ခန္ဓာကိုယ် ပြန်လည်ရယူရန် ချောမွေ့သောလမ်း
Vol. 45 Ch. 673
အခြေအနေက သူမျှော်လင့်ထားသည်ထက်ပင် ပိုမိုချောမွေ့နေသည်။
သွေးချည်နှောင်ခြင်း မှော်စွမ်းရည်က အချုပ်အနှောင် မှော်စွမ်းရည် သက်သက်မဟုတ်ဘဲ အချုပ်နှောင်ခံရသူ၏ ချီနှင့်သွေးကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်တွင် အားဖြည့်နိုင်သည့် အမှောင်မှော်စွမ်းရည် တစ်မျိုးဖြစ်သည်။
အမှော်မှော်စွမ်းရည်များကို ဈေးကွက်တွင် လက်တလော ပိတ်ပင်ထားပြီး အသုံးပြုခြင်း သို့မဟုတ် ရောင်းချခြင်းအား တားမြစ်ထားသည်။
မည်သို့ပင် ဆိုစေကာမူ ဤမှော်စွမ်းရည် အမျိုးအစားသည် နိုင်ငံခြားဈေးကွက်တွင်မူ အလွန် ရေပန်းစားခဲ့သည်။
အကြီးအကဲယာရန်းက ကာကွယ်ရေးဝန်ထမ်းများ၏ ခန္ဓာကိုယ်မှ ချီနှင့် သွေးအချို့ကို စုပ်ယူလိုက်ခြင်း ဖြစ်၍ ၎င်းတို့က လဲကျသွားခြင်း ဖြစ်သည်။
သူကထိုဝန်ထမ်းများကို မသတ်ခဲ့ပေ။
အစီအစဉ် မစတင်မီကတည်းက မလိုအပ်ဘဲ ဘာမှမလုပ်ရန် ဆုံးဖြတ်ထားသည်။
သူ၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းသည်။
ယင်းမှာ အလောင်းကို လုယူရန် ဖြစ်၏။
အကြီးအကဲယာရန်းက မလိုအပ်သည့် အရှုပ်အထွေးများကို ဖန်တီးရန် အစီအစဉ်မရှိပေ။
ထိုကဲ့သို့ ဆုံးဖြတ်ချက်မှာ မနက်ဖြန်ပြုလုပ်မည့် အစီအစဉ်ကို မထိခိုက်စေလို၍ ဖြစ်သည်။
ကာကွယ်ရေးဝန်ထမ်းများ၏ ချီနှင့်သွေး စွမ်းရည်များက တောက်ပသော အနီရောင်မှော်စက်ဝန်းအဖြစ် ပြောင်းလဲကာ အကြီးအကဲယာရန်း၏ ဦးခေါင်းထက်တွင် ပေါ့ပါးစွာ ပျံဝဲနေခဲ့သည်။
အဆုံးသတ်တွင် ဤအနီရောင် မှော်စက်ဝန်းကို အကြီးအကဲယာရန်း၏ ဦးခေါင်းက လုံးဝ စုပ်ယူသွားခဲ့သည်။
ထိုသို့ စုပ်ယူသွားပြီးသည့်အခိုက်တွင် အကြီးအကဲယာရန်း၏ ခန္ဓာကိုယ်က အနီရောင်များ တောက်ပလာပြီး မျက်နှာတစ်ခုလုံးကလည်း သိသိသာသာ တိုးတက်လာပုံရသည်။
ယင်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ၆ဦးဆီမှ ချီနှင့်သွေးစွမ်းရည်များကို ၃၀%စီ ထုတ်ယူ၍ ဝိညာဉ်စွမ်းအင် အဖြစ်သို့ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ကို ပြန်လည် ဖြည့်တင်းခဲ့၍ ဖြစ်သည်။
အကြီးအကဲကျီရှင်းသည် ယခင်က သူ၏တစ်ရှူးရည်များကို သောက်သုံးခဲ့၍ သူက အားနည်းနေခဲ့သည်။
သို့သော် ယခုဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းပြီးနောက်တွင် အကြီးအကဲယာရန်းသည် ပို၍ သက်သောင့်သက်သာရှိသလို ခံစားလိုက်ရသည်။
“အခြေအနေဘယ်လိုလဲ”
ဤအချိန်တွင် အကြီးအကဲယာရန်း၏ ဝိညာဉ်အမှတ်အသားဆီမှ အကြီးအကဲကျီရှင်း၏ အသံက ထွက်ပေါ်လာသည်။
အကြီးအကဲကျီရှင်းသည် အဝေးမှ ဆက်သွယ်ရန်အတွက် သူ၏ရှေ့ရှိ စိတ်ဝိညာဉ် ခရစ်စတယ်ဖန်လုံးမှတစ်ဆင့် အသုံးပြုနိုင်ပေသည်။
ဤဆက်သွယ်ရေး အမျိုးအစား၏ ကြီးမားသော အားသာချက်မှာ ၎င်းသည် နှလုံးကို တိုက်ရိုက်ရောက်ရှိနိုင်ပြီး အီလက်ထရွန်နစ် အချက်ပြမှုများကို လျစ်လျူရှုနိုင်ခြင်း ဖြစ်သည်။
အကယ်၍ သင်က အချက်ပြမှု လုံးဝမရှိသော ဧရိယာသို့ရောက်ရှိနေလျှင်ပင် ဝိညာဉ်အမှတ်အသားရှိသည့် လူတစ်ဦးကို ဆက်သွယ်ရန် ဤနည်းလမ်းကို အသုံးပြုနိုင်သည်။
အရေးကြီးဆုံးအချက်မှာ ဆက်သွယ်ပြောဆိုမှုကို မည်သူမှနားမထောင်နိုင်ခြင်း ဖြစ်သည်။
အကြီးအကဲ ယင်းနှင့် အကြီးအကဲ အဆိပ်နဂါးတို့ တစ်ယောက်ပြီး တစ်ယောက် ရုတ်တရက် သေဆုံးသွားသောကြောင့် အကြီးအကဲယာရန်း၏ တာဝန် အဆင်မပြေဖြစ်လာမည်ကို အကြီးအကဲကျီရှင်းက အနည်းငယ် စိုးရိမ်နေသည်။
နိုင်ငံခြားပြန် ၁၅ယောက်တွင် ဒုတိယအသန်မာဆုံး ဖြစ်သည့် အကြီးအကဲယာရန်းသာ သေဆုံးသွားခဲ့လျှင် သူ့တို့အဖွဲ့အစည်း တစ်ခုလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
“ခုထိတော့ အားလုံးအဆင်ပြေတယ်”
အကြီးအကဲယာရန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် သူက သတိလစ်နေသော ကာကွယ်ရေးဝန်ထမ်းများကို ကားထဲတွင် ဝှက်ထားလိုက်သည်။
အကြီးအကဲကျီရှင်းက အကြီးအကဲယာရန်း၏ ပြန်လည်ဖြေကြားမှုကိုရလျှင် စိတ်သက်သာရာ ရသွားခဲ့သည်။
“အစောပိုင်းကပဲ မော့အင်မော်တယ်ရဲတိုက်က အချက်အလက်တွေကို ငါတို့ လက်ခံရရှိခဲ့တယ်.. အကြီးအကဲယင်းဆီ သွားတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ဓာတုဗေဒကာကွယ်ရေး ယာဉ်တစ်စီးကလည်း လာနေပြီလို့ ပြောတယ်.. ဒါကြောင့် ငါတို့အနေနဲ့ ခပ်မြန်မြန်လှုပ်ရှားမှရမယ်”
အကြီးအကဲယာရန် “စိတ်မပူပါနဲ့ ဓာတုဗေဒကာကွယ်ရေးယာဉ်ကို ငါရှင်းပြီးပါပြီ.. အလောင်းကို ယူပြီးတာနဲ့ ငါခပ်မြန်မြန်ပြန်လာမှာပါ”
အကြီးအကဲယာရန်း၏အသံက စိတ်ဝိညာဉ် ခရစ်စတယ်ဖန်လုံးထဲမှ ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် အကြောင်းတစ်ခုခုကြောင့် အကြီးအကဲ ကျီရှင်းသည် ထိုစကားကို ကြားသောအခါ စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဤအတောအတွင်း လမ်း၏အခြားတစ်ဖက်တွက် ကျိုးရီနှင့် ကျုံးလန် တို့သည် ဓာတုဗေဒကာကွယ်ရေးယာဉ်ကို စောင့်ဆိုင်းနေကြသည်။
အချိန်အတော်ကြာအောင် စောင့်ခဲ့ကြရ၍ အကြီးအကဲယင်း၏ အဆိပ်ခန္ဓာကိုယ်မှ အနက်ရောင် အဆိပ်ငွေ့များက တဖြည်းဖြည်း ယိုစိမ့်ထွက်လာခဲ့ပြီ ဖြစ်သည်။
ထိုအဆိပ်က အလွန်ပြင်းထန်လွန်း၍ မြေကြီးက ပျော်ဝင်သွားပြီး ဘေးရှိ ဗင်ကားကိုပင် မီးလောင်သွားစေခဲ့သည်။
ဆိုရလျှင် အကြီးအကဲယင်း၏ ခန္ဓာကိုယ်သည် ယခုအခါတွင် အက်စစ်ဓာတ် လွန်ကဲသောအဆိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျုံးလန်က နှာခေါင်းကို လက်ဖြင့် ပိတ်ထားလိုက်သည်။
“ညီနောင်ကျိုး.. ဒါက တကယ်ပဲ အဆင်ပြေပါ့မလား”
သူက ကူကယ်ရာမဲ့စွာဖြင့် ကျိုးရီ၏ လက်ထဲမှ မက်မွန်သစ်သားဓားကို စိုက်ကြည့်လိုက်သည်။
ပြောနေစရာတောင်မလိုပေ။
သူတို့ကို ဘေးအန္တရာယ်မှ ကယ်ထုတ်ပေးခဲ့သည်မှာ ဤဝိညာဉ်ဓား၏ စွမ်းဆောင်ရည်သာ ဖြစ်သည်။
သို့ရာတွင် ကျုံးလန်သည် အစမှအဆုံးတိုင် သူမြင်ခဲ့ရသည့်မြင်ကွင်းများကို မယုံကြည်နိုင်ခဲ့ပေ။
အကြောင်းအရင်းမှာဤဓားက သာမန်ထက်ထူးခြားသည်ဟု မထင်ရသည့် မက်မွန်သစ်သားဓား တစ်လက် ဖြစ်နေသောကြောင့် ဖြစ်သည်။
ထိုဓားနှင့် ပုံစံတူ ဓားများစွာကို လမ်းဘေးတွင် အလွယ်တကူဝယ်ယူ၍ ရပေသည်။
ထိုကဲ့သို့သော မက်မွန်သစ်သားဓား အမျိုးအစားက အမှန်တကယ်ပင် ဓားဝိညာဉ်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ထို့ပြင် အကြီးအကဲယင်းကို ရင်ဆိုင်ရန်အတွက် ကျိုးရီ၏ ခန္ဓာကိုယ်ကိုပင် အသုံးပြုသွားသေးသည်။
ကျုံးလန်က သူသိထားသမျှ အရာအားလုံး ပြောင်းပြန်ဇောက်ထိုး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဓာတုကာကွယ်ရေးယာဉ်က မကြာခင် ရောက်လာတော့မယ်.. ငါတို့အနေနဲ့ တတ်နိုင်သမျှ အသက်ရှူနှုန်းကို ထိန်းထားသင့်တယ်”
ထိုအချိန်တွင် အကြီးအကဲယင်း၏ အလောင်းမှ ထုတ်လွှတ်နေသော အနက်ရောင် အဆိပ်ငွေ့မျာသည် တဖြည်းဖြည်းပျံ့နှံ့လာပြီး သူတို့၏ အနီးသို့ပင် ရောက်ရှိလာခဲ့သည်။
ထိုခဏမှာပင် ကျိုးရီသည် သူ့လက်ထဲမှ ဝိညာဉ်ဓား အနည်းငယ် တုန်ခါသွားသည်ကို သတိထားမိလိုက်သည်။
သူက အံ့ဩသွားခဲ့သည်။
“အေး ကျင့်ခယ် ဘာဖြစ်လို့လဲ”
ကျင့်ခယ်က ကျိုးရီ၏လက်ထဲမှ ထွက်သွားခဲ့ပြီး အကြီးအကဲယင်း၏ ခန္ဓာကိုယ်ပတ်လည်းတွင် ဓားချီစက်ဝိုင်းတစ်ခုကို ဆွဲကာ အညိုရောင်ဖန်သား အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
သူက အဆိပ်ငွေ့များ အပြင်သို့ မပျံ့နှံ့စေရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။
ထိုအချိန်တွင် ကျုံးလန်သည် ဆံပင်အဖြူရောင် ရှိသည့် ၁၀နှစ်ခန့်အရွယ် ကလေးငယ်တစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အကြောင်းတစ်ခုခုကြောင့် သူ၏နှလုံးခုန်နှုန်းက မြန်ဆန်လာပြီး သူ့မျက်နှာက နီရဲနေခဲ့သည်။
ဤမက်မွန်သစ်သားဓား၏ ဓားဝိညာဉ်က အတော်လေးချောမောသည်ဟု သူခံစားမိသည်။
“ညီနောင်ကျိုး.. ဒီဓားဝိညာဉ်က…”
“သူက ငါ့ဆရာရဲ့ ဓားဝိညာဉ်ပဲ”
ကျိုးရီက ကျုံးလန်၏မေးခွန်းကို ဖြေပေးလိုက်သည်။
သူ့မှာ ဆရာရှိသည်ကို အတော်များများက သိကြသော်လည်း သူ့ဆရာက မည်သူလဲ ဆိုသည်ကို ပဟေဠိ ဖြစ်နေကြဆဲ ဖြစ်သည်။
ကျုုံးလန်၏ ခံစားချက်များက တုန်လှုပ်သွားခဲ့သည်။
“ညီနောင်ကျိုး.. မင်းဆရာရဲ့ ဓားဝိညာဥ်က တော်တော်ချောတာပဲ.. သူ့မှာနာမည်ရှိလား.. ဒါနဲ့သူက တပည့်ရော လက်ခံသေးလား”
ကျိုးရီက လေထဲသို့လှမ်းကြည့်ကာ မိတ်ဆက်ပေးလိုက်သည်။
“သူ့နာမည်က ကျင့်ခယ်.. မင်းသူ့ကို သခင်ကျင့်ခယ်လို့ ခေါ်လို့ရတယ်”
“ကျင့်ခယ်လား.. နာမည်ကောင်းပဲ”
ကျုံးလန်က အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
သူက သခင်ကျင့်ခယ်၏ ဖန်တစ်ယောက် ဖြစ်နေပြီဟု သူ့ကိုယ်သူ ခံစားခဲ့ရသည်။
“ဒီကလေးလေးက အရမ်းကို ချစ်ဖို့ကောင်းတာပဲ”
ကျုံးလန် စိတ်လှုပ်ရှားနေသော အချိန်မှာပင် သူတို့ဆီသို့ ကားတစ်စီး ရောက်ရှိလာခဲ့သည်။
အဆုံးသတ်တွင် သူတို့ စောင့်မျှော်နေသည့် ဓာတုကာကွယ်ရေးယာဉ်က ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဒရိုက်ဘာထိုင်ခုံမှ အကြီးအကဲယာရန်းက ထွက်လာနေသည်။
သူက ကာကွယ်ရေးဝန်ထမ်းတစ်ဦး ဆီမှ ချွတ်ယူထားသော အဖြူရောင် ဓာတုကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားသည်။
ဓာတုကာကွယ်ရေး ဝတ်စုံ၏ ခေါင်းစွပ်က သူ့မျက်နှာကို တစ်ဖက်လူမှ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်အောင် ဖုံးကွယ်ပေးထားသည်။
အကြီးအကဲယာရန်းက လေးလေးစားစား အမူအရာဖြင့် ကားပေါ်မှ ဆင်းလာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ အသိအမှတ်ပြုသောအနေဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
အကြီးအကဲယင်း၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်များက အနက်ရောင်ဓာတ်ငွေ့များ အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး အညိုရောင်ဖန်သား အကာအကွယ်၏ နောက်ဘက်တွင် ချုပ်နှောင်ခံထားရသည်ကို သူတွေ့ခဲ့ရသည်။
“တစ်ယောက်တည်းလား ရဲဘော်”
ကျိုးရီက အဝေးမှ နှုတ်ဆက်လိုက်သည်။
“ဟုတ်ပါတယ်”
အကြီးအကဲယာရန်းက ခေါင်းငြိမ့်လိုက်သည်။
များများပြောလေ အမှားများလေဖြစ်မည်ဖြစ်သောကြောင့် သူက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
ကျိုးရီက ခေါင်းငြိမ့်လိုက်သည်။
ဤသည်ကို သူနားမလည်နိုင်သည်တော့ မဟုတ်ပေ။
အဆိပ်ပြင်းသော အလောင်းကို ပြန်ယူရသည်မှာ အလွန်ပင်အန္တရာယ်များသည် မဟုတ်ပါလော။
ကျိုးရီက အကြီးအကဲယာရန်းကို လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။
“မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်ရဲဘော်.. မင်းရဲ့ခေါင်းဆောင်ကို နောက်မှပဲ ငါ မင်းရဲ့ကောင်းကြောင်းကို ပြောပြပေးပါမယ်.. ငါတို့ လိုအပ်နေတာက မင်းလိုအကြောက်တရားကင်းပြီး စေတနာထားတဲ့ လူတွေကိုပဲ”
“ဟားဟား.. စီနီယာက ကျွန်တော့်ကို မြှောက်နေပါပြီ”
အကြီးအကဲယာရန်းက ကျိုးရီ၏ ဝိသေသလက္ခဏာကို ထည့်သွင်းစဉ်းစားလိုက်ပြီး ဟန်ဆောင်မှု ပေါ်မသွားစေရန် လက်ဆွဲနှုတ်ဆက်လိုက်သည်က ပိုကောင်းသည်ဟု ယူဆလိုက်သည်။
ထို့ကြောင့် သူက သူ၏လက်အိတ်ကို ချွတ်လိုက်ပြီး ကျိုးရီနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။
ထို့နောက်တွင် သူက အကြီးအကဲယင်း၏ အလောင်းဆီသို့ လျှောက်သွားခဲ့သည်။
သူက ခန္ဓာကိုယ်ကိုသိမ်းယူရန် အလွန်ပင် စိတ်လှုပ်ရှားနေ၍ လက်အိတ်ပြန်ဝတ်ရန်ပင် မေ့လျော့သွားခဲ့သည်။
ထိုခဏမှာပင် ကျိုးရီက အကြီးအကဲယာရန်း တစ်ယောက် အကြီးအကဲယင်း၏ ခန္ဓာကိုယ်အား တိုက်ရိုက် ထိကိုင်လိုက်သည်ကို မြင်လိုက်ရသည်။
“……….”
ကျိုးရီ “ရဲဘော် ခဏနေပါဦး”
ကံမကောင်းစွာပင် အားလုံးက နောက်ကျသွားပြီဖြစ်သည်။
၅မိနစ်ခန့်အကြာတွင် အကြီးအကဲ ကျီရှင်းသည် စိတ်ဝိညာဉ်ခရစ်စတယ်ဖန်လုံးမှ တစ်ဆင့် အကြီးအကဲယာရန်း၏ ဝိညာဉ်အမှတ်အသားကို စောင့်ကြည့်နေခဲ့သည်။
အကြီးအကဲယင်းနှင့် အကြီးအကဲအဆိပ်နဂါးတို့၏ ဝိညာဉ်အမှတ်အသားများသည် ဆက်တိုက်ဆိုသလို အလင်းတန်းများ ဖြာထွက်ကာ ပေါက်ကွဲသွားခြင်း ဖြစ်သည်။
၎င်းတို့နှင့်မတူဘဲ အကြီးအကဲယာရန်း၏ ဝိညာဉ်အမှတ်အသားကမူ ကြယ်လေး တစ်ပွင့်ကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
အပိုင်း(၆၇၃) ပြီး၏