← Chapters

တန်ပြန်တိုက်ခိုက်မှု

Vol. 79 Ch. 1178

တန်ပြန်တိုက်ခိုက်မှု

Vol. 79 Ch. 1178

တာအိုအရှင် ရွှမ်ယွီ၏ မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ အဲဒါက တလက်လက် တောက်ပနေသော ကျောက်မျက်နှစ်ခုနှင့်တူပြီး ညကောင်းကင်ယံရှိ ကြယ်များထက်ပင် ပိုမိုတောက်ပနေ၏။

“ဖန်သားမျက်လုံး”

အဲဒါက ဖန်သားနန်းတော်၏ အမွေအနှစ် စက္ခုနည်းစနစ်ဖြစ်လေသည်။

ထိုစက္ခုနည်းစနစ်သည် အလွန်တရာ စွမ်းအားကြီးပြီး ဆူဇီမိုသည် တာအိုသက်ရှိဖန်သားနှင့် တိုက်ခိုက်ခဲ့စဉ်က တာအိုအမွေအနှစ်ကုန်းမြေမှာ အဲဒါကို ကြုံတွေ့ခဲ့ဖူးလေသည်။

ထိုအချိန်တုန်းက မီးပဒေသာကျောက်တုံးသည် သူ၏ ညာဘက်မျက်လုံးထဲမှာ ရှိနေပြီး သူက ဖန်သားမျက်လုံးကို ချေဖျက်ဖို့အတွက် မီးပဒေသာ ဓားဝင်္ကပါကို ထုတ်ဖော်နိုင်ခဲ့လေသည်။

သို့သော် ယခုအခါမှာတော့ မီးပဒေသာကျောက်တုံးက သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်ထဲမှာ ရှိနေ၏။

အစစ်အမှန် အစိမ်းရောင်ကြာပန်း ခန္ဓာကိုယ်သည် မိစ္ဆာဂိုဏ်းများ၏ စက္ခုနည်းစနစ်တစ်ခုကို ကျင့်ကြံထားသော်လည်း ကောင်းကင်ဘုံမိစ္ဆာမျက်လုံးသည် လူတစ်ယောက်၏ စိတ်ကို ညို့ငင်ဖမ်းစားခြင်းမှာသာ အသုံးဝင်ပြီး ထိုကဲ့သို့ သန့်စင်သော စွမ်းအားကို မထုတ်ဖော်နိုင်ပေ။

ဖန်သားမျက်လုံးကနေ ဖြာထွက်လာသော အလင်းအားက အလွန်တရာ ကြောက်စရာကောင်းလေသည်။ တာအိုအရှင် ဓမ္မလက်နက်များပင်လျှင် တိုက်စားခံရပြီး သတ္တုပျက်အဖြစ်သို့ ပြောင်းလဲသွားနိုင်လေသည်။

ဆူဇီမိုက သူ၏ ကောင်းကင်ဘုံမိစ္ဆာမျက်လုံးနှင့် အဲဒါကို ခုခံဖို့ အသုံးပြုမည်ဆိုလျှင် သူ၏ မျက်လုံးနှစ်ဖက်က ကန်းသွားနိုင်လေသည်။

ဖန်သားမျက်လုံးနှင့် တန်တစ်ထောင်လက်ညိုးက တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ကို အန္တရာယ်အရှိဆုံး အခြေအနေသို့ တွန်းပို့လိုက်လေသည်။

စက္ခုနည်းစနစ်များက လျှပ်တပြက်ဆန်လွန်း၏။ သူတို့နှစ်ယောက်က အလွန်တရာ နီးကပ်နေကြသောကြောင့် အဲဒါကို ခုခံဖို့က မဖြစ်နိုင်တော့ပေ။

ဒါ့အပြင်.. တာအိုအရှင် ရွှမ်ယွီ၏ ကျင့်ကြံမှုသည် အစကတည်းက ဆူဇီမိုထက် အဆင့်ကြီးတစ်ဆင့် ပိုမိုမြင့်မားနေ၏။

ဆူဇီမိုက တည်ငြိမ်သော အမူအရာ ရှိနေဆဲပင်။

ဝင်ရောက်လာသော တန်တစ်ထောင်လက်ညိုးကို ရင်ဆိုင်ဖို့အတွက် ဆူဇီမိုသည် မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုချပြီး သူ၏ ဘယ်ဘက်လက်ကို ဆန့်၍ ခုခံလိုက်၏။

တစ်ချိန်တည်းမှာပင်.. သူ၏ ညာဘက်လက်ရှိ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။

သူသည် သူ၏ ဓားလက်ညိုးကို ဒေါင်လိုက်ပင့်မြှောက်ပြီး သုံးချက်ဆင့်၍ ခုတ်ပိုင်းလိုက်၏။

“ကောင်းကင်သတ်ဖြတ်ခြင်း ဓားကွက်”

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ သုံးခုသည် တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်ပေါ်လာပြီး ဖန်သားမျက်လုံး၏ ဝင်းလက်တောက်ပမှုနှင့် ထိတွေ့ရိုက်ခတ်လိုက်၏။ သူတို့သည် အရှိန်အဟုန်ကို ဆန်တက်၍ တာအိုအရှင် ရွှမ်ယွီ၏ မျက်နှာဆီသို့ ခုတ်ပိုင်းလိုက်လေသည်။

ပြိုးပြိုးပြက်ပြက် ဝင်းလက်သော ဓားချီသုံးခုက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

တာအိုအရှင် ရွှမ်ယွီသည် သူ၏အမြင်အာရုံမှာ ဖြူဖွေးသွားသည်ဟု ခံစားရပြီး သူ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။

ဘုန်း..

ပထမဆုံး ဓားချီသည် ဖန်သားမျက်လုံးနှင့် ထိတွေ့ရိုက်ခတ်ပြီး ပေါက်ကွဲသွားကြ၏။

ဓားချီက ပျက်ပြယ်သွားပြီး ဖန်သားမျက်လုံးကလည်း ချက်ချင်းပင် ကြေမွသွားခဲ့၏။

ထို့နောက် ချက်ချင်းပင် ဒုတိယမြောက်နှင့် တတိယမြောက် ဓားချီက အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်နှင့်အတူ ဆင်းသက်လာခဲ့၏။

အဲဒါက ဆူဇီမို၏ အသန်မာဆုံးနီးပါး သတ်ဖြတ်ခြင်းနည်းစနစ် ဖြစ်လေသည်။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ သုံးခုသည် ယခုအချိန်မှာ သူ ထုတ်ဖော်နိုင်သော အကန့်အသတ်ဖြစ်လေသည်။

သူတို့နှစ်ယောက်က အလွန်တရာ နီးကပ်နေကြသောကြောင့် တာအိုအရှင် ရွှမ်ယွီက အဲဒါကို ​ရှောင်နိုင်တော့မည် မဟုတ်ပေ။

ဓားချီ နှစ်ခုကို မပြောနှင့်.. ဓားချီတစ်ခုတည်းကပင် သူ၏ ဦးခေါင်းကို နှစ်ပိုင်းပြတ်ကျသွားစေနိုင်လေသည်။

ဖျတ်ခနဲဆို.. တာအိုအရှင် ရွှမ်ယွီသည် သူ၏လျှာကို ကိုက်ပြီး သူ့ကိုယ်သူ ခုခံကာကွယ်ဖို့အတွက် လက်သည်းခွံအရွယ် ရှေးဟောင်းကြေးမုံတစ်ချပ်ကို ထွေးထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင်.. သူ၏လျှာကို ကိုက်ပြီး ရှေးဟောင်းကြေးမုံပေါ်သို့ အဆီအနှစ် သွေးစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်လေသည်။

ရှေးဟောင်းကြေးမုံက လျင်မြန်စွာ ပြန့်ကားသွားပြီး ဓမ္မအင်းကွက်များနှင့်အတူ တောက်ပလာခဲ့၏။

ပကတိ တာအိုအရှင် ဓမ္မလက်နက်တစ်ခု..

ရှေးဟောင်းကြေးမုံ ဆင်းသက်လာသည့် ခဏမှာပင်.. ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီနှစ်ခုကလည်း ခုတ်ပိုင်းကျလာခဲ့လေပြီ။

ချွမ်း..

ပထမဆုံး ဓားချီသည် ရှေးဟောင်းကြေးမုံသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။

ရှေးဟောင်းကြေးမုံက လှုပ်ခါသွားလေသည်။

တာအိုအရှင် ရွှမ်ယွီ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့၏။

ရှေးဟောင်းကြေးမုံ၏ နောက်ဘက်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်ကို သူက ကောင်းကောင်းမြင်လိုက်ရ၏။

အဲဒါက ပကတိ တာအိုအရှင် ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။

သို့သော်လည်း.. မူလနတ္ထိတစ်ယောက် ထုတ်ဖော်လိုက်သော ဓမ္မပညာရပ်သည် အဲဒါကို အက်ကွဲသွားစေ၏။

ချွမ်း..

ဒုတိယဓားချီက ဆင်းသက်လာပြီး ရှေးဟောင်းကြေးမုံထဲသို့ ဝင်ရောက်သွား၏။

ချက်ချင်းပင် လောကက ရပ်တန့်သွားသည့်အလား ထင်ရလေသည်။

နောက်ခဏ၌.. ရှေးဟောင်းကြေးမုံက ပေါက်ကွဲထွက်သွား၏။

ပကတိ တာအိုအရှင် ဓမ္မလက်နက်က ဓားချီနှစ်ခုဖြင့် ကြေမွသွားခဲ့လေပြီ။

မရေမတွက်နိုင်သော အစအနများသည် လွင့်စင်ထွက်သွားပြီး တာအိုအရှင် ရွှမ်ယွီက ရှေးဟောင်းကြေးမုံနောက်မှာ မတ်တတ်ရပ်နေခဲ့၏။ များစွာသော အစအနများသည် သူ့ထံသို့ တိုးဝင်လာပြီး သူ့ကို ရိုက်ခတ်လိုက်၏။

သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားသည့်အလား.. တာအိုအရှင် ရွှမ်ယွီသည် အပျက်အစီးပုံထဲသို့ ပြင်းထန်စွာ ပစ်ကျသွားလေသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌.. တန်တစ်ထောင်လက်ညိုးက ဆူဇီမို၏ ဘယ်ဘက်လက်ဝါးနှင့် ထိတွေ့ရိုက်ခတ်ခဲ့၏။

ဘန်း..

ဆူဇီမို၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး ကြောက်စရာကောင်း၍ ရုန်းကန်ပေါက်ကွဲအား မြင့်မားသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ၏ အရိုးများကို လှုပ်ခါသွားစေလေသည်။

သူ့ဘယ်လက်လက်၏ အသားပေါ်တွင် သွေးစီးကြောင်းများက ပေါ်ထွက်လာပြီး သူ၏ အင်္ကျီလက်စက ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။

သူ၏ပုံရိပ်ကလည်း လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။

သူက မြေပြင်ပေါ်သို့ ကျဆင်းတော့မည့်ဆဲဆဲမှာပင်.. သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီး အပျက်အစီးပုံပေါ်မှာ မတ်တတ်ရပ်လိုက်၏။

ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုကြောင့်သာ မဟုတ်လျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က ထိုထိတွေ့ရိုက်ခတ်မှုကနေ ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။

ယခုအခါမှာတော့ သူက ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့လေသည်။

ဆူဇီမိုနှင့် ယှဉ်လျှင် တာအိုအရှင် ရွှမ်ယွီက အခြေအနေ ပိုမိုဆိုးဝါးလေသည်။

တာအိုအရှင် ရွှမ်ယွီသည် အပျက်အစီးပုံထဲကနေ လေးဖက်ထောက်၍ ထရပ်လာ၏။ သူ၏တစ်ကိုယ်လုံး ဖုန်များဖြင့် လူးနေပြီး သူ၏မျက်နှာက များစွာသော မှန်ကွဲစများဖြင့် ထိုးဖောက်ခံထားရကာ သွေးများက တစက်စက်စီးကျ၍ သူ့ပုံစံက အလွန်တရာ ကြောက်စရာကောင်းနေ၏။

မရေမတွက်နိုင်သော အကြည့်များအောက်မှာပင်.. တာအိုအရှင် ရွှမ်ယွီသည် သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ့မျက်နှာပေါ်ရှိ ကြွက်သားများကို တွန့်လိမ်သွားစေ၏။ အစက သူ့မျက်နှာထဲတွင် စိုက်ဝင်နေသော မှန်ကွဲစများသည် သူ့ကြွက်သားများနှင့် မျိုးဆက်သွေး၏ ဖိအားအောက်တွင် နည်းနည်းချင်း ပြန်ထွက်လာပြီး သူ့မျက်နှာပေါ်ကနေ ကွာကျကုန်၏။

တစ်ခဏအတွင်းမှာပင်.. သူ၏မျက်နှာပေါ်တွင် မည်သည့်အစအနမှ မကျန်ရှိတော့ဘဲ ဒဏ်ရာများစွာသာ ကျန်ရှိခဲ့လေသည်။

ဤကဲ့သို့ သန်မာသော ကြွက်သားထိန်းချုပ်မှုက လူတိုင်းကို မျက်စိပွင့်နားပွင့် ဖြစ်သွားစေ၏။

အဲဒါသည် လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို သူတို့၏ အကန့်အသတ်ထိ ရောက်ရှိစေခြင်း၏ အမှတ်သင်္ကေတတစ်ခု ဖြစ်လေသည်။

သူတို့နှစ်ယောက်ကြား တိုက်ပွဲက တိုတောင်းသော်လည်း သူတို့သည် သတ်ဖြတ်ကွက်များစွာကို ထပ်တလဲလဲ ထုတ်ဖော်ခဲ့ကြလေသည်။ တစ်ချက်မှားယွင်းသွားသည်နှင့် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်လေသည်။

“ကြည့်စမ်း”

ကျင့်ကြံသူတစ်ယောက်က လေထဲတွင်ရှိသော ဓမ္မလက်နက်နှစ်ခုကို လက်ညိုးထိုးပြလိုက်၏။ မီးပိတ်ဆို့ခြင်းတောင်းနှင့် ဖန်တီးခြင်းကြာပဒုမ္မာ…။

ကျင့်ကြံသူများက လှမ်းမျှော်ကြည့်လိုက်ကြ၏။

လေထဲတွင် ဓမ္မလက်နက်နှစ်ခုသည် တိုက်ခိုက်နေကြဆဲဖြစ်ပြီး တောက်ပထည်ဝါသော အလင်းရောင်များနှင့်အတူ တစ်ဖက်နှင့်တစ်ဖက် ဝါးမျိုနေကြ၏။

“အဲဒါက အရမ်းကို ကြောက်ဖို့ကောင်းလွန်းတယ်.. ဒီလောက် အပြင်းအထန် အဆက်မပြတ်တိုက်ခိုက်နေရတာတောင် သူတို့နှစ်ယောက်က သူတို့ရဲ့ ဓမ္မလက်နက်တွေကို ထိန်းချုပ်ဖို့အတွက် စိတ်အာရုံကို ခွဲပေးနိုင်နေကြသေးတယ်”

မီးပိတ်ဆို့ခြင်းတောင်းနှင့် ဖန်တီးခြင်းကြာပဒုမ္မာအကြား တိုက်ပွဲသည် အခြေအနေတစ်ခုလုံးအပေါ် သက်ရောက်မှု ရှိလာနိုင်လေသည်။

သူတို့ထဲ မည်သူကမှ အလျှော့ပေးရဲခြင်း မရှိပေ။

“အထီးကျန်သိုင်းသခင်.. အဲဒီ ဓားချီသုံးခုက ငါ့ကို မသတ်ဖြတ်နိုင်တဲ့အတွက် မင်းတော်တော် စိတ်ပျက်သွားမှာပဲ.. ဟုတ်တယ်မလား”

ရုတ်တရက်.. တာအိုအရှင် ရွှမ်ယွီက ရယ်မောလိုက်၏။

ဆူဇီမို၏ အမူအရာက အေးစက်နေပြီး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီသုံးခုက ဤကဲ့သို့သော နီးကပ်သည့် အကွာအဝေးတစ်ခုမှာ ရွှမ်ယွီကို မသတ်ဖြတ်နိုင်ခဲ့သည့်အတွက် သူက တကယ်ပင် အံ့အားသင့်ရ၏။

သို့သော်လည်း သူက အမှန်တကယ် စိတ်ပျက်သွားခြင်း မရှိပေ။

တာအိုအရှင် ရွှမ်ယွီသည် ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်သောအခါ သူ၏ ခန့်မှန်းချက်က မှန်ကန်သွားသည်ဟု တွေးထင်လိုက်၏။ သူက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“အထီးကျန်သိုင်းသခင်.. မင်းကတော့ ရှုံးသွားပြီ”

“မင်းက မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ မင်းရဲ့ ဝှက်ဖဲတွေအားလုံးကို ထုတ်ဖော်ခဲ့မှတော့ မင်းက ရှုံးနှင့်နေပြီးပြီ”

“မင်းရဲ့ ဝှက်ဖဲတွေကို ကိုင်တွယ်ဖို့အတွက် ငါက ကြိုတင်ပြင်ဆင်ထားခဲ့တယ်.. မင်းက ဘယ်လိုလုပ်ပြီး အနိုင်ရနိုင်ပါတော့မလဲ”

ဆူဇီမိုက ယိမ်းယိုင်သွားခြင်း မရှိဘဲ လှောင်ရယ်လိုက်လေသည်။

“ရွှမ်ယွီ.. ငါ့မှာ သတ်ဖြတ်ကွက်တွေ အများကြီးရှိတယ်.. မင်းက ဘယ်လောက်များများ ခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုက သူ၏နှာရောင်ကို ညင်သာစွာ ထိပြီး သူ၏ အသိစိတ်ကို ဖွင့်လှစ်လိုက်၏။

အဲဒီနောက် တစ်ဆက်တည်းမှာပင်.. သူ၏ လက်ဖဝါးကို ဖြန့်ပြီး သူ၏ အသိစိတ်ထဲရှိ လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပနေသော ကျာပွတ်ရှည်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်..

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ် ဆင်းသက်လာသောအခါ.. ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အမြုတေစိတ်ဝိညာဉ်များသည် တဆစ်ဆစ် ခံစားမှုကို ရရှိလာ၏။

“ငါထင်တာ မမှားဘူးဆိုရင် အဲဒါက ရှေးဟောင်းခေတ်က အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုပဲ.. ဒီကောင်လေးက အဲဒါကို ရရှိပြီး အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တယ်ဆိုတော့..”

“ဟင်း.. အထီးကျန်သိုင်းသခင်ရဲ့ အမြုတေစိတ်ဝိညာဉ်စွမ်းအားက ဓမ္မဝိသေသ တာအိုအရှင်အများစုထက်ကို ကျော်လွန်နေလောက်ပြီ”

“ဒီကောင်လေးက သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ဘယ်လိုတောင် ကျင့်ကြံထားတာလဲ မသိဘူး”

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ် ပေါ်ထွက်လာခြင်းသည် များစွာသော အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ ဂိုဏ်းချုပ်များကို ရင်တစ်ချက်ထိတ်သွားစေ၏။

သူတို့ပင်လျှင် စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ကို စိုးရိမ်ပူပန်ရပြီး ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။

‘သူ့ကို တကယ်ပဲ ဆက်လက်ကြီးထွားခွင့်ပေးလို့ မဖြစ်ဘူး.. သူက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်တာနဲ့ မြောက်ပိုင်းဒေသမှာရှိတဲ့ အဆင့်မြင့်ဂိုဏ်းတွေနဲ့ ရှေးတော်ဝင်မိသားစုတွေ အားလုံးက သူ့ကို ဦးညွတ်ရလိမ့်မယ်’

ကျားနဂါးဂိုဏ်းမှ ဂိုဏ်းချုပ်က သူ့ဘာသာသူ တွေးလိုက်ခြင်း ဖြစ်လေသည်။

All Chapters