← Chapters

ရွှမ်ယွီ၏ သေဆုံးမှု

Vol. 79 Ch. 1182

ရွှမ်ယွီ၏ သေဆုံးမှု

Vol. 79 Ch. 1182

ဂမ္ဘီရသံလိုက်တောင်သည် သံလိုက်ဓာတ်စွမ်းအားကိုဖြာထုတ်ပေးပြီး သတ္တုဖြင့်ပြုလုပ်ထားသော ဓမ္မလက်နက်များကို ထိန်းချုပ်နိုင်ခြင်းအပြင် ၎င်း၏အလေးချိန်ကလည်း အလွန်တရာကြောက်စရာကောင်းလေသည်။

ဒါ့အပြင် သူ၏ ကျင့်ကြံမှုအဆင့်က တိုးတက်လာသည်နှင့်အမျှ ဂမ္ဘီရသံလိုက်တောင်၏ အလေးချိန်ကလည်း သေချာပေါက်တိုးလာခဲ့လေသည်။

ယခုဆို ဂမ္ဘီရသံလိုက်တောင်သည် ပေတစ်ရာကျော်မြင့်မားပြီး သူတို့ကျင့်ကြံထားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများထက် နှစ်ဆရှိလေသည်။

ကြီးမားသည့် တောင်ထွတ်တစ်ခုက သူ့အပေါ် ပိကျလာမည်ဆိုလျှင် ကျင့်ကြံသူတစ်ယောက်အတွက် ဘယ်လောက်ကြောက်စရာကောင်းသည့်ဖိအား သက်ရောက်လာမလဲ စဥ်းစားကြည့်နိုင်လေသည်။

တာအိုအရှင်ရွှမ်ယွီသည် သူ၏အထွတ်အထိပ်မှာရှိနေလျှင် ဂမ္ဘီရသံလိုက်တောင်၏ ဖိအားက သူ့ကိုခြိမ်းခြောက်နိုင်ချင်မှ ခြိမ်းခြောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း သူသည် ကောင်းကင်ဘုံမိစ္ဆာတံစဥ်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏ ဘယ်ဘက်လက်တစ်ဖက်လုံးက ချွတ်ယွင်းပျက်စီးထားလေသည်။ သူ၏သွေးချီက ကျဆင်းနေပြီး ဂမ္ဘီရသံလိုက်တောင်၏ ဖိနှိမ်မှုအောက်တွင် သူက ကျိုးကြေလုနီးပါး ဖြစ်လာခဲ့သည်။

တာအိုအရှင်ရွှမ်ယွီသည် ဂမ္ဘီရသံလိုက်တောင်ကို သူ၏ဘယ်ဘက်လက်ဖြင့် ပင့်တင်ထားရင်း သူ၏မျက်နှာက ပြာနှမ်း၍ သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်လာလေသည်။

သူ၏အသက်သည် နောက်ဆုံးကြိုးတစ်မျှင်ဖြင့် ချိတ်ဆွဲခြင်းခံလိုက်ရသည်ဆိုတာ သူက သိလိုက်လေသည်။

သူက ဤအကျပ်အတည်းကနေ မလွတ်မြောက်ဘူးဆိုလျှင် သူ၏နှစ်ထောင်ချီကျင့်ကြံမှုက တစ်ခါတည်းပျက်စီးသွားပေလိမ့်မည်။

တာအိုအရှင်ရွှမ်ယွီ၏ ဘယ်ဘက်လက်ပေါ်တွင် သက်တံရောင်နတ်ဘုရားအလင်းများက ရုတ်တရက်ပေါ်ထွက်လာပြီး သူ၏ကျန်ရှိနေသော အသားများသည် ကျောက်စိမ်းကဲ့သို့ စတင်ကြည်လင်လာခဲ့၏။ ထိုသို့ဖြင့် အစက ဆုတ်ယုတ်နေသော သူ၏သွေးချီက ချက်ချင်းပင် ရပ်တန့်သွားလေသည်။

“ကြွစမ်း....”

တာအိုအရှင်ရွှမ်ယွီသည် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များအားလုံးကို ထုတ်ဖော်ပြီး သူ၏သွေးချီကို တလိပ်လိပ်တက်လာစေကာ ဂမ္ဘီရသံလိုက်တောင်ကို အပေါ်သို့ပြင်းထန်စွာ တွန်းတင်လိုက်၏။

ဂမ္ဘီရသံလိုက်တောင်က ဘေးဘက်သို့ လည်ကျသွားလေသည်။

တာအိုအရှင်ရွှမ်ယွီသည် သူ၏ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟုခံစားရပြီး သည်းထန်စွာမောဟိုက်နေ၏။ သို့သော်လည်း သူ၏အော်ရာတွင် ပြင်းထန်သော သွေးရနံ့က ရောထွေးလာခဲ့သည်။

သူ၏ ကိုယ်တွင်းအင်္ဂါများက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီဆိုသော လက္ခဏာပင်ဖြစ်သည်။

“ငါဆက်ပြီး မတိုက်ခိုက်နိုင်တော့ဘူး....”

ထိုအတွေးက တာအိုအရှင်ရွှမ်ယွီ၏ အတွေးထဲသို့ ဝင်ရောက်လာပြီး သူက လှည့်ထွက်ပြေးလိုက်၏။

သို့သော်လည်း သူ၏အမြင်အာရုံက ဝါးခနဲ ဖြစ်သွားပြီး အစိမ်းရောင်အလင်းတန်းတစ်ခုက ပေါ်ထွက်လာကာ သူမျက်နှာ​ဆီသို့ တိုးဝင်လာခဲ့၏။

တာအိုအရှင်ရွှမ်ယွီသည် သူ၏ ညာဘက်လက်ကို အလိုလိုမြှောက်ကာ ခုခံလိုက်ရ၏။ သူ၏ ကိုယ်ကာယအရ ဆူဇီမိုက မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခုကို ထုတ်ဖော်မည်ဆိုလျှင်​တောင် သူက တောင့်ခံနိုင်ပေလိမ့်မည်။

ဘန်း....

သူ၏ညာဘက်လက်က အစိမ်းရောင်အလင်းနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် ထုံထိုင်းထိုင်းအသံတစ်သံက ထွက်ပေါ်လာခဲ့၏။

ဖြောက်....ဖြောက်.. ဖြောက်...

ချက်ချင်းပင် အရိုးများကျိုးပဲ့သံက တာအိုအရှင်ရွှမ်ယွီ၏ ညာဘက်လက်မှ ထွက်လာခဲ့လေသည်။

“အား.....”

ဆုတ်ဖြဲလာသောနာကျင်မှုက သူ၏စိတ်နှလုံးထဲသို့ တလိပ်လိပ်တက်လာပြီး တာအိုအရှင်ရွှမ်ယွီသည် အလွန်တရာနာကျင်ရသော အသံဖြင့် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်၏။

သူ၏ညာဘက်လက်က အစိမ်းရောင်အလင်းတန်းဖြင့် ကြေမွသွားပြီဖြစ်၏။

အစိမ်းရောင်အလင်းသည် မူလတာအိုသက်ရှိလက်နက်တစ်ခု မဟုတ်ပေ။

မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခုနှင့် ယှဥ်နိုင်သော ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်၏။

တာအိုအရှင်ရွှမ်ယွီသည် ပြင်းထန်သော ဒဏ်ရာများဆက်တိုက်ရရှိထားပြီး မီးပိတ်တ်ဆို့ခြင်းတောင်းကို ထိန်းချုပ်ဖို့အတွက် သူ၏အာရုံကို ခွဲဝေမပေးနိုင်တော့ပေ။

ဖန်တီးခြင်းကြာပဒုမ္မာသည် ထိုအခွင့်အရေးကို ချိန်ဆပြီး မီးပိတ်ဆို့ခြင်းတောင်းကို ဖြတ်ကျော်လာခဲ့၏။

ဆူဇီမို၏ ထိန်းချုပ်မှုအောက်တွင် ၎င်းက တာအိုအရှင်ရွှမ်ယွီကို ပြင်းထန်စွာ ပစ်ဆောင့်ချလိုက်ခြင်းဖြစ်လေသည်။

မီးပိတ်ဆို့ခြင်းတောင်းပင်လျှင် ယခုအချိန်မှာ ဆူဇီမို၏လက်ထဲသို့ ရောက်ရှိလာခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် တာအိုအရှင်ရွှမ်ယွီ၏ လက်များသည် ကျိုးပဲ့ပျက်စီးသွားပြီး သူ၏သွေးချီက အားနည်းလာခဲ့၏။ သူ၏အမြုတေစိတ်ဝိညာဥ်ကလည်း အားနည်းလာခဲ့ပြီး ခုခံကာကွယ်ဖို့အတွက် မည်သည့်ခွန်အားမှ မကျန်ရှိတော့ပေ။

သူက မရတော့ပေ။

တာအိုအရှင်ရွှမ်ယွီက ရှုံးနိမ့်သွားခဲ့လေပြီ။

လူတိုင်းသည် တွေဝေရှုပ်ထွေးသော အမူအရာများ ရှိလာကြ၏။

ဤအဆင့်တိုက်ပွဲက ဤကဲ့သို့သော ရလဒ်ဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားခဲ့ကြပေ။

မျောက်နှင့် အခြားသူများက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ကြ၏။

မြေခွေးလေးက သူမ၏ မျက်ရည်များကို သုတ်၍ တဟဲဟဲရယ်မောပြီး လက်ခုပ်တီးလိုက်၏။

“ကျွန်မသိသားပဲ... သခင်လေးက သေချာပေါက်နိုင်မှာပါလို့....”

“နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း ကျွန်မနိုင်သွားပြီနော်”

သူမက အဖြူရောင်ဝတ်အမျိုးသမီးကို အူမြုးအားရစွာကြည့်၍ သူမ၏ လက်ဖဝါးနှစ်ဖက်ကို ဝှေ့ယမ်းပြနေ၏။ အဖြူရောင်ဝတ်အမျိုးသမီးသည် ဤတစ်ကြိမ်မှာတော့ ညင်သာစွာ ပြုံး၍ ငြင်းဆန်ခြင်းမရှိတော့ပေ။

ဆူဇီမို၏ အနိုင်ရလဒ်က သူမ,မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့လိုက်သည့် မြင်ကွင်းသည် သူမ၏စိတ်အပေါ်မှာပင် ကြီးမားစွာရိုက်ခတ်ခဲ့လေသည်။

.......

“ရွှမ်ယွီ..... မြေခွေးလေးရဲ့လက်ထဲက ဓမ္မလက်နက်ကို မင်းလုယူသွားတဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကတည်းကနေ့ကို မှတ်မိသေးလား...”

“ယန်တိုင်းပြည်ရဲ့ မြို့၁၃ မြို့က သက်ရှိတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ မင်းအမိန့်ပေးခဲ့တုန်းက အဲ့ဒီနေ့က မင်းအတွက်ပြန်ရောက်လာလိမ့်မယ်လို့ မင်းစဥ်းစားကြည့်ဖူးလား... မင်းရဲ့ အသက်နဲ့ပေးဆပ်ပြီး.. ဒီနေရာမှာသေဆုံးသွားတဲ့ အပြစ်မဲ့ဝိညာဥ်တွေကို သွားပြီးအဖော်ပြုပေးလိုက်တော့”

ဆူဇီမို၏ အမူအရာကအေးစက်လာပြီး သူ၏ဘယ်လက်ထဲတွင် မီးပိတ်ဆို့ခြင်းတောင်းကို ကိုင်စွဲထား၏။

ဖန်တီးခြင်းကြာပဒုမ္မာက သူ့ကိုလှည့်ပတ်နေပြီး သူက တာအိုအရှင်ရွှမ်ယွီရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

“ဟီးဟီး....”

ရွှမ်ယွီက မောဟိုက်နေသော်လည်း ရယ်မောလိုက်၏။

“မော်တယ်တွေက ငါတို့အတွက်တော့... ပုရွက်ဆိတ်တွေလိုပဲ... ငါတို့က သူတို့ကို သတ်တယ်ဆိုတော့ရော ဘာဖြစ်လဲ... မင်းက ကျင့်ကြံရေးလမ်းကြောင်းထဲကို ဝင်ရောက်လာပြီးတော့ အဲ့ဒီနိယာမကိုတောင် အခုချိန်ထိ နားမလည်နိုင်သေးဘူးလား... မင်းက မော်တယ်လောကက အချုပ်အနှောင်တွေကို အခုချိန်ထိ မဖြတ်တောက်နိုင်သေးဘူးလား...”

“နင်ပြောတာမှားတယ်”

ထိုစဥ်မှာပင် ရှောင်းနင်က ရှေ့သို့ထွက်လာပြီး အော်ဟစ်ပြောဆိုလိိုက်၏။

“ကမ္ဘာဦးခေတ်တုန်းက လူသားမျိုးနွယ်က အရမ်းကိုအားနည်းခဲ့​ပြီး မျိုးနွယ်စုတစ်သောင်းရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရတယ်.... သူတို့ရဲ့အသက်တွေက လမ်းဘေးမြက်တွေလိုပဲ တန်ဖိုးမဲ့ခဲ့တယ်... ​နောက်ပိုင်းမှာတော့ လူသားမျိုးနွယ်က ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ဧကရာဇ်တွေကလည်း ပေါ်ထွက်လာခဲ့တယ်... လူသားဧကရာဇ်ရဲ့ ဦးဆောင်မှုနဲ့ သူတို့က ကမ္ဘာဦးမျိုးနွယ် ၉ စုနဲ့ မျိုးနွယ်စုတစ်သောင်းကို တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်.... အဲ့ဒီအချိန်မှပဲ သူတို့က သူတို့ရဲ့ ဆိုးဝါးတဲ့ကံကြမ္မာကနေ လွတ်မြောက်ပြီးတော့ ရွှေခေတ်ကိုရောက်ရှိလာခဲ့တယ်”

“အဲ့ဒီခေတ်မှာဆိုရင် များစွာသော စီနီယာတွေနဲ့ ပညာရှင်တွေက လောကမှာ အားနည်းတဲ့သူတွေကို ကာကွယ်နိုင်ဖို့အတွက် သူတို့ရဲ့ ကျင့်ကြံခြင်းအမွေအနှစ်တွေကို ချန်ထားရစ်ခဲ့ကြတယ်... ဒါပေမယ့်လို့ အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းက အရိုက်အရာဆက်ခံသူတစ်ယောက်အနေနဲ့တောင် နင်က မော်တယ်တွေကို ပုရွက်ဆိတ်လိုသဘောထားပြီး နင်စိတ်ရှိသလို သတ်ဖြတ်နေတယ်ပေါ့...”

“နင်က အရင်တုန်းက ကမ္ဘာဦးမျိုးနွယ် ၉ စုနဲ့ ဘာများခြားနားသေးလို့လဲ... အဲ့ဒါက နင်တို့ဖန်သားနန်းတော်က လူတွေ ကိုင်စွဲထားတဲ့ နိယာမလား”

သူမ၏ စကားလုံးများက ဖြောင့်မတ်မှန်ကန်ပြီး အထင်ကြီးလေးစားစရာကောင်းလေသည်။ လက်ရှိ များစွာသော ကျင့်ကြံသူများသည် ရှက်ရွံ့သလိုခံစားလာရပြီး သူတို့၏ ခေါင်းများကို ငုံ့ထားလိုက်ကြ၏။

အဲ့ဒါက သူတို့ လွဲမှားစွာခံယူထားသော အချက်လည်းဖြစ်လေသည်။

အတိတ်ကာလက လူသားပညာရှင်များသည် ကမ္ဘာဦးမျိုးနွယ် ၉ စုကို မောင်းထုတ်ခဲ့ကြလေသည်။

သို့သော်လည်း ဤပညာရှင်များ၏ နောက်ပိုင်းမျိုးဆက်များသည် ကမ္ဘာဦးမျိုးနွယ် ၉ စု၏ နေရာကို ဝင်ယူပြီး ပို၍ပင် ကြောက်စရာကောင်းလာခဲ့၏။

ကမ္ဘာဦးမျိုးနွယ် ၉ စု အုပ်စိုးခဲ့သောခေတ်ဖြစ်စေ၊ နောက်ပိုင်းကျင့်ကြံသူများ အုပ်စိုးနေသောခေတ်ဖြစ်စေ... အားနည်းသောမော်တယ်များသည် အဆိုးဝါးဆုံးနှင့် ကြောက်စရာအကောင်းဆုံး ကံကြမ္မာများကို တွေ့ကြုံခံစားနေရဆဲ ဖြစ်လေသည်။

လက်ရှိလောကတွင် သန်မာသည့် ခွန်အားမရှိဘဲ မော်တယ်ဘယ်လောက်များများရှင်သန်နိုင်လို့လဲ... ။ ကျင့်ကြံသူများက သူတို့ကို ခြိမ်း​ခြောက်နိုင်လေသည်။

သားရဲတောကောင်များကလည်း သူတို့က ခြိမ်းခြောက်နိုင်လေသည်။

တကယ်ဆို ကျင့်ကြံသူများကြား တိုက်ပွဲတစ်ပွဲမှာပင် မော်တယ်များစွာသည် ရောပါငြိစွန်းပြီး ကူကယ်ရာမဲ့စွာ သေရဖို့ပင် ဖြစ်နိုင်လေသည်။

တာအိုအရှင်ရွှမ်ယွီသည် အတွေးတစ်ချက်နှင့်အတူ ယန်တိုင်းပြည်၏ မြို့၁၃ မြို့မှ မော်တယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့လေသည်။

အဲ့ဒါမျိုးက ထိုဖြစ်ရပ်တစ်ခုသာလျှင် မကပေ။

လွန်ခဲ့သည့်တစ်နှစ်က စုန်းဂူကပ်ဘေးမှာရော လူဘယ်လောက်များစွာသေဆုံးခဲ့ရသလဲ...။

“ဒါက... သန်မာတဲ့လူက အားနည်းတဲ့လူကို အမဲလိုက်တဲ့ ထျန်ဟွမ်ကုန်းမြေတိုက်ပဲ.... လောကမှာ မော်တယ်ပေါင်းမရေမတွက်နိုင်အောင်ရှိကြတယ်... သူတို့ထဲက ဘယ်လောက်များများကို မင်းက ကယ်တင်နိုင်မှာမို့လဲ အထီးကျန်သိုင်းသခင်”

တာအိုအရှင်ရွှမ်ယွီက ဆူဇီမိုကို စိုက်ကြည့်​ပြီး လှောင်ရယ်လိုက်၏။

“ငါက သူတို့တွေကိုလိုက်ပြီးကယ်တင်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ငါက ငါ့ရဲ့တာအိုကိုတည်ဆောက်ပြီး သက်ရှိအားလုံးကို သိုင်းတာအိုသင်ကြားပေးချင်တာ... ငါက လောကမှာရှိတဲ့လူတိုင်းကို သူတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေးတစ်ခုပေးချင်တာ... ငါက လောကမှာရှိတဲ့သူတိုင်းကိုကျင့်ကြံလာနိုင်ပြီး အင်မော်တယ်တွေဖြစ်စေချင်တာ...”

“ဟားဟားဟားဟား.....”

ရွှမ်ယွီက အပြောင်မြောက်ဆုံးဟာသကို ကြားလိုက်ရသည့်အလား ဟားတိုက်ရယ်မောလိုက်၏။

“အဲ့ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး...အထီးကျန်သိုင်းသခင် မင်းကတော့ အိပ်မက်မက်နေတာဘဲ ဖြစ်ရမယ်... မရေမတွက်နိုင်တဲ့ ပညာရှင်တွေ မြောက်မြားစွာပေါ်ထွက်လာတဲ့ ရှေးဟောင်းခေတ်တုန်းကတောင် သူတို့က အဲဒါကို မလုပ်နိုင်ခဲ့ဘူး....”

“မင်းက အဲ့ဒါကိုလုပ်နိုင်ဖို့ ဘာအရည်အချင်းရှိလို့လဲ....”

“ငါလုပ်နိုင်လား မလုပ်နိုင်လား နောက်ပိုင်းမျိုးဆက်တွေကတော့ သိရလိမ့်မယ်... ဒါပေမယ့် မင်းကတော့ အဲ့ဒါကို တွေ့မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး”

ဆူဇီမိုက စကားများစွာထပ်ပြောလိုစိတ်မရှိတော့ဘဲ မှင်သေသေဖြင့် ပြောလိုက်လေသည်။

“မင်းရဲ့အသက်နဲ့ ပေးဆပ်လိုက်တော့....”

ဘုန်း....”

ဆူဇီမိုသည် သူ၏ညာဘက်လက်တွင် ဖန်တီးခြင်းကြာပဒုမ္မာကို ကိုင်စွဲပြီး ရှေ့သို့ လှမ်းဝင်ကာ တာအိုအရှင်ရွှမ်ယွီ၏ ဦးခေါင်းဆီသို့ ပစ်ရိုက်ချလိုက်လေသည်။

ဝှစ်....

နတ်ဘုရားဆန်ဆန်အလင်းတစ်ချက်သည် ဖျတ်ခနဲ လက်သွားပြီး တာအိုအရှင်ရွှမ်ယွီ၏ ခန္ဓာကိုယ်ကနေ ထိတ်ထိတ်ပျာပျာအမူအရာဖြင့် ထွက်ပြေးလာခဲ့၏။

အဲ့ဒါက တာအိုအရှင်ရွှမ်ယွီ၏ အမြုတေစိတ်ဝိညာဥ် ဖြစ်လေသည်။

“သတ်....!”

ဆူဇီမိုက အော်ဟစ်လိုက်၏။

မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း ....

တာအိုအရှင်ရွှမ်ယွီ၏ အမြုတေစိတ်ဝိညာဥ်သည် အဆက်မပြတ်တိုက်ခိုက်၍ ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် အလွန်တရာအားနည်းနေခဲ့လေပြီ။ ယခု အသံလျှို့ဝှက်နည်းစနစ်၏ ထိခတ်ခြင်းခံရသည့်အခါ တာအိုအရှင်ရွှမ်ယွီ၏ အမြုတေစိတ်ဝိညာဥ်သည် တဆတ်ဆတ်တုန်ယင်သွားပြီး နေရာမှာပင် ပျက်ပြယ်လုနီးပါးဖြစ်သွားခဲ့လေသည်။

နောက်ခဏ၌ ဖန်​တီးခြင်းကြာခုံက ဆင်းသက်လာခဲ့လေသည်။

ဖောင်း....

ဖန်တီးခြင်းကြာခုံ ဆင်းသက်လာပြီးနောက် တာအိုအရှင်ရွှမ်ယွီ၏ အမြုတေစိတ်ဝိညာဥ်သည် မှုန့်မှုန့်ညက်ညက် ကြေသွားခဲ့လေပြီ။

တာအိုအရှင်ရွှမ်ယွီက သေသွားခဲ့လေပြီ.....။

All Chapters