← Chapters

ခန္ဓာကိုယ်ပြန်သိမ်းမည့် အကြီးအကဲယာရန်

Vol. 45 Ch. 671

ခန္ဓာကိုယ်ပြန်သိမ်းမည့် အကြီးအကဲယာရန်

Vol. 45 Ch. 671

အခြားတစ်ဖက်တွင်လည်း အကြီးအကဲယာရန်းသည် အလောင်းကိုပြန်ယူရန်အတွက် လမ်းပေါ်တွင် ရောက်နေပြီဖြစ်သည်။

သူက အကြီးအကဲကျီရှင်းထံမှ အမိန့်ကို လက်ခံရရှိပြီးသည်နှင့် ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။

အကြီးအကဲယင်းက အဆိပ်လူသားတစ်ပိုင်း ဖြစ်နေသောကြောင့် သေဆုံးပြီးသည့်တိုင် သူတို့အတွက် အသုံးဝင်နေပါသေးသည်။

အဆိုးဆုံးအသုံးပြုနိုင်သည့်နည်းလမ်းမှာ အကြီးအကဲယင်း၏ခန္ဓာကိုယ်ကို အမှတ်၆၀ အထက်တန်းကျောင်း၏ လေထုအထက်မှ တိုက်ရိုက်ဖောက်ခွဲပစ်ရန် ဖြစ်သည်။

ထိုနည်းအားဖြင့် အကြီးအကဲယင်း၏ ခန္ဓာကိုယ်အတွင်းမှ သေစေနိုင်သော အဆိပ်များသည် နေရာအနှံ့သို့ ရောက်ရှိသွားနိုင်ပြီး ကျောင်းတစ်ခုလုံး ဒုက္ခရောက်သွားမည်ဖြစ်သည်။

အဆိပ်က လေထဲကနေ ပြန့်သွားသောကြောင့် အဆိပ်၏ အာနိသင် လျော့နည်းသွားနိုင်သည်။

ဤအတွက်ကြောင့် ဆရာများနှင့် ကျောင်းသားများက ချက်ချင်း မသေနိုင်ပေ။

ထိုအစား ၎င်းတို့သည် အဆိပ်ရည်ကြည်ဖုများ ခေါင်းစခြေဆုံး ပေါက်လာမည်ဖြစ်ပြီး မသေဆုံးမီတွင် သည်းမခံနိုင်လောက်အောင် နာကျင်မှုနှင့် ယားယံမှု ဝေဒနာများကို ခံစားရမည်ဖြစ်သည်။

ထို့ကြောင့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းသည် အကြီးအကဲယင်း သေဆုံးပြီးသည့်တိုင် အလွယ်တကူ လက်မလွှတ်နိုင်သေးခြင်း ဖြစ်သည်။

အကြီးအကဲယာရန်း၏ အသက်ဖြင့် ချည်နှောင်ထားသော မှော်ရတနာသည် သွေးနီတံစဉ်တစ်ခု ဖြစ်သည်။

၎င်းကို ယုံကြည်ခြင်းချိတ်ကောက်ဟုလည်း ခေါ်၏။

ထိုရတနာက တတိယတန်းစား မှော်ရတနာဖြစ်ပြီး အလွန်ပင် သေစေနိုင်သည်။

ထို့ပြင် ၎င်းနှင့်ပတ်သက်၍ ကြောက်စရာအကောင်းဆုံးမှာ အသွင်သဏ္ဍာန်ကို လျင်မြန်စွာ ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ဤယုံကြည်ခြင်း ချိတ်ကောက်သည် သွေးနှင့်တူသောအရာတစ်ခု အဖြစ်သို့ ပြောင်းလဲနိုင်သည်။

အကြီးအကဲ ယာရန်းက အကြီးအကဲယင်းကို သူ့နည်းသူ့ဟန်ဖြင့် ရှာဖွေခဲ့သည်။

သူက သွေးနှင့်ပတ်သက်၍ အလွန်ပင် ထိလွယ်ရှလွယ် ရှိ၍ အကြီးအကဲယင်းကို လုံးဝ ခြေရာခံနိုင်ခဲ့သည်။

ဤသည်မှာ သွေးခြေရာခံခြင်းဟု ခေါ်သော အစွမ်းထက်ခြေရာခံ နည်းလမ်းတစ်ခု ဖြစ်သည်။

အကြီးအကဲယာရန်းက ဟွာရှို့သို့ ပြန်လာပြီး မကြာမီမှာပင် ဤမှော်စွမ်းရည်ကို အသုံးပြုရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ပြင်သူက အကြီးအကဲယင်း အကြောင်းကိုလည်း တွေးနေမိခဲ့သည်။

“ဒီကောင် တကယ်အသုံးမကျဘူးပဲ.. ရွှေအမြုတေအဆင့်ကျင့်ကြံသူ နှစ်ယောက်ကိုတောင် ကောင်းကောင်းကန်းကန်း မကိုင်တွယ်နိုင်ဘူး”

မည်သို့ပင် ဆိုစေကာမူ အကြီးအကဲယာရန်းသည် ဤကိစ္စကို ပေါ့ပေါ့ဆဆ မပြုလုပ်ရဲပေ။

အဘယ်ကြောင့်ဆိုသော် အကြီးအကဲယင်း၏ ခွန်အားဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ဤကဲ့သို့ ရှုံးနိမ့်သည်မှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦး ထံတွင် ထူးခြားသောနည်းစနစ်များ ရှိနေနိုင်သည်။

သို့မဟုတ် ၎င်းတို့၏ နောက်ကွယ်တွင် အနန္တ တန်ခိုးရှင်တစ်ဦးရှိနေနိုင်၏။

ဖြစ်နိုင်သည်မှာ ထိုအနန္တတန်ခိုးရှင်က လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ခြင်းကြောင့် အကြီးအကဲယင်း သေဆုံးသွားရခြင်း ဖြစ်နိုင်၏။

အကြီးအကဲယာရန်းက ယုံကြည်ခြင်း ချိတ်ကောက်ကို စီး၍ ပျံသန်းရင်း တွေးတောနေခဲ့သည်။

သူတို့၏ အစီအစဉ် စတင်ခဲ့ချိန်မှစ၍ သူတို့ သတိအထားရဆုံးလူဖြစ်သည့် ဆယ်ကျော်သက်အရွယ် ပုံသဏ္ဍာန်နှင့်သူမှာ အနန္တတန်ခိုးရှင် ဖြစ်နိုင်လောက်၏။

သို့ရာတွင် ထိုလူငယ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အလွန်ပင် အကန့်အသတ် ရှိနေသည်။

ဤတစ်ကြိမ်တွင် အမှတ်၆၀ အထက်တန်းကျောင်းရှိ လူတိုင်းကို သတ်ဖြတ်လိုသည့် နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ အကြောင်းပြချက်မှာ အလွန်ပင် ရိုးရှင်းသည်။

အမှတ်၆၀ အထက်တန်းကျောင်းကို လက်စားချေ တိုက်ခိုက်ခြင်းသည် အမှန်တကယ်တွင် ထိုအကြောင်းပြချက်၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

စင်စစ် သူတို့က အမှတ်၆၀ အထက်တန်းကျောင်းထဲမှ လျှို့ဝှက်ရတနာကို လိုချင်နေခဲ့ကြ၏။

ဆယ်ကျော်သက်အရွယ်နှင့် ဆင်တူသည့် အနန္တတန်ခိုးရှင် တစ်ဦးသည် အခြေခံတည်ထောင်ခြင်း အထက်တန်းကျောင်းသို့ အဘယ်ကြောင့် ကျောင်းလာတက်ရပါသနည်း။

ဤအကြောင်းပြချက်ကို သူတို့ အမှန်တကယ် မစဉ်းစားနိုင်ခဲ့ကြပေ။

ဖြစ်နိုင်သည်မှာ ကောင်းကင်တာအို၏ လျှို့ဝှက်ချက်က အမှတ်၆၀ အထက်တန်းကျောင်းတွင် ဝှက်ထားခြင်းဖြစ်နိုင်၏။

မည်သို့ပင်ဖြစ်စေ ဤအရာအားလုံးက မှန်းဆချက်သက်သက်သာဖြစ်သည်။

သေချာသိရန်မှာ အမှတ်၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်ပြီးသည်အထိ စောင့်ကြည့်ရပေမည်။

ထိုအချိန်တွင် ငွေရောင်လေးသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နေအိမ်တွင် သတိလစ်နေသည့် အဆိပ်နဂါးကို ကြိုးဖြင့် ချည်နှောင်နေခဲ့သည်။

သူအရင်လည်ပတ်ဝယ်စဉ်က လက်ဆောင်ပစ္စည်းများ ရရှိခဲ့ဖူးပြီး ကြာပွတ်နှင့် ဖယောင်းတိုင်အပြင် ကြိုးနှင့် ဘောလုံးအသေးလေးလည်း ပါဝင်နေ၏။

အဆုံးသတ်တွင် ထိုပစ္စည်းများ အသုံးဝင်လာ၍ ငွေရောင်လေး ကျေနပ်သွားမိသည်။

သူက အဆိပ်နဂါး၏ ပါးစပ်ကိုဟကာ ထိုဘောလုံးလေးကိုထည့်လိုက်သည်။

မျက်စိကိုလည်း သားရေပြားဖြင့် အုပ်ထားလိုက်သည်။

သို့ရာတွင် ထိုသို့ တပ်ဆင်ပြီးသည်နှင့် အနည်းငယ် ထူးဆန်းနေသည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ခံစားခဲ့ရသည်။

“ညီနောင်ငွေရောင်လေး.. ကြိုးက မခိုင်သေးဘူး.. သူဖြေချနိုင်မယ်လို့ ငါထင်တယ်”

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး ချည်နှောင်ထားသောကြိုးကို ကိုင်ကြည့်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. သူအခု အားနည်းနေပါပြီ.. သူ့ခန္ဓာကိုယ်မှာလည်း အချုပ်အနှောင် ကျိန်စာကို ငါချထားပြီးပြီ.. အရေးအကြီးဆုံးက ဒီကြိုးကို ငါ့တံတွေးနဲ့ သုပ်ထားပြီးပြီ.. ဒါကြောင့် အရင်ကထက်ပိုပြီး ခိုင်မာသွားခဲ့ပြီ”

ငွေရောင်လေးက ပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် ဗုံးပစ်စီနီယာအင်မော်တယ်က သူ့လက်ကို ကပျာကယာ ပြန်ရုတ်လိုက်သည်။

ကြိုးက စိုစွတ်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။

စိုစွတ်နေသည်ဟု ထင်ခဲ့သည့်အရာက ငွေရောင်လေး၏ တံတွေး ဖြစ်နေခဲ့သည်။

ဆိုရလျှင် ငွေရောင်လေး၏ တံတွေးက စွယ်စုံသုံး၍ရသောတံတွေး ဖြစ်သည်။

“သူ့ကိုဒီအတိုင်းပဲ ချည်ထားလိုက်ရအောင်”

ငွေရောင်လေးက လက်ခုပ်တီးကာ ဝမ်းမြောက်စွာ ပြောလိုက်သည်။

ကိစ္စတစ်ခုပြီးမြောက်သွား၍ ကျေနပ်အားရဖြစ်သော ခံစားချက်ကို သူခံစားလိုက်ရသည်။

ထို့နောက် သူက ဖုန်းကိုထုတ်ယူကာ ရှုထောင့်အမျိုးမျိုးမှနေ၍ အဆိပ်နဂါး၏ ဓာတ်ပုံများစွာကို ရိုက်ယူခဲ့သည်။

ထို့နောက် သူက We Chatတွင် ထိုပုံများကို တင်လိုက်တော့သည်။

တကယ်တမ်း သူ့ We Chatတွင် လူအများအပြား မရှိပေ။

We Chatမှ လူအများစုသည် ချက်ဂရုအတွင်းမှ လူများသာဖြစ်သည်။

ထွင်ထျန်းဟာ၊ ဆရာလေးလင်း၊ ကျိုက်လန်၊ အင်မော်တယ်ထုန်ရာ၊ ဓမ္မရာဂျာ စသည်ဖြင့်…

သူက အိမ်ထဲမှာသာ နေထိုင်လေ့ရှိသောကြောင့် လူ့အသိုင်းအဝိုင်းနှင့် အဆက်အသွယ် နည်းပါးသည်။

သူကိုယ်တိုင် သူငယ်ချင်းဖွဲ့ခဲ့သော တစ်ဦးတည်းသောသူမှာ ဝေ့ကျစ် တစ်ယောက်သာ ရှိသည်။

သို့ရာတွင် သူ၏ဓာတ်ပုံများက ထိုကဲ့သို့ နည်းပါးသော လူနည်းစုမှာပင် သက်ရောက်မှု ရှိနေခဲ့သည်။

ကျိုက်လန်က အံ့အားသင့်ကာ ပြောလိုက်သည်။

“ဒါကဘာကြီးလဲ.. ဒါကစီနီယာ အင်မော်တယ်ရဲ့အိမ် မဟုတ်လား.. ငွေရောင်လေး မင်းက BDSMကို ပွင့်ပွင့်လင်းလင်း ဆော့နေတာလား.. စီနီယာအင်မော်တယ်က မင်းကို ဂရုမစိုက်တော့ဘူးလား”

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး၏ wechatထဲ ဝင်ကြည့်လိုက်သည်။

ထို့နောက် သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

“……….”

ဓမ္မရာဂျာ “ညီနောင်ငွေရောင်လေးက ဒီလိုမျိုးကို နှစ်သက်လိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး.. ငါကတော့သဘောကျတယ်”

ထွင်ထျန်းဟာ “မင်းက ဒါမျိုးသဘောကျတာလား.. ကောင်းပြီလေ.. နောက်ကျရင် မင်းအတွက် ငါလိုက်ရှာပေးမယ်.. ညဘက်ဆို လမ်းဘေးမှာ ဒါမျိုးလေးတွေ အများကြီးပဲ.. မင်းစိတ်ကြိုက်ရွေးလို့ရတယ်”

ငွေရောင်လေးက ခေါင်းငြိမ့်လိုက်သည်။

“ငါ့ရဲ့ဓာတ်ပုံတွေက ဘာများမှာနေလို့လဲ.. အဲဒီအချိန်တုန်းက ငါ့ရဲ့အဘိုးက ငါတို့မျိုးနွယ်စုမှာ ဒီလိုမျိုး ချည်တတ်ဖို့သင်ပေးခဲ့တယ်.. အထူးသဖြင့် သူက ငါ့အဖွားကို ဒါမျိုး မကြာခဏချည်လေ့ရှိတယ်.. ဒါကြောင့် ဒီကြိုးချည်တဲ့ပညာကို ငါရင်းနှီးနေတာကြာခဲ့ပြီ”

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

ကျိုက်လန် “……….”

လျှပ်စီးဓမ္မရာဂျာ “……….”

အင်မော်တယ်ထုန်ရာ “ညီနောင်ငွေရောင်လေး.. မင်းမျက်စိအအုပ်နဲ့ ပါးစပ်ထဲက ဘောလုံးကို ပြန်ချွတ်လိုက်ရင်တော့ နည်းနည်း ကြည့်ကောင်းသွားလိမ့်မယ်”

“အဲဒီလိုလား”

ငွေရောင်လေးက အမှန်တကယ်ပင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။

ဤပစ္စည်းများက အလကားရသော ပစ္စည်းများဖြစ်သောကြောင့် တစ်နေရာရာတွင် အသုံးဝင်စေချင်ခဲ့သည်။

သို့ရာတွင် လူတိုင်းက အင်မော်တယ်ထုန်ရာကဲ့သို့ အကြံပြုကြသည်ကို မြင်ပြီးနောက်တွင် ငွေရောင်လေးသည် အကြီးအကဲအဆိပ်နဂါး၏ မျက်လုံးအအုပ်နှင့် ပါးစပ်ထဲမှ ဘောလုံးကို ပြန်ထုတ်လိုက်သည်။

အဆုံသတ်တွင် အကြီးအကဲအဆိပ်နဂါးသည် အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်နေမှုကြောင့် သတိလစ်နေရာမှ နိုးလာခဲ့သည်။

ထိုခဏတွင် သူက အလွန်ရှက်ဖွယ်ကောင်းသော ဟန်ပန်မျိုးဖြင့် ချုပ်နှောင်ခံထားရသည်ကို မြင်လိုက်ရသည်။

သူ့ရှေ့ရှိ ငွေရောင်လေး၏ လက်ထဲမှ ဘောလုံးလေးတွင် သူ့တံတွေးများ စိုစွတ်နေသည်ကို သူမြင်နိုင်ခဲ့သည်။

အဆိပ်နဂါးက ကြောက်လန့်တကြားဖြင့် ငွေရောင်လေးကို စိုက်ကြည့်နေခဲ့သည်။

“မင်း.. မင်း.. ငါ့ကို ဘာလုပ်လိုက်တာလဲ”

ငွေရောင်လေးက သူ့ဖုန်းကို ထုတ်လိုက်ပြီး အကြီးအကဲအဆိပ်နဂါး၏ ဓာတ်ပုံများကို ပြသခဲ့သည်။

“ဘာမှမလုပ်ပါဘူး.. ဓာတ်ပုံ အထောက်အထားလေးတွေ ယူထားလိုက်ရုံပါပဲ.. သတိမေ့နေတုန်းက မင်းကို ဓာတ်ပုံတွေ အများကြီး ရိုက်ထားပေးခဲ့တယ်.. ကြည့်စမ်းပါဦး ဘယ်လောက်တောင် အနုပညာဆန်လိုက်လဲ”

ထိုခဏတွင် အဆိပ်နဂါး၏ မျက်နှာက နီရဲလာခဲ့သည်။

သူက ဤကမ္ဘာပေါ်တွင် ဆက်လက်နေထိုင်ရန် မျက်နှာမရှိတော့ဟုပင် ထင်ရသည်။

အကြမ်းဖျင်း ၅မိနစ်ခန့်အကြာတွင် တောင်ပေါ်သစ်တောဝိုင်းထဲရှိ အကြီးအကဲကျီရှင်းသည် အကြီးအကဲ အဆိပ်နဂါး၏ ဝိညာဉ် အမှတ်အသားက အလင်းတန်းတစ်ခုလို ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

အဆုံးသတ်တွင် အကြီးအကဲ အဆိပ်နဂါးသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပုံရ၏။

သူက လျှာကိုလွန်စက်အဖြစ် ပြောင်းလဲကာ သူ့ဦးခေါင်းကို လုံးဝ ကွဲကြေအောင် ပြုလုပ်လိုက်သည်။

အပိုင်း(၆၇၁) ပြီး၏

All Chapters