← Chapters

ခန်းမထဲမှ အချေအတင်

Vol. 80 Ch. 1193

ခန်းမထဲမှ အချေအတင်

Vol. 80 Ch. 1193

ဆူဇီမိုက ခန်းမ၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာသည့်ခဏမှာပင် သူက အကြည့်များစွာကို ဆွဲဆောင်မိသွား၏။ စုန်းမျိုးနွယ်မှ မျက်လုံးပေါင်းများစွာသည် ရန်လိုမှုနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေ၏။

သူတို့က နဂါးအရိုးတောင်ကြားမှာသာမဟုတ်လျှင် ထိုစုန်းများသည် သူ့ထံသို့ ခုန်ဝင်ပြီး တိုက်ခိုက်လာမည်ကို ဆူဇီမိုက ကောင်းစွာသိထား၏။

ထိုင်နေသော စုန်းမျိုးနွယ်မှ အဖိုးအိုသည် လှည့်ကြည့်လာခဲ့ပြီး သူ၏အစိမ်းရောင်မျက်လုံးများက ရုတ်တရက် ဝဲဂယက်တစ်ခုထသွား၏။

“ဟမ်....”

သူက မျက်လုံးကိုမှေးကျဥ်းပြီး ဆူဇီမို၏ မျက်နှာကိုကြည့်လိုက်၏။

သူသည် ထိုသွင်ပြင်ကို တစ်နေရာရာမှာ တွေ့မြင်ခဲ့ဖူးသည့်ပုံပင်။

စုန်းမျိုးနွယ်မှ အဖိုးအိုသည် ခဏမျှစဥ်းစားပြီးနောက် သူ၏စိတ်ထဲသို့ အတွေးတစ်ခုက ဖျပ်ခနဲ ဝင်ရောက်လာ၏။

ဂူတစ်သောင်းရွှံ့ညွန်တော....

မီးတောက်များကို ထုတ်ဖော်ခဲ့သည့် ကျင့်ကြံသူ....

သူသည် အတိတ်ကာလကို ခြေရာကောက်ဖို့အတွက် သူ၏လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့စဥ်က အစိမ်းရောင်ဝတ်ကျင့်ကြံသူက ဤသွင်ပြင်နှင့် ဆင်တူသည်ကို သူက ဝိုးတဝါးမှတ်မိနေ၏။

တကယ်တော့ သူက လုံးဝတော့ မသေချာပေ။ ဘာပဲပြောပြော သူသည် ထိုပုံရိပ်ကို ဖျပ်ခနဲသာ ကြည့်ရှုခဲ့ပြီး သူ၏စိတ်အာရုံက နောက်ထပ်ကြောက်စရာကောင်းသည့် ပုံရိပ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။

ဒါ့အပြင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက အနက်ရောင်ဆံပင်များရှိကြောင်း သူက ခပ်ရေးရေးမှတ်မိလေသည်။ သို့သော်လည်း သူ့ရှေ့မှလူသည် မီးတောက်နီရောင်တိုက်ပွဲဝင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ပုခုံးထောက် သွေးနီရောင်ဆံပင်ရှိလေသည်။ သူတို့၏ အော်ရာကလည်း လုံးဝကွဲပြားခြားနားနေ၏။

“မင်းဘယ်သူလဲ...”

စုန်းမျိုးနွယ်မှ အဖိုးအိုက ဖြည်းဖြည်းချင်းမေးလိုက်၏။

“သူက လုံကျူး.... မီးပဒေသာနဂါးမျိုးရိုးက သခင်လေးပဲ”

မီးပဒေသာနဂါးအကြီးအကဲလေးက မတ်တတ်ထရပ်ပြီး ဆူဇီမိုကို စိတ်ချလက်ချနေပါဆိုသော ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူက မိတ်ဆက်ပေးလိုက်လေသည်။

“ဒါကတော့... စုန်းမျိုးနွယ်က အကြီးအကဲ ကင်းမြီးကောက်ပဲ”

“ဒီလိုဆိုရင်... ငါတို့သခင်လေးကို သတ်ခဲ့တာက မင်းပေါ့...”

အကြီးအကဲကင်းမြီးကောက်က မေးလိုက်၏။

“ဟုတ်တယ်”

ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့စွာဖြင့် ခန်းမထဲသို့ဝင်ရောက်လာ၏။

“မင်းက ဂူတစ်သောင်းရွှံ့ညွန်တောကို ဘာလို့မီးလောင်တိုက်သွင်းခဲ့ရတာလဲ”

အကြီးအကဲ ကင်းမြီးကောက်က ဆူဇီမိုကို မမှိတ်မသုန်စိုက်ကြည့်ပြီး ရုတ်တရက်စကားလမ်းကြောင်းပြောင်းလိုက်၏။ ထိုမေးခွန်းအလှည့်အပြောင်းက အလွန်တရာပြောင်မြောက်လေသည်။

သူသည် ဆူဇီမိုကို ဂူတစ်သောင်းရွှံ့ညွန်တောသို့ ရောက်ရှိခဲ့သလားဟု မမေးပေ။ ထိုအစား ဆူဇီမိုက ဂူတစ်သောင်းရွှံ့ညွန်တောကို ဘာ့ကြောင့် မီးလောင်တိုက်သွင်းခဲ့တာလဲဟု သူက တိုက်ရိုက်မေးလိုက်၏။

သူက အရာအားလုံးကို သိထားပြီးပြီဟု ဆူဇီမိုကို အတွေးအထင်မှားသွားစေလေသည်။ ဆူဇီမိုက ဂူတစ်သောင်းရွှံ့ညွန်တောသို့ ရောက်ရှိခဲ့ပြီး မီးတောက်များကို ထုတ်ဖော်ခဲ့သည်ဆိုလျှင် သူ၏အမူအရာမှာ ဟာကွက်များကို သေချာပေါက် ထုတ်ဖော်ပြသလာပြီး သူ၏စိတ်က လှုပ်ခတ်လာပေလိမ့်မည်။ ကံမကောင်းစွာနှင့်ပင် ဂူတစ်သောင်းရွှံ့ညွန်တောသို့ ရောက်ရှိခဲ့သူမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ် ဖြစ်လေသည်။

ဆူဇီမို၏ အစစ်အမှန်နဂါးခန္ဓာကိုယ်က ထိုကိစ္စကို သိပင်မသိရှိပေ။ သူသည် အကြီးအကဲကင်းမြီးကောက်၏ ရုတ်တရက်ဆန်သောမေးခွန်းကိုကြားသောအခါ ဆူဇီမိုက ကြောင်အ,မှင်တက်သွားပြီး အချိန်မီမတုံ့ပြန်နိုင်ပေ။

ဆူဇီမို၏ အမူအရာမှ အနည်းငယ်ပြောင်းလဲမှုကို သတိထားမိပြီး အကြီးအကဲ ကင်းမြီးကောက်က သူ့ဘာသာသူ စိတ်ထဲကနေတွေးလိုက်၏။

“ငါက အတွေးလွန်နေတာများလား....”

“အကြီးအကဲကင်းမြီးကောက်... ခင်ဗျားက ဘယ်အကြောင်းကို ပြောနေတာလဲ”

မီးပ​ဒေသာနဂအကြီးအကဲလေးက တွေဝေစွာဖြင့် မျက်မှောင် ကြုတ်၍မေးလိုက်၏။

အကြီးအကဲ ကင်းမြီးကောက်က အလယ်တွင်ရှိသော မျိုးရိုးငါးခုမှ အကြီးအကဲများဘက်သို့လှည့်ပြီး ဆူဇီမိုကို လက်ညိုးထိုးပြလိုက်၏။

“သူက ပြီးခဲ့တဲ့ တစ်နှစ်တုန်းက နဂါးအရိုးတောင်ကြားကနေ ထွက်ခွာသွားခဲ့သေးလား...”

“ဘယ်ကထွက်ရမလဲ”

မီးပဒေသာနဂါးအကြီးအကဲလေးက သူ၏ခေါင်းကိုခါပြလိုက်၏။

အခြားသောနဂါးမျိုးရိုးလေးခုမှ အကြီးအကဲများကလည်း ခေါင်းခါပြလိုက်ကြ၏။

ဆူဇီမိုနှင့် ကတောက်ကဆတ်ဖြစ်ထားသော ဦးချိုနဂါးအကြီးအကဲလုံကျုံးပင်လျှင် ပြီးခဲ့သည့်တစ်နှစ်အတွင်း ဆူဇီမိုက နဂါးအရိုးတောင်ကြားကနေ ထွက်ခွာသွားခြင်းမရှိသည်ကို ဝန်ခံရပေမည်။

ဒါ့အပြင် နဂါးများအနေဖြင့် တောင်ကြားကနေ ထွက်ခွာဖို့က အလွန်တရာခဲယဥ်းလေသည်။ ဆူဇီမိုသည်လည်း ထိုသို့လုပ်ဖို့ အဆင့်မမီပေ။

အကြီးအကဲကင်းမြီးကောက်သည် ခေါင်းညိတ်၍ ထိုကိစ္စကို လောလောဆယ်လွှတ်ချလိုက်ရ၏။ သူ၏ သစ်ခေါက်ကဲ့သို့ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေပေ။

သူက ဆိုင်းမဆင့်ဗုံမဆင့် တစ်ဘက်သို့ ရုတ်တရက်ပြန်လှည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော စွမ်းအားတစ်ခုရှိနေပြီး အဲ့ဒါက ဆူဇီမို၏ ခန္ဓာကိုယ်ကို ထိုးဖောက်၍ သူ၏တာအိုနှလုံးသားကို ရိုက်ခတ်သွားသည်ဟုထင်ရ၏။ ဆူဇီမိုက အမူအရာကင်းမဲ့နေသော်လည်း သူ၏ရင်ထဲမှာ ထိတ်ထိတ်ပျာပျာဖြစ်သွားလေသည်။ စုန်းမျိုးနွယ်သည် လှည့်ဖျားသောနည်းစနစ်များမှာ အထူးကျွမ်းကျင်ကြလေသည်။

သူသည် ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားကို အကြည့်တစ်ချက်ဖြင့် ထိုးဖောက်နိုင်သည့် နည်းစနစ်တစ်ခုကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်၏။

အဲ့ဒါသည် စုန်းမျိုးနွယ်၏ လျှို့ဝှက်အတတ်တစ်ခုဖြစ်လေသည်။

ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားက ချို့ယွင်းချက်အနည်းငယ်ရှိမည်ဆိုလျှင် သူတို့၏ အခြေခံအုတ်မြစ်က ထိုအကြည့်တွင် ယိမ်းယိုင်သွားပြီး သူတို့၏ စိတ်အပေါ် ရိုက်ခတ်မှုရှိကာ သူတို့၏ အနာဂတ်ကျင့်ကြံမှုအပေါ် ထိခိုက်လာနိုင်လေသည်။

ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားက အားနည်းချက်တစ်စုံတစ်ရာရှိမည်ဆိုလျှင် ထိုအကြည့်တွင် သူတို့၏စိတ်နှလုံးက လုံးဝဖျက်ဆီးခံရနိုင်လေသည်။

ထိုစွမ်းအားသည် ထောက်လှမ်းဖို့နှင့် ခုခံဖို့ မဖြစ်နိုင်သလောက်နီးပါပင်။

ကံမကောင်းစွာနှင့်ပင် ဆူဇီမို၏ နဂါးမျိုးနွယ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော်လည်း သူ၏တာအိုနှလုံးသားက တူညီနေ၏။ အဲ့ဒါက ကိုင်လှုပ်၍ မရနိုင်ဘဲ ကပ်ဘေးသုံးဆင့်နယ်မြေကပင်လျှင် ၎င်းကို မယိမ်းယိုင်စေခဲ့ပင်။

ထူးဆန်းသောစွမ်းအားက ဆင်းသက်လာပြီးနောက် ဆူဇီမို၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဝဲဂယက်ကိုမှ မထွက်ပေါ်စေဘဲ ပျက်ပြယ်သွားခဲ့၏။

ဆူဇီမို၏အမူအရာက တည်ငြိမ်၍ ဣန္ဒြေရနေ၏။

အကြီးအကဲကင်းမြီးကောက်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအရိပ်အယောင်က ဖျပ်ခနဲ ပေါ်ထွက်သွား၏။

ဤဖြစ်စဥ်အတွင်း ဘာမှမဖြစ်ပျက်ခဲ့သည့်အလားထင်ရ၏။ သို့သော်လည်း ဆူဇီမိုသည် ပြင်းထန်သောအန္တရာယ်တစ်ခုနှင့် တွေ့ကြုံခဲ့ရကြောင်း အမြင်အာရုံထက်ရှသော သူများက သိနိုင်ကြလေသည်။

သူသည် အဲ့ဒါကို မှန်ကန်စွာ မကိုင်တွယ်နိုင်ခဲ့လျှင် အတော်ဆုံးရလဒ်မှာ သူ၏တာအိုနှလုံးသားက ယိမ်းယိုင်သွားပြီး အနာဂတ်တွင် သူ၏ကျင့်ကြံမှုက တစ်ဆို့နေပေလိမ့်မည်။

အဆိုးဆုံးဖြစ်ရပ်မှာဆိုလျှင် သူ၏တာအိုနှလုံးသားက နေရာမှာပင် ချက်ချင်းပြိုလဲသွားဖို့ အခွင့်များလေသည်။

မီးပဒေသာနဂါးအကြီးအကဲလေးက ချွေးစေးများထွက်၍ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

အကြီးအကဲကင်းမြီးကောက်သည် ဤတစ်ခေါက်တွင် တစ်ချက်မျှကြည့်လိုက်ရုံမျှသာဖြစ်လေသည်။ ထိုသို့ဆိုလျှင်တောင် အကြီးအကဲလေးက ထိုသူကိုမတားဆီးနိုင်ခဲ့ပေ။

ဒါ့အပြင် ထိုစွမ်းအားက ထောက်လှမ်း၍မရနိုင်ဘဲ သူက ဆန္ဒရှိသည်ဆိုလျှင်တောင် မည်သို့မည်ပုံ ဝင်ရောက်တားဆီရမလဲ မသိရှိပေ။ ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုက သူ့ဘာသာသူ ခုခံနိုင်ခဲ့လေသည်။

မီးပဒေသာနဂါးအကြီးအကဲလေး၏ အမူအရာက သုန်မှုန်ခက်ထန်လာခဲ့၏။

“အကြီးအကဲကင်းမြီးကောက်.... ပေါင်းစည်းခန္ဓာ စီနီယာတစ်ယောက်အနေနဲ့... နဂါးမျိုးနွယ်က ဂျူနီယာတစ်ယောက်ကို အခုလိုတိုက်ခိုက်ရတာ ခင်ဗျားမရှက်ဘူးလား”

“ဟီးဟီး.... “

အကြီးအကဲကင်းမြီးကောက်က ခြောက်ကပ်စွာဖြင့် ရယ်မောလိုက်၏။

“ဒါက... စမ်းသပ်ချက်သေးသေးလေးပဲ... ဒီဂျူနီယာက အဲ့ဒါကိုမခုခံနိုင်ဘူးဆိုရင် အဲ့ဒါက သုံးစားမရတဲ့ သူ့ရဲ့ကျင့်ကြံမှုကိုပဲ သူက အပြစ်တင်ရလိမ့်မယ်”

“ခင်ဗျားကတော့... ပြောရလွယ်တာပေါ့”

မီးပဒေသာနဂါးအကြီးအကဲလေးက လှောင်ရယ်လိုက်၏။

“သူက မခုခံနိုင်ခဲ့ဘူးဆိုရင် သူ့ရဲ့ကျင့်ကြံမှုက ခင်ဗျားကြောင့်ပျက်စီးသွားရဖို့များတယ်နော်”

အဲ့ဒါက ဆူဇီမို၏ရင်ကို နွေးထွေးသွားစေ၏။

သူသည် စုန်းမျိုးနွယ်မှ သခင်လေးကိုသတ်ဖြတ်ခြင်းဖြင့် ပြဿနာအကြီးကြီးရှာထားခဲ့လေပြီ...။

စုန်းမျိုးနွယ်က သူ့ကိုမေးခွန်းထုတ်လာချိန်တွင် မီးပဒေသာနဂါးအကြီးအကဲလေးက ဤမျှအတိုင်းအတာအထိ သူ့ကိုကာကွယ်ပေးလာခြင်းမှာ မီးပ​ဒေသာနဂါးမျိုးရိုးက သူ့ကိုဘယ်လောက်တန်ဖိုးထားသလဲ သိသာလေသည်။

“တော်လောက်ပြီ....”

ဦးချိုနဂါးအကြီးအကဲလုံကျုံးက လက်ကာပြလိုက်၏။

“ငါတို့က ဒီကောင်လေးကို ခေါ်လိုက်တာက အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးဖို့ပဲ.... အဲ့ဒီကိစ္စကို ခဏထားလိုက်ဦး... နောက်ပြီး သူကလည်း အဆင်ပြေနေတာပဲမလား...”

အခြားသောမျိုးရိုးသုံးခုမှ အကြီးအကဲများကလည်း ခေါင်းညိတ်လိုက်ကြ၏။ မီးပဒေသာနဂါးအကြီးအကဲလေးက အေးစက်စက်နှာတစ်ချက်မှုတ်၍ ဘာမှဆက်မပြောတော့ပေ။

အကြီးအကဲကင်းမြီးကောက်က ရယ်မောလိုက်သော်လည်း အဲ့ဒါကိုလွှတ်မချခဲ့ပေ။ ထိုအစားသူက မီးပဒေသာနဂါးအကြီးအကဲလေးကို စိုက်ကြည့်ပြီးမေးလိုက်၏။

“သူက ပျက်စီးထိခိုက်သွားမယ်ဆိုရင်ရောဘာဖြစ်လဲ... ငါတို့ရဲ့သခင်လေးက သေသွားခဲ့ပြီပဲ... မင်းတို့နဂါးတွေထဲ ဘယ်သူက အဲ့ဒီသွေးကြွေးအတွက် ပြန်ပေးဆပ်မှာလဲ”

ကမ္ဘာဦးမျိုးနွယ် ၉ စုတွင် မည်သည့်မျိုးနွယ်မှာမဆို သခင်လေးတစ်ယောက် သေဆုံးခြင်းက အလွန်ကြီးမားသည့် ကိစ္စတစ်ရပ်ဖြစ်၏။

ကမ္ဘာဦးမျိုးနွယ် ၉ စုမှ သာမန်ကလန်သားတစ်ယောက် သေဆုံးသွားမည်ဆိုလျှင်တောင် အဲ့ဒါက ကပ်ဘေးတစ်ခုကို ဆောင်ကြဥ်းပေးလာနိုင်၏။

ကမ္ဘာဦးမျိုးနွယ် ၉ စု၏ အမျက်ဒေါသစွမ်းပကားကို လွန်ခဲ့သည့်နှစ်တစ်သောင်းက မဟာချွမ်ကပ်ဘေးက သက်သေပြပေးနေ၏။

ဤကိစ္စကို ကောင်းမွန်စွာမကိုင်တွယ်နိုင်ဘူးဆိုလျှင် နဂါးမျိုးနွယ်နှင့် စုန်းမျိုးနွယ်ကြားမှာ ရန်မီးတစ်ခုစတင်လာဖို့ အခွင့်များလေသည်။

မီးပဒေသာနဂါးအကြီးအကဲလေးက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ဒီကိစ္စမှာပြောစရာတွေရှိတယ်... နောက်ပြီး ခင်ဗျားတို့ရဲ့သခင်လေးက လုံကျူးအပေါ်မှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို အရင်ထုတ်ဖော်ခဲ့တာပဲ... လုံကျူးက ပြန်လည်ခုခံတိုက်ခိုက်ရင်းနဲ့ သူ့ကိုမတော်တဆသတ်ဖြတ်မိသွားတယ်... အဲ့ဒါက တမင်မရည်ရွယ်တာ သေချာနေတာပဲ”

“အို....”

အကြီးအကဲကင်းမြီးကောက်က အေးစက်စွာပြောလိုက်၏။

“တမင်မရည်ရွယ်ဘူးတဲ့လား.... ခင်ဗျားဘက်ကတော့ ပြောရလွယ်တာပေါ့.. ကျုပ်တို့ရဲ့သခင်လေးက သေသင့်သေထိုက်တယ်လို့ နဂါးမျိုးနွယ်က ဆိုလိုချင်တာလား”

“အကြီးအကဲကင်းမြီးကောက်.... အဲ့လောက်ထိလည်း ဒေါသထွက်စရာမလိုပါဘူး”

အပြာရောင်နဂါးအကြီးအကဲက ပြောလိုက်၏။

မျိုးရိုးငါးခုမှ အကြီးအကဲများသည် အပြာရောင်နဂါးအကြီးအကဲကို ခေါင်းဆောင်အဖြစ်မှတ်ယူထားဆဲ ဖြစ်၏။ အပြာရောင်နဂါးအကြီးအကဲက ခဏမျှစဥ်းစားတွေးတောလိုက်၏။

“မီးပဒေသာနဂါးအကြီးအကဲလေးက အဲ့ဒီလိုဆိုလိုချင်တာမဟုတ်ဘူး... အဲ့ဒီမှာ နားလည်မှုလွဲသွားတယ်လို့ သူကပြောချင်ရုံပဲ”

“နားလည်မှုလွဲတာတဲ့လား...”

အကြီးအကဲကင်းမြီးကောက်က ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး သူ၏ အမူအရာက သုန်မှုန်လာခဲ့၏။

“စုန်းမျိုးနွယ်က သခင်လေးက ဧည့်သည်အနေနဲ့ နဂါးမျိုးနွယ်ကိုရောက်လာခဲ့တယ်... ဒါပေမယ့်သူကို ခင်ဗျားတို့ နဂါးမျိုးနွယ်က တစ်စုံတစ်ယောက်က ဒီနေရာမှာသတ်ဖြတ်ခဲ့တယ်... အဲ့ဒါက နားလည်မှုလွဲတာလို့ ခင်ဗျားက ကျုပ်ကိုပြောချင်နေတာလား”

“ဘာက ရယ်စရာအကောင်းဆုံးလဲ သိလား... ခင်ဗျားတို့နဂါးမျိုးနွယ်ရဲ့ ဖြေရှင်းချက်မှာ စုန်းမျိုးနွယ်ရဲ့ ကျုပ်တို့သခင်လေးက ဒီကောင်လေးကို အရင်စပြီး တိုက်ခိုင်ခဲ့တယ်ဆိုတာပဲ... အဲ့လိုဆိုရင် ကျုပ်မေးပါရစေ... ကျုပ်တို့သခင်လေးက နဂါးအရိုးတောင်ကြားကိုလာပြီး နဂါးတစ်ကောင်ကို ဘာအကြောင်းကြောင့် သတ်ဖြတ်ဖို့ ကြိုးစားရမှာလဲ”

All Chapters