ငါ့ရဲ့ အဆုံးစွန်သော လှုပ်ရှားမှုသည် စကားလုံးနှစ်လုံးမျှသာ ဖြစ်သည်
Vol. 45 Ch. 663
ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးက သူ့ကို အမှန်တကယ် အထင်သေးလိမ့်မည်ဟု နတ်ဆိုးမုဆိုးများအဖွဲ့မှ လူငယ်က မထင်ထားခဲ့ပေ။
သူ့အနေဖြင့် ၎င်းတို့ကို ခွန်အားအနည်းငယ်မျှဖြင့်ပင် ပြတ်ပြတ်သားသား ချေမှုန်းနိုင်ပေသည်။
ထိုနှစ်ယောက်တွင် သူ့ကို အထင်သေးရန် အမှန်တကယ်ပင်သတ္တိရှိနေပါသလော။
“အကြီးအကဲ ယင်းကျစ်ဖျင်.. သူတို့စကားကို အာရုံစိုက်မနေနဲ့.. အကြီးအကဲ ကျီရှင်းရဲ့အမိန့်က သူတို့ကို ဖမ်းခေါ်လာဖို့ပဲ”
အနက်ရောင်ဗင်ကား မောင်းသူက သတိပေးလိုက်သည်။
“စိတ်မပူပါနဲ့.. ငါသိပါတယ်.. ငါသူတို့ကို မသတ်ပါဘူး”
လူငယ်က ကျိုးရီကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါ့အနေနဲ့ သူတို့ကို သင်ခန်းစာ တစ်ခုတော့ ပေးမှဖြစ်လိမ့်မယ်.. အကြီးအကဲ ကျီရှင်းက သူတို့ကို အသက်မသေရဘူးလို့ မှာထားတာကြောင့် သူတို့ကို မသေမရှင်ဖြစ်အောင်တော့ အရင်ရိုက်ရလိမ့်မယ်”
ထို့နောက်တွင် ယင်းကျစ်ဖျင် ဟူသောလူငယ်က သူ့လက်ကိုဝှေ့ယမ်းကာ ရေရွတ်လိုက်သည်။
“ရုံနီလေး.. လာခဲ့စမ်း”
ထိုခဏတွင် အနက်ရောင် အလင်းတန်းတစ်ခုက သူ့ဆီသို့ဦးတည်ပျံသန်းလာခဲ့သည်။
အနက်ရောင်ဗင်ကားမောင်းသူက ထိုမြင်ကွင်းကို မြင်လျှင် အရွှေအမြုတေ အဆင့် ကျင့်ကြံသူနှစ်ဦးတော့ ကံဆိုးပြီဟု မှတ်ယူလိုက်တော့သည်။
အကြောင်းအရင်းမှာ ထိုအရာသည် အကြီးအကဲ ယင်းကျစ်ဖျင်၏ အသက်ဖြင့်ချည်နှောင်ထားသော မှော်ရတနာမှလွဲ၍ အခြားမဟုတ်သောကြောင့်ပင်။
ဤလှံစွပ်သည် မရေမတွက်နိုင်သော အသက်များကို နုတ်ယူနိုင်ခဲ့သော လှံစွပ် ဖြစ်သည်။
လှံစွပ်၏ အထူးဒီဇိုင်းကြောင့် ခန္ဓာကိုယ်ကို ထိုးဖောက်ပြီးသည်နှင့် သွေးကြောများကိုပါ တိုက်ရိုက်ပျက်စီးစေကာ အာရုံကြောများကို ချက်ချင်း သေဆုံးစေမည် ဖြစ်၏။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုလှံစွပ်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများသည် အချိန်တိုအတွင်း မရပ်မနား သွေးထွက်စေသော အချက် ဖြစ်သည်။
“သွားတော့”
အကြီးအကဲယင်းက သူ့လက်ကို ဆန့်ထုတ်၍ စေလွှတ်လိုက်ရာ အနက်ရောင်လှံစွပ်က နဂါးတစ်ကောင်လို ချက်ချင်း ပျံသန်းသွားခဲ့သည်။
“ဒီလှံစွပ်ရဲ့ ဦးနှောက်မှာ ဒေါသစိတ်တွေဖြစ်ဖို့ အတွက် ရုံနဂါးလို့ခေါ်တဲ့ အနောက်တိုင်း နဂါးအမျိုးအစား နတ်ဆိုးသားရဲ ၈၈ကောင်ကို ငါသတ်ခဲ့တယ်.. ဒီလှံစွပ်က အဆိပ်တွေနဲ့ ပြည့်နှက်နေတဲ့ လှံစွပ်တစ်ခုပဲ.. မင်းအနေနဲ့ ခံနိုင်ရည် အရမ်းကောင်းနေတယ် ဆိုရင်တောင် အလွန်ဆုံး ဆယ်မိနစ်လောက်ပဲ ကြာမြင့်နိုင်မယ်”
အကြီးအကဲယင်းက ကျိုးရီတို့ကို ခနဲ့လိုက်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့.. အကြီးအကဲကျီရှင်းရဲ့ အမိန်ကြောင့် ငါမင်းတို့ကို လွယ်လွယ်နဲ့ သေအောင် မလုပ်ပါဘူး”
သူက ဤတစ်ကြိမ်တွင် အဆိပ်ကို ထုတ်သုံးမည်မဟုတ်ပေ။
သူက အဆိပ်ကို လှံစွပ်တွင် ထိန်းသိမ်းထားခဲ့သည်။
ဤနှစ်ယောက်ကို မနက်ဖြန် လူသိရှင်ကြား ကွပ်မျက်သည့်အခါမှသာ ၎င်းတို့သည် အဆိပ်ဒဏ်ကြောင့် ပြင်းထန်သောနာကျင်မှုကို ခံစားရမည် ဖြစ်သည်။
ယင်းက သေခြင်းတရားထက်ပင် ပိုမိုဆိုးရွားသောအတွေ့အကြုံတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
သူက အားနည်းသူကို ပြင်းပြင်းထန်ထန် အနိုင်ကျင့်တတ်သော လူစားမျိုး ဖြစ်သည်။
ယင်းကျစ်ဖျင်က မကြာခဏဆိုသလို ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်ကာ ပျော်ရွှင်မှုကို ရှာဖွေလေ့ရှိသည်။
အကြီးအကဲ ယင်းကျစ်ဖျင်သည် ရုံနီလေးကို ဒေါသစိတ် ဖြစ်စေဖို့နှင့် သူ့ဘဝ၏ အသက်မှော်ရတနာ ဖြစ်လာစေရန် အတွက် အရင်းအမြစ် အများအပြားကို သုံးစွဲခဲ့ရသည်။
ဤကဲ့သို့သော မှော်လက်နက်အောက်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများအား သေဆုံးခွင့်ပေးခြင်းသည် အမြင့်ဆုံးသော ဂုဏ်ကျက်သရေကို ပေးစွမ်းခြင်းဖြစ်သည်ဟု သူခံစားမိခဲ့သည်။
အနက်ရောင်လှံတံက မယုံနိုင်လောက်အောင် လျင်မြန်သည်ဟု ဆိုရမည်။
ကျိုးရီက သူ၏ လက်ရှိကျင့်ကြံခြင်း နယ်ပယ်အဆင့်နှင့် လုံးဝ ရှောင်လွှဲနိုင်မည် မဟုတ်ကြောင်း သိရှိခဲ့သည်။
သူက လှံစွပ်ကို ထုတ်ယူနေသည့် အကြီးအကဲယင်းကို မြင်သည်နှင့် အသားကပ်ဝတ်စုံ ဝတ်ထားသည့် ကျုံးလန်ကို လူသားဒိုင်းအဖြစ် ရှေ့သို့ တွန်းပို့လိုက်သည်။
ကျုံးလန် “ညီနောင်ကျိုး.. ဘာလုပ်တာလဲ”
ရုံနီလေး၏ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းနေသည်။
လေထုက တဟုန်းဟုန်းထသွားပြီး နဂါးဟိန်းဟောက်သံ ကဲ့သို့ လေပြင်းများက တိုက်ခတ်သွားသည်။
“အဆုံးသတ်မှာတော့ မင်းတို့က ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးတွေပါပဲ.. အရမ်းအားနည်းလွန်တယ်”
ကျိုးရီက ကျုံးလန်ကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူထားသည်ကို မြင်လျှင် အကြီးအကဲ ယင်းကျစ်ဖျင်က စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ရုံနီလေး၏ တိုက်ခိုက်မှုကို မည်သို့ ခုခံနိုင်ပါအံ့နည်း။
ထိုခဏမှာပင် လှံစွပ်၏ ထိပ်ဖျားက ကျုံးလန်၏ရှေ့သို့ ရောက်ရှိသွားသည်။
လှံစွပ်က ခန္ဓာကိုယ်နှင့် လက်မဝက်ခန့် အကွာတွင် ကျုံးလန်ထံမှ ရွှေရောင်အလင်းတန်း အကာအကွယ်တစ်ခု ထွက်ပေါ်လာသည်။
စွဲမက်ဖွယ်ကောင်းသော အသားကပ်ဝတ်စုံ၏ ခွန်အားက တစ်ဖန်ထွက်ပေါ်လာပြန်ပြီ ဖြစ်သည်။
သူထင်သည့်အတိုင်းပင် သူ့ဆရာ၏ အသားကပ်ဝတ်စုံများသည် အလွန်ပင် အစွမ်းထက်နေဆဲပင်။
ကျိုးရီက စိတ်ထဲကနေ တအံ့တဩ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် သူက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူက မက်ဆေ့ချ် ပေးပို့ပြီးပြီ ဖြစ်သော်လည်း သူ့ဆရာက မက်ဆေ့အား မြင်မမြင် သူမသိပေ။
သူ့ဆရာသာ မမြင်ခဲ့လျှင် သူ့အနေဖြင့် အမှန်တကယ် သေဆုံးရပေလိမ့်မည်။
ကျုံးလန်က ပို၍ပင် အံ့ဩနေခဲ့၏။
သူဝတ်ဆင်ထားသော အသားကပ်ဝတ်စုံက ဤကဲ့သို့ပြင်းထန်သည့် ကာကွယ်ရေးစွမ်းအားကို အမှန်တကယ် ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤအသားကပ်ဝတ်စုံ၏ မူလဇစ်မြစ်မှာ အဘယ်နည်း။
ထိုခဏတွင် ကျုံးလန်သည် အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။
ပြင်ပကမ္ဘာတွင် ကျိုးရီနှင့် ပတ်သက်သည့် အတင်းအဖျင်းနှင့် ကောလာဟလများ အမြဲရှိခဲ့သည်။
ကျိုးရီ၏ နောက်ကွယ်တွင် ဟွာရှို့နိုင်ငံကို စတင်တည်ထောင်သည့် ဗိုလ်ချုပ်၁၀ပါးထက် အားမနည်းသော အနန္တတန်ခိုးရှင်တစ်ယောက် ရှိနေနိုင်သည်ဟု လူအများက ထင်ကြေးပေးခဲ့ကြသည်။
သို့သော်လည်း ထိုအနန္တတန်ခိုးရှင်က မည်သူနည်း။
ဤကောလဟလသာ အမှန်ဖြစ်လျှင် ဤအသားကပ်ဝတ်စုံကို ဖန်တီးခဲ့သူမှာ ထိုအနန္တတန်ခိုးရှင် ဖြစ်နိုင်ပါသလော။
ကျုံးလန်က ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် အကြီးအကဲ ယင်းကျစ်ဖျင်က ဒုတိယ တိုက်ခိုက်မှုကို စတင်လိုက်သည်။
ရလဒ်အနေဖြင့် ရုံနီလေး၏ တိုက်ခိုက်မှုကို ရွှေရောင်အလင်းများ လင်းလက်နေသည့် အသားကပ်ဝတ်စုံက တားဆီးနိုင်ခဲ့သည်။
အကြီးအကဲယင်းက အလွန်ပင် အံ့ဩသွားခဲ့သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်တွင် ဤကဲ့သို့အစွမ်းထက်သည့် ဝတ်စုံမျိုး အမှန်တကယ် ရှိနေပါသလော။
ထိုအချိန်တွင် ကျိုးရီ၏နှလုံးသားက ပြိုကျလုမတတ် ဖြစ်နေသည်။
အကြောင်းမှာ သူတို့အနေဖြင့် ရန်သူကို အသားကပ်ဝတ်စုံဖြင့် ယာယီသာ ထိန်းထားနိုင်မည် ဖြစ်သောကြောင့်ပင်။
ဆိုရလျှင်ဤသည်က ရေရှည်ဖြေရှင်းချက်တစ်ခုမဟုတ်ပေ။
အဆုံးသတ်တွင် အသားကပ်ဝတ်စုံသည် စွဲမက်ဖွယ်ကောင်းသော ဝတ်စုံတစ်စုံမျှသာ ဖြစ်သည်။
ထိုသို့ ကျိုးရီ စိတ်ပူနေသည့်အခိုက်မှာပင် မိုးကုတ်စက်ဝိုင်းမှ အညိုရောင် စိတ်ဝိညာဉ်အလင်းတန်း တစ်ခုသည် သူတို့ထံ အလျင်အမြန် ပျံသန်းလာသည်ကို ကျိုးရီ ရုတ်တရက် တွေ့လိုက်ရသည်။
“ဒါက…”
ကျိုးရီ၏ မျက်လုံးများက ချက်ချင်းပင် ဝင်းလက်သွားခဲ့သည်။
တဖက်တွင်လည်း အကြီးအကဲယင်းက အလွန်ပင် အံ့အားသင့်သွားသည်။
“မင်းအခုဝတ်ထားတဲ့ တာအိုဝတ်စုံကို မင်းဘယ်ကနေ ရလာတာလဲ”
သူ၏ တိုက်ခိုက်မှုက နှစ်ကြိမ်ဆက်တိုက် မအောင်မြင်ခဲ့သောကြောင့် အကြီးအကဲယင်းက လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒီအသားကပ်ဝတ်စုံက အားကောင်းတယ် ဆိုပေမဲ့ တစ်စုံတည်းပဲရှိပုံရတယ်”
အကြီးအကဲယင်းက အခြေအနေကို နားလည်သွားခဲ့သည်။
ထို့နောက်တွင် သူက ရုံနီလေးဖြင့် ကျိုးရီအား ဦးစွာတိုက်ခိုက်ရန် ချိန်ရွယ်ခဲ့သည်။
“ငါမင်းကို အရင်ရှင်းပစ်မယ်”
ထိုခဏတွင် အကြီးအကဲယင်းကို အံ့အားသင့်စေသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဒါရိုက်တာကျိုးက ရုတ်တရက် ဆေးမှာသောက်မိသကဲ့သို့ သူ့ရှေ့တွင် လူသားဒိုင်းအဖြစ် ကာကွယ်ထားသည့် ကျုံးလန်ကို တွန်းဖယ်လိုက်ကာ အကြီးအကဲယင်း ထံသို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။
“တစ်ခုခုတော့ မှားယွင်းနေပြီ.. ဒီလူ ဒီလောက် အတင့်မရဲသင့်ဘူး”
အကြီးအကဲယင်းက တစ်စုံတစ်ရာ မှားယွင်းနေသည့် ခံစားချက်ကို မရေမရာ ခံစားလိုက်ရသည်။
“သူက ငါ့ကိုခြောက်လှန့်ဖို့ ဟန်ဆောင်နေတာများလား.. “
သူက မသိစိတ်ကနေ ခြေတစ်လှမ်းဆုတ်မိသွားကာ နှလုံးသားထဲတွင် သံသယများ ပြည့်နှက်လာသည်။
ဤရွှေအမြုတေအဆင့် ကျင့်ကြံသူသည် လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ကပင် အခြားတစ်ယောက်၏ နောက်တွင် ပုန်းနေခဲ့သည် မဟုတ်ပါလော။
အဘယ်ကြောင့် ရုတ်တရက် အခြားလူတစ်ယောက် ကဲ့သို့ ပြောင်းလဲသွားရပါသနည်း။
“မင်းမှာ အသုံးမချရသေးတဲ့ အသက်ကယ် မှော်ရတနာများရှိနေသေးတာလား”
ယခုအခါတွင် အကြီးအကဲယင်းက ကျိုးရီကို အထူးသတိထားနေရပြီ ဖြစ်သည်။
“ဘာအသက်ကယ် မှော်ရတနာမှမလိုဘူး.. လွန်ခဲ့တဲ့ ငါးမိနစ် ခြောက်မိနစ်ခန့်ကပဲ ဆယ်ပြား ကုန်ကျတဲ့ မက်ဆေ့ချ်တစ်စောင်ကို ငါပို့ခဲ့ပြီးပြီ”
“အကူအညီတောင်းခဲ့တာလား”
အကြီးအကဲယင်း၏မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။
သီအိုရီအရဆိုလျှင် အကူအညီက ယခုလောက် မြန်မြန်ဆန်ဆန် မရောက်သင့်ပေ။
သို့သော် ထိုအချိန်မှာပင် ကျိုးရီက သူ့လက်ကို ရုတ်တရက်ကောင်းကင်သို့ ဆန့်တန်းကာ အော်ဟစ်လိုက်သည်။
“ဓား လာခဲ့စမ်း”
ထိုခဏမှာပင် ကောင်းကင်မှ အညိုရောင်စိတ်ဝိညာဉ် အလင်းတန်းတစ်ခု ဆင်းသက်လာသည်ကို အကြီးအကဲယင်းမြင်လိုက်ရသည်။
သို့သော် ထိုစိတ်ဝိညာဉ်ဓားက အကြီးအကဲယင်း၏ လက်ထဲသို့ ရောက်ရှိရမည့်အစား ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျိုးရီ၏ ခန္ဓာကိုယ်၌ အလင်းလွှာတစ်ခု ဖြစ်ပေါ်လာသည်။
“မင်းရဲ့ဓား ဘယ်မှာလဲ”
“အဲဒါက ငါ့ခန္ဓာကိုယ်ထဲမှာရှိနေတယ်”
ထိုစကားသည် ကျင့်ခယ်က သူ့ခန္ဓာကိုယ်ကိုအပိုင်မစီးမီ ကျိုးရီ၏ နောက်ဆုံးစကား ဖြစ်သည်။
အပိုင်း(၆၆၃) ပြီး၏