သိုင်းတာအိုကို ကောက်ချက်ချရမည်
Vol. 80 Ch. 1189
“ဒီကိစ္စက ပြီးသွားပြီဆိုတော့.. မြောက်ပိုင်းဒေသက အချိန်အတိုင်းအတာတစ်ခုထိတော့ တည်ငြိမ်အေးချမ်းသွားလိမ့်မယ်”
အင်မော်တယ်ကြိုးကြာအိုကြီးက ရေရွတ်ပြောဆိုလိုက်၏။
ဆူဇီမိုနှင့် တာအိုအရှင် ရွှမ်ယီအကြား တိုက်ပွဲပြီးနောက်.. ကြယ်တာရာလမင်းဂိုဏ်း၊ မီးလျှံကိုလန်ဘတ်တောင်ကြားနှင့် အခြားသော အဆင့်မြင့်ဂိုဏ်းနှင့် ရှေးတော်ဝင်မိသားစု အချို့က သူတို့၏ ရန်ငြိုးရန်စများကို ကြေအေးလိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြပြီးပြီဖြစ်၏။
ဒါ့အပြင်.. ယခုအခါ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၆ ယောက်ကလည်း သေဆုံးသွားခဲ့လေပြီ။ ထိုသတင်းက မြောက်ပိုင်းဒေသတစ်ခုလုံးကို ပျံ့နှံ့သွားဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြင့် အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများက ငြိမ်သက်သွားကြပေလိမ့်မည်။
“ဒီနှစ်တွေထဲမှာ မြောက်ပိုင်းဒေသက ဆူညံပွက်လောရိုက်နေခဲ့တယ်.. ပြည်နယ်ခွဲတွေကလည်း ပေါ်ထွက်လာပြီးတော့ စစ်မီးတောက်တွေကလည်း ဖြန့်ကြက်လာခဲ့တယ်”
ဆူဇီမိုက ပြောလိုက်၏။
“စုန်းဂူကပ်ဘေးနဲ့ အင်ပါယာသုံးခု ပြိုကွဲသွားပြီးတဲ့နောက်.. မြောက်ပိုင်းဒေသက ဖွတ်ဖွတ်ညက်ညက်ကြေနေပြီ.. အချိန်အတိုင်းအတာတစ်ခုထိတော့ တည်ငြိမ်အေးချမ်းနေဖို့ ကျုပ်မျှော်လင့်မိတယ်”
“ဇီမို.. အခုကစပြီး နင့်ရဲ့ နောက်အစီအစဉ်က ဘာလဲ”
ကျိယောင်ရွှယ်က မေးလိုက်၏။
“ဟုတ်တယ်.. ရွှမ်ယီက သေသွားခဲ့ပြီ.. ယန်တိုင်းပြည်ရဲ့ မြို့ ၁၃ မြို့ သွေးကြွေးကိုလည်း ပြန်ယူနိုင်ခဲ့ပြီ.. အခုဆို အစ်ကို့ရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတစ်ခုကလည်း လျော့ကျသွားခဲ့ပြီ.. အစ်ကို အခုကစပြီး ဘယ်ကိုဆက်သွားမှာလဲ”
ရှောင်းနင်က မေးလိုက်၏။
အင်မော်တယ်ကြိုးကြာအိုကြီးက ပြုံးလိုက်လေသည်။
“မင်းက ငါတို့နဲ့အတူ ဆန်းကြယ်တောင်ထွတ်ကို ပြန်လိုက်ခဲ့ပါလား.. လွန်ခဲ့တဲ့ နှစ်တစ်ရာက ဂိုဏ်းကို ဒုက္ခရောက်မှာစိုးတဲ့အတွက် မင်းက အတင်းအကျပ် ထွက်ခွာသွားခဲ့ရတယ်.. အခု မင်းက ပြန်လာလို့ ရပြီပဲ”
“ဟုတ်တာပေါ့”
နန်းကြည်ကလည်း အလောတကြီး ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။
“မင်းက ငါတို့နဲ့အတူ သားရဲနယ်မြေကို လိုက်ခဲ့ပါလား”
မျောက်က သွားဖြီးလိုက်လေသည်။
“ငါတို့ ဒီတစ်ခေါက် ထွက်လာတော့.. စိတ်ဝိညာဉ်ကျားက သားရဲထုတ်ဖော်ကြေးမုံကို သုံးပြီး လရောင်ငိုကြွေးတောင်မှာ တိုက်ခိုက်နိုင်တဲ့ လူတိုင်းနီးပါးကို ခေါ်လာခဲ့တယ်.. ငါတို့က မြောက်ပိုင်းဒေသရဲ့ ခြင်္သေ့ရိုင်းတောင်ကြောရိုးကို သွားမယ်ဆိုရင် ငါတို့က အဲဒီနေရာမှာ လွှမ်းမိုးခြယ်လှယ်ပြီးတော့ ပိုင်နက်အရှင်တွေ ဖြစ်လာနိုင်တယ်”
“ပိုင်နက်အရှင်တဲ့လား”
စိတ်ဝိညာဉ်ကျားက ခေါင်းကိုခါပြီး နှုတ်ခမ်းစူကာ မောက်မာသော လေသံဖြင့် ပြောလိုက်၏။
“ငါတို့အားလုံး ဒီကိုရောက်လာပြီဆိုမှတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အရှင်သခင်တွေ ဖြစ်လာရမယ်”
“အဲဒါ ဟုတ်တယ်”
ဒီတစ်ကြိမ်တွင်တော့ မျောက်က စိတ်ဝိညာဉ်ကျားကို ငြင်းဆန်ခြင်း မရှိပေ။
ကျိယောင်ရွှယ်က မည်သည့်စကားမှ မပြောဘဲ ပြုံးနေ၏။
ခြင်္သေ့ရိုင်းတောင်ကြောရိုးဖြစ်စေ.. ဆန်းကြယ်တောင်ထွတ်ဖြစ်စေ.. ထိုနေရာနှစ်ခုစလုံးက မြောက်ပိုင်းဒေသမှာ ရှိလေသည်။
သူက မြောက်ပိုင်းဒေသမှာ ရှိနေသည်နှင့်အမျှ သူတို့ တွေ့ဖို့အတွက် အခွင့်အရေးများ သေချာပေါက် ရှိလာပေလိမ့်မည်။
ဆူဇီမိုသည် တစ်ချိန်လုံး ပြန်ဖြေခြင်း မရှိပေ။ သူက အဝေးတစ်နေရာသို့ ငေးကြည့်ရင်း အတွေးနက်နေလေသည်။
အတန်ကြာပြီးနောက်.. သူက အားနာတောင်းပန်သည့် ပုံစံဖြင့် ပြုံးပြလိုက်၏။
“ကျုပ်က တခြားတစ်နေရာကို သွားရလိမ့်မယ်.. အချိန်အတိုင်းအတာတစ်ခုထိတော့ ပြန်လာဖြစ်မှာ မဟုတ်ဘူး”
“အာ.. ဘယ်နေရာလဲ.. အဲဒါက အန္တရာယ်များလား”
ရှောင်းနင်က စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့် အလောတကြီး မေးလိုက်၏။
“အဲဒါက အဆင်ပြေတယ်”
ဆူဇီမိုက ပြုံးလိုက်၏။
“အဲဒီနေရာမှာ တခြားဘယ်သူမှ မရှိဘူး.. အဲဒီနေရာက အရမ်းကို လုံခြုံတယ်”
ခဏမျှ ရပ်တန့်ပြီးနောက်.. သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြတ်သားသော အကြည့်နှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲဒါက ငါ လုပ်ကိုလုပ်ရမယ့် တစ်စုံတစ်ရာပဲ”
“ဘာလဲ”
လူတိုင်းက အလိုလိုမေးလိုက်ကြ၏။
“သိုင်းတာအိုကို ကောက်ချက်ချရမယ်”
ဆူဇီမိုက စကားကို တစ်လုံးချင်းပြောလိုက်၏။
လူတိုင်းက တုန်လှုပ်သွားရ၏။
ဆူဇီမို၏ တာအိုနှလုံးသားနှင့် ပတ်သက်၍ သူတို့အားလုံး ရှင်းလင်းစွာ သိထားကြ၏။ အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ဆောက်ပြီး သက်ရှိအားလုံးကို သိုင်းတာအို သင်ကြားပေးချင်သည် ဆိုသည်မှာ ကျင့်ကြံရေးလောကတစ်ခုလုံးက သိထားကြလေသည်။
သို့သော်လည်း ထိုလမ်းကြောင်းက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းမလဲ လူတိုင်းက ပို၍ရှင်းလင်းစွာ သိထားကြ၏။
အဲဒါသည် အရင်က မည်သူမျှ မလျှောက်လှမ်းနိုင်ခဲ့သည့် လမ်းကြောင်းတစ်ခုကို သူက ဖန်တီးရမည် ဖြစ်လေသည်။
သူက သူ၏ ကိုယ်ပိုင်တာအိုနှင့် ဓမ္မပညာရပ်များကို ကောက်ချက်ဆွဲရပေလိမ့်မည်။
“အဲဒါက အရမ်းကို ခက်ခဲမှာပဲ”
စကားနည်းသော ညဝိညာဉ်က ရှားရှားပါးပါး ဝင်ပြော၍ သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဉာဏ်ကြီးရှင်များနှင့် ပညာရှင်များသည် ဤတာအိုလမ်းကြောင်းကို ဖောက်လုပ်ဖို့ ကြိုးစားခဲ့သော်လည်း သူတို့၏ ဘဝသက်တမ်း ကုန်ဆုံး၍ အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
ဒါ့အပြင်.. ဆူဇီမိုက မူလနတ္ထိအဆင့်မှာသာ ရှိနေ၏။
“အဲဒါက အဆင်ပြေပါတယ်”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“ငါ ဘယ်အချိန် ပြန်ရောက်လာမလဲဆိုတာတော့ မပြောနိုင်ဘူး”
“သခင်လေး.. ရှင်က ဘယ်နေရာကို သွားမှာလဲ”
နန်းကြည်က မေးလိုက်၏။
“တာအိုအမွေအနှစ်ကုန်းမြေ”
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ငါက တာအိုအမွေအနှစ်ကုန်းမြေကို ပြန်သွားရမယ်.. အဲဒီမှာ အခုချိန်ထိ ငါ နားလည်ဆင်ခြင်မှု မပြုလုပ်ရသေးတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများကြီးကျန်သေးတယ်.. အဲဒီအမွေအနှစ်တွေကို ရရှိပြီးရင် သူတို့ကို ငါ့ရဲ့ ဘဝနဲ့ ပေါင်းစည်းရမယ်.. ငါမြင်ခဲ့တဲ့အရာတွေ.. ကြားခဲ့တဲ့အရာတွေ.. သင်ယူခဲ့တဲ့အရာတွေ.. ငါနားလည်ဆင်ခြင်နိုင်ခဲ့တဲ့ အရာတွေအကုန်လုံးပဲ.. သိုင်းတာအိုကို ကောက်ချက်ချ အဖြေထုတ်ဖို့အတွက် ငါအတတ်နိုင်ဆုံး ကြိုးစားရမယ်”
ဆူဇီမိုသည် သေချာစဉ်းစားတွေးတောပြီးမှ ဤအဖြေကို ရလာခဲ့ခြင်းဖြစ်၏။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်သည် ပကတိမူလနတ္ထိအဆင့်မှာ ရှိနေပြီးလေပြီ။
တာအိုအမွေအနှစ်ကုန်းမြေသည် များစွာသော ချိပ်စည်းများနှင့်အတူ ပိုင်းခြားထားသော တည်ဆောက်မှု ပုံသဏ္ဌာန်တစ်ခု ဖြစ်လေသည်။ သူက ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်သွားမည်ဆိုလျှင် အဲဒီကို တစ်ခါပြန်ပြီး ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
အဲဒါက သူ၏ နောက်ဆုံးအခွင့်အရေး ဖြစ်လေသည်။
ဤတစ်ကြိမ်တွင် မည်သူကမှ သူ့ကို ဖျောင်းဖျခြင်း သို့မဟုတ် တားဆီးခြင်း မရှိကြတော့ပေ။
အဲဒါက ဆူဇီမို၏ တာအိုနှလုံးသား ဖြစ်လေသည်။
သူက အဲဒါကို လုပ်ကိုလုပ်ရပေမည်။
“ငါတို့ညီအစ်ကိုတွေ အတူတူဆုံစည်းဖို့က လွယ်တာ မဟုတ်ဘူး.. အခုတော့ ငါတို့က တစ်ခါထပ်ပြီး ခွဲရဦးမှာပေါ့”
စိတ်ဝိညာဉ်ကျားက အနည်းငယ် မချင့်မရဲဖြစ်နေ၏။
“သူသွားမယ့်နေရာက အန္တရာယ်မရှိလောက်ဘူး.. ငါတို့က အနှေးနဲ့ အမြန်ဆိုသလို ပြန်တွေ့ရမှာပဲ”
မျောက်က ထိုကိစ္စနှင့် ပတ်သက်၍ အတော်လေး ပေါ့ပေါ့ပါးပါး ရှိနေ၏။
“ပြီးကျရင် ခြင်္သေ့ရိုင်းတောင်ကြောရိုးကို သွားကြည့်ကြတာပေါ့.. ငါတို့ အဲဒီမှာ နေပျော်မယ်ဆိုရင် ငါတို့ အဲဒီနေရာကို သိမ်းပိုက်ပြီး အချိန်အတိုင်းအတာတစ်ခုထိ အဲဒီမှာ နေကြမယ်.. မင်းပြန်ထွက်လာရင် ခြင်္သေ့ရိုင်းတောင်ကြောရိုးမှာ ငါတို့ကို လာရှာလိုက်ပေါ့.. ငါတို့ရဲ့ နာမည်ကို ပြောလိုက်တာနဲ့ အကုန်လုံးက အဆင်ပြေချောမွေ့သွားလိမ့်မယ်”
“ဒါပေါ့”
ဆူဇီမိုက ရယ်မော၍ လှည့်မေးလိုက်၏။
“ရှောင်းနင်.. မင်းရဲ့ အစီအစဉ်ကရော ဘာလဲ”
“ကျွန်မက အရင်ဆုံး မြောက်ပိုင်းဒေသမှာ ခဏနေဦးမယ်.. စုန်းဂူကပ်ဘေးက ပြန်ပေါ်ထွက်လာနိုင်သလား စောင့်ကြည့်ရမယ်”
ရှောင်းနင်က ကျိယောင်ရွှယ်၏ လက်ကို ဆုပ်ကိုင်လိုက်၏။
“ကျွန်မက အစ်မယောင်ရွှယ်ကိုလည်း အဖော်ပြုပေးရမယ်.. မြောက်ပိုင်းဒေသက အဆင်ပြေသွားပြီဆိုရင် ကျွန်မက ယန်ဆေးဂိုဏ်းကို တစ်ချက်ပြန်ကြည့်ရမယ်”
“ဒါပေ့ါ.. မင်းထွက်လာတာ နှစ်တစ်ရာကျော်သွားပြီဆိုတော့ ပြန်ဖို့ အချိန်တန်နေပြီပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
မဟာကျိုးအင်ပါယာသည် အင်ပါယာသုံးခုနှင့် ပေါင်းစည်းသွားပြီး အဲဒီမှာ ဆောင်ရွက်စရာ နိုင်ငံရေးကိစ္စများစွာ ရှိနေ၏။ ကျိယောင်ရွှယ်က မဟာကျိုးအင်ပါယာမှာ ရှိနေရပေလိမ့်မည်။
နန်းကြည်က ဆန်းကြယ်တောင်ထွတ်သို့ ပြန်သွားရမည်ဖြစ်၏။
လူတိုင်းသည် သူတို့လျှောက်ရမည့် လမ်းကြောင်းများကို သိထားကြပြီး တစ်ခဏအတွင်းမှာပင် ခွဲခွာဖို့အတွက် အချိန်ကျလာခဲ့၏။
“သခင်လေး..”
ထိုစဉ်မှာပင် စိုးရွံ့သော အသံတစ်သံက ပေါ်ထွက်လာခဲ့၏။
လူတိုင်းက အသံထွက်ရာသို့ လှည့်ကြည့်လိုက်ကြ၏။
လူအုပ်ထဲတွင် ကလေးငယ်တစ်ယောက်က ဆူဇီမိုကို ကြည့်နေ၏။ သူ၏ ပါးနှစ်ဖက်က စိုးရွံ့ထိတ်လန့်နေသည့်ပုံဖြင့် နီမြန်းနေ၏။ သူ၏ အင်္ကျီစကို လုံးချေပြီး ညင်သာစွာ မေးလိုက်လေသည်။
“ကျုပ်.. ကျုပ်ကရော ဘယ်ကိုသွားရမှာလဲ”
“ထောင်ယောင်လေး.. နင်က ငါတို့နဲ့အတူတူ လိုက်ခဲ့ရမှာပေါ့”
ချင်ချင်က ထောင်ယောင်၏ နူးညံ့သော ပါးနှစ်ဖက်ကို ဆိတ်ပြီး ပြုံး၍ ပြောလိုက်၏။
“နင်က သားရဲလေးပဲ.. နင်က ငါတို့နောက်ကို လိုက်မယ်ဆိုရင် ပျော်စရာကောင်းတဲ့ ဘဝတစ်ခုကို ရလိမ့်မယ်”
ထောင်ယောင်၏ မျက်နှာက ပို၍ပင် နီမြန်းလာသော်လည်း ဘာမှပြန်မပြောပေ။
ဆူဇီမိုက ပြုံး၍ မေးလိုက်၏။
“မင်းက ဘယ်ကိုသွားချင်လို့လဲ”
“ကျုပ်.. ကျုပ်က တာအိုအမွေအနှစ်ကုန်းမြေကို သခင်လေးနဲ့ လိုက်ခဲ့လို့ မရဘူးလား”
ထောင်ယောင်က သူ၏မျက်လုံးများကို တဖျပ်ဖျပ်ခတ်၍ မျှော်လင့်စောင့်စားစွာဖြင့် မေးမြန်းလိုက်၏။
“မရဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
အဲဒါသည် သူက အကြင်နာကင်းမဲ့သောကြောင့် မဟုတ်ပေ။ တာအိုအမွေအနှစ်ကုန်းမြေကို စွမ်းအားကြီးပုဂ္ဂိုလ်များ၏ စိတ်စွမ်းအားဖြင့် ကန့်သတ်ထား၏။
ထောင်ယောင်၏ သွေးချီနှင့် ဓမ္မစွမ်းအားများသည် ထိုနေရာသို့ ဝင်ရောက်ပြီးနောက် ကန့်သတ်ခံရမည်ဖြစ်ပြီး ဤကလေးအတွက် အဲဒါက အကျိုးမရှိပေ။
ဒါ့အပြင်.. သူသွားရမည့် နေရာက တာအိုအမွေအနှစ်ကုန်းမြေ၏ တားမြစ်နေရာတစ်ခုဖြစ်ပြီး အခြားမည်သူမှ မဝင်ရောက်နိုင်ပေ။
“အို.. “
ထောင်ယောင်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“မင်းက ခြင်္သေ့ရိုင်းတောင်ကြောရိုးကို ချင်ချင်နဲ့ တခြားသူတွေနဲ့အတူ ဘာလို့ လိုက်မသွားတာလဲ”
ထောင်ယောင်က သူ၏ခေါင်းကို အနည်းငယ်စောင်းငဲ့ပြီး အလေးအနက် စဉ်းစားတွေးတောနေပုံရ၏။
ခဏနေပြီးနောက်.. သူက မေးလိုက်၏။
“ကျုပ်လိုက်သွားမယ်ဆိုရင် ပင်ယန်းမြို့က အဘိုးအဘွားတွေနဲ့ ဦးလေးတွေ အဒေါ်တွေကို ဘယ်သူက ကာကွယ်ပေးမှာလဲ”
ထိုမေးခွန်းကို ကြားသောအခါ ထောင်ယောင်အပေါ် ဆူဇီမို၏ အကြည့်က ပို၍ပင် နူးညံ့လာခဲ့၏။
“ဘယ်သူမှ မရှိဘူးပေါ့”
သူက ခေါင်းခါပြလိုက်၏။
“အဲဒါဆိုလည်း ကျုပ် အဲဒီမှာ နေမယ်.. ကျုပ်က ပင်ယန်းမြို့မှာ နေရမယ်”
ထောင်ယောင်က တည်တံ့စွာဖြင့် ပြောလိုက်၏။
ချင်ချင်က ပြောလိုက်လေသည်။
“ဒါပေမဲ့လို့.. အဲဒီမှာ နေရင် နင်တစ်ယောက်တည်း အထီးကျန်နေရမှာပေါ့”
“ဟင့်အင်း.. မဟုတ်ပါဘူး”
ထောင်ယောင်က အပြစ်ကင်းစင်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
“မြို့မှာရှိတဲ့ အဘိုးအဘွားတွေက ကျုပ်အပေါ် အရမ်းကို ကောင်းကြတယ်.. သူတို့က ကျုပ်ကို မကြောက်ကြဘူး.. သူတို့က အတိတ်ကာလတုန်းက သခင်လေးရဲ့ အကြောင်းတွေကိုတောင် ကျုပ်ကို အများကြီး ပြောပြကြတယ်”
ပင်ယန်းမြို့မှ အကြီးအကဲများသည် ဆူမိသားစု၏ ဒုတိယသခင်လေးအပေါ် အလွန်တရာ ကျေးဇူးတင်ရှိနေကြ၏။
ဆူဟုန်သည် ဘုရင်ဖြစ်လာသောအခါ သူသည် စစ်မီးတောက်များကြားမှ ပင်ယန်းမြို့ကို ကာကွယ်ပေးခဲ့၏။
နောက်ပိုင်းတွင် အင်ပါယာသုံးခုမှ မဟာမိတ်စစ်တပ် ကျူးကျော်ဝင်ရောက်လာသောအခါ ဒုတိယသခင်လေးဆူသည် ပေါ်ထွက်လာပြီး အင်ပါယာသုံးခုမှ မဟာမိတ်စစ်တပ်ကို ကမ်းလန်ရိုးမတွင် မြုပ်နှံပေးခဲ့၏။ မြို့ထဲမှာပင် သူက များစွာသော နိုးထဝိညာဉ်များကို သတ်ဖြတ်ခဲ့လေသည်။
လူများစွာက ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ကြ၏။
ထိုစဉ်တုန်းက ကလေးငယ်အချို့သည် ယခုအခါ အသက်တစ်ရာကျော်နေကြလေပြီ။ သူတို့က ယခုအချိန်မှာ ပင်ယန်းမြို့၏ အကြီးအကဲလူကြီးသူမများ ဖြစ်နေကြလေပြီ။
တကယ်ဆို.. ကသောင်းကနင်းဖြစ်လာသော ဤလောကတွင် ပင်ယန်းမြို့က အေးချမ်းသာယာစွာ ရှိနေနိုင်ခြင်းမှာ ဒုတိယသခင်လေးဆူကြောင့်ဆိုတာကို သူတို့က ရိုးတိုးရိပ်တိတ် ခန့်မှန်းမိကြ၏။
ဆူမိသားစု၏ ဇာတ်လမ်းများနှင့် အင်မော်တယ်လမ်းကြောင်းသို့ ဝင်ရောက်သွားသော ဒုတိယသခင်လေးဆူ၏ ဒဏ္ဍာရီသည် သူတို့၏ ဘိုးဘေးများမှတစ်ဆင့် အဆင့်ဆင့် ဆင်းသက်လာခဲ့လေသည်။
“ဟုတ်ပြီလေ”
ဆူဇီမိုက ထောင်ယောင်၏ နဖူးကို ညင်သာစွာ ပွတ်သပ်ပေးပြီး ပြောလိုက်လေသည်။
“အဲဒါဆိုလည်း ပင်ယန်းမြို့မှာနေပြီး ငါပြန်အလာကို စောင့်နေပေါ့”
“အမ်း”
ထောင်ယောင်၏ မျက်လုံးက ဝင်းလက်သွားပြီး အားတက်သရော ခေါင်းညိတ်ပြလိုက်၏။