နဂါးမျိုးနွယ်က ဦးမညွတ်ရဘူး
Vol. 80 Ch. 1195
အကြီးအကဲ ကင်းမြီးကောက်က စိတ်ထဲကနေ ချီးကျူးလိုက်၏။
ဝူကျဲ၏ စိန်ခေါ်မှုသည် မဆင်မခြင်ပြုရာကျသည်ဟု ထင်ရသော်လည်း အဲဒါက သူတို့အတွက် အကျိုးအမြတ်ရှိမည့် အခြေအနေတစ်ရပ် ဖြစ်လေသည်။
ဝူကျဲသည် စုန်းမျိုးနွယ်တွင် မူလနတ္ထိအဆင့် ထိပ်တန်းပြိုင်စံရှားများထဲမှ တစ်ယောက်ဖြစ်လေသည်။
မဟုတ်ပါက သူသည် ဤခရီးစဉ်သို့ အကြီးအကဲ ကင်းမြီးကောက်နှင့်အတူ လိုက်ပါဖို့ အဆင့်မီလိမ့်မည် မဟုတ်ပေ။
နှစ်ဖက်စလုံး တိုက်ခိုက်ကြမည်ဆိုလျှင် ဝူကျဲသည် အခွင့်အလမ်းကို ချိန်ဆပြီး လုံကျူးကို သတ်ဖြတ်နိုင်ပါက အကောင်းဆုံးဖြစ်လေသည်။ အဲဒါက သူတို့သခင်လေးအတွက် လက်စားချေပြီးသား ဖြစ်သွားပေလိမ့်မည်။
သူတို့နှစ်ယောက်က လွန်ဆွဲသည့် အခြေအနေတစ်ရပ်မှာ ရှိနေမည်ဆိုလျှင် အချီအနည်းငယ်အပြီး၌ သူသည် ရှေ့သို့ထွက်ရပ်ပြီး နဂါးမျိုးနွယ်ကို စွပ်စွဲပြောဆိုနိုင်ပေလိမ့်မည်။
လုံကျူးသည် အချီအနည်းငယ်အတွင်း ဝူကျဲကို မဖိနှိမ်နိုင်ဘူးဆိုလျှင် သူက စုန်းမျိုးနွယ်မှ သခင်လေးကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်နိုင်ပါ့မလဲ။
နဂါးမျိုးနွယ်သည် စုန်းမျိုးနွယ်မှ သခင်လေးကို လုပ်ကြံသတ်ဖြတ်ပြီး အမှန်တရားကိုပင် တမင်ရည်ရွယ်၍ ဖုံးကွယ်ထားခဲ့သည်လား။ ထိုအကြောင်းသာ အမှန်ဆိုလျှင် စုန်းမျိုးနွယ်က စစ်ပွဲတစ်ခုကို စတင်ဖို့ လုံလောက်လေသည်။
ထိုအချိန်ကျလျှင်.. နဂါးမျိုးနွယ်သည် အဆက်အနွယ်တောကောင်တစ်ကောင်အတွက် စုန်းမျိုးနွယ်နှင့် စစ်ပွဲတစ်ခုကို ရင်ဆိုင်စေစရာ အကြောင်းမရှိပေ။
“အဲဒါက အသေအကြေ တိုက်ခိုက်ကြဖို့ လိုလို့လား”
မီးပဒေသာနဂါးအကြီးအကဲက မျက်မှောင် အနည်းငယ်ကြုတ်၍ မေးလိုက်၏။
အကြီးအကဲ ကင်းမြီးကောက်က မဲ့ပြုံးတစ်ချက်ပြုံး၍ ပြန်မေးလိုက်လေသည်။
“အဲဒါက ဂျူနီယာတွေကြားက ပြဿနာတစ်ရပ်ပဲ.. ခင်ဗျားက ဘာကို စိုးရိမ်နေတာလဲ.. ခင်ဗျားက စိတ်ထဲမှာ မလုံလို့လား”
“ဟားဟား”
မီးပဒေသာနဂါးအကြီးအကဲ ၄ က အော်ဟစ်ရယ်မော၍ ထိုသူကို အရူးတစ်ယောက်သာဟု စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
သူက စိုးရိမ်ပူပန်နေ၏။
သို့သော်လည်း သူက ဆူဇီမိုကို စိုးရိမ်ပူပန်နေခြင်း မဟုတ်ပေ။ သူက ဝူကျဲသည် ဆူဇီမို၏ လှုပ်ရှားကွက်တစ်ကွက်နှင့် သတ်ဖြတ်ခံလိုက်ရမှာကို စိုးရိမ်နေခြင်းဖြစ်၏။
ထိုအခါ.. လူတိုင်း၏ ရှေ့မှောက်မှာ နောက်ထပ် စုန်းမျိုးနွယ်တစ်ယောက်က သေဆုံးသွားမည်ဆိုလျှင် အခြေအနေက ပိုမိုဆိုးရွားလာနိုင်လေသည်။
“နဂါးမျိုးနွယ်က ကန့်ကွက်မှု မရှိဘူးဆိုမှတော့.. ကျုပ်တို့က တချို့အရာတွေကို တစ်ခါတည်းရှင်းအောင် ပြောထားရမယ်”
အကြီးအကဲ ကင်းမြီးကောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒါက လူငယ်မျိုးဆက်ကြားက တိုက်ပွဲတစ်ပွဲဆိုမှတော့.. စီနီယာတွေအနေနဲ့ ကျုပ်တို့က ဝင်ပါစရာ အကြောင်းမရှိဘူး.. ခင်ဗျားတို့ရော ဘယ်လိုထင်လဲ”
“ရတယ်လေ”
အပြာရောင်နဂါးအကြီးအကဲက ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပြီ”
အကြီးအကဲ ကင်းမြီးကောက်က ဘေးသို့ တစ်ချက်ကြည့်လိုက်၏။
“ဝူကျဲ.. ဆက်လုပ်”
ဝူကျဲသည် မောက်မာသော အမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး ဆူဇီမိုကို အော်ပြောလိုက်၏။
“ကောင်စုတ်.. မင်းက ဘာလို့ ဘာမှ မပြောတာလဲ.. မင်းက ကြောက်နေတာလား”
“မလောပါနဲ့လေ”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“မင်းရဲ့ သခင်လေးနဲ့ တွေ့ဖို့အတွက် အခုချက်ချင်းပဲ ငါ မင်းကို ပို့ပေးမယ်”
သူ့စကား မဆုံးသေးခင်မှာပင်.. ဆူဇီမို၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သေမင်းနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား အလွန်ကြီးမားသည့် အော်ရာတစ်ခုနှင့်အတူ သူက ဝူကျဲရှေ့သို့ ဖျတ်ခနဲ ရောက်ရှိသွား၏။
“မင်း..”
ဝူကျဲ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
ဆူဇီမိုသည် ဤမျှအထိ သန်မာပြီး သူ၏အမြန်နှုန်းက ဤမျှအထိ ကြောက်စရာကောင်းနေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
အဲဒါက အရမ်းကို မြန်ဆန်လွန်းလေသည်။
ဆူဇီမို၏ သွေးချီနှင့် ကိုယ်ကာယက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ..။
အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပြီး ၎င်းကို နဂါးသွေးနှင့် ပေါင်းစည်းပြီးနောက်.. သူသည် ပေသုံးလေးဆယ် အကွာအဝေးကို လျှပ်တစ်ပြက်အတွင်း ခုန်ကူးနိုင်လေသည်။
ခန်းမထဲတွင် ဝူကျဲက သူ၏စိတ်ကို လျှော့ချလိုက်သည့် ခဏမှာပင် ဆူဇီမိုက သူ့ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ဖောင်း..
ထိုးချက်တစ်ချက်..
ဝူကျဲ၏ ဦးခေါင်းက နေရာမှာပင် ပေါက်ကွဲထွက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရ၏။
လုံစန်း၏ မျက်ရစ်က ဆတ်ခနဲ လှုပ်သွား၏။
မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲ ၄ အပြင် အခြားသော အကြီးအကဲ ၄ ယောက်သည်လည်း ကြောင်အ,မှင်တက်သွားကြ၏။
အကြီးအကဲ ကင်းမြီးကောက်သည် သူ၏ထိုင်ခုံမှာ ပြန်ထိုင်ပြီး တိုက်ပွဲကို အေးအေးဆေးဆေး စောင့်ကြည့်ဖို့ ပြင်လိုက်၏။
သို့သော်လည်း.. သူ ဖင်ထိုင်မချခင်မှာပင် တိုက်ပွဲက အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
စောစောကတင် အသက်ရှင်နေခဲ့သော ဝူကျဲသည် ယခုအခါ ဦးခေါင်းမဲ့ အလောင်းတစ်လောင်း ဖြစ်သွားခဲ့လေပြီ။
အကြီးအကဲ ကင်းမြီးကောက်က အရာရာတိုင်းကို စီစဉ်နေခဲ့၏။
တကယ်ဆို.. ဝူကျဲ အရေးနိမ့်လာလျှင် သူက မည်သို့မည်ပုံ ဟန့်တားရမည်အတွက်ပင် ပြင်ဆင်ထားခဲ့လေသည်။
သို့သော်လည်း ဝူကျဲက တစ်ချီအတွင်း သတ်ဖြတ်ခံလိုက်ရလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
အဲဒါထက်.. ဤတိုက်ပွဲက တစ်ချီဝက်သာ ကြာမြင့်သည်ဟု သတ်မှတ်နိုင်ပြီး ဝူကျဲသည် လုံးဝ ပြန်လည်ခုခံနိုင်ခဲ့ခြင်း မရှိပေ။
တကယ်ဆို.. သူတို့နှစ်ယောက်အကြား အကွာအဝေးတစ်ခု ခြားနားပြီး ဝူကျဲသည် သတိရှိနေမည်ဆိုလျှင် သူ့အနေဖြင့် လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခံရချင်မှ ခံရပေလိမ့်မည်။ အနည်းဆုံးတော့ ထိုသို့လုပ်ဖို့ဆိုလျှင် ဆူဇီမိုသည် အရည်အသွေးမြင့်မားသည့် လှုပ်ရှားကွက်တစ်ခုခုကို ထုတ်ဖော်ရပေလိမ့်မည်။
ဝူကျဲသည် ဘာပဲပြောပြော စုန်းမျိုးနွယ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။ သူ၏ ခွန်အားကုန်နှင့် စုန်းမျိုးနွယ်၏ များစွာသော လျှို့ဝှက်အတတ်များကို ထုတ်ဖော်တိုက်ခိုက်သည်နှင့်အမျှ သူသည် ဆူဇီမို၏ တိုက်ခိုက်မှုများကို ခုခံနိုင်ပေလိမ့်မည်။
ယခုအချိန်မှာတော့ သူ့တွင် ထိုအခွင့်အရေး ဆက်မရှိတော့ပေ။
အကြီးအကဲ ကင်းမြီးကောက်က ဆူဇီမိုကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
မီးပဒေသာနဂါးအကြီးအကဲ ၄ က ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာပြီး သူ့ကို ကာကွယ်ပေးလိုက်၏။
“အဲဒါက အသေအကြေ တိုက်ခိုက်စရာ မလိုဘူးလို့ ငါ မင်းကို သတိပေးခဲ့ပြီးသားပဲ”
အကြီးအကဲ ကင်းမြီးကောက်က အတန်ကြာသည်အထိ သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်ပြီး နောက်ဆုံးမှာ သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်၏။
“နဂါးမျိုးနွယ်.. ခင်ဗျားတို့က ကျုပ်ကို ဖြေရှင်းချက်တစ်ခု မပေးတော့ဘူးလား”
“ခင်ဗျားက ဘာဖြေရှင်းချက် လိုချင်လို့လဲ.. အဲဒီလူက သူ့ဘာသာ သေချင်နေခဲ့တာ ဘယ်သူ့ကို အပြစ်သွားတင်ရမှာလဲ”
မီးပဒေသာနဂါးအကြီးအကဲ ၄ က လှောင်ရယ်လိုက်၏။
အကြီးအကဲ ကင်းမြီးကောက်က ခေါင်းခါပြလိုက်၏။
“ကျုပ်က အဲဒီကိစ္စကို ဂရုမစိုက်တော့ဘူး.. ကျုပ်တို့ မျိုးနွယ်ရဲ့ သခင်လေးက နဂါးအရိုးတောင်ကြားမှာ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ သေသွားခဲ့တယ်ဆိုတာကိုပဲ ကျုပ်သိတယ်.. ကျုပ်က ခင်ဗျားတို့ဆီက ဖြေရှင်းချက်တစ်ခု တောင်းခံဖို့ ရောက်လာခဲ့တာ.. ဒါတောင် ခင်ဗျားတို့တွေက ကျုပ်တို့ မျိုးနွယ်ဝင်တစ်ယောက်ကို ထပ်ပြီး သတ်ဖြတ်လိုက်သေးတယ်”
“ဒီစကားတွေသာ ပျံ့နှံ့သွားရင်.. စုန်းမျိုးနွယ်က ဘယ်လိုတုံ့ပြန်လာလိမ့်မယ်လို့ ခင်ဗျားတို့ ထင်လို့လဲ”
အကြီးအကဲ ကင်းမြီးကောက်က ခက်ထန်စွာဖြင့် ပြောလိုက်၏။
“မသန့်စင်တဲ့ မျိုးဆက်သွေးနဲ့ အဆက်အနွယ်တောကောင်တစ်ကောင်အတွက် နဂါးမျိုးနွယ်က စုန်းမျိုးနွယ်နဲ့ စစ်ပွဲတစ်ခု ဆင်နွှဲချင်နေတာလား”
မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲ ၄ အပြင် အခြားသော မျိုးရိုး ၄ ခုမှ အကြီးအကဲများက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ဦးချိုနဂါးအကြီးအကဲ လုံကျုံးသည် အစကတည်းက ဆူဇီမိုနှင့် အတိုက်အခံ ဖြစ်ထားခဲ့လေသည်။
အခြားသော မျိုးရိုး ၃ ခုမှ အကြီးအကဲများသည်လည်း ဆူဇီမိုအပေါ် ခံစားချက်များစွာ မရှိကြပေ။
ဆူဇီမိုသည် လွန်ခဲ့သည့် ၁၁ နှစ်ကမှ နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်လာခဲ့လေသည်။
လွန်ခဲ့သည့် ၁၁ နှစ်ကမှ နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်လာသော အဆက်အနွယ် တောကောင်တစ်ကောင်အတွက် သူတို့သည် စုန်းမျိုးနွယ်နှင့် စစ်ပွဲတစ်ခု ဆင်နွှဲဖို့ ထိုက်တန်ပါ့မလား..။
အဲဒါက ရယ်စရာကောင်းလေသည်။
နဂါးမျိုးနွယ်သည် သူတို့အမျိုးကိုယ်သူတို့ ကာကွယ်ပေးတတ်ကြသော်လည်း ဤမျှအထိတော့ မိုက်မဲရာကျလိမ့်မည် မဟုတ်ပေ။
“တကယ်ပဲ လုံကျူးရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူး.. သူက အစကတည်းက နဂါးအရိုးတောင်ကြားကို ဝင်ရောက်ဖို့ အခွင့်မရှိဘူး”
လုံကျုံးက ပြောလိုက်၏။
“ငါတို့က သူ့ကို နဂါးအရိုးတောင်ကြားမှာ ကျင့်ကြံခွင့်ပေးခဲ့တာကတင်.. သူ့ကို လုံလောက်တဲ့ မျက်နှာသာပေးထားခဲ့ပြီးပြီ.. သူက နောက်ထပ်ပြဿနာတွေ ဆက်မရှာဘူးလို့ ဘယ်သူပြောနိုင်မလဲ.. ဒီလို အဆက်အနွယ်တောကောင်တစ်ကောင်အတွက် ငါတို့က စုန်းမျိုးနွယ်နဲ့ ရန်ငြိုးရန်စပွားစရာ တကယ်မလိုဘူး”
အပြာရောင်နဂါးအကြီးအကဲ၊ တောင်ပံနဂါးအကြီးအကဲနှင့် ဦးချိုမဲ့နဂါးအကြီးအကဲတို့ကပါ ယိမ်းယိုင်လာခဲ့ကြ၏။
“အဓိပ္ပာယ်မရှိတာကွာ”
မီးပဒေသာနဂါးအကြီးအကဲ ၄ က ကြမ်းကြုတ်ခက်ထန်သော စိတ်နေစရိုက်ရှိပြီး အော်ပြောလိုက်၏။
“သူ့ရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူးဆိုရင်တောင် သူက မီးပဒေသာနဂါးမျိုးရိုးရဲ့ သခင်လေးဖြစ်နေတုန်းပဲ.. ဘယ်သူကမှ သူ့ကို သေခိုင်းလို့ မရဘူး”
“မီးပဒေသာအကြီးအကဲ ၄.. အဆက်အနွယ်တောကောင်တစ်ကောင်ကြောင့် နဂါးမျိုးနွယ်တစ်ခုလုံး ဒုက္ခရောက်မယ့်အဖြစ်ကို ခင်ဗျားက တာဝန်ယူပေးနိုင်မယ်လို့ ထင်လို့လား”
လုံကျုံးက အော်ဟစ်ပြောဆိုလိုက်၏။
“မင်းမေကြီးကို တာဝန်ယူပေးရမှာလား.. မင်းက ငါနဲ့ တိုက်ခိုက်ချင်လို့လား”
မီးပဒေသာနဂါးအကြီးအကဲ ၄ က အော်ဟစ်ကျိန်ဆဲလိုက်၏။
“မင်း..”
လုံကျုံးက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ လေထဲသို့ ခုန်တက်လိုက်၏။
“စိတ်ဝင်စားစရာပဲ”
အကြီးအကဲ ကင်းမြီးကောက်က သူ၏လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ပြီး ရယ်မောလိုက်၏။
“ကမ္ဘာဦးမျိုးနွယ် ၉ စုမှာ နဂါးမျိုးနွယ်က အဆက်အနွယ်တောကောင်တစ်ကောင်အတွက်နဲ့ အခုလို တိုက်ခိုက်နေကြတာ တကယ့်ကို ရှားရှားပါးပါး မြင်ကွင်းပဲ”
“ခင်ဗျားတို့နှစ်ယောက် စိတ်ကို လျှော့ကြစမ်းပါ.. တခြားလူတွေအတွက် ရယ်စရာမဖြစ်စေနဲ့”
အပြာရောင်နဂါးအကြီးအကဲက မျက်မှောင်ကြုတ်လိုက်၏။
ခဏမျှ ငြိမ်သက်နေပြီးနောက်.. သူက ဘေးဘက်သို့ တစ်ချက်ကြည့်ကာ မေးလိုက်၏။
“လုံစန်း.. မင်းရော ဘယ်လိုထင်လဲ”
“မရဘူး”
လုံစန်းက ဆူဇီမိုကို တစ်ချက်ကြည့်ပြီး ခိုင်မာစွာ ပြောလိုက်၏။
“သူက သာမန်အဆက်အနွယ် မဟုတ်ဘူး.. သူက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်.. ဘယ်လိုကြောင့် သူ့အသက်နဲ့ ပြန်ပေးဆပ်နိုင်ရမှာလဲ”
“နဂါးမျိုးနွယ်က ဘယ်တော့မှ ဦးမညွှတ်ရဘူး”
လက်သည်းငါးဖက် နဂါးတစ်ကောင်အနေဖြင့် လုံစန်း၏ စကားက အတော်လေး အရာရောက်လေသည်။
သူက ဆူဇီမိုနှင့် အတိုက်အခံဖြစ်ခဲ့သည် ဆိုလျှင်တောင် သူက နဂါးမျိုးနွယ်ဘက်ကနေသာ ရပ်တည်မည်ဖြစ်၏။
“ဘာပဲဖြစ်ဖြစ်.. ခင်ဗျားတို့တွေက စုန်းမျိုးနွယ်ကို ဖြေရှင်းချက်တစ်ခုပေးဖို့ အကြွေးတင်နေတယ်”
အကြီးအကဲ ကင်းမြီးကောက်က ပြောလိုက်၏။
“ကျုပ်တို့ သခင်လေးနဲ့ ကလန်သားတစ်ယောက်က အဆက်အနွယ်တောကောင်တစ်ကောင်ရဲ့ လက်ထဲမှာ သေခဲ့ရတယ်.. နဂါးမျိုးနွယ်က ကျုပ်ကို လက်ဗလာနဲ့ ပြန်သွားစေချင်လို့လား”
အပြာရောင်နဂါးအကြီးအကဲက မေးလိုက်၏။
“ခင်ဗျား ဘာလိုချင်လို့လဲ”
အကြီးအကဲ ကင်းမြီးကောက်က မှင်သေသေဖြင့် ပြောလိုက်၏။
“ဒီလိုဆိုမှတော့.. ကျုပ်က အပေးအယူတစ်ခု လုပ်ရတော့မှာပေါ့.. ကျုပ်က သူ့ရဲ့ ညာဘက်လက်ကို ဖြတ်ပြီး ဖြေရှင်းချက်တစ်ခုအနေနဲ့ စုန်းမျိုးနွယ်ကို ပြန်ယူသွားရမယ်”
အပြာရောင်နဂါးအကြီးအကဲနှင့် အခြားသူများက နောက်ဆုံးမှာ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
လုံကျူး၏ လက်တစ်ဖက်ကို ဆုံးရှုံးရခြင်းက နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် အပေးအယူတစ်ခု ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် စုန်းမျိုးနွယ်နှင့် စစ်ပွဲကိုလည်း ရှောင်ရှားနိုင်ပေလိမ့်မည်။ အဲဒါက အားလုံးကို စိတ်ကျေနပ်စေမည့် အကောင်းဆုံးရလဒ် ဖြစ်လေသည်။
ဘာပဲပြောပြော.. စုန်းမျိုးနွယ်မှ သခင်လေး၏ သေဆုံးမှုသည် သေးငယ်သော ကိစ္စတစ်ရပ် မဟုတ်ပေ။
နဂါးမျိုးနွယ်မှ သခင်လေးသည် စုန်းမျိုးနွယ်၏ နယ်မြေထဲမှာ သေသွားခဲ့မည်ဆိုလျှင် နဂါးမျိုးနွယ်ကလည်း အဲဒါကို အလွယ်တကူ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ဤတစ်ကြိမ်မှာတော့ မီးပဒေသာနဂါးအကြီးအကဲ ၄ ပင်လျှင် ဘာမှ ဆက်မပြောတော့ပေ။