← Chapters

အကြီးအကဲ အန်တီကြီး

Vol. 45 Ch. 672

အကြီးအကဲ အန်တီကြီး

Vol. 45 Ch. 672

အကြီးအကဲအဆိပ်နဂါး၏ ဝိညာဉ်အမှတ်အသား ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်က ( if you are the one) ချိန်းတွေ့သည့် ရှိုးပွဲရှိ အမျိုးသားဧည့်သည်အတွက် မီးပိတ်သွားသည်ထက်ပင် ပို၍ ခံစားရခက်စေသည်။

အကြီးအကဲ ကျီရှင်းက သူ့ရှေ့ရှိ စိတ်ဝိညာဉ် ခရစ်စတယ်ဖန်လုံးကို စိုက်ကြည့်နေရင်း ဝိညာဉ်အမှတ်အသား အမှန်တကယ်ပျောက်ကွယ်သွားသည်ကို အထပ်ထပ်အခါခါ အတည်ပြုလိုက်သည်။

ယင်းက သူ့အတွက် လက်ခံရန်ခက်ခဲနေသည်။

စစ်ဆင်ရေး မစတင်မီမှာပင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ နိုင်ငံခြားမှ ပြန်လာသူ၁၅ဦးအနက် ၂ဦးသည် ထိုကဲ့သို့ပင်သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ၎င်းတို့အနက်မှ တစ်ဦးသည် ထိပ်တန်းငါးဦး စာရင်းတွင် သတ်မှတ်ခံထားရသည် အဆိပ်နဂါး ဖြစ်သည်။

ဤခါးသီးသောဆုံးရှုံးမှုသည် အကြီးအကဲကျီရှင်း အတွက် သည်းမခံနိုင်လောက်အောင်ပင်။

အကြီးအကဲအဆိပ်နဂါး မည်ကဲ့သို့ သေဆုံးသွားသည်နှင့် ပတ်သက်၍ သူမတွေးနိုင်ခဲ့ပေ။

ငွေရောင်ဆံပင်နှင့် လူငယ်လေးက ကိုင်တွယ်ရန် အနည်းငယ်ခက်ခဲလောက်သော်လည်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင်သာ ရှိသည့် သေမင်းတမန် စီနီယာကိုမူ အကြီးအကဲအဆိပ်နဂါး အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲလောက်ပေ။

ထို့ကြောင့် ဤကိစ္စတွင် ထူးဆန်းသော အကြောင်းအရာတစ်ခုခု ရှိနေလောက်သည်ဟု အကြီးအကဲကျီရှင်း ခံစားမိသည်။

“ဘာတွေတွေးနေတာလဲ ဆွန်းနစ်ကို”

ကလေးတစ်ယောက်ပုံစံလို ဖြစ်နေသော်လည်း အရွယ်ရောက်ပြီးသားဖြစ်သည့် နမ်ကိုက မေးမြန်းလိုက်သည်။

အကြီးအကဲကျီရှင်းက ရင်ထဲတွင် နာကျင်သလို ခံစားရသောကြောင့် သက်ပြင်းကို မှုတ်ထုတ်၍ ပြောလိုက်သည်။

“ငါတို့ရဲ့အစီအစဉ်က ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါ့မလားလို့ ငါတွေးနေမိတယ်”

အကြောင်းအရင်းမှာ သူတို့သည် ထိုလူငယ်၏ စစ်မှန်သောကျင့်ကြံခြင်းအဆင့်ကို လုံးလုံးလျားလျား မသိနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ဥက္ကဌပိုင်က တစ်ဖက်လူကို ပကတိအင်မော်တယ် အစောပိုင်းအဆင့် သို့မဟုတ် ပကတိအင်မော်တယ် အလယ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နိုင်သည်ဟု အကြမ်းဖျင်း ခန့်မှန်းထားခဲ့သည်။

မနက်ဖြန်တိုက်ပွဲတွင် ဥက္ကဌပိုင် ကိုယ်တိုက်ကလည်း ဤလူငယ်ကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်မည်ဖြစ်သည်။

ယင်းက ပကတိအင်မော်တယ်များကြားရှိ ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

သို့သော် ထိုအရာကပင် ပြဿနာတစ်ခု ဖြစ်သည်။

တစ်ဖက်လူကို သူတို့က ပကတိအင်မော်တယ် အဆင့်ဟုသာ ယူဆထားကြသည်။

အကယ်၍သာ တစ်ဖက်လူက အစောပိုင်းအဆင့် သို့မဟုတ် အလယ်အဆင့် မဟုတ်ခဲ့ဘဲ ထိုအဆင့်ထက် ပိုအားကောင်းနေလျှင် မည်သို့ လုပ်ရပါမည်နည်း။

“ဆွန်းနစ်ကို ကြောက်နေတာလား”

အကြီးအကဲ နမ်ကိုက မေးလိုက်သည်။

“ကြောက်တယ်ဟုတ်လား.. ငါက ဘာလို့ကြောက်ရမှာလဲ”

အကြီးအကဲကျီရှင်းက ခေါင်းခါယမ်းလိုက်သည်။

သူ့အတွက် ကြောက်လန့်စရာ ဘာမှမရှိပေ။

ဤတိုက်ခိုက်မှုကို စတင်ပြီးကတည်းက သူ မကြောက်လန့်ခဲ့သည်မှာ သေချာသည်။

အဆုံးသတ်တွင် သူတို့အနေဖြင့် ဤလူငယ်ကို မသတ်နိုင်ခဲ့လျှင်ပင် အမှတ်၆၀ အထက်တန်းကျောင်းရှိ ဆရာများနှင့် ကျောင်းသားများကို လက်စားချေနိုင်သရွေ့ သူတို့၏ အစီအစဉ်က အောင်မြင်သည်ဟု ဆိုနိုင်သည် မဟုတ်ပါလော။

ဤလူငယ် ကျင့်ကြံသူက အလွန်အမင်း သန်မာသည်ဆိုလျှင်ပင် ဥက္ကဌပိုင်ကို တိုက်ခိုက်နေချိန်၌ အခြားလူများကို ကာကွယ်ပေးနိုင်ရန် နည်းလမ်းရှိမည် မဟုတ်လောက်ပေ။

ထိုအချိန်တွင် အကြီးအကဲနမ်ကိုက မေးခွန်းထုတ်လိုက်သည်။

“ငါတို့အနေနဲ့ အဆိပ်နဂါးရဲ့ ခန္ဓာကိုယ်ကို ပြန်ယူဖို့မလိုဘူးလား”

“သူ့ခန္ဓာကိုယ်ကို ပြန်မယူလည်း ငါတို့အတွက် ထိခိုက်မှုမရှိဘူး.. ငါတို့နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ ဝိညာဉ်အမှတ်အသားကို စိုက်ထူခံထားရတဲ့ သူတွေက သေဆုံးသွားတာနဲ့တပြိုင်တည်း သူတို့ခေါင်းထဲမှာ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်အားလုံးက တစ်ခါတည်း ပျောက်ကွယ်သွားမှာဖြစ်တယ်.. ဒါကြောင့် အကြီးအကဲအဆိပ်နဂါးရဲ့ အလောင်းကနေ ရဲတွေက သဲလွန်စရှာတွေ့သွားမှာကို ငါတို့ စိတ်ပူစရာမလိုဘူး”

အကြီးအကဲကျီရှင်းက ရှင်းပြလိုက်သည်။

ယခု သူစိုးရိမ်နေသည်မှာ အကြီးအကဲယာရန်းက အကြီးအကဲယင်း၏ ခန္ဓာကိုယ်ကို ပြန်လည်ရယူရာတွင် အဆင်ပြေချောမွေ့သလား ဆိုသည်ကိုပင်။

နိုင်ငံခြားမှ ပြန်ရောက်လာသော ၁၅ယောက်အဖွဲ့တွင် အကြီးအကဲ ယာရန်းသည် ဒုတိယမြောက် ခွန်အားအသန်မာဆုံးလူ ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲကျီရှင်းသည် အကြီးအကဲယာရန်း၏ ခွန်အားကို အလွန် ယုံကြည်ခဲ့သည်။

သူ၏ ခြေရာခံခြင်းနည်းစနစ်များကို အသုံးပြု၍ အကြီးအကဲယာရန်းသည် အကြီးအကဲယင်း သေဆုံးသွားသော နေရာကို ရှာတွေ့ခဲ့သည်။

ထိုနေရာကို ယခုအခါတွင် ပိတ်ဆို့ထားသောကြောင့် အကြီးအကဲယာရန်းသည် လမ်း၏ တစ်နေရာတွင် ပုန်းအောင်းနေခဲ့သည်။

အရှေ့တွင် လေကြောင်းထိန်းချုပ်မှုအပြင် လမ်းမပေါ်၌ အတားအဆီး များစွာကိုလည်း ချထားသေးသည်။

လမ်းဆုံလမ်းခွတွင်လည်း ယာဉ်ထိန်းရဲများသည် ဖြတ်သန်းသွားသော ယာဉ်များကို အခြားလမ်းကြောင်းများသို့ လမ်းလွှဲပေးနေကြသည်။

အကြီးအကဲယင်း၏ ခန္ဓာကိုယ်က အလွန်အဆိပ်ပြင်းသည်ကို တစ်ဖက်လူက ရှင်းရှင်းလင်းလင်း သိထားသောကြောင့် လမ်းနှင့် လေကြောင်းကို ပိတ်ဆို့ထားခြင်း ဖြစ်နိုင်သည်ဟု သူကောက်ချက်ချမိသည်။

အကြီးအကဲယင်း သေဆုံးသွားသည့်တိုင် ခန္ဓာကိုယ်ရှိ အဆိပ်များက အလွန်ကြောက်စရာကောင်းသောကြောင့် ရဲများက ဤကိစ္စကို အတော်လေး သတိထား ကိုင်တွယ်နေပုံရသည်။

သို့သော် ဤနေရာတွင် ပြင်ပလူများ မရှိသည့်အပြင် ဖြတ်သန်းသွားလာသူမှာလည်း ရဲကားများသာ ဖြစ်သောကြောင့် အကြီးအကဲယာရန်းသည် အခွင့်အရေးတစ်ခုကိုစောင့်နေခဲ့သည်။

ထိုခဏတွင် အကြီးအကဲယာရန်းသည် အဖြူရောင်ဓာတုကာကွယ်ရေး ယာဉ်တစ်စီးကို မြင်လိုက်ရသည်။

သူ့အနေဖြင့် တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ပွားစေဘဲ အကြီးအကဲယာရန်း၏ အလောင်းကို ပြန်ယူရန်မှာ အရေးကြီးသည်။

သို့မဟုတ်လျှင် လုပ်ငန်းတရားဝင် မစတင်မီ၌ မလိုလားအပ်သော ပြဿနာများကို ဖန်တီးမိမည် ဖြစ်သည်။

သွေးလွတ်မြောက်ခြင်း တည်နေရာရွှေ့ပြောင်း မှော်စွမ်းရည်..

အကြီးအကဲယာရန်းက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

တစ်ခဏချင်းမှာပင် သူ့တစ်ကိုယ်လုံးက မြေပြင်မှာ စီးကျနေသည့် သွေးများအဖြစ်သို့ ပြောင်းလဲသွားပြီး လမ်းကြောင်းတစ်ခုထဲသို့ ပြေးဝင်သွားသည်။

သွေးလွတ်မြောက်ခြင်း တည်နေရာရွှေ့ပြောင်း မှော်စွမ်းရည်သည် အကြီးအကဲယာရန်း၏ ကျော်ကြားသော စွမ်းရည်တစ်ခု ဖြစ်သည်။

၎င်းက သူ့ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် ချိုးဖျက်နိုင်ပြီး ရွေ့လျားနေသော အရည်ပုံစံတစ်ခုအဖြစ်သို့ ပြောင်းကာ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသောအခါတွင် လူပုံစံအဖြစ် ပြန်လည် ပေါင်းစည်းနိုင်ပေသည်။

၎င်းက ခန္ဓာကိုယ်အသွင်ပြောင်း မှော်စွမ်းရည်နှင့် ကွဲပြားသည်။

အတိအကျဆိုရလျှင် ခန္ဓာကိုယ်အသွင်ပြောင်း မှော်စွမ်းရည်သည် ရှင်ပြန်ထမြောက်သည့် မှော်စွမ်းရည်တစ်ခုသာဖြစ်သည်။

အကြီးအကဲယာရန်း၏ သွေးလွတ်မြောက်ခြင်းတည်နေရာရွှေ့ပြောင်း မှော်စွမ်းရည်မှာမူ ခန္ဓာကိုယ်ကို အရည်အဖြစ်လွတ်လပ်စွာ ပြောင်းလဲကာ နေရာရွှေ့ပြောင်းနိုင်သည့်နည်းစနစ် တစ်ခု ဖြစ်သည်။

ဤကဲ့သို့ အသွင်ပြောင်းထားလျှင် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ်နာမ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။

ယင်းမှာ နိုင်ငံခြားပြန် ၁၅ယောက်တွင် ဤမျှ မြင့်မားသောအဆင့်သို့ ရောက်ရှိနေရသည့် အကြောင်းရင်း ဖြစ်သည်။

သူက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည် အလွန်ရှိ၍ သူ့ကို အကြီးအကဲ အန်တီကြီးဟုလည်း ခေါ်ဆိုကြသည်။

အရည်များက လမ်းမအလယ်၌ ပြန့်ကျဲနေသည်။

အဆုံးသတ်တွင် ထိုသွေးရည်များသည် အနီရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် အဖြူရောင်ဆံပင်တိုနှင့် လူတစ်ယောက် အဖြစ်သို့ ရောက်သည်အထိ တဖြည်းဖြည်းစုစည်းကာ‌ ပြောင်းလဲသွားခဲ့သည်။

အကြီးအကဲယာရန်းက သွေးလွတ်မြောက်ခြင်း တည်နေရာရွှေ့ပြောင်းမှော်စွမ်းရည်ကို အသုံးပြု၍ ဓာတုဗေဒကာကွယ်ရေးယာဉ် အရှေ့သို့ သူ့ကိုယ်သူ ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။

ကားမောင်းလာသည့် လူငယ်လေးက လမ်းလယ်ခေါင်တွင် လူတစ်ယောက် ရုတ်တရက်ပေါ်လာ၍ အထိတ်တလန့်ဖြစ်ကာ ဘရိတ်ကို အရှိန်ဖြင့် ဆောင့်နင်းလိုက်ရသည်။

သို့ရာတွင် အချိန်နှောင်းနေပြီဖြစ်၍ ဓာတုဗေဒ ကာကွယ်ရေးယာဉ်သည် အကြီးအကဲယာရန်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်တိုက်မိသွားခဲ့သည်။

ကားမောင်းသူ ညီငယ်လေးက လုံးဝ ထိတ်လန့်နေခဲ့သည်။

သူက စစ်ဆေးရန် ထွက်လာချိန်မှာပင် ကားဘီး၏ အောက်၌ သွေးများ စွန်းထင်းနေသည်ကို တွေ့လိုက်ရသည်။

“ငါတကယ်ပဲ လူတစ်ယောက်ကို တိုက်မိခဲ့ပြီ”

အဖြူရောင် ဓာတုကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားသည့်ညီငယ်လေးက ဝမ်းနည်းပူဆွေးစွာဖြင့် ဒူးထောက်နေခဲ့သည်။

“အားလုံးပြီးသွားပြီ.. ငါလူတစ်ယောက်ကို တိုက်မိသွားပြီ.. ငါရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းလည်း ပျက်စီးသွားပြီ”

“ဘာဖြစ်နေတာလဲ”

ကားထဲတွင် အခြားသော ဓာတုဗေဒကာကွယ်ရေး ဝန်ထမ်းများလည်း ရှိနေခဲ့သည်။

ထိုအချိန်တွင် ၎င်းတို့အားလုံးက အခြေအနေကို စစ်ဆေးရန်အတွက် ကားပေါ်မှဆင်းလာခဲ့သည်။

သူတို့အားလုံး ကားပေါ်မှ ဆင်းလာသည်ကို မြင်လျှင် အကြီးအကဲယာရန်းက သူ၏ သွေးအခြေအနေမှ လူသားပုံစံအဖြစ်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။

ကာကွယ်ရေးဝန်ထမ်းများ သတိမထားမိခင်မှာပင် သွေးချည်နှောင်ခြင်း မှော်စွမ်းရည်ကို ထုတ်သုံးလိုက်သည်။

သူ့လက်ဖဝါးမှ သွေးရောင်အဝတ်စက လွင့်ထွက်သွားပြီး သွေးကြာပွတ်တစ်ခု အဖြစ် ပြောင်းလဲကာ ဓာတုဗေဒကာကွယ်ရေး ဝန်ထမ်း၆ဦးကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်။

ထိုသွေးကြာပွတ် အရစ်ပတ်ခံရသည့် အခိုက်အတန့်တွင် ကာကွယ်ရေး ဝန်ထမ်းများသည် သွေးအားနည်းလာပြီး တစ်ယောက်ပြီးတစ်ယောက် အမြင်အာရုံမှေးမှိန်ကာ မူးမေ့လဲသွားကြသည်။

အပိုင်း(၆၇၂) ပြီး၏

All Chapters