင့် ပေါင်းစည်းသွားခဲ့ပြီး အသိစိတ်ရရှိမည့် အင်မော်တယ်အခွင့်အလမ်းတစ်ခုကို ဖမ်းဆုပ်ကာ တျဲယွဲ့၏ တာအိုအမွေအနှစ်ကို လက်ခံရရှိခဲ့ခြင်းဖြစ်လေသည်။
လက်ရှိကောင်လေးသည် မက်မွန်ပင်တစ်ပင်ကနေ အသွင်ပြောင်းလဲလာခြင်းဖြစ်သော်လည်း တကယ်တော့ သူ၏အသိစိတ်ထဲတွင် ဇူဖန်၏ အသက်ဓာတ်အမှတ်အသားကလည်းရှိလေသည်။
ရွှေအမြုတေတစ်ယောက်၏စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ဇူဖန်သည် ခုခံနိုင်စွမ်းကင်းမဲ့ပြီး ကူကယ်ရာမဲ့မှုနှင့် နာကျင်မှုကို နက်ရှိုင်းစွာခံစားခဲ့ရလေသည်။ ထို့ကြောင့်ပင် ဤကောင်လေးသည် သူ၏အသိစိတ်ထဲတွင် မည်သည့်သက်ရှိကိုမှ ထိခိုက်နာကျင်စေလိုခြင်း မရှိခြင်းဖြစ်လေသည်။
ဇူဖန်၏ အသက်ဓာတ်အမှတ်အသား ရှိနေခြင်းကြောင့်လည်း သူက ဆူဇီမိုအပေါ် အလွန်တရာယုံကြည်မှုရှိနေခြင်းဖြစ်လေသည်။