လူတစ်ဦးစီသည် အဖွဲ့အကျိုးအတွက် ဆောင်ရွက်သင့်သည်
Vol. 45 Ch. 665
အကြီးအကဲ ယင်းကျစ်ဖျင် သေဆုံးသည့်သတင်းသည် တောင်ပေါ်ရှိ သစ်တောထဲမှ အကြီးအကဲကျီရှင်းထံ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ လူတိုင်းတွင် သေဆုံးကြောင်းအတည်ပြုရန် ဝိညာဉ်အမှတ်အသားများ ကိုယ်စီရှိကြသည်။
၎င်းတို့ သေဆုံးသွားသည်နှင့် ဝိညာဉ် အမှတ်အသားက ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
အကြီးအကဲကျီရှင်းသည်လည်း ခြွင်းချက် မဟုတ်ပေ။
အကြီးအကဲကျိုးဝူ ကွယ်လွန်သွားသောအခါတွင် ဥက္ကဌပိုင်သည် အကြီးအကဲကျိုးဝူ၏ ဝိညာဉ် အမှတ်အသားပျောက်ဆုံးသွားသည်ကို ရှင်းရှင်းလင်းလင်း သိရှိခဲ့သည်။
ထို့ကြောင့် သေဆုံးမှုကို ထပ်မံ အတည်ပြုခြင်းမရှိတော့ဘဲ ထွက်ခွာသွားခြင်း ဖြစ်၏။
ဝိညာဉ် အမှတ်အသားဆိုသည်မှာ ထာဝရတည်မြဲသောအရာတစ်ခုလို ဖြစ်ပြီး သေခါမှပင် ပျောက်ကွယ်သွားမည် ဖြစ်သည်။
ဥက္ကဌပိုင်ရော အကြီးအကဲကျီရှင်းပါ အကြီးအကဲကျိုးဝူ နေရာမှာပင် အသက်ပြန်ရှင်လာမည်ဟု မျှော်လင့်ထားလိမ့်မည်မဟုတ်ပေ။
စိတ်ဝိညာဉ် ဖိနှိပ်ခြင်းလက်စွပ်သည် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ရုံသာမက အကြီးအကဲကျိုးဝူ၏ ဝိညာဉ်ကိုပင် ပြီးပြည့်စုံစွာ ပြန်လည် ပုံဖော်ပေးခဲ့သည်။
ထို့ကြောင့် အကြီးအကဲကျိုးဝူ ပြန်လည် ရှင်ပြန်ထမြောက်လာသောအခါတွင် သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ် အမှတ်အသားသည်လည်း တစ်ခါတည်း ပျောက်ကွယ်သွားခဲ့သည်။
ခဏတာ အနားယူပြီးနောက်တွင် အကြီးအကဲကျီရှင်းသည် အကြီးအကဲယင်း၏ ဝိညာဉ် အမှတ်အသား ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြ ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားရသည်။
အကြီးအကဲကျီရှင်းက အံတင်းတင်း ကြိတ်ထားခဲ့သည်။
အကြီးအကဲ ယင်းကျစ်ဖျင်လိုလူမျိုးက ဤကဲ့သို့ သေရမည်ဟု မည်သူက ထင်မိမည်နည်း။
နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းသည် ကျိုးရီကို ဖမ်းဆီးရန်အတွက် အကြီးအကဲယင်းကို မစေလွှတ်မီ တစ်ဖက်သား၏ ကာကွယ်ရေး အားနည်းချိန်တွင် အချိန်ကိုက် တိုက်ခိုက်နိုင်ရန်အတွက် သေချာပြင်ဆင်ထားခဲ့သည်။
ထို့ပြင် အကြီးအကဲယင်းသည် အရာရာကို အသေးစိတ်လုပ်ဆောင်တတ်လေ့ ရှိသူ ဖြစ်သည်။
လှံစွပ်၏ လျင်မြန်ပြီး ကြမ်းတမ်းသော တိုက်ခိုက်မှုများဖြင့် ဆိုလျှင် ရွှေအမြူတေအဆင့် ကျင့်ကြံသူနှစ်ဦးကို ဖမ်းဆီးရန်မှာ လက်တစ်ချောင်းသာ လိုအပ်မည် ဖြစ်သည်။
သို့တိုင် အကြီးအကဲယင်းသည် သေဆုံးခဲ့ရသည်။
ဒါရိုက်တာကျိုးကို ဖမ်းဆီးမည့် ယခုတစ်ကြိမ် စစ်ဆင်ရေးသည် ၎င်းတို့၏အစီအစဥ်ကို ရက်ရွှေ့ပြီးနောက်တွင် စီစဉ်ခဲ့သည့် အစီအစဉ်တစ်ခုသာ ဖြစ်သည်။
ယမန်နေ့ညက အကြီးအကဲကျီရှင်း၏ နမော်နမဲ့နိုင်မှုကြောင့် အစီအစဉ်ကို တစ်ရက် ရွှေ့ဆိုင်းလိုက်ရသည် မဟုတ်ပါလော။
ထို့ကြောင့် အကြီးအကဲကျီရှင်းသည် သူ၏ ဆိုးရွားသောလက်စားချေမှု အစီအစဉ်တွင် အစီအစဉ်အသစ်တစ်ခုကို ပ်ထည့်ခဲ့သည်။
ယင်းမှာ နတ်ဆိုးမုဆိုးများအဖွဲ့အစည်းကို စော်ကားသည့်လူများအား ဖမ်းဆီးပြီး အမှတ်၆၀ အထက်တန်းကျောင်းသို့ ပို့ဆောင်သွားရန် ဖြစ်သည်။
ကလဲ့စားချေခြင်း အစီအစဉ်ကို စတင်သောအခါ၌ ထိုလူများကို လူသိရှင်ကြား ကွပ်မျက်မည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူတို့သည် မှားယွင်းသော ခြေလှမ်းဖြင့် စတင်မိခဲ့ကြသည်။
ပထမဆုံး စေလွှတ်ခြင်း ခံရသော အကြီးအကဲယင်းသည် သူတို့လူစုထဲတွင် ပထမဆုံး သေဆုံးသူ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိနိုင်ခဲ့ကြပေ။
"ဆွန်းနစ်ကို.. အခုငါတို့ဘာဆက်လုပ်ကြမလဲ"
နံဘေးမှ အားကျူးက မေးလိုက်သည်။
"အကြီးအကဲယင်းရဲ့ အလောင်းကို ပြန်ယူဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်"
ထို့နောက် အကြီးအကဲကျီရှင်းသည် စိတ်တည်ငြိမ်အောင်အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
"ဒါနဲ့အဆိပ်နဂါးရဲ့ အခြေအနေကရော ဘယ်လိုလဲ"
"အားလုံးအဆင်ပြေပါတယ်.. သေမင်းတမန် စီနီယာရဲ့တည်နေရာကို သူကအခက်အခဲမရှိ ရှာဖွေတွေ့ရှိခဲ့တယ်.. သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြသူပဲ ဆိုတော့ အကြီးအကဲဲအဆိပ်နဂါးအနေနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
"အင်း"
အကြီးအကဲကျီရှင်းက ခေါင်းညိမ့်လိုက်သည်။
အကြီးအကဲ အဆိပ်နဂါးသည် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ငွေရောင်လေးတို့ကို ကိုင်တွယ်ရန်အတွက် သူကိုယ်တိုင် အထူးတလည် ရွေးချယ်ထားသောသူ ဖြစ်သည်။
နေကျွန်းတွင် အကြီးအကဲ အဆိပ်နဂါးသည် သူ၏လျှပ်စီးအဆိပ်ပြင်းနဂါး နည်းစနစ်ဖြင့် ကျော်ကြားခဲ့သည်။
နေကျွန်းတွင် ပညာသင်ကြားနေစဥ် အကြီးအကဲ အဆိပ်နဂါးသည် ဤနည်းစနစ်ကိုအခြေခံ၍ နဂါးမိုးပျံ နည်းစနစ်နှင့် နတ်မြင်းပျံ နည်းစနစ်များကို ထပ်မံ တီထွင်နိုင်ခဲ့သည်။
အကြီးအကဲ အဆိပ်နဂါးကို စေလွှတ်ရသည့် အကြောင်းမှာ ဇိမ်ခံအိမ်တွင် နေထိုင်သော သေမင်းတမန်စီနီယာဘက်တွင် ရှိနေသည့် ငွေရောင်ဆံပင်နှင့် လူငယ်လေးကြောင့် ဖြစ်သည်။
မော့အင်မော်တယ်ရဲတိုက်မှ ပေးသော သတင်းအချက်အလက်အရ ထိုငွေရောင်ဆံပင်နှင့်လူငယ်လေးသည် ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်းတွင် အားကောင်းသည်ဟု သိရသည်။
ထို့ကြောင့် အကြီးအကဲအဆိပ်နဂါးသည် ဤမစ်ရှင်အတွက်စေလွှတ်ရန် အသင့်တော်ဆုံး ဖြစ်နေ၏။
အကြီးအကဲ အဆိပ်နဂါး၏ နည်းစနစ်များသည် ပြန်လည်ကောင်းမွန်လာခြင်းကို လုံးဝ ဟန့်တားနိုင်သည့် ကြီးမားသောအကျိုးသက်ရောက်မှု ရှိသည်။
နတ်ဆိုးမုဆိုးအဖွဲ့အစည်းမှ လူများသည် ဤကိစ္စနှင့်ပတ်သက်၍ အလွန်ယုံကြည်မှု ရှိနေကြသည်။
ဇူလိုင်လ၂၄ရက် တနင်္လာနေ့သည် စာသင်နှစ်၏ ၁၄ပတ်မြောက်နေ့ဖြစ်သည်။
အကြီးအကဲယင်း သေဆုံးသွားသောအချိန်တွင် ငွေရောင်လေးနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့သည် ဘရိုကိုလီသုပ်ကို မနက်စာအဖြစ် စားသုံးနေကြသည်။
ဝတ္ထုရေးခြင်းက ငွေရောင်လေး စိတ်ကူးထားသည်ထက်ပင် ပိုမိုခက်ခဲသော လမ်းကြောင်းတစ်ခု ဖြစ်သည်။
သူက မနက်စာစားရင်းပင် အွန်လိုင်းဝတ္ထုများကို မဖတ်တော့ပေ။
ဘရိုကိုလီကို ပလုတ်ပလောင်း စားရင်း ဖေဖေဝမ် ရေးသားသည့် နို့ထိန်းမိခင်ဆီသွားကြစို့ ဝတ္ထုကို ဖတ်ရှုနေခဲ့သည်။
ငွေရောင်လေးက အင်တာနက်ပေါ်ရှိ စာရေးနည်းလမ်းများကို ရှာဖွေခဲ့သည်။
စာရေးနည်း လမ်းညွှန်များသည် အဓိပ္ပါယ်မဲ့နေကြောင်း သူသဘောပေါက်ခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ လက်တွေ့ကျင့်ကြံရန် ဖြစ်သည်။
စာရေးခြင်းနှင့် ပတ်သက်၍ ဖြတ်လမ်းများ မရှိခဲ့ပေ။
အတွေ့အကြုံသည် အကောင်းဆုံးဆရာ ဖြစ်သည်ဟုဆိုထားသည် မဟုတ်ပါလော။
ဤလောက၌ စီနီယာဝမ်ကဲ့သို့ ထူးခြားသောသူ မည်မျှရှိနိုင်ပါမည်နည်း။
လူသားများတွင် စွမ်းရည်နှင့်သင်ယူမှု နှစ်မျိုးလုံးရှိသင့်သည်။
ခိုးကူးဝါဒကို အားကိုးခြင်းသည် လုံးဝအလုပ်မဖြစ်ပေ။
ဥပမာအားဖြင့် ဒင်းဟုခေါ်သော တိုက်ရိုက်ထုတ်လွှင့်သူသည် မကြာသေးမီက တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်တွင် ပေါ်လာခဲ့သည်။
သူက ကိုယ်တိုင်သီချင်းဆိုပြနေသော်လည်း တကယ်တမ်းတွင် အခြားသူများ၏ အသံများကို ဖြည့်သွင်းထားခြင်းဖြစ်သည်။
သူတင်ထားသည့် သီချင်းများက အခြားအဆိုတော်များ၏ အသံများကို ကော်ပီကူးထားသော်လည်း သူ့ဘာသာသူ သီဆိုသည်ဟုသာ ဆိုခဲ့သည်။
သင်၏ မကောင်းသောလုပ်ရပ်ကို လူအများ မသိစေလိုလျှင် မလုပ်သည်သာ အကောင်းဆုံး ဖြစ်သည်။
လူလိမ်ဆိုသည်မှာ မည်သည့် ပစ္စည်းမှ မရှိလျှင်ပင် နှာခေါင်းထဲသို့ ကြက်သွန်မြိတ် နှစ်ချောင်းထည့်ပြီး ဆင်တစ်ကောင်လို ဟန်ဆောင်ချင် ဟန်ဆောင်နေပေလိမ့်မည်။
မနက်စာ စားရင်းဖြင့် ငွေရောင်လေးက စဉ်းစားခန်းဝင်နေမိသည်။
မနေ့က သူရေးသားခဲ့သည့် အဖွင့်အခန်းက အလွန်ပင်ကောင်းမွန်သော လက်ရာဟု သူထင်မြင်ခဲ့သော်လည်း ခန့်မှန်းရလွယ်သလို ခံစားရသောကြောင့် ဖျက်ပစ်ခဲ့သည်။
ယင်းမှာ အဟောင်းကို မဖျက်ဆီးဘဲ အသစ်ကိုတည်ဆောက်၍မရ ဟူသော ဆိုရိုးစကားအတိုင်း လိုက်နာခဲ့ခြင်းသယ ဖြစ်၏။
"ဘာတွေတွေးနေတာလဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေး ခက်ခက်ခဲခဲတွေးတောနေသည်ကိုမြင်လျှင် ရယ်မော၍ မေးလိုက်သည်။
"ဝတ္ထုနဲ့ပတ်သက်ပြီး အိုင်ဒီယာ အသစ်အဆန်းတွေကို တွေးနေတာပါ"
ငွေရောင်လေးက စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။
"ညီနောင်ဗုံးပစ်.. ငါလည်ပတ်အကြောင်း ဝတ္ထုတစ်ပုဒ်လောက်ရေးလိုက်ရင် ဘယ်လိုနေမလဲ"
ဗုံးပစ်စီနီယာအင်မော်တယ် "???"
"ဥပမာပြောရရင် ဇာတ်ဆောင်ဆီမှာ ဘိုးဘေးကနေ ဆင်းသက်လာတဲ့ လည်ပတ်တစ်ခုရှိတယ်.. အဲဒီ လည်ပတ်က လည်ပတ်ကို ပတ်ခဲ့သူရဲ့ စွမ်းရည်တွေကို ကော်ပီကူးလို့ ရစေတယ်.. ဒါ့ပြင် လည်ပတ်ကိုဝတ်ဆင်တဲ့လူက လည်ပတ်မှာသိမ်းဆည်းထားတဲ့ စွမ်းအင်တွေအားလုံးကို ရရှိမှာဖြစ်တယ်.. လည်ပတ်ကို အခြားလူတွေကိုလည်း လက်ဆင့်ကမ်းနိုင်တယ်.. ဒီဇာတ်လမ်းမျိုးက ဒဏ္ဍာရီဆန်တယ်လို့ မထင်ဘူးလား"
ဗုံးပစ်စီနီယာအင်မော်တယ် ".........."
ငွေရောင်လေး "ဘယ်လိုလဲ တစ်ခုခုတော့ ပြောပါဦး ညီနောင်ဗုံးပစ်.. အဆင်မပြေရင်လည်း ဇာတ်လမ်းကို ပြောင်းလဲနိုင်တာပဲလေ.. လည်ပတ်က အဆင်မပြေဘူးလို့ထင်ရင် အဲဒီနေရာမှာ အိမ်သာထိုင်ခုံကို အစားသုံးလို့ရတယ်"
ဗုံးပစ်စီနီယာအင်မော်တယ် ".........."
ငွေရောင်လေး "ငါက ဇာတ်ကောင်နာမည်တောင် ရွေးပြီးနေပြီ.. ဇာတ်ကောင်နာမည်က ဖင်ကြီးသော ငွေရောင်လေး"
ထိုဇာတ်ကောင်နာမည်ကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။
"ဖင်ကြီးသော ငွေရောင်လေး.. ဟုတ်လား"
"ငွေရောင်လေး ဆိုတာကတော့ ငါ့ရဲ့နာမည်လေ.. အမှန်တော့ဖင်ကြီးသောငွေရောင်လေး ဆိုတဲ့နာမည်မှာ အရမ်းလေးနက်တဲ့ အဓိပ္ပါယ်ရှိတယ်.. ဒီဇာတ်လမ်းထဲမှာ ဇာတ်ဆောင်က တစ်ချိန်လုံး ဝမ်းချုပ်နေတာကြောင့် အိမ်သာမှာအကြာကြီး မထိုင်ဘဲ နေလို့မရဘူး.. ဒါကြောင့် သူက ကမ္ဘာ့အကြာဆုံး အိမ်သာတက်သူ ဆိုရင်လည်း မမှားဘူး.. ဇာတ်ဆောင် ဖင်ကြီးသောငွေရောင်လေးက အိမ်သာပေါ်မှာ တက်ထိုင်လိုက်တာနဲ့ တစ်ချိန်တည်းမှာ အိမ်သာတက်တဲ့လူတွေရဲ့ စွမ်းရည်တွေကို အကုန်လုံး ကော်ပီယူနိုင်တယ်"
ဗုံးပစ်စီနီယာအင်မော်တယ် ".........."
အပိုင်း(၆၆၅) ပြီး၏