← Chapters

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး

Vol. 80 Ch. 1187

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး

Vol. 80 Ch. 1187

ဝင်ရောက်လာသော သိပ်သည်းလေးလံသည့် သံမဏိလှံနှင့် ရင်ဆိုင်ရချိန်တွင် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ အမူအယာက ပြောင်းလဲသွားခြင်းမရှိဘဲ သူမ၏ သေးသွယ်သော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လှံသွားကို ဖမ်းဆွဲလိုက်၏။

“ဟမ်.....”

ယုဝမ်ရှုံး၏အမူအရာက ပြောင်းလဲသွားပြီး သူ၏သွေးချီကို အကန့်အသတ်ထိ တွန်းတင်ကာ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ လက်ကို ပေါက်ကွဲထွက်သွားစေချင်လေသည်။

သို့သော်လည်း သူက မည်သို့ပင်ကြိုးစားပါစေ သူ၏မျက်နှာ နီမြန်းလာတာတောင် သူမက တုတ်တုတ်မျှ လှုပ်မလာခဲ့ပေ။

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ လက်ကောက်ဝတ်ပင်လျှင် အနည်းငယ်မျှ တုန်ယင်မလာခဲ့ပေ။

ထိုအခိုက်အတန့်မှသာလျှင် သူနှင့် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကြား ကွာဟချက်ကို ယုဝမ်ရှုံးက နားလည်လာခဲ့၏။ ကံမကောင်းစွာနှင့်ပင် သူ၏နားလည်မှုက နောက်ကျသွားခဲ့လေပြီ။

“နင့်ရဲ့ အသက်အရွယ်နဲ့တောင်...”

ရုတ်တရက် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက စကားပြောလိုက်၏။

သူမက ညာဘက်လက်ဖြင့် သံမဏိလှံကိုဆုပ်ကိုင်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူမ၏ ဘယ်ဘက်လက်ဖြင့် ယုဝမ်ရှုံး၏ ရင်ဘတ်ကို ပေါ့ပေါ့ပါးပါးပုံစံဖြင့်ပင် ရိုက်ချလိုက်၏။

“နင်က... ကိုယ်ကျင့်တရားမရှိတဲ့ကောင်ပဲ”

ထိုမှတ်ချက်နှင့်အတူ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ လက်ဖဝါးသည် ယုဝမ်ရှုံး၏ ရင်ဘတ်ပေါ်သို့ သက်ဆင်းသွားခဲ့လေသည်။

ဘန်း....

ယုဝမ်ရှုံး၏ ရင်ဘတ်သည် နက်ရှိုင်းစွာ ချိုင့်ဝင်သွားလေသည်။ ကြည့်ရသည်မှာ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်က ကြေမွပျက်စီးသွားသည့်အလားပင်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်သည် သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများနှင့် ပေါင်းစည်းထားပြီး မနှိုင်းယှဥ်သာအောင် သန်မာကြလေသည်။

ယခုအချိန်မှာတော့ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ နူးညံပျော့ပြောင်းပုံရသော လက်ဝါးရိုက်ချက်ဖြင့် သူ၏အသက်ဓာတ်က ဖြတ်တောက်ခံလိုက်ရလေသည်။

ယုဝမ်ရှုံး၏ အမြုတေစိတ်ဝိညာဥ်က သူ၏ဦးခေါင်းထက်ကနေ ပျံသန်းလာပြီး ထိတ်ထိတ်ပျာပျာအမူအရာနှင့်အတူ အရပ်တစ်ဖက်သို့ ထွက်ပြေးလိုက်၏။

သူက ဘဝသက်တမ်းများစွာမကျန်ရှိတော့ဘူးဆိုလျှင်တောင် ဘယ်ဆီဘယ်ဝယ်ကနေ ရောက်ရှိလာသောအမျိုးသမီးတစ်ယောက်၏ သေသည့်တိုင်အောင် ရိုက်နှက်ခြင်းကို မခံယူလိုပေ။ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက သူ့ကိုလှည့်ပင်မကြည့်ဘဲ နတ်သမီးတစ်ပါးကဲ့သို့ ကျော့ရှင်းစွာဖြင့် အဆင့်မြင့်သခင်လန်ယွဲ့ဆီသို့ လျှောက်လှမ်းသွားလေသည်။

သူမ၏ ခြေလှမ်းများက အလွန်တရာနူးညံသိမ်မွေ့နေလေသည်။

ယုဝမ်ရှုံးက ကျေနပ်နှစ်ခြိုက်သွား၏။

သူ၏တာအိုဖျက်ဆီးခံရခြင်းနှင့်အတူ ဤနေရာမှာ သေဆုံးရတာထက်စာရင် သူ၏ အမြုတေစိတ်ဝိညာဥ်ဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းက ပိုကောင်းလေသည်။

သို့သော်လည်း သူသည် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိ၍ သူ၏မျက်ဝန်းထောင့်ကနေ အစိမ်းရောင်အလင်းတောက်တောက်တစ်ခုကို တွေ့မြင်လိုက်ရပြီး သူ့မျက်လုံးထဲရှိ ဝမ်းသာပျော်ရွှင်မှုက ပျက်ပြယ်သွားလေသည်။

“အဲ့ဒီကျောက်စိမ်းဆံထိုးပဲလား...”

အဲ့ဒါက ယုဝမ်ရှုံး၏ အတွေးထဲသို့ဝင်ရောက်လာသော နောက်ဆုံးအတွေးဖြစ်လေသည်။

ဖောက်....

ကျောက်စိမ်းဆံထိုးသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို ရပ်တန့်ခြင်းမရှိဘဲ ထိုးဖောက်သွားခဲ့၏။

ယုဝမ်ရှုံးက သေလေပြီ....။

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ နည်းလမ်းများသည် အလွန်တရာစွမ်းအားကြီး၍ ကြောက်စရာကောင်းလွန်းပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်တွင် ထက်ဝက်က တစ်ခဏအတွင်း သေဆုံးသွားခဲ့ကြလေပြီ။

ဆူဇီမိုနှင့်အခြားသူများက စိတ်အားမာန်ဆက်ကြွလာခဲ့ကြ၏။

တကယ်တော့ ကျန်ရှိနေသော စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် ကိုင်တွယ်ရပိုမိုခက်ခဲလေသည်။

သူတို့ထဲတွင် အဆင့်မြင့်သခင်လန်ယွဲ့သည် သူ၏အရွယ်ကောင်းမှာရှိနေပြီး သူ၏သွေးချီက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိလေသည်။ သူကအခြားသော စွမ်းအားကြီးပုဂ္ဂိုလ်ငါးယောက်ထက် သာလွန်သောခွန်အားရှိသည်မှာ သိသာလေသည်။

ထင်မှတ်ထားသည့် အတိုင်းပင် အဆင့်မြင့်သခင်လန်ယွဲ့သည် သုန်မှုန်နေသော အမူအရာတစ်ခုရှိပြီး သူ၏လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ထုတ်ဖော်လိုက်၏။ သူ့ရှေ့တွင်ရှိသော ရှေးဟောင်းကြေးမုံထဲသို့ ဓမ္မစွမ်းအားများကို စေလွှတ်လိုက်လေသည်။

သူသည် အညှီအဟောက်စကားများကို ပြောဆိုခဲ့သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အကြီးအကဲ ဟေးရှဲ့နှင့် အခြားသူများထက် များစွာပိုမိုသန်မာလေသည်။

“ဆန်းကြယ်ကောင်းကင် ရတနာကြေးမုံ... လျှို့ဝှက်နဂါး ပင်လယ်ထဲကနေ ထွက်ပေါ်လာခြင်း....”

အဆင့်မြင့်သခင်လန်ယွဲ့၏ ကျယ်လောင်သောအော်ဟစ်သံနှင့်အတူ အစက လှိုင်းလေထန်နေသော ဝေဒနာပင်လယ်သည် ရုတ်တရက်ချိုင့်ဝင်သွားပြီး ဧရာမဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။

ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့် နတ်နဂါးတစ်ကောင်သည် ပင်လယ်ထဲကနေ ထွက်ပေါ်လာခဲ့၏။ ၎င်း၏ ဦးချိုနှစ်ဖက်က ငွားငွားစွင့်စွင့် ရှိနေပြီး ၎င်း၏ အကြည့်က ထက်ရှနေလေသည်။ ၎င်း၏ပါးစပ်ကိုဖွင့်ဟပြီး ကမ္ဘာတုန်လောက်သော နဂါးဟိန်းသံကို နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းရှိရာဘက်သို့ ဟိန်းဟောက်လိုက်၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့၏။

နတ်နဂါးသည် အဆင့်မြင့်သခင်လန်ယွဲ့၏ ဓမ္မစွမ်းအားများဖြင့် စုဖွဲ့ထားခြင်းမျှသာဖြစ်သော်လည်း ၎င်းသည် အသက်ဝင်ပြီး ကောင်းကင်ကိုပင် ကိုင်လှုပ်နိုင်သော နဂါးတစ်ကောင်၏ စွမ်းအားဖြင့် ပြည့်နှက်နေ၏။

နတ်နဂါး၏ အကြည့်အောင်တွင် ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ မတ်တတ်ရပ်နေသော နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းသည် အချိန်မရွေး ဝါးမျိုခံရတော့မည့်အလား မနှိုင်းယှဥ်သာအောင် သေးငယ်သွား၏။

“ဘာမဟုတ်တဲ့လှည့်ကွက်လေးတစ်ခုပဲ...”

သူမက ​အေးစက်စွာ နှာတစ်ချက်မှုတ်၍ ညင်သာစွာဖနောင့်တစ်ချက်ဆောင့်လိုက်၏။

အော်မြည်နေသည် ဝေဒနာပင်လယ်သည် ထိုဖနောင့်ဆောင့်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်အလား ချက်ချင်းပင် ငြိမ်သက်သွားလေသည်။

ဖြောက်.. ဖြောက်..... ဖြောက်....

ထို့နောက်ချက်ချင်းပင် နတ်မိမယ်အသစ်အမှန်ကျောက်စိမ်းကို ဗဟိုပြု၍ ဝေဒနာပင်လယ်အထက် လေထုက နှင်းခဲများဖြင့် ပြည့်နှက်လာပြီး လျင်မြန်စွာ ဖြန့်ကြက်ကာ ဝန်းကျင်တစ်ခွင်ကို အေးခဲသွားစေလေသည်။

အခုတင် ပင်လယ်ထဲက ထွက်ပေါ်လာသော နတ်နဂါးသည် ဟိန်းဟောက်လိုက်ရုံမျှသာရှိသေးလေသည်။ ၎င်းက ဘာမှမလုပ်နိုင်ခင်မှာပင် အေးစက်အော်ရာ၏ လွှမ်းခြုံခြင်းကိုခံရပြီး ရေခဲရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

“ဒါက....”

အဆင့်မြင့်သခင်လန်ယွဲ့က ထိတ်လန့်တကြားဖြင့် ငေးကြည့်နေလေသည်။

ထိုဓမ္မပညာရပ်သည် သူ၏အသန်မာဆုံး ဝှက်ဖဲတစ်ချပ်ဟု သတ်မှတ်နိုင်လေသည်။ သို့သော်လည်း အဲ့ဒါက နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းရှေ့တွင် ဤမျှအထိအားနည်းနေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ထိုအခိုင်အတန့်မှာပင် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းသည် အေးစက်စက်အမူအရာတစ်ခုနှင့်အ​တူ သူ့ရှေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်၏။

“သူတို့က အဖိုးကြီးတွေပဲ... သူတို့သေသွားမယ်ဆိုရင်တောင် အဆင်ပြေတယ်.... ဒါပေမယ့်လို့ နင်ကတော့ မတူဘူး...”

“အစကတော့... နင်က ဒီအဆင့်ထိရောက်အောင် ခက်ခက်ခဲခဲကျင့်ကြံခဲ့ရတဲ့အတွက် ငါက နင့်အသက်ကို ချမ်းသာပေးမလို့ပဲ... ဒါပေမယ့် နင်က ငါ့အပေါ်မှာ ပါးစပ်သရမ်းရဲတာ ဆိုးတာပဲ...ငါက ရွေးချယ်စရာမရှိတော့ဘဲ နင့်ကို တမလွန်ကို ပို့ပေးရတော့မှာပေါ့”

သူမ၏ စကားမဆုံးသေးခင်မှာပင် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းသည် သူမ၏လက်ကိုဆန့်ထုတ်ပြီး အဆင့်မြင့်သခင်လန်ယွဲ့၏ ဦးခေါင်းကို ရိုက်ချလိုက်လေသည်။

အဆင့်မြင့်သခင်လန်ယွဲ့သည် နမော်နမဲ့ မပြုမူရဲပေ....။ သူက ရှေးဟောင်းကြေးမုံကို သူ၏ဦးခေါင်းထက်သို့ အလောတကြီး ပစ်တင်ပြီး ချစ်ချစ်တောက်ပူလောင်သော အလင်းတန်းတစ်ခုကို ထွက်ပေါ်လာစေ၏။

အလင်းတန်းသည် အလွန်တရာသန်မာပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ခန္ဓာကိုယ်ကိုပင် ထိုးဖောက်နိုင်လေသည်။ သို့သော်လည်း အလင်းတန်းက နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ နုနယ်သောလက်ဖဝါးပေါ်ဆင်းသက်ချိန် မည်သည့်ဝဲဂယက်မှ ထွက်ပေါ်မလာခဲ့ပေ။

ရုတ်တရက်ဆိုသလို....

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ လက်ဖဝါးထဲတွင် ချစ်ချစ်တောက်ပူလောင်သော မီးတောက်လုံးတစ်လုံးက ပေါ်ထွက်လာပြီး ရှေးဟောင်းကြေးမုံကို လွှမ်းခြုံကာ ဒေါသတကြီးလောင်ကျွမ်းလိုက်၏။

ဟင်း.....

အဆင့်​မြင့်သခင်လန်ယွဲ့က ပင့်သက်ကိုရှိုက်လိုက်၏။

ရှေးဟောင်းကြေးမုံသည် သူ၏မူပိုင်ဓမ္မလက်နက်ဖြစ်ပြီး ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းမှ အမွေဆက်ခံရရှိထားခြင်းဖြစ်၏။ ဂိုဏ်း၏ ကျင့်ကြံရေးနည်းစနစ်နှင့်ပေါင်းစပ်လိုက်သောအခါ ဆန်းကြယ်ကောင်းကင်ရတနာကြေးမုံသည် အလွန်တရာစွမ်းအားကြီးလေသည်။

သို့သော်လည်း နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ လက်ဖဝါးမှ ဒေါသတကြီးတောက်လောင်နေသော မီးတောက်များနှင့် ရင်ဆိုင်ရချိန်တွင် ရှေးဟောင်းကြေးမုံသည် တဖြောက်ဖြောက်မြည်၍ လောင်ကျွမ်းနီရဲလာခဲ့၏။

“ငါ့မှာ ရှိသမျှ အကုန်ထုတ်သုံးရမယ်...”

အဆင့်မြင့်သခင်လန်ယွဲ့၏ မျက်လုံးက နီရဲလာပြီး သူ၏လျှာကို ညင်သာစွာ ကိုက်၍ အဆီအနှစ်သွေးတစ်လုတ်ကို ရှေးဟောင်း​ကြေးမုံပေါ်သို့ ထွေးထုတ်လိုက်၏။

အဲ့ဒါသည် သူ၏မူပိုင်ဓမ္မလက်နက် ဖြစ်ပြီး သူက အဲ့ဒါကို မစွန့်လွှတ်နိုင်ပေ။

အဆီအနှစ်သွေး၏ လောင်ကျွမ်းမှုနှင့်အတူ ရှေးဟောင်းကြေးမုံသည် ဝင်းလက်တောက်ပလာပြီး ၎င်း၏အစွမ်းကုန်ကို ထုတ်ဖော်ကာ ခုခံနေဆဲ ဖြစ်၏။

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှုက ဖျပ်ခနဲ ပေါ်ထွက်လာပြီး သူမ၏ လက်ဖဝါးထဲရှိ မီးတောက်များကို ပြန်လည်ရုပ်သိမ်းလိုက်၏။ အရိုးထိတိုင်ခိုက်သော အအေးဓာတ်က ရှေးဟောင်းကြေးမုံပေါ်သို့ ချက်ချင်းလွှမ်းခြုံလာခဲ့လေသည်။

“ရှဲ......”

ရေခဲနှင့်မီး၏ မတူညီသော စွမ်းအားများသည် ရှေးဟောင်းကြေးမုံပေါ်မှာ အသက်ဝင်ပြီး အလွန်တရာကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ဖြာထွက်လာစေ၏။

အဆင့်မြင့်သခင်လန်ယွဲ့သာ ထိုအော်ရာ၏ သက်ရောက်ခြင်းကို ခံရသည်မဟုတ်ပေ။ ရှေ့သို့ပြေးဝင်လာသော အကြီးအကဲ အရိုးစိတ်ဝိညာဥ်နှင့် အကြီးအကဲ ကြမ်းကြုတ်နေမင်းတို့ပင်လျှင် တုန်လှုပ်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။

“နတ်ဘုရားစွမ်းအားတွေ...”

အဆုံးစွန်အပူနှင့် အအေး၏ စွမ်းအားသည် ရှေးဟောင်းကြေးမုံကို ရိုက်ခတ်၍ ဓမ္မစွမ်းအားထက်သာလွန်သော ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ထွက်ပေါ်လာစေ၏။

နတ်ဘုရားစွမ်းအား....

နတ်ဘုရားစွမ်းအားများကို အဆင့်အမျိုးမျိုးခွဲခြားထားလေသည်။

သာမညနတ်ဘုရားစွမ်းအား ၊ ပဓာနနတ်ဘုရားစွမ်းအား သို့မဟုတ် အန္တိမနတ်ဘုရားစွမ်းအား။

မည်သို့ပင်ဆိုစေ နတ်ဘုရားစွမ်းအားများသည် ဘိုးဘေးအဆင့်ပညာရှင်များသာလျှင် ထိန်းချုပ်နိုင်သော တစ်စုံတစ်ရာဖြစ်လေသည်။

ဤစွမ်းအားသည် ပေါင်းစည်းခန္ဓာအဆင့်၏ အထက်မှာရှိလေသည်။

ထိုအခိုက်အတန့်မှသာလျှင် အကြီးအကဲ အရိုးစိတ်ဝိညာဥ်နှင့် အခြားသူများသည် သူတို့ရှေ့ရှိ အမျိုးသမီးက ပေါင်းစည်းခန္ဓာအဆင့် လုံးဝမဟုတ်သည်ကို နားလည်သွားကြ၏။

သူမက မဟာယာနအဆင်သို့ ခြေလှမ်းဝက်ဝင်နေခဲ့လေပြီ။

တစ်နည်းအားဖြင့် ပြောရလျှင် သူမက ဒဏ္ဍာရီလာ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး ပညာရှင်တစ်ယောက်ဖြစ်လေသည်။

ထိုအခါမှာသာလျှင် သူတို့သုံးယောက်သည် အမှန်တကယ်ပင် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာခဲ့ကြ၏။

ဘုန်း....

နတ်ဘုရားစွမ်းအား၏ သက်ရောက်မှုအောက်တွင် ရှေးဟောင်းကြေးမုံက ပေါက်ကွဲထွက်သွား၏။

များစွာသော အပိုင်းအစများသည် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းထံသို့ ပျံသန်းလာသော်လည်း ၎င်းတို့က သူမအနားမချည်းကပ်နိုင်ခင်မှာ ပြုတ်ကျသွားကြ၏။

သို့သော်လည်း အဆင့်မြင့်သခင်လန်ယွဲ့ကတော့ ထိုကဲ့သို့ ကံမကောင်းရှာပေ။

သူ၏မူပိုင်ဓမ္မလက်နက်သည် ပျက်စီးသွားခဲ့ပြီး သူ၏အမြုတေစိတ်ဝိညာဥ်က ထိခိုက်ခံလိုက်ရသည်။ သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူ၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေပြီး သူ၏ စိတ်က ကသောင်းကနင်းဖြစ်နေလေသည်။

ထိုအခိုက်အတန့်တွင် သူက ဝင်ရောက်လာသော ဓမ္မလက်နက်အပိုင်းအစများကို ရှောင်တိမ်းနိုင်ခြင်းမရှိတော့ပေ။

ဓမ္မလက်နက်အပိုင်းအစများသည် နတ်ဘုရားစွမ်းအား၏ အကြွင်းအကျန်များပါဝင်နေပြီး အလွန်တရာ စွမ်းအားကြီးလေသည်။

များစွာသော ဓမ္မလက်နက်အပိုင်းအစများသည် သူ၏ခန္ဓာကိုယ်ထဲသို့ချက်ချင်းဝင်ရောက်လာပြီး သွေးများက အဘက်ဘက်သို့ ​ပြန့်ကျဲသွားလေသည်။ သူ၏အသိစိတ်သည် အနည်းဆုံး အပိုင်းအစသုံးခု၏ ထိုးဖောက်ခြင်းခံရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က အပိုင်းပိုင်းကြေမွသွားခဲ့လေသည်။

အဆင့်မြင့်သခင်လန်ယွဲ့၏ ရုပ်အလောင်းက လေထဲကနေပြုတ်ကျလာခဲ့၏။

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းသည် အဆင့်မြင့်သခင်လန်ယွဲ့ကို အလွန်တရာရွံရှာစက်ဆုပ်ပုံရပြီး တစ်ချိန်လုံးထိုသူ၏ အဝတ်အစားကိုပင် ထိတွေ့ခဲ့ခြင်းမရှိပေ။ သို့သော်လည်း အဆင့်မြင့်သခင်လန်ယွဲ့က အခုအချိန်မှာ သေဆုံးသွားခဲ့လေပြီ…။

All Chapters