← Chapters

သွေးဖြင့် ချီးမြှောက်ဂုဏ်ပြုခြင်း

Vol. 79 Ch. 1175

သွေးဖြင့် ချီးမြှောက်ဂုဏ်ပြုခြင်း

Vol. 79 Ch. 1175

“သခင်လေးကို နှုတ်ဆက်ပါတယ်”

ကောင်လေးသည် မော်တယ်လောက၏ စာပေသမားများကို တုပ၍ ရိုသေလေးစားသော အမူအရာဖြင့် ရှေ့သို့ လျှောက်လှမ်းပြီး ဆူဇီမိုကို လက်သီးနှစ်ဖက် ယှက်ကာ နှုတ်ဆက်လိုက်၏။

မက်မွန်ပင်သည် အသိစိတ် ရရှိလာပြီးနောက် သူ ပထမဆုံး တွေ့ဆုံခဲ့သည့်လူမှာ ဆူဇီမိုသာ ဖြစ်လေသည်။

သူ၏ အပြုအမူနှင့် စကားလုံးများသည် ဆူဇီမိုကို အလိုလို တုပထားပြီး သူက နာခံတတ်၍ ချစ်စရာကောင်းသော စာပေသမားလေးတစ်ယောက်နှင့် တူနေလေသည်။

“မင်းက ဒီအဆင့်ထိတောင် ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီလား”

ဆူဇီမိုက အနည်းငယ် အံ့အားသင့်သွားရ၏။

ချင်ချင်နှင့် အခြားသူများက အကြည့်ချင်း ဖလှယ်၍ ပြုံးလိုက်ပြီး ကောင်လေးနှင့် တွေ့ဆုံပြီးနောက် ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းကို ပြန်လည်ပြောဆိုလိုက်ကြ၏။

ကောင်လေးသည် ပင်ယန်းမြို့မှ အဘိုးအဘွားများကို သူ၏ မက်မွန်သီးများ မျှဝေ၍ သူတို့၏ ဘဝသက်တမ်းများ မြှင့်တင်ပေးခဲ့သည်ကို ကြားသောအခါ ဆူဇီမိုက ရင်ထဲမှာ ထိသွား၏။

“မင်းက ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ”

ဆူဇီမိုသည် ခန့်မှန်းမိထားပြီ ဖြစ်သော်လည်း သူက ကောင်လေးကို ကြည့်၍ ညင်သာစွာ မေးလိုက်ဆဲဖြစ်၏။

​ကောင်လေးက ပြန်ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ခင်ဗျားရဲ့ အစ်ကိုက နှုတ်ဆက်ခွဲခွာသွားခဲ့တယ်.. ခင်ဗျားက ဝမ်းနည်းပူဆွေးနေခဲ့တာကို ကျုပ်မြင်ခဲ့ရပြီးတဲ့နောက်.. ကျုပ်ရဲ့ ကျင့်ကြံမှု အောင်မြင်တာနဲ့ မြို့မှာရှိတဲ့ မော်တယ်တွေကို အသက်ပိုရှည်အောင် ကူညီပေးမယ်လို့ ကျုပ်ဆုံးဖြတ်ခဲ့တယ်”

ထိုနေ့တွင် ဆူဇီမိုသည် မက်မွန်ပင်အောက်မှာ ရှိနေခဲ့ပြီး ဆူဟုန် ကွယ်လွန်သွားတာကို အလွန်တရာ နာကျင်စွာဖြင့် စောင့်ကြည့်နေခဲ့ရ၏။

မက်မွန်ပင်က အရာရာတိုင်းကို မြင်တွေ့ခဲ့ရလေသည်။

သို့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်သည် ထိုစဉ်တုန်းက အရာမရောက်နိုင်သေးဘဲ သူက ဘာမှ လုပ်မပေးနိုင်ခဲ့ပေ။ သူ လုပ်ပေးနိုင်ခဲ့သည်မှာ သူ၏ သစ်ကိုင်းများကို လှုပ်ခါ၍ မက်မွန်ပွင့်များကို ခြွေချကာ ဆူဇီမိုကို နှစ်သိမ့်ပေးခြင်း ဖြစ်လေသည်။

“ဒီကို လာပါဦး”

ဆူဇီမိုက ညင်သာသော အကြည့်နှင့်အတူ ကောင်လေးကို လက်ယပ်ခေါ်လိုက်၏။

ကောင်လေးတွင် ဇူဖန်၏ အသက်ဓာတ် အမှတ်အသား ရှိနေရုံသာမက.. အဲဒီမှာ တျဲယွဲ့၏ အငွေ့အသက် တချို့လည်း ပါရှိလေသည်။

သူသည် တျဲယွဲ့က သူမ၏တာအို သင်ကြားပေးနေသည်ကို တွေ့မြင်ခဲ့ရလေသည်။

ဆူဇီမိုသည် ကောင်လေးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရခြင်း ဖြစ်သော်လည်း သူက ထိုသူ့အပေါ် ဖော်မပြတတ်သော ခံစားချက်တချို့ ရှိနေပြီး သူ့ကို အလွန်တရာ ချစ်မြတ်နိုးနေလေသည်။

“အစ်ကိုကြီး.. အဲဒီကလေးမှာ အခုချိန်ထိ နာမည်တစ်ခု မရှိသေးဘူး.. သူ့ကို နာမည်လေး ဘာလေး ပေးလိုက်ပါဦး”

ချင်ချင်က ပြောလိုက်၏။

မျောက်က ပြုံးဖြီးလိုက်လေသည်။

“ကောင်လေး.. မင်း ဘာနာမည် လိုချင်လဲ.. ငါပေးရမယ်ဆိုရင်တော့ မင်းကို မက်မွန်လို့ ခေါ်မယ်”

“အဲဒါက တော်တော် ဖြစ်ကတတ်ဆန်းနိုင်တာပဲ”

စိတ်ဝိညာဉ်ကျားက ခေါင်းခါလိုက်၏။

“ငါပေးရမယ်ဆိုရင်တော့.. မင်းကို ထောင်ပိုထျန်လို့ ခေါ်မယ်.. အဲဒါက ငါ့ရဲ့ ဟူပါးထျန်ဆိုတဲ့ နာမည်လိုပဲ.. လွှမ်းမိုးခြယ်လှယ်မှု ရှိတယ်”

(ထောင်ပိုထျန် - ကောင်းကင်ကို ထိုးဖောက်မည့် မက်မွန်ပင်ဟု အဓိပ္ပါယ်ရ၏။)

“တော်တော်ဆိုးလိုက်တဲ့ နာမည်တွေ..”

ချင်ချင်နှင့် အခြားသူများက အထင်သေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

ကောင်လေးပင်လျှင် နှုတ်ခမ်းစူလိုက်လေသည်။

ခဏမျှ စဉ်းစားပြီးနောက်.. ဆူဇီမိုက ပြောလိုက်၏။

“ရှေးခတ်က ကဗျာတွေ စာတွေထဲမှာဆို.. မက်မွန်ပင်တွေက တိမ်စိုင်တွေကြားမှာ ဝင်းလက်တောက်ပနေခဲ့တယ်.. မက်မွန်သီးတွေက အင်မော်တယ်သစ်သီးတွေ၊ အသားတွေနဲ့အတူ ပေါကြွယ်ဝခဲ့တယ်.. မက်မွန်ပင်က စိမ်းစိုလန်းဆန်းတဲ့ အခက်အလက်တွေနဲ့ အထက်တန်းစားဆန်ဆန် ကြီးထွားခဲ့ကြတယ်.. ငါတို့က မင်းကို ထောင်ယောင်လို့​ ခေါ်မယ်ဆိုရင်ရော ဘယ်လိုလဲ”

“အဲဒါ ကောင်းတယ်”

ကောင်လေးက ပြုံးလိုက်လေသည်။

ထိုစဉ်မှာပင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့၏။ သူက တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည့်အလား ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်၏။ သူ၏အကြည့်က အကန့်အသတ်မဲ့သော လေဟာနယ်များကို ထိုးဖောက်သွားသည်ဟု ထင်ရပြီး လူတစ်ယောက်အပေါ်သို့ ဆင်းသက်သွားခဲ့လေသည်။

“သူက နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ”

ဆူဇီမိုက ဖြည်းဖြည်းချင်း ထရပ်ပြီး ယိုယွင်းပျက်စီးသော ခန်းမကို ဖြတ်ကျော်လိုက်၏။ သူက ကောင်းကင်ထက်သို့ ရောက်ရှိလာပြီး လေပေါ်မှာ မတ်တတ်ရပ်လိုက်၏။

ကျင့်ကြံသူတစ်ယောက်က အရှေ့ဘက် မိုးကုပ်စက်ဝိုင်းကနေ ပျံသန်းလာခဲ့၏။

ထိုသူက အစိမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏လက်နှစ်ဖက်ကို နောက်သို့ ပစ်ထား၏။ သူက တည်တံ့သော အမူအရာတစ်ခုရှိပြီး သူ၏ ခြေလှမ်းတစ်လှမ်းချင်းစီသည် မည်သည့် အမှားအယွင်းမှ မရှိဘဲ အတိအကျ တွက်ချက်ထားသကဲ့သို့ ဖြစ်နေ၏။

တာအိုအရှင် ရွှမ်ယွီ..

နှစ်တစ်ရာကျော် ကြာပြီးတာတောင် ဆူဇီမိုက ဤလူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်လေသည်။

ထိုအခိုက်အတန့်တွင် နေက ထွက်လာကာစဖြစ်၏။

တာအိုအရှင် ရွှမ်ယွီ၏ နောက်တွင် မနက်ခင်း နေရောင်ခြည်က ရွှေရောင်အလင်းနှင့်အတူ တောက်ပနေပြီး သူ၏ပုံရိပ်ကို လွှမ်းခြုံထားလေသည်။

တာအိုအရှင် ရွှမ်ယွီသည် သူ၏နောက်ကျောကနေ ထိုးဆင်းလာသော နေရောင်ခြည် အလင်းတန်းပေါ်မှာ လျှောက်လှမ်းလာသည့်အလား ထင်ရ၏။ တောက်ပဝင်းထိန်နေသော အလင်းရောင်အောက်တွင် သူ၏မျက်နှာက ဖန်သားကဲ့သို့ တလက်လက်ထနေပြီး မော်ကြည့်ဖို့အတွက် မတတ်နိုင်အောင်ပင်။

စွမ်းအားကြီးသော အော်ရာတစ်ခုက တလိပ်လိပ် တက်လာခဲ့၏။

ထိုသည်ကို မြင်သောအခါ မြို့တော်ဟောင်းပတ်လည်ရှိ ကျင့်ကြံသူများက တုန်လှုပ်​သွားရ၏။

သူတို့သည် အောက်ကနေ စောင့်ကြည့်နေလျှင်တောင် တာအိုအရှင် ရွှမ်ယွီသည် လောကနှင့် တစ်သားတည်းကျသွားသည့်အလား ပြိုင်ဘက်ကင်း စွမ်းအားတစ်ခု ထုတ်ဖော်ပေးနေသည်ကို သူတို့က ခံစားမိနိုင်၏။

ဓမ္မဝိသေသ အဆင့်သို့ ကျင့်ကြံခြင်းဖြင့် လူတစ်ယောက်သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ခန္ဓာတစ်ခုကို စုဖွဲ့လာနိုင်ပေလိမ့်မည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ငှားရမ်းယူပြီး ကောင်းကင်နှင့်မြေကြီးအပေါ် သူ၏ နားလည်ဆင်ခြင်နိုင်မှုက အထွတ်အထိပ်နီးပါးသို့ ရောက်ရှိလာပေလိမ့်မည်။

အဲဒါက တာအိုအရှင် ရွှမ်ယွီအတွက် ပို၍ပင် သိသာထင်ရှားလေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပင် ထိုကဲ့သို့သော ဖိအားကို ခံစားရသည်ဆိုလျှင် ထိပ်တိုက်ရင်ဆိုင်နေရသော ဆူဇီမိုက မည်သို့မည်ပုံ ခံစားရမလဲ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။

“ဖန်သားနန်းတော်ရဲ့ ဒုတိယ အသန်မာဆုံး ဓမ္မဝိသေသ တာအိုအရှင်ဆိုတဲ့အတိုင်းပါပဲလား.. သူက ဒီလောက်စွမ်းအားကြီးတဲ့ အရှိန်အဝါကို ဖော်ထုတ်ပေးနိုင်တယ်ဆိုတော့…”

ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ရေရွတ်လိုက်လေသည်။

ဂိုဏ်းချုပ်များအနေဖြင့်.. သူတို့သည် နှစ်ပေါင်းအတန်ကြာ နာမည်တစ်ခု ရထားပြီးသော ဓမ္မဝိသေသ တာအိုအရှင်များ ဖြစ်ကြ၏။

တာအိုအရှင် ရွှမ်ယွီက ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်လာသည်မှာ နှစ်တစ်ရာလောက်သာ ရှိသေးလေသည်။ သို့သော်လည်း သူက ဂိုဏ်းချုပ်များစွာထက် ကျော်လွန်သွားခဲ့လေပြီ။

အင်မော်တယ်ဂိုဏ်းများမှ တစ်ဂိုဏ်းအနေဖြင့် ဖန်သားနန်းတော်က ထိုကဲ့သို့သော ခွန်အားမျိုး ရှိသည်မှာ သဘာဝကျလေသည်။

မီးလျှံကိုလန်ဘတ်တောင်ကြား၏ ဂိုဏ်းချုပ်က ပြောလိုက်၏။

“တာအိုအရှင် ရွှမ်ယွီရဲ့ အရှိန်အဝါကို တွေ့မြင်ပြီးတဲ့နောက်.. ဒီတိုက်ပွဲက သိပ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူး”

“အထီးကျန်သိုင်းသခင်ရဲ့ ဝှက်ဖဲတွေက မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ ကုန်စင်အောင် ထုတ်ဖော်ခဲ့ပြီးပြီ… တာအိုအရှင် ရွှမ်ယွီက ဒီတိုက်ပွဲမှာ ဖန်သားနန်းတော်ကို ကိုယ်စားပြုထားတဲ့အတွက် သူက ရှုံးလို့ မရဘူး.. သူက ကြိုတင်ပြင်ဆင်မှုတွေ သေချာပေါက် ပြုလုပ်လာမှာပဲ”

ကောင်းကင်ထိုးဖောက်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်လေသည်။

တာအိုအရှင် ရွှမ်ယွီ ပေါ်ထွက်လာသည့် ခဏမှာပင် အစက ဆူဇီမိုအပေါ် ယုံကြည်မှုရှိသော ကျင့်ကြံသူအချို့ပင်လျှင် ယိမ်းယိုင်လာခဲ့ကြ၏။

သူ၏စွမ်းအားနှင့် အရှိန်အဝါက မတူကွဲပြားသော အဆင့်တစ်ခုမှာ ရှိနေလေသည်။

မူလနတ္ထိများကို မဆိုထားနှင့်.. လက်ရှိ ဓမ္မဝိသေသ တာအိုအရှင်အချို့ပင်လျှင် တာအိုအရှင် ရွှမ်ယွီ၏ အရှိန်အဝါနှင့် အော်ရာကို မခုခံနိုင်ကြပေ။

သို့သော်လည်း မျှော်လင့်မထားစွာပင်..

တာအိုအရှင် ရွှမ်ယွီသည် ဆူဇီမိုနှင့် ပေတစ်ရာ အကွာအဝေးသို့ ရောက်ရှိလာလျှင်ပင်.. ထိုသူက မှင်သေသေ အမူအရာဖြင့် လုံးဝ နောက်တွန့်ခြင်း မရှိပေ။

ဆူဇီမိုသည် ဤကဲ့သို့သော အခြေအနေအောက်တွင် မည်သည့်ဖိအားကိုမှ မခံစားရသည့်အလားပင်။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။

“အထီးကျန်သိုင်းသခင်.. ကျုပ်တို့ တွေ့ကြပြန်ပြီနော်”

တာအိုအရှင် ရွှမ်ယွီက ညင်သာစွာ ပြုံးပြလိုက်၏။

“အရိုးသားဆုံး ပြောရရင်တော့ ခင်ဗျားက ဒီအချိန်ထိ ရှင်သန်နိုင်ပြီး ဒီအဆင့်ထိ ကြီးထွားလာလိမ့်မယ်လို့ ကျုပ်က တကယ်ကို ထင်မှတ်မထားခဲ့ဘူး”

အံ့အားသင့်စရာပင်.. သူတို့နှစ်ယောက်ကြား တွေ့ဆုံမှုက လူတိုင်း တွေးထင်ထားသကဲ့သို့ တင်းမာခက်ထန်မှု ရှိမနေပေ။

တာအိုအရှင် ရွှမ်ယွီက မည်သည့် သတ်ဖြတ်လိုစိတ်မှ မရှိဘဲ စိတ်လက်ပေါ့ပါးသော အမူအရာတစ်ခုဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။ သူက ဆက်ပြောလိုက်လေသည်။

“ကျုပ် ဒီကိုလာခဲ့တာ ခင်ဗျားကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးဖို့ပဲ”

“ခင်ဗျားက ဖန်သားနန်းတော်ကို ဝင်ရောက်ဖို့ ရွေးချယ်မယ်ဆိုရင်.. ခင်ဗျားနဲ့ ကျုပ်တို့ကြားက ရန်ငြိုးရန်စတွေ အားလုံးကို ပယ်ဖျက်လိုက်ကြမယ်.. ဖန်သားနန်းတော်ကို ဝင်ရောက်ပြီးရင် တခြားဘယ်ဂိုဏ်းကမှ ခင်ဗျားကို ပြဿနာလာရှာရဲမှာ မဟုတ်တော့ဘူး”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

“တာအိုအရှင် ရွှမ်ယွီက ဖန်သားနန်းတော်ကိုယ်စား သူ့ရဲ့ စိတ်ကောင်းစေတနာကို ပြသဖို့ ဒီကို ရောက်လာခဲ့တာလား”

“ဖန်သားနန်းတော်က တော်တော်လေး ဖြောင့်မတ်မှန်ကန်တာပဲ”

“ဖန်သားနန်းတော်ကို ဝင်ရောက်တာက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိတဲ့ အခြေအနေပဲ”

များစွာသော ကျင့်ကြံသူများက တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။

အင်မော်တယ်ဂိုဏ်းများမှ တစ်ဂိုဏ်းအနေဖြင့် ဖန်သားနန်းတော်သည် များစွာသော ကျင့်ကြံသူများ ဝင်ရောက်လိုကြသော အထွတ်အမြတ် ကျင့်ကြံရေးကုန်းမြေတစ်ခုဖြစ်၏။ မည်သူက သူတို့ဂိုဏ်းကို မဝင်ရောက်ချင်ဘဲ နေပါ့မလဲ။

အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုအချို့မှ ဂိုဏ်းချုပ်များသာလျှင် ထိုစကားကို ကြားသောအခါ စိတ်ထဲကနေ လှောင်ရယ်ပြီး ဖန်သားနန်းတော်က ရက်စက်ကောက်ကျစ်လှသည်ဟု သူတို့ဘာသာ တွေးလိုက်ကြ၏။

ပြီးခဲ့တဲ့ နှစ်တစ်ရာအတွင်း.. ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့ရသော ဖန်သားနန်းတော် ကျင့်ကြံသူများ ဘယ်လောက်တောင် များခဲ့သလဲ။

ဖန်သားနန်းတော်၏ မည်ကာမတ္တ တပည့်ပင်လျှင် တာအိုအမွေအနှစ်ကုန်းမြေမှာ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။ သူတို့က ထိုအတိတ်ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ လွှတ်ချနိုင်ပါ့မလဲ။

တာအိုအရှင် ရွှမ်ယွီက ထိုစကားကို ပြောရသည့် အကြောင်းရင်းမှာ ဆူဇီမို၏ ယုံကြည်မှုကို ရရှိဖို့ မဟုတ်ပေ။

သို့သော်လည်း ဆူဇီမို၏ စိတ်နှလုံးက လှုပ်ခတ်သွားသည်နှင့်အမျှ.. သူက ဤတိုက်ပွဲမှာ ရှုံးနိမ့်ရပေလိမ့်မည်။

အနည်းဆုံးတော့ လူအုပ်ကြီးထဲရှိ များစွာ​သော ကျင့်ကြံသူများက ထိုစကားမှာ လိုချင်တပ်မက်သွားကြလေသည်။

ဤဂိုဏ်းချုပ်များသည် နှစ်ထောင်ပေါင်းများစွာ ရှင်သန်လာခဲ့​ပြီး သူတို့က အလွန်တရာ အတွေ့အကြုံ ကြွယ်ဝလေသည်။ အရင်က သူတို့ မတွေ့မြင်ဖူးသော ဘယ်လိုလှည့်စားမှုမျိုး ရှိပါ့မလဲ..။

ဆူဇီမို၏ စိတ်က အနည်းငယ် လှုပ်ခတ်သွားသည်နှင့်အမျှ တာအိုအရှင် ရွှမ်ယွီက အခွင့်အလမ်းကို ချိန်ဆပြီး သေချာပေါက် တိုက်ခိုက်လာပေလိမ့်မည်။

“ရွှမ်ယွီ.. မင်းက အဲ့လောက်ထိ အသည်းအသန် အားထုတ်နေစရာ မလိုပါဘူး”

ဆူဇီမိုက လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် အေးစက်စွာ ပြောလိုက်၏။

“ငါ မင်းကို ဒီနေ့ ဒီနေရာမှာ စိန်ခေါ်တယ်ဆိုတာ ငါ မင်းကို သတ်ဖြတ်ဖို့ပဲ.. မင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်ဆိုရင်တောင် ငါက အဲဒါကို ခွင့်ပြုမှာ မဟုတ်ဘူး”

သူက ကိုယ့်ကိုယ်ကိုယ် သတ်သေမှာကိုတောင် ခွင့်မပြုဘူးတဲ့လား..။

ဆူဇီမိုက သူ့ကို ကိုယ်တိုင်သတ်ဖြတ်ချင်လေသည်။

တာအိုအရှင် ရွှမ်ယွီ၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။ သူ၏ အမူအရာက ကြောက်စရာကောင်းလောက်အောင် သုန်မှုန်လာပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်ကာ ကြမ်းကြုတ်ခက်ထန်သည့် အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာခဲ့၏။

ဆူဇီမိုသည် တာအိုအရှင် ရွှမ်ယွီထံသို့ တောက်လောင်သော အကြည့်နှင့်အတူ လျှောက်လှမ်းသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါက ဒီကုန်းမြေကို ချီးမြှောက်ဂုဏ်ပြုဖို့အတွက် မင်းရဲ့သွေးကို အသုံးပြုရမယ်.. ငါက ငါ့ရဲ့အစ်ကိုနဲ့ ယန်တိုင်းပြည်က မြို့သူမြို့သားတွေကို ချီးမြှောက်ဂုဏ်ပြုဖို့အတွက် မင်းရဲ့သွေးကို သုံးရမယ်.. လွန်ခဲ့တဲ့ နှစ်တစ်ရာက ယန်တိုင်းပြည်ရဲ့ မြို့ ၁၃ မြို့က အပြစ်မဲ့တဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ပေးဖို့အတွက် မင်းရဲ့သွေးနဲ့ ငါက ချီးမြှောက်ဂုဏ်ပြုပေးရမယ်”

ချီးမြှောက်ဂုဏ်ပြုပေးရမယ်ဆိုသော စကားတစ်ခွန်းကို ပြောလိုက်တိုင်း ဆူဇီမို၏ အော်ရာက သိသိသာသာ မြင့်တက်လာခဲ့၏။

နောက်ဆုံးစကားကို ပြောဆိုပြီးချိန်တွင် ဆူဇီမို၏ အော်ရာက အထွတ်အထိပ်သို့ ရောက်ရှိလာပြီး သူက ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လိုက်လေသည်။

All Chapters