အခန်း (၁၁၉၀)
Vol. 80 Ch. 1190
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများသည် အတူတကွစုစည်းနေကြပြီး ဝေးဝေးသို့ ထွက်ခွာမသွားကြပေ။ သူတို့သည် ယန်တိုင်းပြည်မြို့တော်ဟောင်းရှိရာဘက်သို့ လှမ်းမျှော်ကြည့်ရင်း နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြ၏။
သိပ်မကြာမီ မြို့တော်ဟောင်းရှိရာဘက်မှ ပြင်းထန်သောစွမ်းအင်အတက်အကျတစ်ခုက ပေါ်ထွက်လာခဲ့၏။
စိတ်ဝိညာဥ်အသိစိတ်အကာအရံအလွှာနှင့် အာကာသချိပ်စည်းသည် ဖယ်ရှားခံလိုက်ရပြီး ယိုယွင်းပျက်စီးနေသော မြို့တော်တစ်ခု၏ ပုံစံကို ခပ်ရေးရေးမြင်လိုက်ရ၏။
“အဲ့ဒါပြီးသွားပြီပဲ....”
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
သူ၏ထင်မြင်အချက်အရ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်သည် ဆူဇီမိုနှင့် အခြားသူများကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်ပြီး အာကာသချိပ်စည်းကို ပြန်ဖြေလိုက်ခြင်းဖြစ်ရပေမည်။
“အထီးကျန်သိုင်းသခင်က... သူ့ရဲ့တာအိုကို တည်ဆောက်ချင်တာလား... သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားတဲ့လား... သူလည်း သေဘေးကနေမလွတ်မြောက်နိုင်ပါဘူး...”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က လှောင်ရယ်လိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ သေဆုံးမှုက ငါတို့ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသလို ခံစားရတယ်...”
သွေးမြူဂိုဏ်း၏ ဂိုဏ်းချုပ်က ရယ်မော၍ ခေါင်းခါလိုက်၏။
“ဒီကောင်လေးရဲ့... ပါရမီအရည်အချင်းနဲ့ဆို သူက ဆက်လက်ကြီးထွားလာမယ်ဆိုရင် ဘယ်အဆင့်ထိရောက်မလဲ စဥ်းစားကြည့်ဖို့ခက်တယ်....”
“အဲ့ဒါအမှန်ပဲ သူသာ ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွားမယ်ဆိုရင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်တောင် သူ့ကိုသတ်ဖြတ်နိုင်မှာ မဟုတ်လောက်တော့ဘူး”
ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်က သဘောတူစွာထောက်ခံလိုက်၏။
“ကံဆိုးစွာနဲ့ပဲ... မျိုးဆက်တစ်ခုရဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက်က အခုလိုပဲ သေဆုံးသွားရပြီလား”
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ညည်းတွားရေရွတ်လိုက်၏။
မုရုံကလန်၏ မျိုးနွယ်စုခေါင်းဆောင် အမျိုးသမီးကလည်း သနားနေသည့်ပုံဖြင့် သူမ၏ ခေါင်းကိုခါယမ်းလိုက်၏။
တကယ်တော့ အထီးကျန်သိုင်းသခင်ကို သူတို့ကိုယ်တိုင်မြင်တွေ့ခဲ့ပြီးနောက် သူတို့သည် သူ၏ဟိတ်ဟန်မှာ စိုးမိုးခံလိုက်ရပြီး ထိုသူနှင့် ရန်ဘက်မဖြစ်လိုကြတော့ပေ။
ယခုအခါမှာတော့ အထီးကျန်သိုင်းသခင်က ဤကဲ့သို့ဆိုးဝါးသောပုံစံဖြင့် အဆုံးသတ်သွားရသည်ဆိုတော့....။
“သွားကြရအောင်...”
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကပြောလိုက်၏။
“အခုအထီးကျန်သိုင်းသခင်က သေသွားပြီဆိုတော့ နဂါးသင်္ချိုင်းတောင်ကြားက မျိုးနွယ်စုခေါင်းဆောင်က ပေါ်ထွက်လာတော့မယ်... မြောက်ပိုင်းဒေသမှာ ဘယ်လိုအခြေအနေတွေရှိလာဦးမလဲ မပြောတတ်တော့ဘူး”
“အင်း....”
မုရုံကလန်၏ မိသားစုခေါင်းဆောင်အမျိုးသမီးက ခေါင်းညိတ်၍ လှည့်ထွက်ဖို့ပြင်လိုက်၏။
ထိုစဥ်မှာပင် သူမသည် တစ်ချက်ဝှေ့ကြည့်လိုက်ပြီး အံ့အားတသင့်ရေရွတ်လိုက်မိလေသည်။ သူမ၏လှုပ်ရှားမှုကို ရပ်တန့်ပြီး တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ ယန်တိုင်းပြည်မြို့တော်ဟောင်းရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။
အဆင့်မြင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့် ရှေးတော်ဝင်မိသားစုများ၏ အခြားသောခေါင်းဆောင်များသည်လည်း အဲ့ဒါကို သတိထားမိသွားကြ၏။
မြို့တော်ဟောင်းဘက်ကနေ ယာဥ်ပျံတစ်စင်းက ပေါ်ထွက်လာခဲ့၏။
“ဒါက....”
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
အဲ့ဒါက အကြီးအကဲအရိုးစိတ်ဝိညာဥ်နှင့် အခြားသူများမဟုတ်သည်မှာ သေချာလေသည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အစွမ်းအစအရ သူတို့သည် ယာဥ်ပျံတစ်စီးနှင့် စီးနင်းသွားလာဖို့ မလိုအပ်ပေ။ ဒါ့အပြင် ထိုယာဥ်ပျံ၏ အမြန်နှုန်းက အရမ်းကိုနှေးကွေးနေ၏။
အကြီးအကဲအရိုးစိတ်ဝိညာဥ်နှင့် အခြားသူများသည် သနားညှာတာမှုကို ပြသပြီး အရေးမပါသော လူတချို့ကို ချမ်းသာပေးလိုက်တာများလား...။
လူတိုင်း စဥ်းစားတွေးတောနေစဥ်မှာပင် စိတ်ဝိညာဥ်ယာဥ်ပျံက ချည်းကပ်လာခဲ့၏။
ယာဥ်ဦးစွန်းတွင် ပုံရိပ်များက မတ်တတ်ရပ်နေကြ၏။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများသည် အာရုံစိုက်ကြည့်လိုက်ကြပြီးနောက် ကြီးမားစွာ တုန်လှုပ်သွားကြရလေသည်။ သူတို့သည်မယုံကြည်နိုင်မှုဖြင့် အလိုလိုပါးစပ်အဟောင်းသားနှင့် မျက်လုံးအပြူးသား ဖြစ်လာကြ၏။
ယာဥ်ပျံပေါ်တွင် ခေါင်းဆောင်ဖြစ်သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်များကို ဖြန့်ချထား၏။ သူက ကြော့ရှင်းနုနယ်သော သွင်ပြင်ရှိပြီး အဲ့ဒါက သူတို့သေပြီဟု ယူဆထားခဲ့သော တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ပင် ဖြစ်လေသည်။
အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ...။
အကြီးအကဲအရိုးစိတ်ဝိညာဥ်နှင့် အခြားသူများက ဘာလုပ်နေခဲ့ကြတာလဲ....။
အထီးကျန်သိုင်းသခင်က မသေဘူးဆိုရင် အကြီးအကဲ အရိုးစိတ်ဝိညာဥ်နှင့် အခြားသူများက အထီးကျန်သိုင်းသခင်တို့အုပ်စုကို ဘာ့ကြောင့်ထွက်ခွာခွင့်ပေးလိုက်ရတာလဲ..။
ကျားနဂါးဂိုဏ်း ၊ သွေးမြူဂိုဏ်း နှင့် အခြားသောဂိုဏ်းများ၏ ဂိုဏ်းချုပ်များသည် စိတ်ဝိညာဥ်ယာဥ်ပျံပေါ်ရှိ ထိုပုံရိပ်ကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် ငေးကြည့်နေကြ၏။ သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုက ဖျပ်ခနဲ ဝင်ရောက်လာခဲ့၏။
သို့သော်လည်း ထိုအတွေးက အရမ်းကိုတုန်လှုပ်စရာကောင်းပြီး မဖြစ်နိုင်ပေ။
ထိုစဥ်မှာပင် ယာဥ်ပျံပေါ်ရှိပုံရိပ်က အောက်သို့ အနည်းငယ်ငုံ့ကြည့်ပြီး သူ၏နက်မှောင်နေသော မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှုတစ်စွန်းတစ်စကို ထုတ်ဖော်ပြသလိုက်၏။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများက ထိတ်လန့်တကြားဖြစ်သွားကြ၏။
တကယ်ဆို... သူတို့သည် ဆူဇီမို၏အကြည့်နှင့် ရင်ဆိုင်ရဲခြင်းမရှိပေ။
ယာဥ်ပျံသည် ရပ်တန့်ခြင်းမရှိဘဲ သူတို့၏ခေါင်းပေါ်ကနေ လျင်မြန်စွာ ဖြတ်သန်းသွား၏။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ပြီးနောက် ယန်တိုင်းပြည်မြို့တော်ဟောင်းရှိရာသို့ အလောတကြီးပြေးထွက်လိုက်ကြ၏။
သူတို့သည် ထိုနေရာတွင် ဘာတွေဖြစ်ပျက်ခဲ့သလဲ တွေ့မြင်ချင်ကြလေသည်။
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်အခြားသူများကလည်း စပ်စုလိုစိတ်ဖြင့် လိုက်ပါသွားကြ၏။
သိပ်မကြာမီ အဆင့်မြင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့် ရှေးတော်ဝင်မိသားစုမျာ၏ ခေါင်းဆောင်များသည် မြို့တော်ဟောင်းအထက်သို့ ရောက်ရှိလာပြီး အပျက်အစီးပုံများကြားရှိ အလောင်းများကို ငုံကြည့်လိုက်ကြ၏။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများက ဖြူဖပ်ဖြူရော်ဖြစ်လာကြပြီး သူတို့၏ခန္ဓာကိုယ်များက ဒယီးဒယိုင်ဖြစ်လာကြ၏။
သေကြလေပြီ....။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်က ချွင်းချက်မရှိသေဆုံးကုန်ကြလေပြီ...။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများသည် အထီးကျန်သိုင်းသခင်၏ မျက်လုံးထဲရှိ အကြည့်ကို ပြန်လည်အမှတ်ရသွားပြီး ကြက်သီးမွေးညင်းများထ၍ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြ၏။
မြို့တော်ဟောင်းတွင် ဖြစ်ပျက်ခဲ့သည့်အရာအတိအကျကို သူတို့မသိကြပေ။
သို့သော်လည်း သူတို့သိထားသည်မှာ အချက်တစ်ချက်ရှိလေသည်။ ဤတစ်ခေါက်တွင် သူ့ကိုသတ်ဖြတ်ဖို့အတွက် ကြိုးပမ်းမှုသည် သူတို့၏ ရူးမိုက်ရာအကျဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့လေသည်။
စိတ်ဝိညာဥ်ယာဥ်ပျံပေါ်တွင်....
ဆူဇီမိုသည် ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများကို တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ ပထမအချက်အနေဖြင့် သူသည် တာအိုအရှင်ရွှမ်ယွီနှင့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ပြီး သူ၏စွမ်းအင်အမြောက်အမြားကို ကုန်ဆုံးထား၏။ သူက နောက်ထပ်တိုက်ပွဲတစ်ခုကို မစတင်ချင်ပေ။
ဒုတိယအချက်အနေဖြင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်၏ သေဆုံးမှုသည် ဤအဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများအတွက် အလွန်ကြီးမားသော နစ်နာဆုံးရှုံးမှုဖြစ်လေသည်။
ဒါ့အပြင် စွမ်းအားကြီးပုဂ္ဂိုလ်ခြောက်ယောက်သည် သူတို့၏ဂိုဏ်းများနှင့် သက်ဆိုင်မှုမရှိကြတော့ပေ။ သူက ထိုဂိုဏ်းများ၏ ဂိုဏ်းချုပ်များကို သတ်ဖြတ်ဖို့အတွက် အကြောင်းပြချက်ကောင်းမရှိပေ။
တကယ်တော့ ဤကိစ္စက ဤကဲ့သို့ ပြီးသွားလိမ့်မည်မဟုတ်ပေ။
သူသည် ဤအကြွေးကို တေးမှတ်ထားပြီး နောင်တစ်ချိန်မှာ ပြန်လည်တောင်းယူရပေမည်။
မျောက်နှင့်အခြားသူများသည် နှမြောတမ်းတနေပြီး ချက်ချင်းထွက်ခွာမသွားခဲ့ကြပေ။ သူတို့သည် ဆူဇီမိုကို နဂါးသင်္ချိုင်းတောင်ကြားဆီသို့ လိုက်ပါပို့ဆောင်ပြီးမှ ထွက်ခွာကြမည်ဖြစ်လေသည်။
မည်သူကမှ အလောတကြီးရှိမနေဘဲ စိတ်ဝိညာဥ်ယာဥ်ပျံပေါ်တွင် အားတက်သရော စကားများပြောဆိုနေခဲ့ကြ၏။
စိတ်ဝိညာဥ်ယာဥ်ပျံက နှေးကွေးသော်လည်း ဆယ်ရက်ကြာပြီးနောက် ၎င်းသည် နဂါးသင်္ချိုင်းတောင်ကြားအစပ်သို့ ရောက်ရှိလာခဲ့၏။
“ကောင်းပြီလေ.... ကျုပ်ကိုထပ်ပြီးလိုက်ပို့နေစရာ မလိုတော့ပါဘူး...”.
လူတိုင်းကိုလှည့်ကြည့်ရင်း ဆူဇီမိုက ပြုံး၍ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“ကျုပ်က ဒီတစ်ခေါက်ထွက်သွားပြီးရင် ဘယ်အချိန်ပြန်လာမလဲ မပြောတတ်ဘူး... အားလုံးပဲ ဂရုစိုက်ကြဦး....”
“သခင်လေး...”
မြေခွေးလေးက နီရဲနေသော မျက်လုံးများနှင့်အတူ ညင်သာစွာ အော်ခေါ်လိုက်၏။
သူမသည် ခွဲခွာရတော့မည့်အချိန်မှာ မျက်ရည်များသွင်သွင်စီးကျလာ၏။
ဆူဇီမိုက သူ၏နဖူးကို လက်ဖြင့်ရိုက်ပြီး သူ၏သိုလှောင်အိတ်ထဲမှ အနက်ရောင်ပစ္စည်းတစ်ခုကို ထုတ်ယူကာ မြေခွေးလေး၏လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။ သူက ပြုံး၍ ပြောလိုက်လေသည်။
“ငါက မီးပိတ်ဆို့ခြင်းတောင်းကို ပြန်ပေးဖို့ မေ့တော့မလို့ပဲ....”
ခဏမျှရပ်တန့်ပြီးနောက် သူက သူမ၏နှာခေါင်းကို ညင်သာစွာဆွဲညစ်ပြီး ကျီစယ်လိုက်၏။
“ငါက... မင်းရဲ့ ရတနာကို ပြန်မပေးဘဲ ယူသွားမှာစိုးလို့ ဝမ်းနည်းနေတာမလား...”
“မဟုတ်ပါဘူး.....”
မြေခွေးလေးက သူမ၏မျက်ရည်များကိုသုတ်၍ ရယ်မောပြီး နှာတစ်ချက်ရှုံ့လိုက်၏။
“ဇီမို.... ဂရုစိုက်ဦး... အဲ့ဒါက အလုပ်မဖြစ်ဘူးဆိုလည်း နင့်ကိုယ်နင် အရမ်းဖိအားပေးမနေနဲ့ဦး”
ကျိယောင်ရွှယ်က ညင်သာသော အမူအရာတစ်ခုနှင့်အတူ သတိပေးလိုက်၏။
“အင်း....”
ဆူဇီမိုက ခေါင်းညိတ်ပြပြီး လှည့်ထွက်လိုက်၏။
သူက အားလုံးကိုလက်ပြပြီး နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ခုန်ချလိုက်လေသည်။
တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်ဖို့ဆိုလျှင် အာကာသဆုံမှတ်တစ်ခုကို ဖွင့်လှစ်ဖို့အတွက် ပေါင်းစည်းခန္ဓာအဆင့် ခွန်အားတစ်ရပ်ကို လိုအပ်လေသည်။
နတ်မိမယ်အစစ်အမှန်ကျောက်စိမ်းက ထွက်ခွာသွားခဲ့လေပြီ။ မြောက်ပိုင်းဒေသတွင် သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်နေရာမှာ နဂါးသင်္ချိုင်းတောင်ကြားသာရှိလေသည်။
ဆူဇီမိုသည် ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်ပြီး နောက်ဖေးခြံဝန်းထဲသို့ ချက်ချင်းဝင်ရောက်သွားလိုက်၏။
အဲ့ဒီမှာကိုယ်တော်ယွမ်ပေက ထိုင်နေ၏။
မွေးနီတစ္ဆေကလည်း မလှမ်းမကမ်းမှာရှိနေ၏။
သူတို့နှစ်ယောက်အပြင် အဲ့ဒီမှာနက်မှောင်နေသော ဝဲကတော့တစ်ခုရှိပြီး အေးစက်စက်လေပြင်းများတိုက်ခိုက်ကာ ဘယ်ဆီဘယ်ဝယ်ကိုရယ်မသိ ဦးတည်နေလေသည်။
သူတို့နှစ်ယောက်က စောင့်ဆိုင်းနေခဲ့သည်မှာ အတော်ကြာခဲ့သည့်ပုံပင်။
“မင်းဆုံးဖြတ်ပြီးပြီလား...”
ကိုယ်တော်ယွမ်ပေက မေးလိုက်လေသည်။
“အင်း....”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ဒါက အကောင်းဆုံးအခွင့်အရေးဖြစ်လိမ့်မယ်”
ကိုယ်တော်ယွမ်ပေသည် သူ၏ဘေးရှိ အနက်ရောင်ဝဲကတော့ကို လက်ညိုးထိုးပြီး ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“လုပ်စရာရှိတာလုပ်... ငါမသေခင် မင်းရဲ့သိုင်းတာအိုကို မြင်သွားချင်သေးတယ်”
“ဒါပေါ့....”
ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေကို နှုတ်ဆက်ပြီးနောက် ဆူဇီမိုသည် အနက်ရောင်ဝဲကတော့ထဲသို့ ခုန်ဝင်လိုက်၏။
ခဏမျှမူးဝေထုံထိုင်းသွားပြီးနောက် သူသည် ရက်စက်ကြမ်းကြုတ်သော အော်ရာတစ်ခုဖြင့်ပြည့်နှက်နေသည့် နေရာလွတ်တစ်ခုဆီသို့ ဆင်းသက်လာခဲ့၏။
သူ၏မလှမ်းမကမ်းတွင် အရိုးခိုက်အောင်အေးစက်နေသော လေပြင်းများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုရှိလေသည်။ အဲ့ဒါက ကပ်ဘေးသုံးဆင့်နယ်မြေဖြစ်လေသည်။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လျှောက်လှမ်းဝင်လိုက်၏။ သူသည် ကပ်ဘေးသုံးဆင့်နယ်မြေ၏ စမ်းသပ်ချက်ကို တစ်ခါတုန်းက ဖြတ်ကျော်ခဲ့ဖူးလေသည်။ ယခု ဤနေရာကို ပြန်လည်ရောက်ရှိလာသောအခါ သူက မည်သည့်ခုခံမှုကိုမှ မကြုံတွေ့ရတော့ပေ။
သိပ်မကြာခင် သူသည် ကပ်ဘေးသုံးဆင့်နယ်မြေ၏ အလယ်ဗဟို ကျောက်သားရုပ်ထုများရှိရာ သုသာန်ဆီသို့ရောက်ရှိလာခဲ့လေသည်။