အကြီးအကဲယင်း သေဆုံးခြင်း
Vol. 45 Ch. 664
အညိုရောင်စိတ်ဝိညာဉ် အလင်းတန်းသည် ကျိုးရီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက် ကျိုးရီ၏ မျက်လုံးများသည် အညိုရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
စက္ကန့်ပိုင်းအတွင်း သူ၏အော်ရာက ကွဲပြားသွားပြီး သိမ်မွေ့သော အသက်ရှူသံတိုင်းတွင် ပြင်းထန်သည့် ဖိနှိပ်ချုပ်ချယ်သော ခံစားချက်များ သယ်ဆောင်လာခဲ့သည်။
အကြီးအကဲ ယင်းကျစ်ဖျင်က အေးစက်သော ချွေးစေးများ ထွက်လာခဲ့သည်။
ဤအညိုရောင် စိတ်ဝိညာဉ်အလင်းတန်းက တကယ်ကို မြန်ဆန်လွန်း၏။
လုံးဝ တပ်အပ်မပြောနိုင်သော်လည်း ဤဓားက ဒါရိုက်တာကျိုးရီ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်ဟု သူထင်မိသည်။
လူနှင့်ဓား တစ်သားတည်းပေါင်းစည်းမှု..
ယင်းမှာ ဓားဝိညာဉ်သည် ခန္ဓာကိုယ်တစ်ခုအတွင်း တိုက်ရိုက် တွယ်ကပ်နေခြင်း ဖြစ်သည်။
အကြီးအကဲ ယင်းကျစ်ဖျင်အနေဖြင့် သူ၏ ကျင့်ကြံခြင်းသက်တမ်းတစ်လျောက်တွင် ဤကဲ့သို့ ဖြစ်ရပ်မျိုးကို တစ်ခါမှ မကြုံဖူးကြောင်း ဝန်ခံရပေမည်။
ထို့ပြင် ယေဘုယျအားဖြင့် ပြောရလျှင် ဝိညာဉ်ဓားနှင့် ၎င်း၏သခင်ဆက်ဆံရေးသည် အထွတ်အထိပ်သို့ ရောက်ရှိသွားမှသာလျှင် ဤပေါင်းစပ်မှုကို ပြုလုပ်နိုင်မည် ဖြစ်သည်။
သို့ရာတွင် ယင်းမှာ အလွန်ယုတ္တိမကျဟု သူခံစားခဲ့ရသည်။
လက်ရှိ အခြေအနေတွင်မူ ဒါရိုက်တာကျိုးသည် ဝိညာဉ်ဓားနှင့်ပေါင်းစည်နိုင်ခဲ့သည်မှာ သေချာသည်။
ဤဓား၏ မူလဇစ်မြစ်က အဘယ်နည်း။
အကြီးအကဲယင်းက အခြေအနေ လုံးဝပြောင်းလဲသွားပြီဟု ခံစားရသဖြင့် မသိစိတ်မှ နောက်ဆုတ်သွားမိခဲ့သည်။
အနက်ရောင်ဗင်ကားမောင်းသူက အခြေအနေ ပိုဆိုးလာပြီကို သဘောပေါက်လိုက်သဖြင့် ကားကိုနောက်သို့ လှည့်ရန်ပြင်လိုက်သောအခိုက်တွင် တာယာ၄ခုလုံး ပြားကပ်နေသည်ကို တွေ့လိုက်ရသည်။
“ဒါကဘယ်တုန်းက ဖြစ်သွားတာလဲ”
သူလုံးဝ သတိမထားမိခဲ့ပေ။
ကြည့်ရသည်မှာ ဤစိတ်ဝိညာဉ်ဓားအလင်းသည် သူတို့၏စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကို လွတ်သွားစေပုံရသည်။
အကြီးအကဲယင်းသည် သွားများကိုအံကြိတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
လက်တလော အခြေအနေတွင် သူ့အနေဖြင့် ထိပ်တိုက် ရင်ဆိုင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သူက အနိုင်ရရန် အခွင့်အလမ်းရှိသေးသည်ဟု ခံစားရသည်။
လက်ရှိတွင် ဒါရိုက်တာကျိုးသည် ဓားနှင့်တစ်သားတည်း ပေါင်းစည်းထားသော်လည်း သူနှင့်ဓားကြားရှိ ပေါင်းစည်းမှုသည် ခန္ဓာကိုယ်ခွန်အားကို အခြေခံအားဖြင့် မပြောင်းလဲနိုင်ပေ။
အကြီးအကဲယင်း၏ လှံစွပ်က အရေပြားကို အနည်းငယ်မျှပင် ထိုးဖောက်မိသည်နှင့် ဒါရိုက်တာကျိုး၏ ခန္ဓာကိုယ်သည် အဆိပ်ပျံ့နှံ့၍ သေဆုံးသွားရမည် ဖြစ်သည်။
ထိုသို့ ဖြစ်လာလျှင် ၎င်းနှင့် ပေါင်းစည်းထားသည့် ဓားဝိညာဉ်ပင်လျှင် ခိုကိုးရာမဲ့ ဖြစ်သွားရမည် မဟုတ်ပါလော။
အကြီးအကဲယင်း၏ အကြံအစည်သည် ကျိုးကြောင်းဆီလျော်မှု ရှိသော်လည်း ကံမကောင်းစွာဖြင့် သူ့ရှေ့မှာရပ်နေသည့် ဓားဝိညာဉ်အကြောင်းကို သူမသိခဲ့ပေ။
ကိစ္စများစွာတွင် အချို့အရာများသည် အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်ရုံမျှဖြင့် အသုံးမဝင်ပေ။
“မင်းဘယ်သူပဲဖြစ်နေပါစေ.. ငါတို့ နတ်ဆိုးမုဆိုးအဖွဲ့အစည်းရဲ့ မဟာအစီအရင်ကို တားဆီးဖို့ မဖြစ်နိုင်ဘူး”
အကြီးအကဲယင်းကျစ်ဖျင်၏ မျက်နှာက မည်းမှောင်သွားသည်။
သူက လက်ဦးစွာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
သူ့လက်ထဲမှ လှံစွပ်က အလင်းတန်းတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး ကျိုးရီ၏ ရင်ဘတ်သို့ လျင်မြန်စွာပင်ရောက်ရှိသွားခဲ့သည်။
သို့ရာတွင် အကြီးအကဲ ယင်းကျစ်ဖျင်၏ လှံစွပ်ကို ကျိုးရီက လက်ညိုးလေး တစ်ချောင်းဖြင့်ပင် ဟန့်တားလိုက်သည်။
လှံစွပ်ဖြင့် တိုက်ခိုက်မှုကို အလွန်ပင်အားနည်းသည်ဟု ကျင့်ခယ် ခံစားမိသည်။
တိုက်ခိုက်မှုက အလွန်ပင် အားနည်းလွန်းသဖြင့် ၎င်းကိုဖော်ပြရန်စကားလုံးပင် ရှာမတွေ့ခဲ့ပေ။
ဤသည်က ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ပြီး မိစ္ဆာဓားနတ်ဘုရားနှင့် တိုက်ခိုက်ခဲ့စဉ်က သူ ခံစားခဲ့ရသည့် ခံစားချက်မျိုးနှင့် အလွန်ပင် အလှမ်းဝေးသည့်တိုက်ခိုက်မှုမျိုး ဖြစ်သည်။
ဆိုရလျှင် ဤတိုက်ခိုက်မှုသည် အလွန်ပင် ဆိုးရွားပြီး အသုံးမဝင်ဟုပင် ဆိုနိုင်သည်။
ထိုတိုက်ခိုက်မှုက သူ့အပေါ်တွင် ပန်းနှင့်ပစ်ပေါက်သလို ဖြစ်နေခဲ့သည်။
“ဒါမဖြစ်နိုင်ဘူး”
အကြီးအကဲ ယင်းကျစ်ဖျင်က စိတ်ထဲကနေ အော်ဟစ်လိုက်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိသင့်ပေ။
ဒါရိုက်တာကျိုးက လှံစွပ်၏ တိုက်ခိုက်မှုကို ခန္ဓာကိုယ်ဖြင့်တားဆီးခြင်းမရှိဘဲ ဓားချီဖြင့်သာ တားဆီးခဲ့သည်။
“ဒါပဲဖြစ်ရမယ်”
ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီးနောက်တွင် အကြီးအကဲယင်းကျစ်ဖျင်သည် စိတ်ထဲမှ ကောက်ကျစ်စွာ ပြုံးလိုက်သည်။
ဤဓားဝိညာဉ်က သူ၏လှံစွပ်မှအဆိပ် မည်မျှပြင်းထန်သည်ကို မသိလောက်ဟု အကြီးအကဲ ယင်းကျစ်ဖျင် ခံစားမိလိုက်သည်။
“ဒီမှာ ဓားဝိညာဉ်ညီလေး.. မင်းက လှံစွပ်ရဲ့ အဆိပ်ကိုကာကွယ်ဖို့ ဓားချီကို အားကိုးလို့ရတယ်ထင်ရင် မင်းက အတော်လေး တုံးအတယ်လို့ ဆိုရမှာပဲ.. ဒီလက်နက်ကို သေစေနိုင်တဲ့ အဆိပ်ပြင်း လက်နက်ဖြစ်အောင် အနောက်တိုင်းနဂါး ၈၈ကောင်ကို သတ်ပြီး သူတို့ရဲ့ သွေးအဆီအနှစ်ကနေ အဆိပ်တွေကို ထုတ်ယူခဲ့ရတယ်"
အကြီးအကဲ ယင်းကျစ်ဖျင်က ရှင်းပြလိုက်သည်။
သူက သူကျင့်ကြံခဲ့သော အမှောင်အဆိပ်ပညာရပ်ကြောင့် လူသိများသောသူ ဖြစ်သည်။
ဤလှံစွပ်က သူ၏အသက်မှော်ရတနာဖြစ်ပြီးသည့်တိုင် သူကအဆက်မပြတ် မွမ်းမံခဲ့သည်။
အကြီးအကဲယင်းကျစ်ဖျင်သည် အစပိုင်းတွင် ထိုတိုက်ခိုက်မှုမျိုး ပြုလုပ်ရန် မစီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဤနည်းလမ်းကို အသုံးပြုရန်မှတစ်ပါး အခြားမရှိတော့ပေ။
သူက အပေါ်ပိုင်း အဝတ်အစားများကိုချွတ်ကာ လက်နှစ်ဖက်တွင် တင်းကျပ်စွာ စည်းနှောင်ထားလိုက်သည်။
ကျိုးရီ၏ ခန္ဓာကိုယ်အတွင်းမှ ကျင့်ခယ်က အကြီးအကဲယင်းကျစ်ဖျင်၏ လက်များတွင် မြင်းကျားတစ်ကောင်ကဲ့သို့ အနက်ရောင် မျဉ်းကြောင်းများ လွှမ်းခြုံနေသည်ကို မြင်တွေ့လိုက်သည်။
ထို့နောက် ကျင့်ခယ်သည် အကြီးအကဲ ယင်းကျစ်ဖျင် တစ်ယောက် တစ်စုံတစ်ရာ ရွတ်ဆိုနေသည်ကို မြင်တွေ့လိုက်သည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲ ယင်းကျစ်ဖျင်၏ လက်မှ အနက်ရောင်မျဉ်းကြောင်းများသည် ချက်ချင်းပင် စတင် လည်ပတ်လာကြသည်။
ထိုခဏမှာပင် အကြီးအကဲယင်း၏ လက်များသည် သေစေလောက်သော အဆိပ်များ စုဝေးသွားပြီး လုံးဝ မည်းနက်သွားခဲ့သည်။
ဤအဆိပ်သည် လေထုကိုပင် ထိခိုက်စေသော အဆိပ်မျိုးဖြစ်သည်။
ထို့ကြောင့် ဤတိုက်ခိုက်မှုကို အသုံးပြုရာတွင် အကြီးအကဲယင်းကျစ်ဖျင်သည် သူ၏အသက်ရှူမှုကို လုံးဝ ထိန်းချုပ်ထားရသည်။
လိပ်အသက်ရှူခြင်း နည်းစနစ်ဖြင့်ပင် အလုပ်မဖြစ်ပေ။
သူ၏ လက်နှစ်ဖက်စလုံးတွင် အဆိပ်များပြည့်နှက်စွာ ပါဝင်နေသောကြောင့် သူ၏လက်ဖြင့် ထိခိုက်မိသောခန္ဓာကိုယ် အင်္ဂါများသည် ပြန်ပြင်၍မရသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည် ဖြစ်သည်။
ထို့ကြောင့် သီအိုရီအရပြောရလျှင် အကြီးအကဲ ယင်းကျစ်ဖျင်သည် အဆိပ်လူသားဟုပင် ပြောရမည်ဖြစ်သည်။
ထို့နောက် အကြီးအကဲယင်းက သွားများကို အံကြိတ်ကာ လှံစွပ်ကို ဆုပ်ကိုင်လိုက်ပြီး လက်ထဲမှ အဆိပ်များကို လှံထဲသို့ လွှဲပြောင်းလိုက်သည်။
အစောပိုင်းကတည်းက အနက်ရောင်ဖြစ်နေပြီးသား လှံစွပ်သည် ယခုအခါတွင် အဆိပ်များ ဖုံးလွှမ်းသွားသောကြောင့် ပို၍ပင် ကြောက်စရာကောင်းလာသည်။
ကျင့်ခယ်က အကြီးအကဲယင်း၏ အကြံအစည်ကို ရိပ်မိသွားခဲ့သည်။
ဓားဝိညာ်သာ လုံလောက်စွာမသန်မာခဲ့လျှင် ဤအဆိပ်ပြင်းသည် ဓားဝိညာဉ်ကိုပင် ထိခိုက်စေမည် ဖြစ်သည်။
သို့ရာတွင် ကျင့်ခယ်ကမူ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။
"ဒီအညစ်အကြေး အဆိပ်တွေကို အရင်းရှင်းထုတ်ရမယ်"
ကျင့်ခယ်က သူ့လက်ကိုမြှောက်လိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်သည်။
ထိုခဏဝယ် အကြီးအကဲယင်းက ကျင့်ခယ်ကို လှောင်ပြောင်လိုက်သည်။
"ဒီအဆိပ်က နတ်ဘုရားတွေတောင် ခံနိုင်ရည်မရှိတဲ့ အဆိပ်ပဲ.. မင်းက အဆိပ်မသင့်နိုင်ဘူးလို့ ငါလုံးဝမယုံဘူး"
ထို့နောက် ကျင့်ခယ်ကို မတိုက်ခိုက်မီမှာပင် အကြီးအကဲယင်းသည် လှံစွပ်ကို နမ်းရှိုက်လိုက်သည်။
ဤသည်က သူ့အကျင့်လား ဆိုသည်ကို မည်သူမျှမသိနိုင်ပေ။
ကျင့်ခယ် ".........."
စက္ကန့်အနည်းငယ်အကြာမှာပင် အကြီးအကဲယင်းသည် အသားအရည်များ ဖြူဖျော့လာပြီး ချက်ချင်းပင် ပါးစပ်မှအမြှုပ်များ ထွက်လာကာ လဲကျသေဆုံးသွားခဲ့သည်။
ကျင့်ခယ် ".........."
အပိုင်း(၆၆၄) ပြီး၏