ထင်ရာစိုင်းသော လှုပ်ရှားကွက်
Vol. 80 Ch. 1196
ဤနေရာအရောက်တွင် မီးပဒေသာနဂါးအကြီးအကဲလေးက ဆက်လက်၍ခေါင်းမာခြင်း မရှိတော့ပေ။
လက်တစ်ဖက်ကို သုံးပြီး စုန်းမျိုးနွယ်မှသခင်လေး၏ အသက်ကို အလျော်ပေးကာ စစ်ပွဲတစ်ခုကို ရှောင်လွှဲနိုင်ခြင်းသည် အကောင်းဆုံးအဖြေဖြစ်လေသည်။
“ကလေး... မင်းက နည်းနည်းတော့ ထိခိုက်ခံစားရလိမ့်မယ်”
မီးပဒေသာနဂါးအကြီးအကဲလေးက သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
အပြာရောင်နဂါးအကြီးအကဲက ပြောလိုက်၏။
“လုံကျူး... မင်းရဲ့လက်ကိုဖြတ်လိုက်ပါ... ပြီးရင် သွားပြီးတော့ ကောင်းကောင်းအားပြန်ဖြည့်လိုက် တခြားဘာမှမရှိဘူးဆိုရင် အခုကစပြီးတော့ အပြင်ကိုထွက်မလာနဲ့တော့”
“ခင်ဗျားက ကျုပ်လက်ကို လိုချင်တာလား...”
ဆူဇီမိုက ပြုံး၍ဖြည်းဖြည်းချင်းပြောလိုက်၏။
“မရဘူး....”
“ဟမ်.....”
အပြာရောင်နဂါးအကြီးအကဲနှင့် အခြားသူများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။ လက်ရှိအခြေအနေသည် လုံကျူးအတွက် သူတို့လုပ်ပေးနိုင်သော အကောင်းဆုံးအရာဖြစ်လေသည်။ သူက အဲ့ဒါကိုမှ စိတ်ကျေနပ်မှုမရှိသေးလျှင် ကျေးဇူးမသိတတ်ရာကျလေသည်။
လုံးကျုံးကလှောင်ရယ်လိုက်၏။
“အဲ့ဒါက မင်းဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘူး.... မင်းကိုယ်မင်းဘယ်သူဆိုတာ မေ့မသွားလိုက်နဲ့”
ဦးချိုမဲ့နဂါးအကြီးအကဲက သူ၏ခေါင်းကို ညင်သာစွာခါပြီး ပြောလိုက်လေသည်။
“ကလေး.... ဘာမှမပူနဲ့... လက်တစ်ဖက်ဆုံးရှုံးရတာက မင်းရဲ့တိုက်ခိုက်ရည်ခွန်အားအပေါ် တစ်နည်းတစ်ဖုံ သက်ရောက်စေမှာဆိုပေမယ့်လို့... မင်းက နဂါးအရိုးတောင်ကြားမှာ ရှိနေသရွေ့ ဘာအန္တရာယ်မှ ကြုံတွေ့ရမှာ မဟုတ်ဘူး”
“မင်းက ဆက်လက်ကျင့်ကြံပြီး ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် မင်းရဲ့လက်က ပြန်ပေါက်လာလိမ့်မယ်....”
“အဲ့ဒါကို ကျုပ်နားလည်ပါတယ်”
ဆူဇီမိုက ခေါင်းညိတ်၍ စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါပေမယ့်လို့... ခင်ဗျားတို့က ကျုပ်လက်ကိုလိုချင်တာဆိုရင် အဲ့ဒါက မဖြစ်နိုင်ဘူး”
နတ်ဖီးနစ်အရိုးက သူ၏ညာဘက်လက်ထဲမှာရှိလေသည်။ သူက အဲ့ဒါကိုဖြတ်တောက်ပြီး စုန်းမျိုးနွယ်ကို ဘယ်လိုကြောင့်ပေးနိုင်ပါ့မလဲ...။
“စိတ်ဝင်စားစရာပဲ”
အကြီးအကဲကင်းမြီးကောက်က ရယ်မောလိုက်၏။
“ကျုပ်အထင်တော့... ဒီကောင်လေးရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူး... သူက ပြင်ပမျိုးနွယ်က တစ်စုံတစ်ယောက်လို့တောင် သတ်မှတ်လို့ရတယ်.... သူက နဂါးမျိုးနွယ်ရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း လုံးဝဂရုမစိုက်ဘူး”
“သူက အဲ့ဒါကို လုပ်နေတာ... ကျုပ်တို့မျိုးနွယ်စုနှစ်စုကြားမှာ ရန်စမီးတစ်ခုပွားပေးချင်လို့လို့ ကျုပ်ကတော့ ထင်မိတယ်..”
ထိုစကားလုံးများက အလွန်တရာအန္တရာယ်များလေသည်။
မီးပဒေသာနဂါးအကြီးအကဲလေးကလွဲလျှင် နဂါးမျိုးနွယ်မှ အခြားသောအကြီးအကဲများသည် အိုးတိုးအမ်းတမ်းအမူအရာများရှိလာကြ၏။
လူတိုင်းသည် မျိုးနွယ်မတူသော မည်သူကိုမဆို စိုးရိမ်ပူပန်ရလေသည်။
သူတို့က အဲ့ဒါကိုအခုချိန်မှာ မယုံကြဘူးဆိုလျှင်တောင် သံသယမျိုးစေ့တစ်ခုကို စိုက်ပျိုးပြီးသွားခဲ့လေပြီ...။
ဒါ့အပြင် ဆူဇီမို၏ နောက်ခံက ရှင်းလင်းစွာ မသိရဘဲ အစကတည်းက သံသယဝင်စရာကောင်းနေ၏။
စုန်းမျိုးနွယ်၏ နည်းလမ်းများက တိုက်ခိုက်ခြင်းမှာသာ အသုံးဝင်သည်မဟုတ်ပေ။
စကားလုံးများနှင့်ပင် အဲ့ဒါက သတ်ဖြတ်ခြင်းစွမ်းအားကို သယ်ဆောင်ပေးနိုင်လေသည်။
လုံကျုံးက အေးစက်စွာဖြင့် ပြောလိုက်၏။
“မင်းက... အဲ့ဒီလျှို့ဝှက်အတတ်တွေကို အရင်တုန်းက ထုတ်မပေးကတည်းက ငါက တစ်ခုခုလွဲနေတယ်ဆိုတာသိတယ်... အခု မင်းက ငါတို့ အကြီးအကဲတွေရဲ့ အမိန့်ကိုပါ ဆန့်ကျင်ဖို့ကြိုးစားနေပြီပေါ့လေ”
“မင်းရဲ့လက်ကို မင်းဘာသာမဖြတ်ဘူးဆိုလည်း ငါကိုယ်တိုင်လုပ်ပေးရမှာပေါ့”
လုံကျုံးက ရှေ့သို့တက်လှမ်းပြီး ပေါင်းစည်းခန္ဓာတစ်ယောက်၏ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်ကာ ဆူဇီမို၏ ညာဘက်လက်ကို ဖမ်းဆွဲလိုက်၏။
ဘန်း.....
ပုံရိပ်တစ်ခုက လှစ်ခနဲပြေးထွက်လာပြီး လုံကျုံး၏ လက်ကိုရိုက်ထုတ်လိုက်၏။
လုံကျုံးက နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ရ၏။
အချိန်မီဝင်ရောက်ပြီး ဆူဇီမိုကိုကာကွယ်ပေးခဲ့သူမှာ မီးပဒေသာနဂါးအကြီးအကဲလေး ဖြစ်လေသည်။
“မီးပဒေသာအကြီးအကဲ-၄.... မင်းက ဘာလုပ်နေတာလဲ... မင်းက ဒီကောင်လေးကို ကာကွယ်ပေးချင်နေတုန်းလား...”
လုံကျုံးက စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး အော်ဟစ်ပြောဆိုလိုက်၏။ အပြာရောင်နဂါးအကြီးအကဲကလည်း မျက်မှောင်ကြုတ်လိုက်လေသည်။
“မီးပဒေသာအကြီးအကဲ-၄..... ခင်ဗျားက သူ့ကို ကာကွယ်ပေးလွန်းနေတယ်”
မီးပဒေသာနဂါးအကြီးအကဲသည် လက်ရှိအခြေအနေကို သူက ဆက်လက်၍ မကိုင်တွယ်နိုင်တော့ဘူးဆိုတာကို ကောင်းကောင်းသိလိုက်၏။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်လေသည်။
“ကျုပ်က... ဆုံးဖြတ်ချက်တစ်ခုမချခင် မီးပဒေသာနဂါးမျိုးရိုးက မဟာအကြီးအကဲကို သတင်းပို့ရမယ်...”
“ဒီလိုကိစ္စအတွက်နဲ့ မဟာအကြီးအကဲကို အနှောက်အယှက်ပေးဖို့ လိုလို့လား...”
တောင်ပံနဂါးအကြီးအကဲက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်၏။ မျိုးရိုးငါးခုမှ မဟာအကြီးအကဲများသည် နဂါးမျိုးနွယ်တွင် အတွေ့ကြုံ အကြွယ်ဝဆုံး တည်ရှိမှုများဖြစ်ပြီး မြင့်မြတ်သော ဂုဏ်အဆင့်အတန်းကို ပိုင်ဆိုင်ထားကြ၏။ သူတို့က အလွယ်တကူပေါ်ထွက်မလာတတ်ကြပေ။
“လုံကျူး... အခြားသူတွေကို အခက်တွေ့အောင်လုပ်မနေနဲ့တော့”
ထိုအခိုက်အတန့်တွင် လုံစန်းကလည်း မတ်တတ်ထရပ်လာခဲ့၏။
ဆူဇီမိုက ပြုံးလိုက်၏။
“နဂါးမျိုးနွယ်က ဘယ်တော့မှ ဦးမညွှတ်ရဘူး.... စောစောကတင် မင်းပြောခဲ့တဲ့စကားကို အခုပဲ မေ့သွားပြီလား...”
လုံစန်းက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အဲ့ဒါက ဦးညွှတ်တာ မဟုတ်ဘူး... အဲ့ဒါက ခြေတစ်လှမ်းနောက်ဆုတ်ပေးရုံပဲ”
“အို.....”
ဆူဇီမိုက ပြန်လည်မေးလိုက်၏။
“မင်းဆိုရင်ရော... မင်းရဲ့လက်ကိုဖြတ်ပေးဖို့ သဘောတူမှာလား”
“ဟင်းဟင်း...”
လုံစန်းက ပြုံးလိုက်၏။
“လုံကျုး... မင်းက ငါ့ကို စိတ်ပျက်စေတာပဲ... မင်းမှာ ကောင်းမွန်တဲ့ပါရမီအရည်အချင်းနဲ့ အကန့်အသတ်မဲ့တဲ့ အနာဂတ်အလားအလာရှိတယ်... ဒါပေမယ့် မင်းက ငါနဲ့ယှဥ်ဖို့ အဆင့်မမီဘူး”
ခဏမျှရပ်တန့်ပြီးနောက် သူက ဝံ့ကြွားစွာဖြင့် ကြေညာလိုက်၏။
“ငါမင်းကို ပြောလိုက်မယ်... ငါ့ရဲ့လက်တစ်ဖက်ကို မပြောနဲ့ ငါ့ရဲ့လက်ချောင်းတစ်ချောင်းကိုတောင် ဖြတ်ပေးမှာမဟုတ်ဘူး... နောက်ပြီး ငါ့ရဲ့လက်ကိုဖြတ်ဖို့ ဘယ်နဂါးကမှလည်း အဆင့်မမီဘူး… ဘာလို့လဲဆိုတော့ ငါက နဂါးမျိုးနွယ်ရဲ့ သခင်လေးဖြစ်ပြီး... မျိုးနွယ်စုငါးစုကို ဦးဆောင်မှာမို့လို့ပဲ”
“မင်းက အခုချိန်ထိ သခင်လေးမဖြစ်သေးတာကိုတော့ ငါသိတယ်...”
ဆူဇီမိုက ညင်သာစွာပြုံးလိုက်၏။
“အဲ့ဒါက ဘာများကွာခြားလို့လဲ...” လုံစန်းက မှင်သေသေဖြင့် ပြန်ပြောလိုက်၏။
“ငါက နဂါးမျိုးနွယ်မှာ တစ်ဦးတည်းသော လက်သည်းလေးဖက်နတ်နဂါးပဲ... ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်.... နဂါးမျိုးနွယ်ရဲ့ အခမ်းအနားပွဲတစ်ခုကျင်းပတာနဲ့ ငါက သခင်လေးဘွဲ့ကို ခံယူရလိမ့်မယ်... အဲ့ဒါက အခမ်းအနားပွဲတစ်ခု မကျင်ပရသေးတာပဲရှိတယ်”
အဲ့ဒါက အမှန်တရားပင်ဖြစ်လေသည်။
အကြီးအကဲများအပါအဝင် နဂါးတိုင်းနီးပါးသည် လုံစန်းကို နဂါးမျိုးနွယ်၏ သခင်လေးအဖြစ် အသိအမှတ်ပြုထားခဲ့ကြပြီဖြစ်၏။
သို့သော်လည်း စည်းမျဥ်းစည်းကမ်းအရ ထိုဘွဲ့ကို ပေးအပ်ချီးမြင့်ဖို့အတွက် နဂါးမျိုးနွယ်၏ အခမ်းအနားပွဲတစ်ခုကို စောင့်ဆိုင်းရပေလိမ့်မည်။ ထိုပွဲတွင် သခင်လေးကိုဆုံးဖြတ်ဖို့အတွက် မျိုးနွယ်အတွင်း ယှဥ်ပြိုင်တိုက်ခိုက်သည့် တိုက်ပွဲတစ်ခုကျင်းပပေးရပေလိမ့်မည်။
သို့သော်လည်း ဒီဘက်မျိုးဆက်တွင် လုံစန်း၏ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်သော မည်သူတစ်ဦးတစ်ယောက်မှမရှိပေ။
တကယ်ဆို နဂါးမျိုးနွယ် အခမ်းအနားပွဲသို့ ရောက်ရှိလျှင် မည့်သည့်နဂါးကမှ သူ့ကို စိန်ခေါ်တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။
အဲ့ဒါကြောင့် လုံစန်းသည် သခင်လေးဘွဲ့ကို ခံယူဖို့အတွက် အခမ်းအနားပွဲတော်တစ်ခုမျှသာ လိုအပ်လေသည်။
ဆူဇီမိုက ပြောလိုက်၏။
“တစ်နည်းအားဖြင့် ပြောရရင် ငါက နဂါးမျိုးနွယ်ရဲ့ သခင်လေးဖြစ်လာမယ်ဆိုရင် မင်းတို့တွေက ငါ့လက်ကို ဖြတ်ဖို့ အဆင့်မီမှာ မဟုတ်ဘူးပေါ့”
လုံစန်းက ရယ်မောလိုက်လေသည်။
“ကောင်းတယ်ကွာ... မင်းက ငါ့ကိုစိန်ခေါ်ချင်တယ်ပေါ့လေ... မင်းရဲ့သတ္တိကို ငါချီးကျူးပါတယ်... ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ မင်းက အဆင့်မမီပြန်ဘူး...”
“မင်းက ဓမ္မဝိသေသအဆင့်ထိရောက်အောင်ကျင့်ကြံပြီးမှပဲ... နဂါးမျိုးနွယ်ရဲ့ သခင်လေးနေရာအတွက် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မယ်... အခုချိန်မှာတော့ မင်းက အဲ့ဒီအဆင့်ကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်”
နဂါးမျိုးနွယ်၏ စည်းမျဥ်းစည်းကမ်းအရ အဆင့်တူချင်းမှသာ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ကြလေသည်။
ဆူဇီမိုက မူလနတ္ထိအဆင့်ဖြစ်ပြီး လုံစန်းက ဓမ္မဝိသေသအဆင့်မှာရှိလေသည်။
“ဓမ္မဝိသေသအဆင့်လား....”
ဆူဇီမိုက ခဏမျှစဥ်းစားပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“အဲ့ဒါက လုံးဝမဖြစ်နိုင်တာမှ မဟုတ်ဘဲ...”
သူသည် ယခုအခါ ပကတိမူလနတ္ထိအဆင့်သို့ ကျင့်ကြံထားခဲ့ပြီဖြစ်သော်လည်း သူ့အနေဖြင့် အချိန်တိုအတွင်း ဓမ္မဝိသေသအဆင့်ကို တက်လှမ်းနိုင်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
သို့သော်လည်း နဂါးအရိုးတောင်ကြားမှာ သူသည် ပြင်ပအကူအညီတစ်ခုကို ရယူနိုင်မည်ဆိုလျှင် အဲ့ဒါက အောင်မြင်ဖို့အခွင့်များလေသည်။
ဆူဇီမို၏ မျက်လုံးထဲတွင် ပြတ်သားသည့် အရိပ်တစ်ခုက ဖျပ်ခနဲ လက်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အကြီးအကဲလေး.... ကျေးဇူးပြုပြီး ကျုပ်ကို ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ဆီခေါ်သွားပေးပါ... ကျုပ်က အဲ့ဒါရဲ့ ဆေးကြောသန့်စင်ခြင်းကို ခံယူချင်တယ်...”
“အား.....”
နဂါးများထဲမှ အံအားတသင့်ရေရွတ်သံများက ထွက်ပေါ်လာခဲ့၏။
“အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ...”
မီးပဒေသာနဂါးအကြီးအကဲလေးကလည်း ငြင်းဆန်လိုက်၏။
ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်သည် နဂါးအရိုးတောင်ကြားတွင် ကမ္ဘာဦးခေတ်ကနေ ဆင်းသက်လာခဲ့သော ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုဖြစ်ပြီး ကြောက်စရာကောင်းလောက်အောင် သန့်စင်သောစွမ်းအားတစ်ခုပါဝင်လေသည်။
နဂါးတိုင်းသည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို ခံယူပြီး သူတို့၏ကိုယ်ကာယနှင့် မျိုးဆက်သွေးစွမ်းအားကို မြောက်မြားစွာတိုးတက်စေကာ သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထလာစေဖို့ အခွင့်အရေးတစ်ခုရှိလေသည်။
သို့သော်လည်း အဲ့ဒီမှာ မဖြစ်မနေရှိရမည့် လိုအပ်ချက်တစ်ခုရှိလေသည်။ ထိုနဂါးက အရင်ဆုံး ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းထားရပေမည်။
အဲ့ဒါသည် မူလနတ္ထိအဆင့်များကို လုံးဝလက်မခံနိုင်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။
အကြောင်းမှာ မူလနတ္ထိတစ်ယောက်၏ ခန္ဓာကိုယ်သည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို ခံနိုင်ရည်မရှိသောကြောင့် ဖြစ်လေသည်။
ထိုဆေးကြောသန့်စင်မှုက အလွန်တရာ ကြောက်စရာကောင်းလေသည်။ နဂါးတစ်ကောင်၏ ကိုယ်ကာယနှင့်ပင်လျှင် ချက်ချင်းပင်ပေါက်ကွဲထွက်သွားပေလိမ့်မည်။
အရင်တုန်းက လုံစန်းသည်လည်း ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးမှသာ ထိုဆေးကြောသန့်စင်မှုကို ခံယူခဲ့၏။
ပို၍အရေးကြီးသည်မှာ နဂါးမျိုးနွယ်သည် ထိုကဲ့သို့ ကြီးမားသည့် အန္တရာယ်ကိုခံယူပြီး ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို ကြိုတင်ခံယူစရာ မလိုအပ်ပေ။
သို့သော်လည်း လက်ရှိဆူဇီမို၏အခြေအနေက သူ့ကိုအချိန်များစွာ မပေးတော့ပေ။
သူက ဓမ္မဝိသေသအဆင့်သို့ တတ်နိုင်သမျှမြန်မြတ်တက်လှမ်းချင်သည်ဆိုလျှင် ထိုအန္တရာယ်ကို ခံယူရပေလိမ့်မည်။
ဒါ့အပြင် အခြားသောနဂါးများသည် အဲ့ဒါကိုမလုပ်နိုင်သော်လည်း အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားသော သူ၏ကိုယ်ကာယနှင့်မျိုးဆက်သွေးသည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို ခံနိုင်ရည်ရှိသည်ဟု ဆူဇီမိုက ယုံကြည်ထား၏။ သူက အဲ့ဒါကိုတွေးမိထားသည်မှာ ကြာခဲ့လေပြီ။
သို့သော်လည်း လက်ရှိအခြေအနေတွင် သူက ထိုအတွေးကို ပိုမိုလက်ခံယုံကြည်လာ၏။
ဆူဇီမိုသည် ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းလိုသည့်အကြောင်းရင်းမှာ သူသည် လုံစန်းကို စိန်ခေါ်ပြီးလက်ရှိအကျပ်အတည်းကို ဖြေရှင်းဖို့အတွက်သာလျှင် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်၏ ယန်စိတ်ဝိညာဥ်အပိုင်းသည် နောက်ဆုံးအပိုင်းမဟုတ်ဟု သူက ခံစားမိနေ၏။
တျဲယွဲ့သည် နောက်ကွယ်မှာ တခြားတစ်စုံတစ်ရာကို ချန်ထားခဲ့ကောင်း ချန်ထားခဲ့ပေလိမ့်မည်။
သူက ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းပြီးမှသာလျှင် အဲ့ဒါကို ရှာဖွေဖော်ထုတ်နိုင်ပေလိမ့်မည်။