စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကျဆုံးခြင်း
Vol. 79 Ch. 1185
ယန်တိုင်းပြည်မြို့တော်ဟောင်းမှ ကီလိုမီတာ ၃၀၀ ဝန်းကျင်အကွာအဝေး၌ ကျားနဂါးဂိုဏ်း ၊ သွေးမြူဂိုဏ်း ၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းနှင့် အခြားသော အဆင့်မြင့်ဂိုဏ်းများမှ ဂိုဏ်းချုပ်များသည် အကြည့်ချင်းဖလှယ်၍ ခေါင်းညိတ်လိုက်ကြ၏။ သူတို့အားလုံးသည် ယန်တိုင်းပြည်မြို့တော်ဟောင်းရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်ကြလေသည်။
“ခင်ဗျားတို့က ဘာလို့ထွက်မသွားသေးတာလဲ...”
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး... ငါတို့ကဒီတိုင်းပဲ ရလဒ်တစ်ခုကို စောင့်နေကြတာ...”
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က တုန်လှုပ်သွားပြီး အလောတကြီးထပ်မေးလိုက်လေသည်။
“ခင်ဗျားတို့တွေက အထီးကျန်သိုင်းသခင်ကို တကယ်ပဲ တိုက်ခိုက်မလို့လား....”
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က လှောင်ရယ်လိုက်၏။
“ကြယ်တာရာလမင်းဂိုဏ်းက လှုပ်ရှားမှုမလုပ်ဘူးဆိုလည်း တခြားဂိုဏ်းတွေကတော့ ဘယ်နေပါ့မလဲ... ဒီကောင်လေးက ဒီနေ့ထက်ကျော်ပြီး မရှင်သန်နိုင်စေရဘူး...”
ကျားနဂါးဂိုဏ်း၏ အကြီးအကဲ အရိုးစိတ်ဝိညာဥ်သည် သွေးမြူဂိုဏ်း ၊ ယင်တစ္ဆေဂိုဏ်းနှင့် အခြားသောဂိုဏ်းများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ကူညီပေးဖို့ ဖိတ်ခေါ်ခဲ့ရုံသာမက သူသည် ကျန်တခြားဂိုဏ်းများကိုလည်း ဆွယ်ခဲ့လေသည်။
သို့သော်လည်း ကြယ်တာရာလမင်းဂိုဏ်းနှင့် ဂိုဏ်းတချို့က အဲ့ဒါကို သဘောတူလက်ခံခဲ့ခြင်း မရှိပေ။
မုရုံကလန်၏ မိသားစုခေါင်းဆောင်အမျိုးသမီးသည် သူမ၏ ခေါင်းကိုခါယမ်းလိုက်၏။
“အထီးကျန်သိုင်းသခင်က သက်ရှိအားလုံးအတွက် သိုင်းတာအိုကို သင်ကြားပေးချင်တယ်... သူက အောင်မြင်သွားမယ်ဆိုရင် အဲ့ဒါက လောကအတွက် ကောင်းချီးပေးမှုတစ်ခုပဲ... ရှင်တို့တွေက သူ့ကိုမသတ်သင့်ဘူး”
“ဟမ့်....”
ယုဝမ်ကလန်၏ မိသားစုခေါင်းဆောင်က စိမ်းသက်သောလေသံဖြင့် အေးစက်စွာပြောလိုက်လေသည်။
“အထီးကျန်သိုင်းသခင်က အကောင်းနဲ့ အဆိုးကို မခွဲခြားတတ်ဘူး.... သူက မိစ္ဆာသားရဲတွေနဲ့ သွေးသောက်မောင်နှမဖွဲ့ပြီး ဘာကိုမှ ထိန်ချန်မငဲ့ကွက်ဘဲ သူလုပ်ချင်ရာ လျှောက်လုပ်နေတာ...”
“အဲ့လိုလူမျိုးကို ရှင်သန်ကြီးထွားခွင့်ပေးထားရင် သူက မြောက်ပိုင်ဒေသအတွက် ကပ်ဘေးတစ်ခုကို သေချာပေါက်ယူဆောင်လာလိမ့်မယ်...”
ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်က သဘောတူစွာခေါင်းညိတ်လိုက်၏။
“အဲ့ဒါအမှန်ပဲ...ဒီကောင်လေးက အရမ်းကိုထက်ရှလွန်းတယ် ငါတို့က သူ့ကိုသတ်ရမယ်...”
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများက ထိုအဆိုပြုချက်ကို လက်ခံသဘောတူခြင်းမရှိပေ။ သို့သော်လည်း သူတို့သည် ထိုကိစ္စအတွက် ကျားနဂါးဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားလိုခြင်း မရှိပေ။
မီးလျှံကိုလံဘတ်တောင်ကြား၏ တောင်ကြားသခင်က မေးလိုက်၏။
“အဲ့ဒီမှာ ဘယ်သူတွေပါလဲ”
“ငါတို့ဂိုဏ်းက အကြီးအကဲ အရိုးစိတ်ဝိညာဥ်အပါအဝင် မဟာအကြီးအကဲ စုစုပေါင်းခြောက်ယောက်”
ကျားနဂါးဂိုဏ်း၏ဂိုဏ်းချုပ်က ဂုဏ်ယူဝံ့ကြွားစွာဖြင့်ပြောလိုက်၏။
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ပြီးနောက် ရင်တစ်ချက် ထိတ်သွားကြ၏။ သူတို့သည် စိတ်ထဲကနေ သက်ပြင်းချ၍ သူတို့၏ ခေါင်းကိုခါယမ်းလိုက်ကြ၏။
အဲ့ဒီမှာ မျှော်လင့်ချက်မရှိတော့ပေ....။
အစကတော့ အထီးကျန်သိုင်းသခင်သည် အသက်ပြင်းပြီး သူ့တွင် ဝှက်ဖဲများစွာရှိသည့်အတွက် သူသည် ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာတွေ့နိုင်ကောင်းရှာတွေ့နိုင်လိမ့်မည်ဟု သူတို့က မျှော်လင့်ခဲ့ကြ၏။
ယခု ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက် ပူးပေါင်းတိုက်ခိုက်မည်ဟု သူတို့သိလိုက်ရပြီဖြစ်သည့်အတွက် အထီးကျန်သိုင်းသခင်ကတော့ သေချာပေါက်သွားရှာပေပြီ...။
“အကြီးအကဲ အရိုးစိတ်ဝိညာဥ်နဲ့ အခြားသူတွေက အဲ့ဒီမှာရှိတဲ့ အာကာသကို ချိတ်ပိတ်လိုက်ကြပြီ... အဲ့ဒါက သိပ်မကြာခင်ပြီးမြောက်သွားလိမ့်မယ်...”
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က တိုးတိတ်စွာရေရွတ်လိုက်၏။
အဲ့ဒီမှာ မည်သည့်မတော်တဆဖြစ်ရမှရှိမလာနိုင်သည်ကို သူသိထားသော်လည်း သူက ရလဒ်ကို စောင့်ကြည့်ချင်သေးလေသည်။
အေးစက်စက်လေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့၏။
ရုတ်တရက် သူသည် ကျောရိုးတစ်လျှောက်ထျမ်းစိမ့်သွားပြီး မျက်မှောင်တစ်ချက်ကြုတ်၍ သူ့ဘာသာသူ ရေရွတ်လိုက်၏။
“အဲ့ဒီမှာ အလှည့်အပြောင်းတစ်စုံတစ်ရာတော့ မရှိလောက်ပါဘူး...”
အတန်ကြာစဥ်းစားပြီးနောက် သူက ခေါင်းကိုထပ်ခါလိုက်၏။
“အဲ့လိုဖြစ်မယ်လို့ ငါမထင်ပါဘူး... ဟုတ်တာပေါ့ သေချာပေါက် အဲ့လိုဖြစ်မှာ မဟုတ်ဘူး...”
. . . . .
ယန်တိုင်းပြည်၏ မြို့တော်ဟောင်းတွင်..
“အို.... ဒါနဲ့ ငါမင်းကိုပြောဖို့မေ့တော့မလို့”
ရုတ်တရက် အကြီးအကဲ အရိုးစိတ်ဝိညာဥ်က ရယ်မောလိုက်၏။
“ငါတို့က နဂါးသင်္ချိုင်းတောင်ကြားမှာ လှုပ်ရှားမှုတစ်စုံတစ်ရာမရှိတာကို အတည်ပြုပြီးမှ ဒီဆုံးဖြတ်ချက်ကိုချခဲ့တာ... အဲ့ဒါကြောင့် အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်က ပေါ်ထွက်လာပြီး မင်းကိုလာကယ်လိမ့်မယ်လို့ မျှော်လင့်မနေနဲ့တော့....”
“ငါတို့က မင်းစဥ်းစားမိတဲ့ အလှည့်အပြောင်းအားလုံးကို ကြိုတင်ပိတ်ဆို့ထားပြီးပြီ....”
သူက သက်ပြင်းချလိုက်၏။
“အထီးကျန်သိုင်းသခင်.... အခုမင်းကို တမလွန်ကိုပို့ပေးရမယ့် အချိန်ပဲ”
“အလှည့်အပြောင်းအားလုံးကို ကြိုတင်ပိတ်ဆို့ထားတယ်တဲ့လား.... ဟုတ်ပါ့မလား”
ဆူဇီမိုက မလှမ်းမကမ်းတွင်ရှိသော နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကို ကြည့်ရင်း မှင်သေသေဖြင့် ပြောလိုက်၏။ သူက လက်သီးနှစ်ဖက်ကို ယှက်လိုက်လေသည်။
“စီနီယာ ကျေးဇူးပြုပြီး..... ဒီကပ်ဘေးကနေ ကျုပ်တို့ကို ကူညီပေးပါဦး”
သူမက ဆူဇီမိုနှင့် အခြားသူများနှင့်အတူ တစ်တန်းတည်းရပ်နေခြင်းမဟုတ်ပေ။ ထိုအခါမှသာလျှင် အကြီးအကဲအရိုးစိတ်ဝိညာဥ်နှင့် အခြားသူများက သူမကို သတိထားမိသွားကြ၏။
“ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ...”
အဆင့်မြင့်သခင်လန်ယွဲ့က မနေနိုင်ဘဲ အံအားတသင့်ရေရွတ်လိုက်၏။
အကြီးအကဲ အရိုးစိတ်ဝိညာဥ်နှင့် အခြားသူများသည် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။
ဤအမျိုးသမီးသည် တကယ့်ကို အလွန်တရာချောမောလှပသော်လည်း သူမက အဖိုးအိုများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။
ဒါ့အပြင် သူမက ချောမောလှပခြင်းကလွဲလျှင် တခြားထူးခြားနေတာ ဘာမှမရှိပေ။ သူမထံမှ မည်သည့်စွမ်းအားကြီးသောအော်ရာမှ ဖြာထွက်မနေဘဲ သူမက မော်တယ်တစ်ယောက်နှင့်တူလေသည်။
သူမသည် ဆူဇီမိုကို ပြုံးစစဖြင့် ကြည့်ရင်းပြန်လှန်မေးလိုက်၏။
“ငါက ဘာလို့နင့်ကို ကူညီရမှာလဲ...”
ဆူဇီမိုက ခါးသက်စွာဖြင့်ပြုံးလိုက်၏။
“ဒီပုဂ္ဂိုလ်ခြောက်ယောက်က ကျုပ်တစ်ယောက်တည်းကိုပဲ သတ်မှာမဟုတ်တာ ရှင်းနေတာပဲ..... ခင်ဗျားက ဒီတိုင်းနေချင်ရင်တောင် နေလို့မရမှာ ကျုပ်စိုးရွံမိပါတယ် စီနီယာ”
“အဲ့ဒါက အဆင်ပြေပါတယ်”
နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“အချိန်ကျလာရင် ငါက မြေခွေးလေးနဲ့အရင်ထွက်သွားရုံပဲ ဘယ်သူကမှ ငါ့ကိုမတားနိုင်စေရဘူး... မင်းတို့ရဲ့ သေခြင်းရှင်ခြင်းက ငါနဲ့ဘာများပတ်သက်လို့လဲ”
“မင်းတို့အားလုံးသေရမယ်....ဘယ်သူကမှ ထွက်မပြေးနိုင်စေရဘူး”
သွေးမြူဂိုဏ်းမှ အကြီးအကဲ ရမ္မက်မိစ္ဆာက သူ၏နှုတ်ခမ်းကိုသပ်၍ ခက်ထန်စွာဖြင့် ပြောလိုက်၏။
နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက မနှစ်မြို့ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။
သို့သော်လည်း အကြီးအကဲအရိုးစိတ်ဝိညာဥ်နှင့် အခြားသူများက အဲ့ဒါကိုလုံးဝသတိထားမိခြင်း မရှိပေ။
သူတို့က နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ ပြောင်းလဲသွားသော အမူအရာကို သတိထားမိမည်ဆိုလျှင်တောင် သူတို့က အဲ့ဒါကို အတည်အတံ့ မှတ်ယူကြမည်မဟုတ်ပေ။
“မလုပ်ကြပါနဲ့....”
အတင့်မြင့်သခင်လန်ယွဲ့က အလောတကြီးဝင်ပြောလိုက်၏။
“တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး ကျုပ်ကိုမျက်နှာသာပေးပါဦး... ဒီအချောအလှလေးနဲ့ မြေခွေးလေးကို ကျုပ်အတွက်ချန်ထားပေးပါ”
“ဘာလဲ... ခင်ဗျားက စိတ်ပါသွားပြီလား... အဆင့်မြင့်သခင်”
ယင်တစ္ဆေဂိုဏ်း၏ အကြီးအကဲ ဟေးရှဲ့က မေးလိုက်လေသည်။
အတင့်မြင့်သခင်လန်ယွဲ့က သိသာစွာပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။
“ဒီအမျိုးသမီးက တော်တော်လေးအရည်အသွေးမြင့်တယ်... ဒီလိုအချောအလှလေးက ဒီကမ္ဘာပေါ်မှာတောင် ရှားရှားပါးပါးပဲ... ကျုပ်ကအကြောင်းအခွင့်တိုင်ဆိုင်လို့ သူမနဲ့ ကြုံကြိုက်မှတော့ လက်လွတ်ခံစရာအကြောင်းမရှိဘူးလေ”
အကြီးအကဲ ဟေးရှဲ့က မသတီစရာပုံစံဖြင့် လှောင်ပြုံးလိုက်၏။
“ဒီအချောအလှလေးက မင်းကို သူမရဲ့သခင်တစ်ယောက်လို နာနာခံခံ ပြုစုယုယပေးမယ့် လျှို့ဝှက်အတတ်တစ်ခုကို ငါသိထားတယ်.... သူမက မင်းအပေါ်မှာ မခြွင်းမချန် သစ္စာရှိပြီး မင်းရဲ့အမိန့်မှန်သမျှကို တစ်သဝေမတိမ်းလိုက်နာလာလိမ့်မယ်”
အတင့်မြင့်သခင်လန်ယွဲ့၏ မျက်လုံးက ဝင်းလက်သွား၏။
သူတို့နှစ်ယောက်သည် အနားမှာ တခြားဘယ်သူမှမရှိသည့်အလား ဆွေးနွေးပြောဆိုနေကြပြီး နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ အမူအရာက လုံးဝအေးစက်ခက်ထန်လာသည်ကို သတိမထားမိကြပေ။
“နင်တို့တွေက တကယ့်ကို သေချင်နေကြပြီပဲ...”
သူမက ပြောဆိုလိုက်လေသည်။
“အို.... အလှလေးက ဒေါသထွက်လာပြီဟေ့”
အဆင့်မြင့်သခင်လန်ယွဲ့က မိစ္ဆာဆန်ဆန်လှောင်ပြုံးလိုက်၏။
“မင်းက ဒေါသထွက်နေတာတောင်မှ တကယ့်ကို ချစ်စရာကောင်းနေတုန်းပဲ...”
“လန်ယွဲ့... “
ထိုစဥ်မှာပင် အကြီးအကဲအရိုးစိတ်ဝိညာဥ်က ငေါက်ငမ်းလိုက်၏။
တစ်စုံတစ်ရာလွဲမှားနေသည်ကို သူက ဝိုးတဝါးသတိထားမိလာခဲ့လေပြီ...။
ဤအမျိုးသမီး၏ ကျင့်ကြံမှုအဆင့်ကို သူက ထွင်းဖောက်မြင်နိုင်ခြင်း မရှိပေ။ အစကတော့ ဤအမျိုးသမီးသည် မော်တယ်တစ်ယောက်ဖြစ်မည်ဟု သူက တွေးထင်ခဲ့၏။
သို့သော်လည်း မော်တယ်တစ်ယောက်က ဤနေရာမှာ ဘာ့ကြောင့်ရှိနေရတာလဲ...။
ဒါ့အပြင် သူတို့၏ အော်ရာနှင့်ရင်ဆိုင်ရချိန်မှာတောင် သူမက ဘာလို့တည်ငြိမ်နိုင်နေသေးတာလဲ...။
ဤအမျိုးသမီးက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်များ ဖြစ်နေမလား...။
သို့သော်လည်း အကြီးအကဲအရိုးစိတ်ဝိညာဥ်က ဝေခွဲမရဖြစ်သွား၏။
ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တိုင်းသည် ကမ္ဘာတစ်ဝှမ်းကျော်ကြားကြပြီး သူတို့က ထိုသူများကို မသိစရာအကြောင်းမရှိပေ။
သို့သော်လည်း သူသည် ဤအမျိုးသမီးကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
“နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း...သူတို့ကို သတ်ဖြတ်ပေးပါ”
ထိုစဥ်မှာပင် မြေခွေးလေးက သူမ၏ လက်ဖဝါးနှစ်ဖက်ကို ဆုပ်ပြီးအော်ဟစ်ပြောဆိုလိုက်၏။
“ဒါပေါ့...”
နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက ခေါင်းညိတ်ပြလိုက်၏။
သူမသည် ကြီးကြီးမားမား မည်သည့်လှုပ်ရှားမှုမှမပြုလုပ်ပေ။ ခြေတစ်လှမ်းလှမ်းရုံမျှနှင့် သူမသည် သူတို့ကြားအကွာအဝေးကို လျစ်လျူရှုပြီး အကြီးအကဲဟေးရှဲ့ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။
“အို.... “
“မြန်လိုက်တာ...”
အကြီးအကဲဟေးရှဲ့က ထိတ်လန့်သွားခဲ့၏။ သူသည် စဥ်းစားနေဖို့ အချိန်မရဘဲ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကို ပစ်ထိုးလိုက်လေသည်။
ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် လှုပ်ရှားမှုတစ်ခုချင်းစီဖြင့် လောကကို ကိုင်လှုပ်နိုင်လေသည်။
ရိုးရှင်းသည်ဟုထင်ရသော ထိုထိုးချက်သည် အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်ပေးနိုင်လေသည်။
မရေမတွက်နိုင်သော တစ္ဆေပုံရိပ်များသည် တစ်ပြိုင်နက်တည်း ရုန်းကန်ထွက်ပေါ်လာပြီး နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းဆီသို့ ခုန်ဝင်လာကြ၏။
သူမ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူမ၏ နှုတ်ခမ်းကို အနည်းငယ်ဖွင့်ဟ၍ ထွက်သက်ကို ညင်သာစွာရှုထုတ်လိုက်၏။ ချက်ချင်းပင် လေထဲရှိအပူချိန်က ထိုးဆင်းသွားလေသည်။
မြေပြင်ပေါ်ရှိ ဆူဇီမိုနှင့်အခြားသူများပင်လျှင် အေးစက်နေသော ခံစားချက်ကို ရရှိလိုက်ကြ၏။
လောကက အေးခဲသွားသည်ဟုထင်ရ၏။
ဖြောက်.. ဖြောက်....ဖြောက်....
မရေမတွက်နိုင်သော တစ္ဆေအရိပ်များသည် လေထဲမှာအေးခဲသွားကြ၏။
အကြီးအကဲဟေးရှဲ့၏ လက်သီးနှင့်လက်တံပေါ်တွင်လည်း နှင်းခဲတစ်လွှာက ဖုံးအုပ်သွားလေသည်။
သူ့ထိုးချက်၏ အမြန်နှုန်းက ချက်ချင်းပင် လျော့ကျသွားလေသည်။
ထိုစဥ်မှာပင် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက သူမ၏ သလင်းလိုကြည်လင်၍ နူးညံချောမွတ်သော လက်ညိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်၏။
ချက်ချင်းပင် ထိုလက်ညိုးက အကြီးအကဲဟေးရှဲ့၏ နှာရောင်ကို ထိုးဖောက်လိုက်လေသည်။
အဲ့ဒါက အရမ်းကို မြန်ဆန်လွန်းလေသည်။
တိုက်ခိုက်မှုသည် အရမ်းကိုလျင်မြန်စွာဖြစ်ပျက်ခဲ့လေသည်။
အကြီးအကဲဟေးရှဲ့၏ အမူအရာကအေးခဲသွားပြီး သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက တဖျပ်ဖျပ်ပေါ်ထွက်လာခဲ့၏။
အဲ့ဒီနောက် သူ၏အကြည့်က မှေးမှိန်သွားပြီး လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။ သူက မြေပြင်ပေါ်သို့ မရောက်ရှိခင်မှာပင် သူ့ခန္ဓာကိုယ်ထဲတွင် အသက်ဓာတ်လုံးဝမကျန်ရှိတော့ပေ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သေဆုံးသွားခဲ့လေပြီ…။