အနီးကပ်တိုက်ခိုက်ခြင်းသို့ ဖိအားပေးခံရခြင်း
Vol. 79 Ch. 1177
အနက်ရောင် ဓမ္မလက်နက်သည် သတ္တုပန်းကန်လုံးတစ်လုံးကို မှောက်ထားခြင်းနှင့်တူပြီး ၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များကို ခတ်နှိပ်ထားကာ အပေါက် ၉ ပေါက် ပါရှိလေသည်။
ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။
ထိုအနက်ရောင် ဓမ္မလက်နက်သည် လွန်ခဲ့သည့် နှစ်တစ်ရာကျော်က မြေခွေးလေးထံမှ တာအိုအရှင် ရွှမ်ယွီ လုယူသွားခဲ့သော မီးပိတ်ဆို့ခြင်းတောင်းပင် ဖြစ်လေသည်။
မီးပိတ်ဆို့ခြင်းတောင်းသည် အစိမ်းရောင်ကြာပန်းဓား၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်ခဲ့သည်ဆိုတော့..။
ထိုအခိုက်အတန့်တွင် ဓမ္မလက်နက်နှစ်ခုသည် ထိတွေ့ရိုက်ခတ်ပြီး အစိမ်းရောင်ကြာပန်းဓားက ပျက်ပြယ်ကာ ကြာစေ့ ၅၄ စေ့အဖြစ် ပြောင်းလဲ၍ ဆူဇီမို၏ အသိစိတ်ထဲသို့ ပြန်လည်ဝင်ရောက်သွား၏။
ဤအခိုက်အတန့်မှသာလျှင် လူအုပ်ကြီးထံမှ အံ့အားတသင့် ရေရွတ်သံများက ထွက်ပေါ်လာခဲ့၏။
“အထီးကျန်သိုင်းသခင်က တကယ့်ကို ရက်စက်ကြမ်းတမ်းတာပဲ.. သူက စစချင်းမှာပဲ အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားတဲ့ သတ်ဖြတ်ကွက်တစ်ကွက်ကို ထုတ်ဖော်ခဲ့တယ်”
“ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ.. တာအိုအရှင် ရွှမ်ယွီသာ နည်းနည်းလေး နောက်ကျသွားရင် သူက အဲဒီခုတ်ချက်နဲ့ အသတ်ခံရမှာပဲ”
သူ၏ဘေးပတ်လည်မှ ဆွေးနွေးပြောကြားသံများကို ကြားသောအခါ တာအိုအရှင် ရွှမ်ယွီက ရင်ထဲမှာ စိုးထိတ်စွာ ခံစားလိုက်ရ၏။
ယခုတင် သူ၏အသက်က ခြိမ်းခြောက်ခံလိုက်ရလေသည်။
တာအိုအရှင် ရွှမ်ယွီသည် သူ့လက်ထဲရှိ မီးပိတ်ဆို့ခြင်းတောင်းကို ကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိ၏။
“အထီးကျန်သိုင်းသခင်.. နှစ်တစ်ရာကျော်နဲ့ ငါ ဒီအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာ ဒီရတနာကို ကျေးဇူးတင်ရမှာပဲ”
ဆူဇီမို၏ ရင်က လှုပ်ခတ်သွား၏။
အစကတော့.. တာအိုအရှင် ရွှမ်ယွီသည် အချိန်တိုအတွင်း ဓမ္မဝိသေသအဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည်မှာ ကံအားလျော်စွာ သူတွေ့ကြုံခဲ့ရသော အခွင့်အလမ်းများကြောင့် ဖြစ်မည်ဟု သူက တွေးထင်ခဲ့၏။
ယခုအခါမှသာ အဲဒါသည် မီးပိတ်ဆို့ခြင်းတောင်းကြောင့်ဆိုတာကို သူက သိလိုက်ရ၏။
အံ့အားသင့်ဖို့ မကောင်းစွာပင်.. ထိုရတနာကို ကြင်ရာတော်ယု ပိုင်ဆိုင်ခဲ့တာ ဖြစ်ရပေမည်။ အဲဒါကြောင့် ထိုကဲ့သို့သော စွမ်းအားကို ၎င်းက ပိုင်ဆိုင်ထားသည်မှာ အံ့အားသင့်စရာ မရှိပေ။
“အဲဒီရတနာကို မြေခွေးတစ်ကောင်ဆီကနေ လုယူလာခဲ့ရတာ ငါမှတ်မိသေးတယ်”
တာအိုအရှင် ရွှမ်ယွီက သူ၏မျက်လုံးထဲရှိ အူမြူးအားရမှုကို ဖုံးကွယ်မထားဘဲ စားမြုံ့ပြန်ရင်း ရယ်မောလိုက်၏။
“လက်စသတ်တော့.. ဒီမီးပိတ်ဆို့ခြင်းတောင်းက တကယ့်ကို ရှားရှားပါးပါး အဆုံးစွန် ရတနာတစ်ခု ဖြစ်နေတာပဲ.. ဟားဟားဟားဟား”
လူအုပ်ကြီးထဲတွင် မြေခွေးလေးက သူမ၏ လက်ဖဝါးနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ပြီး တာအိုအရှင် ရွှမ်ယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူမက ဤလူကို သူမ၏အကြည့်ဖြင့် သတ်ဖြတ်ချင်နေသည့်အလားပင်။
“နတ်မိမယ် အစစ်အမှန်ကျောက်စိမ်း.. သူ့ရဲ့မျက်နှာကို ကြည့်စမ်းပါဦး.. ဘယ်လောက် မုန်းတီးစရာ ကောင်းလိုက်သလဲ”
မြေခွေးလေးက သူမ၏မျက်လုံးကို စွေကြည့်လိုက်၏။
“နတ်မိမယ် အစစ်အမှန်ကျောက်စိမ်း.. သူက ကျွန်မကို အနိုင်ကျင့်ခဲ့တဲ့သူပဲ.. ရှင်က မီးပိတ်ဆို့ခြင်းတောင်းကို ဘာလို့ ကျွန်မအတွက် ပြန်မယူပေးသေးတာလဲ”
အဖြူရောင်ဝတ် အမျိုးသမီးက မြေခွေးလေး၏ စိတ်ကို ဖတ်မိပုံရပြီး ပြုံးစစဖြင့် ပြောလိုက်၏။
“နင်က အဲဒီ သခင်လေးဆူကို ကူညီပေးစေချင်တာမလား”
“မဟုတ်ပါဘူး”
မြေခွေးလေးက မလုံမလဲနှင့် တီးတိုးပြောဆိုလိုက်၏။
“ကျွန်မက မီးပိတ်ဆို့ခြင်းတောင်းကိုပဲ တတ်နိုင်သမျှ မြန်မြန်ပြန်ယူချင်ရုံပါ”
“အဲဒီ သခင်လေးက နင့်ကို ကူညီပေးမှာပါလို့ အရင်တုန်းက နင်က အလောင်းအစားတစ်ခု ပြုလုပ်ခဲ့တယ် မဟုတ်ဘူးလား.. အဲ့လိုဆိုမှာတော့ ဒီကိစ္စမှာ ငါ ဝင်မပါဘဲ ဒီကနေ ရလဒ်ကို စောင့်ကြည့်နေတာက ပိုကောင်းမှာပေါ့”
အဖြူရောင်ဝတ် အမျိုးသမီးက မှင်သေသေဖြင့် ပြောလိုက်၏။
မြေခွေးလေးက နှုတ်ခမ်းစူပြီး ဘာမှဆက်ပြောခြင်း မရှိတော့ပေ။
“တကယ့်ကို အချိန်သင့် အခါသင့်ပဲ.. ဒီနေ့ ဒီမီးပိတ်ဆို့ခြင်းတောင်းရဲ့ စွမ်းအားကို မင်းက မြည်းစမ်းကြည့်ရတော့မယ်”
တိုက်ပွဲနယ်မြေတွင်.. တာအိုအရှင် ရွှမ်ယွီက ဆူဇီမိုထံသို့ တစ်ဖန်ခုန်ဝင်ပြီး သူ၏လက်ထဲရှိ မီးပိတ်ဆို့ခြင်းတောင်းဖြင့် ထိုသူကို ပစ်ပေါက်လိုက်၏။
“သွား..”
တာအိုအရှင် ရွှမ်ယွီက ဟိန်းဟောက်၍ သူ၏ လက်ချောင်းထိပ်ကနေ ဓမ္မစွမ်းအားများက ပစ်လွင့်ကာ မီးပိတ်ဆို့ခြင်းတောင်းထဲသို့ ဝင်ရောက်သွား၏။
ရွှစ်..
မီးပိတ်ဆို့ခြင်းတောင်းသည် လေကိုဆန်၍ ပြန့်ကားကာ လည်ပတ်လာပြီး ဆူဇီမို၏ ဦးခေါင်းထက်သို့ ချက်ချင်းနီးပါး ရောက်ရှိလာခဲ့၏။
ဆူဇီမို၏ အမူအရာက အေးခဲသွားခဲ့၏။
မီးပိတ်ဆို့ခြင်းတောင်းသည် ကြင်ရာတော်ယု ပိုင်ဆိုင်ခဲ့သော ပစ္စည်းဖြစ်ပြီး သူက အဲဒါကို သူ့အပေါ်သို့ လွှမ်းခြုံခွင့် မပေးနိုင်ပေ။
ဆူဇီမိုက သိုလှောင်အိတ်ကို ပုတ်ပြီး မီးခိုးရောင် တောင်ထွတ်တစ်ခုကို ဆွဲထုတ်လိုက်၏။
အဲဒါက ရှေးဟောင်းအတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင် ဖြစ်လေသည်။
သူသည် ဂမ္ဘီရသံလိုက်တောင်၏ စွမ်းအားကို အသုံးချကာ မီးပိတ်ဆို့ခြင်းတောင်းကို ထိန်းချုပ်ထားချင်လေသည်။
သို့သော်လည်း ဂမ္ဘီရသံလိုက်တောင် ဆင်းသက်လာပြီးနောက်.. မီးပိတ်ဆို့ခြင်းတောင်းက တုတ်တုတ်မျှ လှုပ်မသွားခဲ့ပေ။
“မကောင်းတော့ဘူး”
ဆူဇီမိုက ရင်ထဲမှာ ဆို့နင့်သွား၏။
မီးပိတ်ဆို့ခြင်းတောင်းသည် သတ္တုဖြင့် ပြုလုပ်ထားသော ပစ္စည်းတစ်ခုဖြစ်၏။ သို့သော်လည်း အဲဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ သံလိုက်ဓာတ်ဆွဲငင်ခြင်း မခံရသော ရှားရှားပါးပါး သတ္တုအမျိုးအစား ဖြစ်လေသည်။
တစ်နည်းအားဖြင့် ပြောရလျှင်.. ဂမ္ဘီရသံလိုက်တောင်သည် မီးပိတ်ဆို့ခြင်းတောင်းအပေါ်မှာ အလုပ်မဖြစ်နိုင်ပေ။
ဤအဆင့်တိုက်ပွဲတွင် အကဲဖြတ်တစ်ချက် မှားယွင်းသွားသည်နှင့် အရေးနိမ့်ရသည့် အခြေအနေသို့ သက်ဆင်းရခြင်း သို့မဟုတ် သေပင်သေရနိုင်လေသည်။
ကြီးမားသော အရိပ်တစ်ခုက လွှမ်းခြုံလာခဲ့၏။
မီးပိတ်ဆို့ခြင်းတောင်း၏ အလယ်တွင် အားကောင်းသော စုပ်ယူအားတစ်ခုက ဖြာထွက်လာပြီး ဆူဇီမိုကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် ထိန်းချုပ်လိုက်လေသည်။
သို့သော်လည်း တာအိုအရှင် ရွှမ်ယွီကတော့ အခွင့်အလမ်းကို ချိန်ဆကာ ချဉ်းကပ်လာခဲ့ပြီဖြစ်၏။
ချက်ချင်းပင် အခြေအနေက ပြောင်းလဲသွားခဲ့လေပြီ။
ဆူဇီမိုက အလွန်တရာ အန္တရာယ်များလာခဲ့၏။
“နတ်မိမယ် အစစ်အမှန်ကျောက်စိမ်း.. မြန်မြန်တိုက်ခိုက်ပေးပါတော့”
မြေခွေးလေးက ပူပန်သောကများနေပြီး အလောတကြီး လောဆော်လိုက်၏။
“မီးပိတ်ဆို့ခြင်းတောင်းကိုပဲ ပြန်ယူပေးပါ.. ကျန်တာကိုတော့ သခင်လေးဆူ သူ့ဘာသာ ကိုင်တွယ်ပါလိမ့်မယ်”
အဖြူရောင်ဝတ် အမျိုးသမီးက လှုပ်ရှားခြင်း မရှိဘဲ သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
“မီးပိတ်ဆို့ခြင်းတောင်းကို ဆုံးရှုံးခဲ့ရတာက.. အစကတည်းက သူ့ကြောင့်ပဲ.. အဲဒါကို သူကိုယ်တိုင်ပဲ ပြန်ယူပေးရမယ်”
“နောက်ပြီး.. ရွှမ်ယွီကို စိန်ခေါ်ခဲ့တဲ့သူက သူကိုယ်တိုင်ပဲ.. ငါက ဘာလို့ ဝင်ပါရမှာလဲ.. သူက အဲဒါကိုတောင် မဖြေရှင်းနိုင်ဘူးဆိုရင် အနာဂတ်မှာ နင့်ကို ဘယ်လိုကာကွယ်ပေးနိုင်မှာလဲ”
“သွား..”
ထိုစဉ်မှာပင်.. တိုက်ပွဲနယ်မြေမှ ညင်သာသော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်ထဲကနေ ပွင့်ချပ်ခြောက်လွှာနှင့်အတူ အစိမ်းရောင် ကြာခုံတစ်ခုက ပျံသန်းထွက်ပေါ်လာခဲ့၏။ အရောင်များစွာပါသော အလင်းက လေထဲမှာ ပြည့်နှက်သွားပြီး မီးပိတ်ဆို့ခြင်းတောင်းကို ပစ်တိုက်လိုက်လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာ..
ဓမ္မလက်နက်နှစ်ခုက ကျယ်လောင်သော မြည်သံနှင့်အတူ ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
မီးပိတ်ဆို့ခြင်းတောင်းသည် ဆူဇီမိုအပေါ် လွှမ်းခြုံချင်သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာက အောက်ကနေ မီးပိတ်ဆို့ခြင်းတောင်းကို ပစ်တိုက်လိုက်ခြင်း ဖြစ်လေသည်။
ခဏကြာသည်အထိ.. ဓမ္မလက်နက်နှစ်ခုက ညီတူမျှတူ ယှဉ်ပြိုင်နေကြဆဲဖြစ်၏။
သို့သော်လည်း.. ထိုနှောင့်နှေးကြန့်ကြာမှုတွင် တာအိုအရှင် ရွှမ်ယွီက သူ့ရှေ့သို့ ရောက်ရှိလာဖို့ လုံလောက်လေသည်။ သူ၏ သွေးချီက တလိပ်လိပ် တက်လာပြီး မနှိုင်းယှဉ်သာအောင် ပြင်းထန်ကြမ်းကြုတ်သော အော်ရာတစ်ခုနှင့်အတူ ရှေ့သို့ ပစ်ထိုးလိုက်လေသည်။
ဆူဇီမိုက ထိုးချက်တစ်ချက်ဖြင့်သာ ပြန်လည်ခုခံရလေသည်။
ဘန်း..
လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
အသားနှင့် အရိုးများကြား ထိတွေ့ရိုက်ခတ်မှုသည် ထုံထိုင်းထိုင်း အသံများကို ထွက်ပေါ်လာစေခဲ့၏။
တာအိုအရှင် ရွှမ်ယွီ၏ သွေးချီသည် ဆူဇီမိုထက် အပြတ်အသတ် သန်မာ၍ ဖိနှိမ်နိုင်သည်မှာ သိသာလေသည်။
“အား..”
ဆူဇီမိုက ခပ်သဲ့သဲ့ ညည်းတွား၍ နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်ရ၏။
တာအိုအရှင် ရွှမ်ယွီက အရှေ့သို့ လိုက်ပါလာပြီး သူ၏လက်နှစ်ဖက်ကို သူ၏ ရင်ဘတ်ရှေ့သို့ ပစ်တွန်းထုတ်လိုက်လေသည်။ သူက ဧရာမ တောင်တစ်လုံးကို ပွေ့ဖက်နေသည့်အလား လှုပ်ရှားကွက်ကို ထုတ်ဖော်၍ အော်ဟစ်လိုက်၏။
“တောင်တန်းပွေ့ဖက်လက်သီး”
ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက တောင်တစ်လုံးနှင့်အတူ ရောက်ရှိလာခဲ့၏။
ထိုအခိုက်အတန့်တွင်.. နည်းစနစ်များ အားလုံးက အသုံးမဝင်တော့ပေ။
ဆူဇီမိုသည် သူ၏လက်ကို မြှောက်ပြီး ပိတ်ဆို့တားဆီးလိုက်ရ၏။
ဘုန်း..
သူ၏ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားပြီး ရုန်းကန်ပေါက်ကွဲ စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာခဲ့၏။ သူ၏ ကိုယ်လက်အင်္ဂါများက တုန်ခါသွားပြီး သူ၏သွေးချီက ဗြောင်းဆန်ကာ သူ၏သွားများက နာကျင်ကိုက်ခဲသွားလေသည်။
သူ၏ပုံရိပ်က လွင့်စင်ထွက်သွားခဲ့၏။
“နောက်ဆုံးမှာတော့.. သူက အနီးကပ်တိုက်ခိုက်ဖို့ ဖိအားပေးခံလိုက်ရတာပဲ”
“သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးတဲ့နောက်.. အထီးကျန်သိုင်းသခင်က နည်းနည်းတော့ အားနည်းသွားတုန်းပဲ.. တာအိုအရှင် ရွှမ်ယွီက ဟာကွက်တစ်ခုကို ရှာတွေ့သွားမယ်ဆိုရင် သူက သေတဲ့အထိ ရိုက်နှက်ခံရလိမ့်မယ်”
“အဲဒါ အမှန်ပဲ.. တာအိုအရှင် ရွှမ်ယွီရဲ့ တိုက်ခိုက်ရည်ခွန်အားအရဆို.. သူက အထီးကျန်သိုင်းသခင်ကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ အခွင့်အရေး လုံးဝပေးမှာ မဟုတ်ဘူး”
ကျင့်ကြံသူများက အသည်းအသန် ဆွေးနွေးလိုက်ကြ၏။
တကယ်တော့.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် လုံလောက်အောင် မသန်မာသောကြောင့် မဟုတ်ပေ။
ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုကို ရရှိပြီးနောက်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က အတော်အတန် စွမ်းအားကြီးမားလာခဲ့ပြီး အဆင့်တူချင်းမှာ လူတိုင်းနီးပါးကို ဖိနှိမ်နိုင်လေသည်။
တာအိုအရှင် ရွှမ်ယွီက မူလနတ္ထိအဆင့်မှာသာ ရှိနေမည်ဆိုလျှင် ဆူဇီမိုသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်နှင့်အတူ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်ဖို့ ပကတိ ယုံကြည်မှု ရှိလေသည်။
သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ မျိုးဆက်သွေးက အတော်လေး သာမန်သာဖြစ်လေသည်။
ယခု သူသည် ဓမ္မဝိသေသ အဆင့်မှာရှိသော တာအိုအရှင် ရွှမ်ယွီနှင့် ရင်ဆိုင်ရသည့်အခါ.. သူတို့၏ ခွန်အားကွာဟချက်က အတော်လေး ကြီးမားလာခဲ့၏။
သို့သော်လည်း.. သူက အရေးနိမ့်နေစဉ်မှာတောင် ဆူဇီမို၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုမှ ရှိမနေပေ။
ကြာရိုးများကို သူ၏အရိုးများအဖြစ်နှင့် ကြာရွက်များကို သူ၏ အရေပြားအဖြစ် ပြန်လည်တည်ဆောက်ထားလေသည်။ များစွာသော ရှေးဟောင်းဓမ္မလက်နက်များကို ထပ်မံပေါင်းစည်းပြီးနောက်.. တာအိုအရှင် ရွှမ်ယွီက သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ဒဏ်ရာအပြင်းအထန်ရရှိစေဖို့ မလွယ်ကူပေ။
ဆူဇီမိုက အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေဆဲဖြစ်၏။
တာအိုအရှင် ရွှမ်ယွီက ငှက်တစ်ကောင်ကဲ့သို့ ရှေ့သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဆူဇီမိုကို ခွာခွင့် လုံးဝ မပေးပေ။
“တန်တစ်ထောင်လက်ညိုး”
တာအိုအရှင် ရွှမ်ယွီက နောက်ထပ် ကြောက်စရာကောင်းသော အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူ၏ လက်ညိုးသည် သွေးချီဖြင့် ပြည့်နှက်လာပြီး ၎င်း၏ ပတ်လည်တွင် အလင်းရောင်များက လှည့်ပတ်ကာ ဆူဇီမိုထံသို့ ပစ်ဝင်လာခဲ့၏။
အဲဒါက ဘယ်လိုလုပ် လက်ညိုးတစ်ချောင်း ဟုတ်ပါ့မလဲ။
အဲဒါသည် ကောင်းကင်ကို ထိုးဖောက်မည့် ကျောက်တိုင်တစ်တိုင်နှင့် တူနေလေသည်။
အသွေးအသား ခန္ဓာကိုယ်တစ်ခုက ထိုစွမ်းအားကို ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။
သို့သော်လည်း.. ထိုစဉ်မှာပင် ဆူဇီမို၏ စိတ်ထဲတွင် သတိပေးချက်တစ်ခုက ပေါ်ထွက်လာပြီး သူက မျက်လုံးကို မှေးကျဉ်းလိုက်၏။
အဲဒါက အန္တရာယ်ရှိလာခဲ့လေသည်။
အဲဒါက တန်တစ်ထောင်လက်ညိုးထက်ပင် ပိုကြောက်စရာကောင်းနေခဲ့၏။