← Chapters

ဆေးကြောသန့်စင်မှုကို ခံယူခြင်း

Vol. 80 Ch. 1197

ဆေးကြောသန့်စင်မှုကို ခံယူခြင်း

Vol. 80 Ch. 1197

“လုံကျူး.. မင်း သေချာပြီလား”

မီးပဒေသာနဂါးအကြီးအကဲ ၄ က သုန်မှုန်နေသော အမူအရာတစ်ခုရှိပြီး သူက တီးတိုးပြောဆိုလိုက်၏။

“ဘိုးဘေးနဂါးရဲ့ ဆေးကြောသန့်စင်မှုကို ခံယူတာက အရမ်းကို ထူးခြားတယ်.. အဲဒါက သွားနောက်လို့ရတဲ့အရာ မဟုတ်ဘူး.. မင်း အဲဒါကို ခံနိုင်ရည်မရှိဘူးဆိုရင်တော့..”

သူက ဆက်မပြောသော်လည်း သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်က ရှင်းနေလေသည်။

လုံစန်းသည်လည်း မျက်မှောင် အနည်းငယ်ကြုတ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“လုံကျူး.. မင်းစိတ်ကို လျှော့ထားရင် ပိုကောင်းလိမ့်မယ်.. မင်းက အခုချိန်မှာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်မယ်ဆိုရင် မင်းရဲ့ လက်တစ်ဖက်ကိုပဲ ဆုံးရှုံးရလိမ့်မယ်.. ဒါပေမဲ့ မင်းက ခေါင်းမာပြီးတော့ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရဲ့ ဆေးကြောသန့်စင်မှုကို အတင်းအကျပ် ခံယူမယ်ဆိုရင်တော့ မင်းရဲ့အသက်ကိုပါ ဆုံးရှုံးသွားရနိုင်တယ်”

လုံစန်း၏ စကားများက နှစ်လိုဖွယ်ရာ မကောင်းသော်လည်း အဲဒါက စိတ်ကောင်းစေတနာကို ဖော်ပြနေ၏။

သို့သော်လည်း ဆူဇီမိုက ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ပြီး သူ၏ခေါင်းကို ခါပြလိုက်၏။

ထိုသည်ကို မြင်သောအခါ မီးပဒေသာနဂါးအကြီးအကဲ ၄ က သူ့ကို ဆက်လက်၍ ဖျောင်းဖျမနေတော့ပေ။

“စိတ်ဝင်စားစရာပဲ”

အကြီးအကဲ ကင်းမြီးကောက်က ဆက်လက်၍ ဖိအားပေးမနေတော့ဘဲ ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

“အဲဒါလည်း ကောင်းတာပဲ.. ငါက မီးပဒေသာနဂါးမျိုးရိုးရဲ့ ဒီဘက်မျိုးဆက် သခင်လေးက ဘယ်လောက်သန်မာလဲဆိုတာ တွေ့မြင်ရတာပေါ့”

“အားလုံးပဲ.. သွားကြရအောင်”

မီးပဒေသာနဂါးအကြီးအကဲ ၄ က အပြာရောင်နဂါးအကြီးအကဲနှင့် အခြားသူများကို ကြည့်ပြီး ပြောလိုက်၏။

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို အသက်သွင်းဖို့က နဂါးမျိုးနွယ်မှ အကြီးအကဲတစ်ယောက်တည်းဖြင့် မလုံလောက်ပေ။ အဲဒါက အနည်းဆုံး ငါးယောက်လိုအပ်လေသည်။

လူတိုင်းသည် နဂါးအရိုးတောင်ကြား၏ အလယ်ဗဟိုရှိရာသို့ ဦးတည်သွားကြ၏။

“လုံကျူး.. နင်က နည်းနည်းတော့ မဆင်မခြင်ပြုရာကျတယ်”

လုံရှီက စိုးရိမ်ပူပန်နေ၏။

“ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရဲ့ ဆေးကြောသန့်စင်မှုကို ခံယူဖို့က လွယ်ကူတာ မဟုတ်ဘူး.. နဂါးအချို့ဆို ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ပြီးတာတောင် ကျရှုံးသွားကြသေးတယ်”

“ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ ငါက အဲဒါကို စမ်းကြည့်ရမှာပေါ့”

ဆူဇီမိုက စိတ်လက်ပေါ့ပါးသော အမူအရာဖြင့် တည်ငြိမ်စွာ ပြုံးပြလိုက်၏။

သိပ်မကြာမီ.. လုံကျူးသည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို ခံယူမည်ဆိုသော သတင်းသည် နဂါးအရိုးတောင်ကြားတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

“ဘာ.. လုံကျူးက ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရဲ့ ဆေးကြောသန့်စင်မှုကို ခံယူမလို့.. ဟုတ်လား.. သူက မူလနတ္ထိအဆင့်မှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား”

“သူက အဆင့်ချိုးဖျက်တက်လှမ်းသွားတာများလား”

“မဖြစ်နိုင်ဘူး.. ကြည့်စမ်း.. သူက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ရှိနေတုန်းပဲ”

“လုံကျူးက ရူးသွားပြီ.. သူက မူလနတ္ထိအဆင့်နဲ့ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရဲ့ ​ဆေးကြောသန့်စင်မှုကို ခံယူတော့မလို့လား”

ထိုသတင်း ပျံ့နှံ့သွားသောအခါ.. အဲဒါသည် တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ကျဆင်းသွားသည့်အလား ဝဲဂယက်များစွာကို ထွက်ပေါ်လာစေ၏။

နဂါးပိတ်ကျင့်ကြံနေခြင်း မရှိသော နဂါးများ အားလုံးနီးပါးသည် လှုပ်ခတ်သွားကြပြီး ဗဟိုချက်ဒေသတွင်ရှိသော ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြ၏။

သိပ်မကြာမီ.. ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ပတ်လည်တွင် နဂါးပေါင်းတစ်ထောင်ကျော် စုဝေးလာကြပြီး အလွန်တရာ စည်ကားနေ၏။

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်သည် ငွားငွားစွင့်စွင့်ပုံစံဖြင့် ရပ်တည်နေ၏။ မီးခိုးဖြူရောင်နှင့် ၎င်းသည် ရှေးကျသော အော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး နဂါးအရိုးတောင်ကြား၏ အလယ်ဗဟိုတည့်တည့်မှာ တည်ရှိလေသည်။

နဂါးမျိုးနွယ်၏ တောင်ကြားနှင့် ရှင်သန်ပေါက်ဖွားရာ နေရာဒေသကို ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ပတ်လည်မှာ ဗဟိုပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု ပြောနိုင်လေသည်။ ဤကျောက်တိုင်က နဂါးမျိုးနွယ်အတွက် ဘယ်လောက်တောင် အဓိပ္ပာယ်ရှိသလဲ သိသာလေသည်။

ဒဏ္ဍာရီအရဆို.. ဤကျောက်တိုင်သည် အင်မော်တယ်ဘုံမှ ရောက်ရှိလာပြီး ကမ္ဘာဦးခေတ်ကတည်းက တည်ရှိခဲ့သည်ဟု ဆို၏။

ဤကျောက်တိုင်အတွင်း ဘိုးဘေးနဂါးစိတ်ဝိညာဉ်တစ်ခုပင် ရှိနေသည်။

ကျောက်တိုင်ပေါ်တွင် အသက်ဝင်နေသော လက်သည်းငါးဖက် နတ်နဂါးကို ထွင်းထုပုံဖော်ထားလေသည်။

တကယ်တော့.. ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်နှင့် ပတ်သက်သည့် အခြားသော ဒဏ္ဍာရီများစွာလည်း ရှိသေးလေသည်။

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ပတ်လည်တွင် ကျယ်ဝန်းသော ပဉ္စဂံပုံသဏ္ဌာန် ကျောက်သားစင်မြင့်တစ်ခု ရှိလေသည်။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင် အောက်ဘက်ရှိ ကျောက်သားစင်မြင့်ပေါ်တွင် တည်ငြိမ်နေသော အမူအရာနှင့် ပြတ်သားသော အကြည့်နှင့်အတူ မတ်တတ်ရပ်နေ၏။

ကျောက်သားစင်မြင့်၏ ထောင့်ငါးထောင့်တွင် မီးပဒေသာနဂါးအကြီးအကဲ ၄ နှင့် အခြားသော အကြီးအကဲများက မတ်တတ်ရပ်နေကြဆဲဖြစ်၏။

“လုံကျူး.. မင်း ဆုံးဖြတ်ပြီးပြီလား.. အခုချိန်မှာ နောင်တရရင် နောက်မကျသေးဘူးနော်”

မီးပဒေသာနဂါးအကြီးအကဲ ၄ က တည်တံ့စွာဖြင့် ပြောလိုက်၏။

“ဆေးကြောသန့်စင်မှုက စတင်တာနဲ့.. ငါတို့က အဲဒါကို ရပ်တန့်နိုင်မှာ မဟုတ်တော့ဘူး.. မင်းက အန္တရာယ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် ဘယ်သူကမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”

“စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ.. ကျုပ်က ဆုံးဖြတ်ချက်ချပြီးသွားပါပြီ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

မီးပဒေသာနဂါးအကြီးအကဲ ၄ က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အားလုံးပဲ.. စလိုက်ကြတာပေါ့”

မျိုးရိုးငါးခုမှ အကြီးအကဲများသည် အကြည့်ချင်းဖလှယ်ပြီး လက်ဟန်ချိပ်စည်းများကို အသီးသီးလှုပ်ရှားကာ ထူးဆန်းသော စွမ်းအားတစ်မျိုးပိုင်ဆိုင်ထားသည့် နက်နဲဆန်းကြယ်သည့် စကားလုံးများကို ဖြာထွက်လာစေပြီး ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ကို လှုပ်ခါသွားစေလေသည်။

အဲဒါသည် နဂါးမျိုးနွယ်၏ တစ်မူထူးခြားသော ဘာသာစကားတစ်ခုဖြစ်၏။

အကြီးအကဲ ၅ ယောက်သည် သူတို့၏ လက်ချောင်းထိပ်များကို တစ်ပြိုင်နက်တည်း လှီးဖြတ်ပြီး သွေးတစ်စက်ကို ညှစ်ထုတ်လိုက်၏။ အဲဒါက သူတို့၏ လက်ဟန်ချိပ်စည်းများနှင့် ပေါင်းစည်းသွားပြီး အလင်းတန်းတစ်ခုကို ဖြစ်ပေါ်စေကာ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ထဲသို့ ဝင်ရောက်သွား၏။

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ကို ကြားခံတစ်ခုနှင့် လျှို့ဝှက်အတတ်တစ်ခုအဖြစ် နဂါးမျိုးနွယ်၏ မျိုးဆက်သွေးဖြင့်သာ အသက်သွင်းနိုင်ပေလိမ့်မည်။

လက်ရှိနဂါးတိုင်းက အဲဒါနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိကြလေသည်။

သူတို့သည် နဂါးအရိုးတောင်ကြားမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင် ဖွင့်လှစ်ခြင်းကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ဖူးလေသည်။

သို့သော်လည်း အဲဒါက စုန်းများအတွက် အလွန်တရာ ထူးဆန်း၍ မြင့်မြတ်ထည်ဝါနေ၏။

စုန်းတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။

“အကြီးအကဲ ကင်းမြီးကောက်.. လုံကျူးက ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရဲ့ ဆေးကြောသန့်စင်မှုကို အောင်မြင်စွာ ခံယူနိုင်မယ်လို့ ခင်ဗျားထင်လား”

“ဟားဟား”

အကြီးအကဲ ကင်းမြီးကောက်က လှောင်ရယ်လိုက်၏။

“သေချာပေါက် ဘယ်ဖြစ်နိုင်ပါ့မလဲ”

“မင်းမကြားခဲ့ဘူးလား.. လက်သည်းငါးဖက် နတ်နဂါးတောင် ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ပြီးမှ အဲဒါရဲ့ ဆေးကြောသန့်စင်မှုကို ခံယူနိုင်တယ်.. ဒီကောင်လေးရဲ့ မျိုးဆက်သွေးက သန့်စင်မှု မရှိဘူး.. သူက လက်သည်းငါးဖက် နတ်နဂါးကို ယှဉ်နိုင်မှာမို့လား.. “

နောက်ထပ် စုန်းတစ်ယောက်က ရှင်းပြလိုက်၏။

“ဒါပေမဲ့.. ဘာပဲပြောပြော လုံကျူးက မီးပဒေသာနဂါးမျိုးရိုးရဲ့ သခင်လေးပဲလေ”

စုန်းတစ်ယောက်က ပြောလိုက်၏။

ဤတစ်ကြိမ်မှာတော့ အကြီးအကဲ ကင်းမြီးကောက်က ဘာမှမပြောတော့ပေ။

သို့သော်လည်း သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို တိတ်တဆိတ် ထုတ်လွှင့်ပို့လွှတ်လိုက်၏။

“အဲဒီကောင်လေးက ရှင်သန်နိုင်ခဲ့မယ်ဆိုရင်တောင်.. ငါ့ရဲ့ အစွမ်းအစနဲ့ဆို တခြားဘယ်သူမှ မသိအောင် ငါက သူ့ကို ဖျက်ဆီးပစ်နိုင်တယ်”

အကြီးအကဲ ကင်းမြီးကောက်၏ စကားကို ကြားရပြီးနောက် များစွာသော စုန်းများက ဆက်လက်၍ စိုးရိမ်မနေကြတော့ပေ။

“အသက်သွင်းမယ်”

ထိုစဉ်မှာပင် မျိုးရိုး ၅ ခုမှ အကြီးအကဲများသည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

ဘုန်း..

ရုတ်တရက်.. ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်က ကျယ်လောင်သော မြည်သံနှင့်အတူ တုန်ခါသွား၏။

လူတိုင်း၏ ရှေ့မှောက်မှာပင်.. နတ်နဂါး၏ ဝမ်းဗိုက်အောက်ရှိ နဂါးလက်သည်းများမှ တစ်ခုသည် မီးတောက်များဖြင့် လောင်ကျွမ်းလာသည့်အလား ဝင်းလက်လာခဲ့၏။

အဲဒီနောက် ချက်ချင်းပင် မီးတောက်များဖြင့် လောင်ကျွမ်းနေသော နတ်နဂါးသည် ကျောက်တိုင်များကနေ ရုန်းကန်ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင် ပြည့်နှက်သွား၏။ တစ်ချက်ကြည့်လိုက်ရုံမျှနှင့် သူတို့က သိပ်သည်းများပြား၍ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေကြ၏။

ထိုမြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

လက်ရှိနဂါးများအတွက်တော့ အဲဒါက အဆင်ပြေလေသည်။ သူတို့ထဲမှ အများစုက ဤမြင်ကွင်းကို အရင်က တွေ့မြင်ဖူးခဲ့ကြ၏။ သို့သော်လည်း စုန်းများကတော့ အတော်လေး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။

မီးတောက်များဖြင့် လောင်ကျွမ်းနေသော နတ်နဂါးများသည် လေထဲမှာ ခဏလှည့်ပတ်ပြီးနောက် သူတို့၏ ခေါင်းများကို ငုံ့၍ ကျောက်တိုင်အောက်တွင်ရှိသော ဆူဇီမိုထံသို့ ပြေးဝင်လာကြ၏။

ထိုနတ်နဂါးများသည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ထဲရှိ နဂါးချီများကနေ ဖြစ်တည်လာခြင်းဖြစ်၏။

ဆေးကြောသန့်စင်ခြင်းဟုခေါ်သော ထိုအရာသည် နဂါးချီကို လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းရခြင်း ဖြစ်လေသည်။ ထိုနဂါးချီက နဂါးမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို အဆက်မပြတ် သန့်စင်၍ အားဖြည့်ပေးပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို အဆမတန် တိုးပွားလာစေပေလိမ့်မည်။

ပုံမှန်အခြေအနေမှာဆိုလျှင်.. မီးပဒေသာနဂါးတစ်ကောင်သည် ဆေးကြောသန့်စင်မှုကို ခံယူမည်ဆိုပါက သူသည် မီးပဒေသာနဂါးမျိုးရိုးမှ နဂါးချီတစ်ခုကို နိုးထလာစေပေလိမ့်မည်။

တောင်ပံနဂါးတစ်ကောင်သည် တောင်ပံနဂါးမျိုးရိုးမှ နဂါးချီတစ်ခုကို နိုးထလာစေပေလိမ့်မည်။

တကယ်တော့ ထိုကဲ့သို့ အတိအကျတော့ မဟုတ်ပေ။

အဲဒီမှာ ထူးခြားသော ပါရမီအရည်အချင်းနှင့် သန့်စင်၍ စွမ်းအားကြီးသော မျိုးဆက်သွေးရှိသည့် နဂါးတစ်ကောင်ဆိုလျှင် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်က အဲဒါကို ခံစားမိပြီး ပိုမိုများပြားသော နဂါးချီများကို နိုးထလာစေပေလိမ့်မည်။

ဥပမာအားဖြင့် လုံစန်းသည် လက်သည်းငါးဖက် နတ်နဂါး၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်က ပိုမိုများပြားသော နဂါးချီများကို ထုတ်လွှတ်ပေးပေလိမ့်မည်။

သူတို့ရှေ့ရှိ မြင်ကွင်းသည် တုန်လှုပ်စရာကောင်းသော်လည်း တကယ်တမ်းမှာတော့ အဲဒါသည် မျိုးရိုးတစ်ခု၏ နဂါးချီ နိုးထလာ​ခြင်းမျှသာ ဖြစ်​လေသည်။

အကြောင်းမှာ.. ကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော လက်သည်းငါးဖက် နတ်နဂါးထံမှ လက်သည်းတစ်ဖက်သာလျှင် ဝင်းလက်လာခဲ့သောကြောင့် ဖြစ်လေသည်။

ချက်ချင်းဆိုသလို..

များပြားလှစွာသော သွေးနီရောင်နတ်နဂါးများသည် အောက်သို့ထိုးဆင်း၍ အဘက်ဘက်ကနေ ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြ၏။

အလွန်ကြီးမားသည့် ချစ်ချစ်တောက် အပူစွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲထွက်ပေါ်လာ၏။

ဆူဇီမိုက ခပ်သဲ့သဲ့ ညည်းတွား၍ သူ၏ခန္ဓာကိုယ်က ယိမ်းထိုးသွား၏။

ထို​စွမ်းအားသည် အလွန်တရာ လွှမ်းမိုးခြယ်လှယ်၍ သန့်စင်လွန်းပြီး သူ၏အသား တစ်လက်မချင်းစီကို လောင်ကျွမ်းလုနီးပါးပင်။

ဘန်း.. ဘုန်း.. ဘုန်း..

ဆူဇီမိုသည် သူ၏မျိုးဆက်သွေးကို လှည့်ပတ်၍ ဆူနာမီတစ်ခုကို တလိပ်လိပ်တက်လာစေကာ ထိုစွမ်းအားကို ထိန်းသိမ်းဖို့ ကြိုးပမ်းလိုက်၏။

သို့သော်လည်း သူသည် ဧရာမ မီးတောက်လူသားတစ်ယောက်အဖြစ် သိပ်မကြာခင် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်မှ သွေးနီရောင်မီးတောက်များက ရုန်းကန်လျှံထွက်လာခဲ့၏။

နဂါးချီ၏ ဆေးကြောသန့်စင်မှုအောက်တွင် သူ၏အရေပြားပေါ်တွင် တုန်လှုပ်စရာကောင်းသော ပုံစံဖြင့် အက်ကွဲကြောင်းများက ပေါ်ထွက်လာခဲ့၏။

All Chapters