← Chapters

ကြိုတင်တွက်ချက်မှု

Vol. 80 Ch. 1188

ကြိုတင်တွက်ချက်မှု

Vol. 80 Ch. 1188

နှစ်ဖက်ကြားတွင် ကြီးမားသည့်တိုက်ပွဲတစ်ပွဲပေါ်ထွက်လာပြီး တစ်ခဏအတွင်းမှာပင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်​ခြောက်ယောက်တွင် နှစ်ယောက်သာလျှင် ကျန်ရှိတော့လေသည်။

ဒါ့အပြင် ကျန်ရှိနေသော အကြီးအကဲ အရိုးစိတ်ဝိညာဥ်နှင့် အကြီးအကဲ ကြမ်းကြုတ်နေမင်းနှစ်ယောက်စလုံးသည် ဘဝသက်တမ်းကုန်ခါနီး အဖိုးကြီးနှစ်ယောက်ဖြစ်ကြလေသည်။

အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ....။ တိတ်ဆိတ်ခြောက်ကပ်၍ ယိုယွင်းပျက်စီးနေသော ဤရှေးဟောင်းမြို့​တော်မှာ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်က ဘယ်လိုကြောင့်ပေါ်ထွက်လာရတာလဲ...။

ဘိုးဘေးအဆင့်....

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးဆိုလျှင်တောင် အဲ့ဒါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်​များလက်လှမ်းမမီသော အဆင့်တစ်ခုဖြစ်လေသည်။

သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ကျင့်ကြံသူများသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ခဲ့ကြပြီး စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်လာကြ၏။

ထိုစွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးသည် အားကောင်းသော ကံကြမ္မာနှင့် မရေမတွက်နိုင်သော အခွင့်အလမ်းများကို တွေ့ကြုံခဲ့ရသူများဖြစ်လေသည်။

သူတို့အားလုံးသည် ကျော်ကြားသောတည်ရှိမှုများဖြစ်ကြ၏။ သို့သော်လည်း အချိန်မြစ်နှင့်အတူ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဘယ်လောက်များများကများ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ခဲ့လို့လဲ...။ ​ခြေတစ်လှမ်းအပြည့်ကိုမပြောနှင့် ခြေလှမ်းဝက်ပင်ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရသည့် စွမ်းအားကြီးပုဂ္ဂိုလ်များက ဒုနှင့်ဒေးပင်။

ထိုစွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးနီးပါးသည် အလွန်တရာ စွမ်းအားကြီးမားပြီး ခြိမ်းခြောက်နိုင်စွမ်းရှိကြလေသည်။ သူတို့သည် လောကတွင် အဟန့်အတားမဲ့စွာ သွားလာနိုင်ပြီး သူတို့၏ပြိုင်ဘက်များနှင့် တွေ့ကြုံဖို့ ခဲယဥ်းလေးသည် သူတို့၏ ဘဝသက်တမ်းက နှစ်နှစ်သောင်းရှိကြ၏။

သို့သော်လည်း....

သူတို့ထဲမှ အများစုသည် ဘိုးဘေးအဆင့်သို့မရောက်ခင် ရပ်တန့်သွားကြပြီး သူတို့၏ ဘဝသက်တမ်းကုန်ဆုံးမှုနှင့်အတူ သေဆုံးကြရလေသည်။

ဘိုးဘေးအဆင့်မှာဆိုလျှင် လူတစ်ယောက်သည် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ပြီးနောက် သူတို့၏ ဘဝသက်တမ်းက နှစ်တစ်သိန်းရှိလာပေလိမ့်မည်။

ဘဝသက်တမ်း နှစ်နှစ်သောင်းမှ နှစ်တစ်သိန်းထိ... ထိုအဆင့်နှစ်ခုကြား ကွာဟချက်က ဘယ်လောက်တောင်ကြီးမားလဲ သိသာလေသည်။

အကြီးအကဲ အရိုးစိတ်ဝိညာဥ်သည် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ နေရာမှာပင် မလှုပ်မယှက် ရပ်နေမိ၏။

သူတို့၏ မျက်နှာပေါ်တွင် ချောက်ချားမှု ၊ မကျေမချမ်းမှု ၊ ကြောက်ရွံ့မှုနှင့် နောင်တရမှုတို့ရှိနေ၏။

အကြီးအကဲ ကြမ်းကြုတ်နေမင်း၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်ပြီး သူ၏စိတ်ထဲတွင် အတွေးများစွာရှိမနေတော့ပေ။ သူက မဆိုင်းမတွဆုံးဖြတ်ချက်တစ်ခုကိုချပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးလိုက်၏။

“ဘာလို့အပင်ပန်းခံနေတာလဲ.... နင်က ထွက်ပြေးလွတ်မြောက်နိုင်မှာမဟူတ်ဘူး...”

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက မှင်သေသေဖြင့် ပြုံး၍ ရှေ့သို့တက်လှမ်းလိုက်၏။ သူမသည် လေဟာနယ်တစ်ခုလုံးကို ဖြတ်ကျော်သွားသည့်အလား တစ်ခဏအတွင်း အကြီးအကဲ ကြမ်းကြုတ်နေမင်းကို လိုက်မီသွားခဲ့လေသည်။

“ကျုပ်ခင်များနဲ့ နောက်ဆုံးအချိန်ထိ တိုက်ခိုက်မယ်...”

သူက ထွက်ပြေးမလွတ်မြောက်နိုင်ဘူးဆိုတာ သိလိုက်ရပြီး အကြီးအကဲ ကြမ်းကြုတ်နေမင်းသည် နီရဲနေသော မျက်လုံးများဖြင့် ပြန်လှည့်လာခဲ့၏။ သူက လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ဆင့်ခေါ်ပြီး မာန်သွင်းအော်ဟစ်လိုက်လေသည်။

“အဋ္ဌမမြောက်သတ်ဖြတ်ခြင်းခန္ဓာ.....”

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းသည် သတ်ဖြတ်ခြင်းနည်းစနစ်ခုနှစ်မျိုးအပေါ် အခြေခံထားခြင်းဖြစ်လေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ သတ်ဖြတ်ခြင်းခုနှစ်မျိုးအထက်တွင် အဋ္ဌမမြောက်သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုဖြစ်သည့် သတ်ဖြတ်ခြင်းခန္ဓာနည်းစနစ်ရှိသေးကြောင်း ဂိုဏ်းမှာရှိသည့် လူအနည်းစုကသာ သိထားကြလေသည်။

သတ်ဖြတ်ခြင်းခန္ဓာဟုခေါ်သော ထိုနည်းစနစ်သည် ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်ဖို့အတွက် လူတစ်ယောက်၏ အသက်ကို စွန့်လွှတ်စတေးရခြင်းဖြစ်လေသည်။

ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည်နှင့် ထုတ်ဖော်သူက အရင်ဆုံးသေဆုံးရပေလိမ့်မည်။

အကြီးအကဲ ကြမ်းကြုတ်နေမင်း၏ ခန္ဓာကိုယ်က မြင်နိုင်သောနှုန်းထားဖြင့် ပြန့်ကားလာခဲ့၏။ သူ၏ အသွေးအသားတစ်စက်ချင်းစီသည် သိပ်သည်းပြင်းထန်သော ဓမ္မစွမ်းအားများဖြင့် ပြည့်နှက်လာပြီး ပေါက်ကွဲတော့မည့်​ဆဲဆဲ ဖြစ်လာခဲ့၏။

“ဟွန်း....”

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက သူမ၏ အင်္ကျီလက်စကို ညင်သာစွာ ဝေ့ယမ်းပြီး အကြီးအကဲ ကြမ်းကြုတ်နေမင်းကို နှင်းခဲစီးကြောင်းတစ်ခုဖြင့် လွှမ်းခြုံသွားစေ၏။

အကြီးအကဲ ကြမ်းကြုတ်နေမင်း၏ ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသော ဓမ္မစွမ်းအားများသည် ချက်ချင်းပင် တည်ငြိမ်လာပြီး သူ၏ဘေးပတ်လည်တွင် ရေခဲတစ်လွှာက စုဖွဲ့လာကာ အရိုးခိုက်အောင်ချမ်းစိမ့်လာခဲ့၏။

“နင့်ဟာနင် သေချင်တယ်ဆိုလည်း အဆင်ပြေတယ်... ဒါပေမယ့် ဝေးဝေးမှာသွားဖောက်ခွဲစမ်းပါ... ငါ့ကို အဲ့ဒီသွေးတွေ လာမစင်စေနဲ့...”

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက မျက်မှောင်ကြုတ်လိုက်၏။

သူမသည် သန့်ရှင်းမှုနှင့်ပတ်သက်၍ အမြဲတမ်းဇီဇာကြောင်တတ်လေသည်။ ကြီးမားသောတိုက်ပွဲ ဖြစ်ပေါ်ခဲ့တာတောင် သူမ၏ခန္ဓာကိုယ်က အညစ်အကြေးတစ်စွန်းတစ်စမှရှိမနေပေ။ သူမသည် သွေးကဲ့သို့ ညှီစို့စို့အရာများကို အမုန်းတီးဆုံးဖြစ်လေသည်။

အကြီးအကဲ ကြမ်းကြုတ်နေမင်း၏ မျိုးဆက်သွေးနှင့် ဓမ္မစွမ်းအားများသည် နှင်းခဲလွှာများအဖြစ် အေးခဲလာခဲ့၏။ သူ၏ အသိစိတ်ပင်လျှင် နှင်းခဲချီများ၏ ကျူးကျော်ဝင်ရောက်ခြင်းကိုခံရပြီး ရေခဲအဖြစ်သို့ တဖြည်းဖြည်းပြောင်းလာခဲ့လေသည်။

အကြီးအကဲ ကြမ်းကြုတ်နေမင်းသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် ငေးကြည့်နေရုံမျှသာ တတ်နိုင်တော့လေသည်။

အအေးဓာတ်က စိမ့်ဝင်လာပြီး သူက သူ၏မျက်လုံးကိုပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ တဖြည်းဖြည်းနှင့် နှင်းခဲများသည် သူ၏အသိစိတ်နှင့် သူ၏အမြုတေစိတ်ဝိညာဥ်တစ်ခုလုံးမှာ ပြည့်နှက်လာပြီး ရေခဲသလင်းကဲ့သို့ ကြည်လင်လာခဲ့၏။ သူ၏ အသက်ဓာတ်က ပျောက်ကွယ်သွားခဲ့လေပြီ။

အကြီးအကဲ ကြမ်းကြုတ်နေမင်းသည် လူပုံသဏ္ဍာန်ရေခဲတုံးတစ်တုံးအဖြစ် အေးခဲသွား၏။ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက သာမန်ကာလျှံကာပုံစံဖြင့် ရိုက်ချလိုက်၏။

အကြီးအကဲ ကြမ်းကြုတ်နေမင်းသည် များစွာသော ရေခဲ​အပိုင်းအစများအဖြစ် ကြေမွပျက်စီးသွားပြီး မည်သည့်သွေးမှ ထွက်မလာခဲ့ပေ။

အဲ့ဒါက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူသည် မြောက်ပိုင်းဒေသမှာ ကျော်ကြားခဲ့သော ပညာရှင်တစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကင်းခဲ့လေသည်။ ယခုအချိန်မှာတော့ သူသည် သူ၏အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရပြီး အလောင်းတစ်လောင်းပင် မကျန်ရစ်ခဲ့သော အခြေအနေဖြင့် အဆုံးသတ်သွားရလေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်တွင် တစ်ယောက်သာလျှင် ကျန်ရစ်တော့လေသည်။ အကြီးအကဲ အရိုးစိတ်ဝိညာဥ်က ထွက်ပြေးခြင်းမရှိပေ။

သူ၏အစွမ်းအစအရ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ထံမှ သူသည် မည်သို့မျှထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိသည်ကို သိထားလေသည်။

သူသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသော အဖြူရောင်ဝတ်အမျိုးသမီးကို ကြည့်ရင်း သူ၏စိတ်ထဲမှာ အားကောင်းသောမကျေမချမ်းခံစားချက်က ပေါ်ထွက်လာခဲ့၏။

နောက်ဆုံးမှာတော့ သူက မေးလိုက်လေသည်။

“တာအိုရောင်းရင်း...ခင်ဗျားက ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကလဲဆိုတာ ကျုပ်သိပါရစေ...”

“နင်က ဘာလို့အဲ့ဒါကို မေးတာလဲ...”

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက ဖြေရမည့်အစားပြန်မေးလိုက်၏။

“ကျုပ်က ဘာ့ကြောင့်သေရသလဲ သိချင်ရုံပါပဲ...”

အကြီးအကဲ အရိုးစိတ်ဝိညာဥ်သည် သူ၏လက်သီးကိုဆုပိပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေနဲ့ ခင်ဗျားက သာမညတစ်ယောက်သေချာပေါက် မဟုတ်ဘူး... ကျုပ်က နှစ်နှစ်သောင်းကျော်ကြာအောင် ကျင့်ကြံရေးလောကမှာ နေခဲ့ပေမယ့်လို့ ခင်ဗျားကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး...”

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက မှင်သေသေဖြင့်ပြန်ဖြေလိုက်၏။

“လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ငါ့ရဲ့အချိန်အများစုကို နန်းတော်ထဲမှာပဲ ကုန်ဆုံးခဲ့တာ... ငါက ကျင့်ကြံရေးလောကကို မထွက်သလောက်နီးပါးပဲ... နင်က ငါ့ကိုအရင်ကမတွေ့ဖူးတာ ဖြစ်သင့်ပါတယ်..”

“လွန်ခဲ့တဲ့ နှစ်တစ်သောင်း.... နန်းတော်....”

အကြီးအကဲ အရိုးစိတ်ဝိညာဥ်က ကြောင်အ,မှင်တက်သွား၏။

သိပ်မကြာမီ သူက တစ်စုံတစ်ရာကို နားလည်သွားပြီး အံအားတသင့်ရေရွတ်လိုက်၏။

“ခင်-ခင်ဗျားက.... မဟာချွမ်အင်ပါယာကပဲ...”

ခဏမျှရပ်တန့်ပြီးနောက် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးက သူ၏စိတ်ထဲမှာဝင်ရောက်လာပြီး သူက စူးခနဲအော်ဟစ်လိုက်၏။

“ခင်ဗျားက... မဟာချွမ်အင်ပါယာက ကြင်ယာတော်ယုပဲ...”

“အဲ့ဒါ ငါပဲ...”

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက ခေါင်းညိတ်လိုက်၏။

“နင်အခုဆို... အေးအေးချမ်းချမ်းသေလို့ရပြီ”

အကြီးအကဲ အရိုးစိတ်ဝိညာဥ်သည် သူ့ထံသို့တိုးဝင်လာသော နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ ချောမွေ့သောလက်ညိုးကိုကြည့်ရင်း သူ၏နှုတ်ခမ်းကိုကွေးညွတ်ကာ ခါးသက်စွာဖြင့် ပြုံးလိုက်လေသည်။ သူက သက်ပြင်းချလိုက်၏။

“ကျုပ်တို့က... ဘယ်လောက်ပဲ ကြံစည်ကြံစည် ကျုပ်တို့ရဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ပါ့လား...”

ဘန်း....

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းသည် အကြီးအကဲ အရိုးစိတ်ဝိညာဥ်၏ နှာရောင်ကိုထိုးဖောက်လိုက်၏။ အကြီးအကဲ အရိုးစိတ်ဝိညာဥ်သည် ဆတ်ခနဲတုန်ယင်သွားပြီး သူ၏အမြုတေစိတ်ဝိညာဥ်က ပျက်စီးကာ လေထဲကနေ ပြုတ်ကျသေဆုံးသွားလေသည်။

ထိုသည်ကိုမြင်​သောအခါ ဆူဇီမိုနှင့်အခြားသူများက စိတ်ထဲမှာလှုပ်ခတ်လာကြ၏။

အဲ့ဒါက ကျင့်ကြံရေးလောက၏ ကြမ်းကြုတ်ခက်ထန်မှုဖြစ်လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကျင့်ကြံရေးလောကမှာ အထွတ်အထိပ်နီးပါးတည်ရှိမှုများဖြစ်ကြ၏။

သို့သော်လည်း ဤလူများသည် ခြေတစ်လှမ်းမှားသွားလျှင် သူတို့သည်လည်း ဆိုးဆိုးဝါးဝါးသေဆုံးမှုများနှင့် အဆုံးသတ်ရမြဲ ဖြစ်၏။

သာမန်အခြေအနေမှာဆိုလျှင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်သည် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် တံခါးပိတ်ကျင့်ကြံရာမှထွက်ပြီး ပူးပေါင်းလိုက်ကြခြင်းသည် မည်သည့်မတော်တဆဖြစ်ရပ်မှ ရှိမလာနိုင်သော ဟာကွက်မရှိသည့် အကြံအစည်တစ်ခုဖြစ်လေသည်။

သူတို့သည် ဖြစ်နိုင်သမျှ အလှည့်အပြောင်းများအားလုံးနီးပါးကို ကြိုတင်တွက်ချက်ခဲ့ကြလေသည်။

ကံဆိုးစွာနှင့်ပင် လူသားက ကြံစည်နေချိန်မှာ ကံကြမ္မာက နေရာချပြီးသွားခဲ့လေပြီ...။

မဟာချွမ်အင်ပါယာတွင် နှစ်တစ်သောင်းကြာအောင် အိပ်မောကျနေခဲ့သော ဤအမျိုးသမီးသည် ဒီဘက်ခေတ်မှာ တိုက်တိုက်ဆိုင်ဆိုင်နိုးထလာပြီး သူတို့၏ သေချာသော သတ်ဖြတ်မှုအကြံအစည်တွင် အလှည့်အပြောင်းတစ်ခုဖြစ်လာစေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားခဲ့ကြမည် မဟုတ်ပေ။

ထိုအလှည့်အပြောင်းတစ်ခုကပင် သူတို့၏ အသက်များကို နုတ်ယူသွားခဲ့၏။

“ကျုပ်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစစ်အမှန်ကျောက်စိမ်း.... ကျုပ်က အရမ်းကိုကျေးဇူးတင်ရပါတယ်”

ဆူဇီမိုက နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းဘက်သို့ ဦးညွတ်လိုက်၏။ နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက ဤတစ်ခေါက်မှာ ဝင်ပါမလာဘူးဆိုလျှင် သူတို့အားလုံးက သေရပေလိမ့်မည်။

သူမက ဆူဇီမိုကို မျက်လုံးစွေကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ငါက နင့်ကိုကယ်တာမဟုတ်ဘူး... ငါက မြေခွေးလေးကိုမထိခိုက်စေချင်ရုံပဲ...”

မျောက်နှင့်အခြားသူများသည် လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်ပြီး ထိုအကြောင်းနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတေခြင်းမရှိဘဲ သူတို့က ကံကောင်းသွားသည်ဟုသာ တွေးထင်လိုက်၏။

သို့သော်လည်း ဤနေရာမှာရှိသော အမျိုးသမီးများက အလွန်တရာပါးနပ်ကြလေသည်။

ကျိယောင်ရွှယ် ၊ ရှောင်းနင်နှင့် အခြားသူများသည် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းနှင့် ဆူဇီမိုကို တစ်လှည့်စီကြည့်လိုက်ပြီး စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်ကြ၏။

သူမက မြေခွေးလေးကို ထိခိုက်မှာစိုးရိမ်သည်ဆိုလျှင် သူမကို ဒီတိုင်းခေါ်ထွက်သွားရုံပဲမဟုတ်လား... သူမက ဘာလို့တိုက်ခိုက်နေရဦးမှာလဲ...။

ဆူဇီမိုနှင့် နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းကြားတွင် အခြားသူများမသိသော တစ်စုံတစ်ရာရှိနေသည်ဟု သူတို့က ခံစားမိနေကြ၏။

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း၏ အကြည့်က ဆူဇီမို၏ ရင်ခွင်ထဲသို့ ဆင်းသက်သွားပြီး သူမကမေးလိုက်၏။

“မြေခွေးလေးက .... နင်က ငါ့နောက်ကိုလိုက်မှာလား... ဒါမှမဟုတ် နေခဲ့မှာလား...”

“အရှင်မ... ရှင်ကရော ဒီမှာနေလို့ မရဘူးလား...”

မြေခွေးလေးက သူမ၏ ဝိုင်းစက်သော မျက်လုံးများကိုပုတ်ခတ်ရင်း စိုးရွံ့စွာဖြင့်မေးလိုက်၏။

နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက သူမ၏ခေါင်းကို ခါပြလိုက်၏။

“ငါက သွားရမယ်...”

ခဏမျှရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“နင်က ငါနဲ့လိုက်ခဲ့ချင်တယ်ဆို နင့်ကို ခေါ်သွားပေးမယ်... ငါက နင့်ကို သေချာပေါက် ထိခိုက်ခံစားခွင့်ပေးမှာ မဟုတ်ဘူး... ဒါပေမယ့်လို့ နင်က နေခဲ့ချင်တယ်ဆိုလည်း ငါက နင့်ကိုအတင်းအကျပ် ဖိအားပေးမှာမဟုတ်ဘူး”

“အရှင်မ... ကျွန်မက ရှင်နဲ့လည်းမခွဲနိုင်ဘူး... ဒါ-ဒါပေမယ့်...”

မြေခွေးလေးက တွေဝေရှုပ်ထွေးနေပြီး ဆက်လက်၍ ပြောဆိုနိုင်ခြင်းမရှိပေ။

သူမ၏ စိတ်နှလုံးထဲတွင် သူမသည် ဆူဇီမို၏ဘေးမှာနေပြီး မျောက်နှင့်အခြားသူများနှင့်အတူ အတူရှိချင်လေသည်။ သူမသည် သားရဲတစ်ထောင်တောင်ကြားမှာ လွတ်လပ်ပေါ့ပါးသည့်ဘဝကို ရရှိပြီး အရမ်းကို ပျော်ရွှင်ရလေသည်။

သို့သော်လည်း နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက နှစ်တစ်သောင်းကြာအောင် အိပ်မောကျနေခဲ့၏။ ယခု သူမက ပြန်လည်နိုးထလာပြီး သူမ၏ ဘေးတွင်မည်သည့်မိတ်ဆွေဟောင်းမှမရှိတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်၍ သနားစရာကောင်းနေ၏။

န​တ်မိမယ်အစစ်အမှန်ကျောက်စိမ်းက ပြုံးလိုက်လေသည်။

“ငါနားလည်ပါတယ်....”

ထိုသို့ပြောပြီးသည်နှင့် သူမကလှည့်ထွက်သွား၏။ အဲ့ဒီနောက်... သူမ၏အသံက ထွက်ပေါ်လာခဲ့၏။

“ဆူဇီမို.... သူမကို ကောင်းကောင်းဂရုစိုက်နော်... မဟုတ်ရင် ငါနင့်ဆီကို ပြန်လာခဲ့မယ်”

All Chapters