စိတ်တထင့်ထင့်
Vol. 79 Ch. 1183
နှစ်ပေါင်းတစ်ရာကျော်ကြာအောင် ကြာမြင့်ခဲ့သော ရန်ငြိုးရန်စက နောက်ဆုံးမှာတော့ ဖြေရှင်းပြီးသား ဖြစ်သွားခဲ့လေပြီ။
လောကက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
ကျင့်ကြံသူများ အားလုံးသည် အပျက်အစီးပုံ အလယ်တွင် မတ်တတ်ရပ်နေသောသူကို တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြ၏။
“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းတာအို သင်ကြားပေးချင်တယ်.. ဘယ်လောက်တောင် ရည်မှန်းချက်ကြီးမားလိုက်သလဲ”
ရုတ်တရက်.. ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ခေါင်းကို ခါပြီး သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
“ထားလိုက်ပါတော့.. ထားလိုက်ပါတော့.. ဒီနေ့ကစပြီး ခင်ဗျားနဲ့ ကြယ်တာရာလမင်းဂိုဏ်းကြားက ရန်ငြိုးရန်စကို ကြေအေးလိုက်ကြရအောင်”
မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲနှင့် မဟာချွမ်အပျက်အစီးတိုက်ပွဲတွင် ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့ရသော ကြယ်တာရာလမင်းဂိုဏ်းမှ ပြိုင်စံရှားများစွာ ရှိခဲ့လေသည်။ ယခုအခါမှာတော့ မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများမှ တစ်ဂိုဏ်းဖြစ်သော ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိုစကားကို ပြောလိုက်ပြီး အဲဒါက အတော်လေး အရေးပါအရာရောက်သွားလေသည်။
“အထီးကျန်သိုင်းသခင်ရဲ့ နာမည်ကို ကျုပ် အရင်ကတည်းက ကြားဖူးခဲ့ပါရဲ့.. အခု ကိုယ်တိုင်မြင်တွေ့မှပဲ နာမည်ဂုဏ်သတင်းနဲ့ တကယ်ပဲ လိုက်ဖက်တယ်ဆိုတာ သိလိုက်ရတယ်”
မီးလျှံကိုလန်ဘတ်တောင်ကြားမှ တောင်ကြားသခင်ကလည်း မတ်တတ်ထရပ်လာပြီး ကြေညာလိုက်၏။
“တာအိုသက်ရှိ အထီးကျန်သိုင်းသခင်.. ခင်ဗျားနဲ့ မီးလျှံကိုလန်ဘတ်တောင်ကြားက ရန်ငြိုးရန်စတွေကိုလည်း မေ့ဖျောက်လိုက်ကြရအောင်”
ခြုံပြီးပြောရလျှင်.. ထိုဂိုဏ်းများနှင့် ဆူဇီမိုကြားမှာ နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိခဲ့ပေ။
မဟာချွမ်အပျက်စီးတိုက်ပွဲဖြစ်စေ.. မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှ တိုက်ပွဲဖြစ်စေ.. ဆူဇီမိုကို အပြစ်တင်လို့ မရပေ။
ကောင်းကင်ရွေ့လျားဂိုဏ်း၏ ဂိုဏ်းချုပ်က ညင်သာစွာ သက်ပြင်းချပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“တာအိုသက်ရှိ အထီးကျန်သိုင်းသခင်.. ကောင်းကင်ရွေ့လျားဂိုဏ်းက ဒီနေ့ကစပြီး ခင်ဗျားနဲ့ အတိုက်အခံ ပြုလုပ်တော့မှာ မဟုတ်ဘူး”
တစ်ခဏအတွင်းမှာပင်.. မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်း ၁၀ ဂိုဏ်းမှ ဂိုဏ်းချုပ် ၃ ယောက်သည် မတ်တတ်ထရပ်လာပြီး အထီးကျန်သိုင်းသခင်အပေါ် သူတို့၏ သဘောထားကို ထုတ်ဖော်ပြသလာခဲ့လေသည်။
“အထီးကျန်သိုင်းသခင်.. ကျမရဲ့ မူယုံမိသားစုကလည်း အတိတ်ကာလက ရန်ငြိုးရန်စတွေကို ဆက်ပြီးတော့ ဆုပ်ကိုင်မထားတော့ဘူး”
မူယုံမိသားစု၏ ခေါင်းဆောင်အမျိုးသမီးက သက်လတ်ပိုင်းအရွယ် အချောအလှတစ်ဦး ဖြစ်လေသည်။
ခဏမျှ ရပ်တန့်ပြီးနောက်.. မူယုံမိသားစု၏ ခေါင်းဆောင်အမျိုးသမီးက ဆက်ပြောလိုက်၏။
“ရှင်က ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိအားလုံး ကျင့်ကြံနိုင်မယ့် ရှင့်ရဲ့ သိုင်းတာအိုကို အမှန်တကယ် တည်ထောင်ပြီးရင် ကျွန်မကိုယ်တိုင် ရှင့်ကိုလာပြီး ဂုဏ်ပြုပေးပါ့မယ်”
ရှေးတော်ဝင်မိသားစု ၄ စုမှ မိသားစုတစ်စုသည်လည်း ရှေ့သို့ ထွက်ရပ်လာခဲ့၏။
ဆူဇီမိုသည် ဂိုဏ်းချုပ်များနှင့် မိသားစုခေါင်းဆောင်ကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
တခြားသော အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများကတော့ သူတို့ထဲ မည်သူကမှ ဘာမှထွက်မပြောကြတော့ပေ။
မြောက်ပိုင်းဒေသတွင် အိုးယန်မိသားစုနှင့် သွမ့်မူမိသားစုသည် ဖန်သားနန်းတော်ပြီးလျှင် ဒုတိယဖြစ်ပြီး များစွာသော အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများ၏ အထက်မှာ ရပ်တည်လေသည်။
သူတို့၏ ခေါင်းဆောင်များသည် မြင့်မြတ်သော ဂုဏ်အဆင့်အတန်းရှိပြီး နာမည်တစ်ခု ရထားခဲ့သည်မှာ အတော်ကြာမြင့်ခဲ့လေပြီ။ သူတို့က မူလနတ္ထိတစ်ယောက်ထံမှာ အောက်ကျို့ပြီး စတင်နှုတ်ဆက်လာလိမ့်မည် မဟုတ်ပေ။
တခြားသော အဖွဲ့အစည်းများအနေဖြင့် အချို့သော ဂိုဏ်းချုပ်များသည် ညှိနှိုင်းဆွေးနွေးချင်သော်လည်း သူတို့က မျက်နှာပျက်ရမည်ကို စိုးရွံ့၍ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သို့သော်လည်း အချို့သော ဂိုဏ်းချုပ်များကတော့ အခြားသော ရည်ရွယ်ချက်များ ရှိနေကြ၏။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က အမူအရာကင်းမဲ့နေ၏။
ကျားနဂါးဂိုဏ်း၏ အခြေအနေသည် တခြားသော အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများနှင့် မတူဘဲ ကွဲပြားခြားနားလေသည်။
ကျားနဂါးဂိုဏ်းသည် လွန်ခဲ့သည့် တစ်နှစ်က စုန်းဂူကပ်ဘေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့လေသည်။
ကျားနဂါးဂိုဏ်း၏ ကျင့်ကြံသူအများစုသည် ဆန်းကြယ်တောင်ထွတ်ကို သွားရောက်တိုက်ခိုက်ရင်း ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့ရလေသည်။
ဆူဇီမိုကလည်း ဤကိစ္စကို ကျေအေးပေးနိုင်မည် မဟုတ်ကြောင်း ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က ကောင်းကောင်းသိထား၏။
ဒါ့အပြင်.. သူကလည်း ဤကိစ္စကို ခွင့်လွှတ်မပေးနိုင်ပေ။
အကြီးအကဲလီ ပြောခဲ့သည့်အတိုင်းပင်.. အထီးကျန်သိုင်းသခင်က သေရပေမည်။
မဟုတ်ပါက သူသည် ဓမ္မဝိသေသ အဆင့်သို့ ဝင်ရောက်သွားသည်နှင့်.. အထီးကျန်သိုင်းသခင်ကို ထိန်းချုပ်နိုင်မည့်သူက များများစားစား မရှိတော့ပေ။ ထိုအချိန်ကျလျှင် ကျားနဂါးဂိုဏ်းက အရင်ဆုံး ထိခိုက်ခံစားရပေလိမ့်မည်။
အကြီးအကဲလီသည် ယင်တစ္ဆေဂိုဏ်း၊ ခုနှစ်မျိုး သတ်ဖြတ်ခြင်းဂိုဏ်း၊ သွေးမြူဂိုဏ်း၊ ဆန်းကြယ်ကောင်းကင်၊ ဂမ္ဘီရကျင့်ထုံးဂိုဏ်းနှင့် ယုဝမ်ကလန်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၅ ယောက်နှင့် အတူပူးပေါင်းခဲ့လေသည်။ အဲဒီမှာ စုစုပေါင်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၆ ယောက်ရှိလေသည်။
ယခုအခါ.. အကြီးအကဲလီနှင့် အခြားသူများက ဤအနီးနားတစ်ဝိုက်မှာ ရောက်ရှိနေလောက်လေပြီ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၆ ယောက်သည် အတူပူးပေါင်း၍ မူလနတ္ထိတစ်ယောက်ကို သတ်ဖြတ်မည်ဆိုလျှင် ဘာအမှားအယွင်းမှ မရှိနိုင်ကြောင်း ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က လက်ခံယုံကြည်ထား၏။
သူသည် သွေးမြူဂိုဏ်းနှင့် အခြားသောဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် မသိမသာ ခေါင်းညိတ်ပြလိုက်ကြ၏။
ယခုအခါ ကျင့်ကြံသူများ အားလုံးက ထွက်ခွာသွားကြလေပြီ။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများသည် နေရာမှာပင် ဆက်လက်၍ မနေတော့ဘဲ လူတိုင်းနှင့်အတူ ထွက်ခွာလိုက်ကြ၏။
တစ်နာရီ မကြာခင်မှာပင်.. ယန်တိုင်းပြည်၏ မြို့တော်ဟောင်းတစ်ဝိုက်တွင် ကျင့်ကြံသူအများစုက ထွက်ခွာသွားကြလေပြီ။ ဆူဇီမို၏ မိတ်ဆွေနှင့် အသိအကျွမ်းအချို့သာလျှင် ကျန်ရစ်ခဲ့လေသည်။
မျောက်၊ နန်းကြည်၊ ထောင်ယောင်၊ ရှောင်းနင်၊ ကျိယောင်ရွှယ်၊ အင်မော်တယ်ကြိုးကြာအိုကြီးနှင့် အခြားသူများသည် အတူတကွ စုစည်း၍ စိတ်လက်ပေါ့ပါးသော အမူအရာများနှင့်အတူ စကားများ ပြောဆိုနေကြ၏။
ရှောင်းနင်သည် ဆူဇီမို၏ ခြံဝန်းထဲရှိ မက်မွန်ပင်ကနေ အသွင်ပြောင်းလာခဲ့သော ချစ်စရာကောင်းသည့် ကလေးငယ် ထောင်ယောင်ကို တွေ့မြင်ပြီးနောက် သူမက အလွန်တရာ ချစ်ခင်သဘောကျသွားလေသည်။
လူတိုင်းထဲတွင် ဆူဇီမိုတစ်ယောက်သာလျှင် သူ့စိတ်ထဲမှာ တစ်စုံတစ်ရာ ရှိနေသည့်အလား.. မျက်မှောင် အနည်းငယ်ကြုတ်ထား၏။
လူတိုင်းက အဲဒါနှင့် ပတ်သတ်၍ များစွာ စဉ်းစားတွေးတောခြင်း မရှိကြပေ။
ဆူဇီမိုသည် သန်မာသော ရန်သူတစ်ယောက်နှင့် အကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်ပြီးနောက်.. စိတ်ခံစားချက်တချို့ ရှိနေမည်ဟု သူတို့က တွေးထင်လိုက်ကြ၏။
“သခင်လေး..”
ထိုစဉ်မှာပင် လူအုပ်ကြီးထဲကနေ နူးညံ့ညင်သာသော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
မျောက်နှင့် အခြားသူများသည် ခဏမျှ ကြောင်အသွားပြီးနောက် အကြည့်ချင်းဖလှယ်ကာ ကျေနပ်နှစ်ခြိုက်သွားကြ၏။
မြေခွေးလေး..
သူတို့သည် မြေခွေးလေးနှင့် နှစ်တစ်ရာကျော် အတူရှိခဲ့ကြပြီး သူမ၏အသံနှင့် အလွန်တရာ ရင်းနှီးကြလေသည်။
လူအုပ်က လမ်းဖွင့်ပေးလိုက်ကြ၏။
မီးတောက်နီရောင် မြေခွေးလေးတစ်ကောင်သည် ပြန်လည်ဆုံစည်းရသော ဝမ်းသာပျော်ရွှင်မှုနှင့်အတူ စိတ်လှုပ်ရှားစွာဖြင့် သူမ၏ အမြီးကို ဝှေ့ယမ်းပြီး ဆူဇီမိုထံသို့ ပြေးဝင်လာ၏။
ဆူဇီမိုက ပျံ့လွင့်နေသော အတွေးများကို ဖယ်ထုတ်ပြီး သူ၏လက်နှစ်ဖက်ကို အနည်းငယ်ဖွင့်ကာ ပြုံးလိုက်လေသည်။
မြေခွေးလေးက သူ၏ရင်ခွင်ထဲသို့ ခုန်တက်ပြီး သူမ၏ခေါင်းကို ပြူထွက်ကာ သူ၏ နွေးထွေးသော ရင်အုပ်ကို ပွတ်သပ်နေ၏။
သူမသည် ရင်းနှီးနေကျ ထိုအော်ရာကို ရှူရှိုက်ပြီးနောက် အလွန်တရာ ကျေနပ်သဘောကျစရာကောင်းသည်ဟု ခံစားရလေသည်။
ဆူဇီမိုသည် မြေခွေးလေး၏ ခေါင်းကို ပွတ်သပ်ပြီး သူက ရင်တစ်ချက်ထိတ်သွား၏။ သူသည် တစ်စုံတစ်ရာကို ခံစားမိသွားသည့်အလား ရှေ့သို့ အလိုလိုကြည့်လိုက်လေသည်။
မလှမ်းမကမ်းတွင် အဖြူရောင်ဝတ် အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေ၏။ သူမသည် အထက်ဘုံကနေ မော်တယ်လောကသို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးအလား အပြစ်ဆိုစရာ ကင်းမဲ့နေလေသည်။
လက်ရှိအမျိုးသမီးများကြားတွင်.. ချင်ချင်၊ ခယ်ခယ်နှင့် ရှောင်းနင်တို့သည် သူတို့၏ ကိုယ်ပိုင်တစ်မူထူးခြားသည့် သွင်ပြင်များနှင့်အတူ ရှားရှားပါးပါး အချောအလှများ ဖြစ်ကြလေသည်။
မဟာကျိုးဧကရီအနေဖြင့် ကျိယောင်ရွှယ်သည် ပို၍ပင် ကျက်သရေတင့်တယ်ပြီး ချောမောလှပလေသည်။ သူမ၏ အော်ရာက အများနှင့်မတူဘဲ ပြောင်မြောက်၍ တစ်မူထူးခြားနေ၏။
သို့သော်လည်း အဖြူရောင်ဝတ် အမျိုးသမီး ပေါ်ထွက်လာပြီးနောက် ဤအမျိုးသမီးများ၏ တောက်ပထည်ဝါမှုသည် ချက်ချင်းပင် မှိန်ကျသွားလေသည်။
ဆူဇီမိုကို မပြောနှင့်.. မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသော သားရဲတောကောင်များပင်လျှင် အဖြူရောင်ဝတ် အမျိုးသမီးကို မြင်သည့်အခါ ငေးမောမှင်တက်သွားကြ၏။
“ကြင်ရာတော်ယု”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အလိုလို အသံထွက်လိုက်မိ၏။
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. သူက အဲဒါသည် မသင့်လျော်ဘူးဆိုတာကို ခံစားမိလိုက်၏။
ကြင်ရာတော်ယုသည် သူမကို မဟာချွမ်ဧကရာဇ် ပေးခဲ့သော ဘွဲ့တစ်ခုဖြစ်လေသည်။ သူ့အနေဖြင့် သူမကို ထိုကဲ့သို့ တိုက်ရိုက်ခေါ်ဆိုခြင်းက အမှန်တကယ်ပင် မလေးစားရာကျပြီး သူက ထိုသို့ခေါ်ဆိုနိုင်ဖို့ အစွမ်းအစလည်း မရှိပေ။
တကယ်ပင်.. ထိုအသံကို ကြားသောအခါ အဖြူရောင်ဝတ် အမျိုးသမီးသည် မနှစ်မျို့ဟန်ဖြင့် မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
“သခင်လေး.. အရှင်မရဲ့ တာအိုဘွဲ့က အစစ်အမှန်ကျောက်စိမ်းပါ”
မြေခွေးလေးက တိုးတိုးလေး ကပ်ပြောလိုက်၏။
“ကြင်ရာတော်ယုက သူမရဲ့ အတိတ်ကာလတုန်းက ဘွဲ့တစ်ခုပဲ.. အခု သူမကို အဲ့လိုမျိုး ထပ်ပြီးခေါ်စရာ မလိုတော့ဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“နှုတ်ဆက်ပါတယ်.. စီနီယာ အစစ်အမှန်ကျောက်စိမ်း”
ဆူဇီမိုက လက်သီးနှစ်ဖက်ယှက်၍ အလောတကြီး ဦးညွတ်လိုက်၏။
သူသည် အဖြူရောင်ဝတ် အမျိုးသမီးကို ကြည့်ရင်း လိုဏ်ဂူထဲတွင် သူတွေ့မြင်ခဲ့ရသော ရင်သပ်ရှုမောဖွယ်ရာ ပုံရိပ်ကို ပြန်လည်မြင်ယောင်လာပြီး ထိုအတွေးမှာ နစ်မျောသွားလေသည်။
အဲဒါက သူ့အမှား မဟုတ်ပေ။
သူမ၏ ခန္ဓာကိုယ်ကပင်လျှင် အပြစ်ဆိုစရာ မရှိအောင် ပြီးပြည့်စုံနေပြီး မေ့ဖျောက်လို့ မရနိုင်ပေ။
ဆူဇီမိုက ငေးငိုင်သွားစဉ်မှာပင် သူက ရုတ်တရက် ကြက်သီးမွေးညင်းများ ထလာ၏။
သူက ဆတ်ခနဲ တုန်ယင်သွားလေသည်။
မလှမ်းမကမ်းတွင် နတ်မိမယ် အစစ်အမှန်ကျောက်စိမ်းသည် သူ့ကို ခက်ထန်စွာဖြင့် စိုက်ကြည့်နေပြီး အေးစက်စက်လေသံဖြင့် မေးလိုက်လေသည်။
“နင် အခု ဘာတွေတွေးနေတာလဲ”
“ဘာ.. ဘာရယ်မဟုတ်ပါဘူး”
ဆူဇီမိုက ရှက်ကိုးရှက်ကန်းနှင့် မလုံမလဲဖြစ်သည့်ပုံပေါ်လာ၏။
နတ်မိမယ် အစစ်အမှန်ကျောက်စိမ်းက အမှန်တကယ် ဒေါသထွက်ပြီး သူ၏ မျက်လုံးများကို ဖောက်ထုတ်ချင်သည်ဆိုလျှင် သူက ခုခံဖို့အတွက် တကယ်ပင် မတတ်နိုင်ပေ။
“သခင်လေး.. စောစောက ရှင်က ဘာဖြစ်သွားတာလဲ.. တိုက်ပွဲပြီးတာတောင် ဘာလို့ စိုးရိမ်ပူပန်တဲ့ပုံပေါ်နေရတာလဲ”
နှစ်တစ်ရာကျော်အောင် ခွဲခွာခဲ့ရသော်လည်း မြေခွေးလေးသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ဆူဇီမိုက မူမမှန်သည်ကို ပြောနိုင်လေသည်။
“ဘာလို့လဲ မသိဘူး.. ငါ့စိတ်ထဲမှာ တထင့်ထင့်ခံစားနေရတယ်”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ထိုကဲ့သို့သော ခံစားချက်မျိုးက အကြောင်းရင်းမရှိဘဲ ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ရှေ့တွင်ရှိသော နတ်မိမယ် အစစ်အမှန်ကျောက်စိမ်းကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်၏။
သူမသည် ကြမ်းတမ်းသော စကားလုံးအချို့ကို ပြောဆိုခဲ့လျှင်တောင် ဆူဇီမိုသည် သူမထံမှ မည်သည့် သတ်ဖြတ်လိုစိတ်ကိုမှ မခံစားမိပေ။
ဒါဆို အဲဒီ စိတ်တထင့်ထင့် ခံစားချက်က ဘယ်ကနေ ရောက်လာတာလဲ.. ။
ဘာများ မှားနေလို့လဲ..။
ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။
“ငါ တံခါးပိတ်ကျင့်ကြံနေတုန်းက မြောက်ပိုင်းဒေသမှာ ဘာတွေဖြစ်ခဲ့သေးလဲ”
“များများစားစား မရှိပါဘူး”
နန်းကြည်က ခေါင်းခါပြလိုက်၏။
“ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေက ရှင်နဲ့ တာအိုအရှင် ရွှမ်ယွီကြားက တိုက်ပွဲကို စောင့်ဆိုင်းနေကြတာ”
ခဏမျှ ရပ်တန့်ပြီးနောက်.. နန်းကြည်သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ထူးခြားတာတစ်ခုတော့ ရှိတယ်.. ကျားနဂါးဂိုဏ်းနဲ့ သွေးမြူဂိုဏ်းတွေလို အဆင့်မြင့်ဂိုဏ်း တချို့ရဲ့ မဟာအကြီးအကဲတွေက သူတို့ရဲ့ ဂိုဏ်းကနေ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့တယ်”
ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်.. ဆူဇီမို၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့လေသည်။