← Chapters

ကြေးခွံ

Vol. 80 Ch. 1192

ကြေးခွံ

Vol. 80 Ch. 1192

“အို.....”

အကြီးအကဲ ကင်းမြီးကောက်သည် ရင်တစ်ချက်ထိတ်သွားပြီး ပင့်သက်ကိုရှိုက်လိုက်၏။ သူ၏လက်က တုန်ရီနေပြီး အခုတင် သူဆင့်ခေါ်ထားသော ဓမ္မပညာရပ်က ချက်ချင်းပင်ပျက်ပြယ်သွားလေသည်။

“အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

“အဲ့ဒီမျိုးနွယ်ရဲ့ မျိုးဆက်သွေးက အခုချိန်ထိ ရှိနေနိုင်သေးလို့လား...”

အကြီးအကဲကင်းမြီးကောက်၏ မျက်လုံးနှစ်ဖက်က တုန်လှုပ်မှုဖြင့် ပြည့်နှက်လာပြီး သူ၏ အော်ရာက မတည်မငြိမ်ဖြစ်လာလေသည်။

“အကြီးအကဲ ဘာများဖြစ်လို့လဲ....”

အကြီးအကဲ ကင်းမြီးကောက်၏ မူမမှန်မှုကို သတိထားမိသွားပြီး စုန်းတစ်ယောက်က အလောတကြီးရှေသို့တိုးကာ မေးမြန်းလိုက်၏။

အကြီးအကဲ ကင်းမြီးကောက်က သူ့မျက်လုံးနှစ်ဖက်ကိုပိတ်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ သူ့ကိုယ်သူ ဣန္ဒေပြန်ဆယ်လိုက်၏။

သူက အဲ့ဒါကို မြင်ခဲ့ရတာလား....။

သူသည် သူမြင်ခဲ့ရသည်ကို ပြန်လည်စဥ်းစားရင်း မယုံကြည်နိုင်ဖြစ်နေဆဲပင်။

စောစောက သူထုတ်ဖော်ခဲ့သော ဓမ္မပညာရပ်သည် ပြီးပြည့်စုံမှုမရှိဘဲ နတ်ဘုရားစွမ်းအားတစ်ခုနှင့် နီးစပ်လေသည်။

သူ၏ အစွမ်းအစနှင့်ပင်လျှင် သူသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သောအရာများကို ​ခြေရာကောက်ဖို့အတွက် ကြွင်းကျန်ရစ်သော မှတ်ဉာဏ်များကိုသာ မှီခိုနိုင်လေသည်။

သူ့အနေဖြင့် ဓမ္မပညာရပ်ကို တစ်ဖန်ထုတ်ဖော်ပြီး ကြောက်စရာကောင်းသော ထိုပုံရိပ်ကို ပြန်လည်တွေ့မြင်နိုင်ဖို့က မဖြစ်နိုင်တော့ပေ။

သူသည် သူ၏ မှတ်ဉာဏ်များမှတစ်ဆင့်သာ ပြန်လည်ပုံဖော်နိုင်လေသည်။

သို့သော်လည်း အဲ့ဒါက မှားစရာမရှိပေ။

သူက ငေးငိုင်သွားပြီး ထိုပုံရိပ်ကို ရှင်းလင်းစွာမမြင်တွေ့ခဲ့ဘူးဆိုလျှင်တောင် ကမ္ဘာဦးခေတ်ကနေ ဆင်းသက်လာသော ထိုအော်ရာကို သူက မှားစရာမရှိပေ။

အချိန်မြစ်က တိုက်စားခဲ့ပြီးတာတောင် ထိုပုံရိပ်ထံမှ ထွက်ပေါ်လာသောအော်ရာက သူ့ကို တုန်လှုပ်ချောက်ချားစေဆဲပင်။

အဲ့ဒါက တုန်လှုပ်ချောက်ချားဖွယ်ရာ ခံစားချက်တစ်ခုဖြစ်၏။

အဲ့ဒါသည် ကြောင်တစ်ကောင်နှင့်တွေ့ရသော ကြွက်တစ်ကောင်ကဲ့သို့ဖြစ်၏။

သူက ခုခံချင်သည်ဆိုလျှင်တောင် အဲ့ဒါကိုမခုခံနိုင်ပေ။

သူစိတ်သက်သာရာရသည်မှာ ထိုပုံရိပ်က အပြည့်အဝမကြီးထွားသေးခြင်းပင်။

အကြီးအကဲကင်းမြီးကောက်၏ အမူအရာက ညိုမည်းလာခဲ့၏။

သူက စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်တစ်ခွင်ကို ဂရုတစိုက်စစ်ဆေးကြည့်ရှုလိုက်၏။ သူက မည်သည့်အရာကိုမှ လွဲချော်မှုမရှိစေရဘဲ ပူလောင်နေသော မြေပြင်အောက်ဘက်နှင့် အပျက်အစီးပုံ၏ အက်ကွဲကြောင်းများ ကြားထဲသို့ပင် စစ်ဆေးကြည့်ရှုလိုက်၏။

အတန်ကြာပြီးနောက် သူ၏ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားပြီး ကျောက်သားအပျက်အစီးပုံတစ်ခုဘေးသို့ ဖျပ်ခနဲ ရောက်ရှိသွား၏။ သူ၏အင်္ကျီလက်စကို ဝေ့ယမ်းပြီး အပေါ်တွင်ရှိသော ကျောက်ခဲများကို လွင့်ပျံထွက်စေကာ ကြီးမားသည့် တွင်းတစ်တွင်းကို ဖြစ်ပေါ်လာစေ၏။

အဲ့ဒီနောက်... သူ၏ကိုယ်ကို ကိုင်းညွတ်ပြီး သူ၏ခေါင်းခြုံကို ဖယ်ရှားကာ တစ္ဆေဆန်ဆန် အစိမ်းရောင်မျက်လုံးတစ်စုံဖြင့် သူ့ရှေ့ရှိ ကြီးမားသည့်တွင်းကို စိုက်ကြည့်လိုက်၏။

အဲ့ဒီမှာ အနက်ရောင်ကြေးခွံတစ်ခုက လွဲလျှင် တခြားဘာမှမရှိပေ။

အဲ့ဒါသည် အပျက်အစီးပုံထဲမှာ မြှုပ်နှံခံထားရသော်လည်း ထိုကြေးခွံသည် မည်သည့်ခြစ်ရာမှမရှိဘဲ တောက်ပနေဆဲ ဖြစ်၏။ ထိုကြေးခွံကို မြင်လိုက်မှသာလျှင် အကြီးအကဲကင်းမြီးကောက်သည် ထိုမျိုးဆက်သွေးက တည်ရှိနေဆဲ ဖြစ်သည်ကို ပိုမိုသေချာသွား၏။

ဒါ့အပြင် အဲ့ဒါက တိတ်တဆိတ်ဖြင့် ကြီးထွားနေ၏။

အဲ့ဒါက အလွန်ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်လေသည်။

သခင်လေး၏ သေဆုံးမှုသည် နဂါးမျိုးနွယ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့လေသည်။ သို့သော်လည်း ဤကိစ္စသာပေါ်ထွက်လာလျှင် စုန်းမျိုးနွယ်တစ်ခုလုံး အုန်းအုန်းကျက်ကျက် ဖြစ်သွားပေလိမ့်မည်။

“အကြီးအကဲကင်းမြီးကောက်.... ဘာများဖြစ်လို့လဲ”

စုန်းတစ်ယောက်က ရှေ့သို့လျှောက်လှမ်းလာပြီး သူ၏ခေါင်းကိုကုတ်ကာ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

အကြီးအကဲကင်းမြီးကောက်၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ကြေးခွံကို တိတ်တဆိတ် သိမ်းဆည်းလိုက်၏။

သူသည် လောလောဆယ်မှာ ထိတ်လန့်တကြားမဖြစ်စေရန် သူ၏နောက်ဘက်ရှိ စုန်းမျိုးနွယ်မှ လူငယ်မျိုးဆက်များကို ပြောပြလိုစိတ်မရှိသေးပေ။

“ဘာမှ မဖြစ်ပါဘူး”

သူက မျက်တောင်မခတ်ဘဲ သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။

“ကျုပ်တို့ နောက်ပြီးကျရင် ဘယ်ကိုသွားကြမလဲ...”

ထိုစုန်းက ထပ်မံ၍မေးလိုက်၏။

“နဂါးအရိုးတောင်ကြား... “

အစကတော့ အကြီးအကဲကင်းမြီးကောက်သည် သခင်လေးချန်ထားရစ်ခဲ့သော အော်ရာနောက်သို့ လိုက်ပြီး ထိုသူက ဘယ်နေရာတွေရောက်ရှိခဲ့သလဲ စစ်ဆေးကြည့်ရန် စုန်မျိုးနွယ်၏ လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုချင်ခဲ့လေသည်။

သို့သော်လည်း ဤအချင်းအရာကို ရှာဖွေတွေ့ရှိပြီးနောက် သူသည် နောက်ဆုံးအခိုက်အတန့်မှာ သူ၏အစီအစဥ်ကိုပြောင်းလဲလိုက်ရ၏။ သူက နဂါးအရိုးတောင်ကြားသို့ ချက်ချင်းလက်ငင်း သွားရောက်ပြီး ဂိုဏ်းသို့ပြန်မရောက်ခင် ဤကိစ္စကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းရပေလိမ့်မည်။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အကြီးအကဲကင်းမြီး​ကောက်သည် အမိန့်ပေး၍ စုန်းမျိုးနွယ်မှ လူတိုင်းနှင့်အတူ ထွက်ခွာလာခဲ့၏။

သုံးရက်ကြာပြီးနောက်.. နဂါးအရိုးတောင်ကြားတွင်။

အစစ်အမှန်နဂါးခန္ဓာကိုယ်က သူ၏သားရဲတွင်းတွင် ကျင့်ကြံနေဆဲ ဖြစ်၏။

အန္တိမသားရဲကျင့်စဥ်၏ စိတ်ဝိညာဥ်သန့်စင်ခြင်းအပိုင်း ယင်နှင့်ယန်စိတ်ဝိညာဥ်အပိုင်းသည် နဂါးဘုရင်အထီးကျန်သမုဒ္ဒရာထံမှ လာခြင်းဖြစ်၏။

ထိုအပိုင်းတွင်ပါရှိသော နဂါးမျိုးနွယ်၏ ဘာသာစကားသည် နားလည်ဖို့အတွက် ခက်ခဲလေသည်။

သည့်ယခင်က ဆူဇီမို၏ ကျင့်ကြံမှုအမြန်နှုန်းသည် အလွန်တရာ နှေးကွေးသွားပြီး စမ်းတဝါးဝါးဖြစ်နေခဲ့၏။

သို့သော်လည်း နဂါးမျိုးနွယ်သို့ ရောက်ရှိလာပြီးနောက် သူသည် နဂါးမျိုးနွယ်၏ ဘာသာစကားကို လေ့လာသင်ယူကာ နဂါးမျိုးနွယ်၏ အခြေခံအကျဆုံး ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံခဲ့၏။ ထိုအခါမှသာ ယင်နှင့်ယန်စိတ်ဝိညာဥ်အပိုင်းရှိ များစွာသော တွေဝေရှုပ်ထွေးမှုများကို အလွယ်တကူဖြေရှင်းလာနိုင်ခဲ့၏။

ယခုအခါ သူသည် ထိုကျင့်ကြံရေးနည်းစနစ်နှစ်ခုကို ကျင့်ကြံဖို့အတွက် အားထုတ်မှု ထက်ဝက်သာလျှင် လိုတော့လေသည်။

နဂါးအရိုးတောင်ကြားမှာ ဆယ့်တစ်နှစ်မျှသာ ကျင့်ကြံပြီးနောက် ဆူဇီမို၏ ကျင့်ကြံမှုက ကြီးမားစွာတိုးတက်လာခဲ့ပြီး ယခုဆို သူက ပကတိမူလနတ္ထိအဆင့် သို့ပင် ရောက်ရှိနေခဲ့လေပြီ။

ဤနေ့တွင် ဆူဇီမိုက အသံတစ်သံကြောင့် နိုးထလာခဲ့၏။

သူသည် ကလန်အတွင်း ကြီးကြီးမားမားကိစ္စမရှိလျှင် သူ၏ ကျင့်ကြံမှုကို မနှောက်ယှက်ဖို့ မှာကြားခဲ့ပြီးသားဖြစ်လေသည်။

ယခု တစ်စုံတစ်ယောက်က သူ့ကို လာခေါ်သောကြောင့် နဂါးမျိုးနွယ်အတွင်း ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်လာပြီဟု အဓိပ္ပါယ်ရလေသည်။

ဆူဇီမိုသည် တံခါးကိုတွန်းဖွင့်ပြီး အပြင်ဘက်သို့ လျှောက်လှမ်းထွက်လိုက်၏။

လုံရှီသည် စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုဖြင့် ဝင်ပေါက်ဝမှာ မတ်တတ်ရပ်နေ၏။

သူမက ဆူဇီမိုထွက်လာသည်ကိုမြင်သောအခါ အလောတကြီးပြောဆိုလိုက်၏။

“မကောင်းတော့ဘူး... စုန်းမျိုးနွယ်က ရောက်လာခဲ့ပြီ”

“စုန်းမျိုးနွယ်တဲ့လား”

ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျပ်ခနဲ လက်သွား၏။

စုန်းမျိုးနွယ်သည် ဤတစ်ခေါက် နဂါးမျိုးနွယ်သို့ ရောက်ရှိလာရသည့်အကြောင်းရင်းမှာ စုန်းမျိုးနွယ်၏ သခင်လေးကြောင့်ဖြစ်ရပေမည်။

လုံရှီက ဆက်ပြောလိုက်၏။

“သူတို့ကို ဦးဆောင်လာတဲ့ စုန်းမျိုးနွယ်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က တိုက်ခိုက်ရည်ခွန်အားမှာ အရမ်းကြောက်စရာကောင်းတယ်လို့ ငါကြားရတယ်.... သူက နာမည်ကြီးကျော်ကြားနေခဲ့တာ အတော်ကြာခဲ့ပြီ သူက ငါတို့မျိုးနွယ်မှာ ရှိတဲ့ အကြီးအကဲအများစုထက်တောင် အသက်ပိုကြီးသေးတယ်”

“ငါတို့မျိုးနွယ်ရဲ့ အကြီးအကဲတွေက သူတို့ကို နတ်နဂါးခန်းမမှာ လက်ခံတွေ့ဆုံပြီးတော့ နင့်ကိုလည်း ဝင်ပါစေချင်နေတယ်”

“ငါသိပြီ”

ဆူဇီမိုက ခေါင်းငြိမ့်၍ လှုပ်ရှားတော့မည်ပြု၏။

“လုံကျူး.... နင်....”

လုံရှီက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ညွှန်ကြားပြောဆိုလိုက်၏။

“နင် ခန်းမထဲကို ရောက်ရင်ဂရုစိုက်ဦး... စုန်းမျိုးနွယ်က စွမ်းအားကြီးပုဂ္ဂိုလ်ကို မဆန့်ကျင်မိစေနဲ့...”

“ဘာဖြစ်လို့လဲ....”

ဆူဇီမိုက မျက်ခုံးကိုပင့်ပြီး ပြန်လည်မေးလိုက်၏။

“မီးပဒေသာနဂါးမျိုးရိုးက သခင်လေးအနေနဲ့ ငါ့ကို နဂါးအရိုးတောင်ကြားမှာ စုန်းမျိုးနွယ်က တိုက်ခိုက်သတ်ဖြတ်ရဲမှာလား”

လုံရှီက သူမ၏ခေါင်းကိုခါပြလိုက်၏။

“အဲ့လိုတော့ဖြစ်မှာတော့ မဟုတ်ဘူး... ဘာမှမပူနဲ့ နဂါးမျိုးနွယ်က သူတို့အမျိုးကို သူတို့ကာကွယ်ပေးကြတယ်... အကြီးအကဲတွေက နင့်ကို သေချာပေါက်ကာကွယ်ပေးလိမ့်မယ်...”

ခဏမျှရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“ဒါပေမယ့်လို့.... သေသွားတဲ့ စုန်းမျိုးနွယ်ရဲ့သခင်လေးက ဘာပဲပြောပြော မြင့်မြတ်တဲ့ ဂုဏ်အဆင့်အတန်းတစ်ခုရှိတယ်.... ဒီကိစ္စကို ရှင်းပြဖို့က မလွယ်ကူဘူး... နင်က နည်းနည်းတော့ ထိခိုက်ခံစားရလိမ့်မယ်... ဘာပဲပြောပြော ခဏတဖြုတ်သည်းခံလိုက်ပေါ့...”

ဆူဇီမိုက ခေါင်းညိတ်၍ ဘာမှထပ်မပြောတော့ဘဲ လုံရှီနှင့်အတူ နတ်နဂါးခန်းမဆီသို့ လျှောက်လှမ်းလာခဲ့၏။

သိပ်မကြာမီသူက မဟာခန်းမ၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့လေသည်။

သူတို့က ခန်းမထဲသို့မဝင်ရောက်ခင်မှာပင် ဆူဇီမိုက ဖိအားလှိုင်းများကို ခံစားလိုက်ရပြီဖြစ်၏။

ဝင်ပေါက်ဝ၏ ရှေ့တည့်တည့်... ပင်မထိုင်ခုံပေါ်​တွင် စွမ်းအားကြီးသော အော်ရာများနှင့် ပုဂ္ဂိုလ်ငါးဦးက ထိုင်နေကြ၏။ သူတို့သည် နဂါးမျိုးနွယ်၏ မျိုးရိုးငါးခုမှ အကြီးအကဲများဖြစ်ကြ၏။

အကြီးအကဲငါးဦးရောက်ရှိလာခြင်းက သူတို့သည် စုန်းမျိုးနွယ်အပေါ် ဘယ်လောက်အလေးထားကြောင်း သက်သေပြနေ၏။

သူတို့ထဲတွင် မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲ-၄ သည် ဆူဇီမိုကို အလွန်တရာ တန်ဖိုးထားလေသည်။

အခြားသောအကြီးအကဲလေးယောက်ကလည်း သူနှင့် ရင်းနှီးကျွမ်းဝင်လေသည်။

ဦးချိုနဂါးမျိုးရိုးမှ အကြီးအကဲက လုံကျုံးဖြစ်လေသည်။

သည့်ယခင်က သူသည် ဆူဇီမိုကို ကျတ်တီး​မြေနှင့် ဘက်ပြန်ကြေးခွံ လျှို့ဝှက်အတတ်များထုတ်ဖော်ပေးရန် ဖိအားပေးခဲ့ဖူးလေသည်။ ကံမကောင်းစွာနှင့်ပင် သူက မအောင်မြင်ခဲ့ပေ။ ထိုအခိုက်အတန့်တွင် လုံကျုံး၏ အမူအရာက သုန်မှုန်လာပြီး ဆူဇီမိုကို အေးစက်စွာစိုက်ကြည့်ရင်း နှာတစ်ချက်မှုတ်လိုက်၏။

အကြီးအကဲ ငါးယောက်ထက် တစ်ဆင့်နိမ့်သောနေရာတွင် လူတစ်ယောက်က ထိုင်နေ၏။

သူက အလွန်တရာငယ်ရွယ်ပြီး စိမ်းပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ တောက်လောင်နေသော အကြည့်နှင့် ခါးကိုမတ်မတ်ထားပြီး အကြီးအကဲငါးဦးကိုပင် ယှဥ်နိုင်လုနီးပါး စွမ်းပကားကြီးမားသော အော်ရာတစ်ခုနှင့်အတူ အဲ့ဒီနေရာမှာ သူက ထိုင်နေ၏။

လုံရှီကဲ့သို့ ငယ်ရွယ်သောနဂါးများသည် နတ်နဂါးခန်းမထဲတွင် မတ်တတ်သာရပ်နိုင်ကြလေသည်။

သို့သော်လ​ည်း ဤနဂါးက ထိုင်နေရုံမျှသာမကပေ။ ဒါ့အပြင် သူ၏ထိုင်ခုံက အကြီးအကဲငါးယောက်ထက် တစ်ဆင့်သာလျှင်နိမ့်လေသည်။

အကြောင်းမှာ သူသည် ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နှင့် နဂါးမျိုးနွယ်၏ တစ်ဦးတည်းသော လက်သည်းငါးဖက်နဂါး လုံစန်းဖြစ်နေသောကြောင့်ပင်။

သူ၏ ရှေ့တည့်တည့်တွင် အစိမ်းရောင်ဝတ်ရုံနှင့် အဖိုးအိုတစ်ယောက်က အ​ကြီးအကဲငါးယောက်၏ ဘယ်ဘက်မှာထိုင်နေ၏။

အဖိုးအို၏ ဆံပင်သည် ပါးလွှာပြီး အဖြူရောင်လမ်းလျှောက်တောင်ဝှေးကို ဘယ်ဘက်လက်တွင် ​ဆုပ်ကိုင်ထား၏။ သူ၏ ပါးနှစ်ဖက်က ပိန်လှီနေပြီး သူ၏မျက်လုံးများက အစိမ်းရောင်အလင်းတောက်တောက်ဖြင့် နက်ရှိုင်းနေ၏။

စုန်းမျိုးနွယ်တွင် ထင်ရှားပေါ်လွင်ဆုံးသွင်ပြင်မှာ သူတို့၏ အစိမ်းရောင်မျက်လုံးများဖြစ်လေသည်။

အစိမ်းရောင်က ပိုရင့်လေလေစုန်းမျိုးနွယ်၏ မျိုးဆက်သွေးက ပိုမိုသန့်စင်လေလေဖြစ်၏။

စုန်းအဖိုးအို၏ နောက်တွင် စုန်းမျိုးနွယ်မှ ဂျူနီယာဆယ့်နှစ်ယောက်က မတ်တတ်ရပ်နေကြ၏။

ခန်းမထဲရှိ လေထုက သိပ်သည်းလေးလံလာခဲ့လေသည်။

အ​ကြောင်းမှာ ထိုလူများအပြင် ခန်းမ၏ အလယ်မှာ နောက်ထပ်လူတစ်ယောက် လဲကျနေသောကြောင့်ပင်။

သို့သော်လည်း ထိုသူက သေနေခဲ့လေပြီ....။

အဲ့ဒါက စုန်းမျိုးနွယ်၏ သခင်လေးဖြစ်၏။

All Chapters