← Chapters

မျိုးရိုးငါးခုနဂါးချီ

Vol. 80 Ch. 1198

မျိုးရိုးငါးခုနဂါးချီ

Vol. 80 Ch. 1198

ဆယ့်ငါးမိနစ်ကြာသွားခဲ့၏။

ကောင်းကင်ထက်တွင် သွေးနီရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော နတ်နဂါးများသည် အတောမသတ်ရှိနေဆဲ ဖြစ်ပြီး အဆက်မပြတ်ထိုးဆင်းလာ၏။ ဆူဇီမိုသည် ကျောက်သားစင်မြင့်ထက်မှာ မတ်တတ်ရပ်ပြီး မီးပဒေသာနဂါးချီ၏ ဆေးကြောသန့်စင်မှုကို ကြိတ်မှိတ်ခံစားနေ၏။

သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးသည် လျင်မြန်စွာအသွင်ပြောင်းလဲလာနေလေသည်။

“နဂါးချီနဲ့ အလျှံညီးညီးမီးတောက်တွေရဲ့ ဆေးကြောသန့်စင်မှု... အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းတဲ့ ညှင်းပန်းနှိပ်စက်မှုတစ်ခုပဲ...”

မီးပဒေသာနဂါးအချို့သည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို အရင်က ခံယူခဲ့ဖူး၏။ အဲ့ဒါကြောင့် သူတို့သည် ထိုခံစားချက်ကို ကောင်းကောင်းနားလည်ပြီး ကြောက်ရွံ့နေကြဆဲ ဖြစ်၏။

“ကြည့်ရတာတော့... လုံကျူးက သိပ်ကြာကြာမတောင့်ခံနိုင်တော့တဲ့ပုံပဲ... သူက မကြာခင် ပြာအဖြစ်လောင်ကျွမ်းသွားလိမ့်မယ်...”

“ဒါပေမယ့်လို့... သူ့ရဲ့ခန္ဓာကိုယ်က တကယ့်ကိုသန်မာတာပဲ... သွေးနီရောင်မီးတောက်နတ်နဂါးရဲ့ ထိတွေ့ရိုက်ခတ်မှုကို အခုထိတောင် တောင့်ခံနိုင်နေသေးတယ်ဆိုတော့...”

နဂါးအချို့က ဆွေးနွေးနေကြစဥ်မှာပင် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်က တစ်ဖန်ထပ်၍ တုန်ခါသွား၏။

“ဂါး.....”

အဲ့ဒီနောက် နဂါးဟိန်းသံတစ်သံက ထွက်ပေါ်လာခဲ့၏။ ကျောက်တိုင်ပေါ်ရှိ လက်သည်းငါးဖက်နတ်နဂါးထံမှ နောက်ထပ်လက်သည်းတစ်ဖက်က ဝင်းလက်လာခဲ့၏။

နဂါးများက တုန်လှုပ်သွားရ၏။

အဲ့ဒါသည် ဒုတိယမြောက် နဂါးမျိုးရိုး၏ချီ နိုးထလာသည့် လက္ခဏာဖြစ်လေသည်။

ထင်ထားသည့်အတိုင်းပင်.....

နဂါးလက်သည်းဝင်းလက်လာပြီးနောက် အစိမ်းရောင်အလင်းတန်းများသည် ကျောက်တိုင်ထဲကနေ ရုန်းကန်ထွက်ပေါ်လာခဲ့၏။ သူတို့က ကျောက်တိုင်ထဲကနေ ထွက်ပေါ်လာသည့်ခဏမှာပင် အစိမ်းရောင်နတ်နဂါးများအဖြစ် အသွင်ပြောင်းလဲသွားပြီး လေထဲတွင်ရစ်ခွေကာ သွေးနီရောင်မီးတောက်နတ်နဂါးများနှင့်အတူ ဆက်သွယ်ပြောဆိုနေ၏။

အစိမ်းရောင်နှင့် သွေးနီရောင်နတ်နဂါးများသည် ဆူဇီမိုထံသို့ တစ်ပြိုင် နက်တည်း ထိုးဆင်းလာခဲ့ကြ၏။

“လုံကျူးရဲ့မျိုးဆက်သွေးက တကယ့်ကိုသန်မာတာပဲ...”

“လုံကျူးက မျိုးရိုးတစ်ခုရဲ့ နဂါးချီနိုးထတာကိုတောင် မခုခံနိုင်တော့တဲ့ပုံကို ... အခု မျိုးရိုးနှစ်ခုရဲ့ နဂါးချီက ဆင်းသက်လာပြီဆိုတော့ သူက သေချာပေါက်​သေရတော့မှာပဲ...”

နဂါးများက ဆွေးနွေးလိုက်ကြ၏။

ထိုသည်ကိုမြင်သောအခါ မီးပ​ဒေသာနဂါးအကြီးအကဲ-၄ က စိတ်ခံစားချက်များ ရောထွေးလာခဲ့၏။

နဂါးအရိုးတောင်ကြားတစ်ခုလုံးတွင် မျိုးရိုးနှစ်ခုမှ နဂါးချီကို နိုးထစေနိုင်သည့် နဂါးက ဆယ်ဦးထက်ပိုမရှိပေ။

ပုံမှန်အားဖြင့် မျိုးရိုးနှစ်ခုမှနဂါးချီကို နိုးထစေခြင်းသည် ကောင်းသောအချက်ဖြစ်လေသည်။ သို့သော်လည်း ဆူဇီမိုသည် နဂါးချီ၏ ထိတွေ့ရိုက်ခတ်မှုနှင့် ဆေးကြောသန့်စင်မှုကို နှစ်ဆပိုမိုခံစားရတော့မည်ဟု ဆိုလိုလေသည်။ မူလနတ္ထိတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အဲ့လောက်ကြောက်စရာကောင်းတဲ့စွမ်းအားကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ...။

“ငါတို့မီးပဒေသာနဂါးမျိုးရိုးက ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို မွေးထုတ်ပေးဖို့က လွယ်တာမဟုတ်ဘူး.... သူက ဒီလိုနဲ့ပဲ ဖျက်ဆီးခံရတော့မှာလား...”

မီးပဒေသာနဂါးအကြီးအကဲလေးသည် သူ၏လက်သီးကို တင်းကျပ်စွာဆုပ်ပြီး အလွန်တရာစိုးရွံ့သောအမူအရာတစ်ခုရှိလာခဲ့၏။

ကျောက်သားစင်မြင့်ထက်တွင် ဆူဇီမိုက တောင့်ခံနေဆဲ ဖြစ်၏။

မျိုးရိုးနှစ်ခုမှ နဂါးချီ၏ ဆေးကြောသန့်စင်မှုသည် ယခုချိန်ထိ သူ၏ခန္ဓာကိုယ်နှင့်မျိုးဆက်သွေးကို ဖွတ်ဖွတ်ညက်ညက် မကြေစေနိုင်သေးပေ။

သို့သော်လည်း ထိုနာကျင်မှုက တကယ့်ကိုသိပ်သည်းပြင်းထန်လေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲနေ၏။

နဂါးချီသည် သူ၏အသားနှင့် မျိုးဆက်သွေးထဲသို့ စိမ့်ဝင်ထိုးဖောက်လာခဲ့ရုံသာမကဘဲ သူ၏ ခြင်ဆီနှင့် အင်္ဂါများအထိပါ ထိုးဖောက်လာခဲ့၏။

အသားနှင့်သွေးများက လောင်ကျွမ်းသွားပြီး အရိုးများက ကြေမွကာ အင်္ဂါများက အရည်ပျော်လာ၏။ အဲ့ဒီနောက် ချက်ချင်းပင် သူ၏စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းတွင် အသက်ဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးလာပြီး ထိုဖြစ်စဥ်က ထပ်တလဲလဲဖြစ်ပွားနေ၏။

အချိန်ကာလက တဖြည်းဖြည်း ကုန်ဆုံးလာ၏။ သို့သော်လည်း ကျောက်သားစင်မြင့်ထက်တွင် နဂါးများဝန်းရံခံထားရသည့်ပုံရိပ်က မတ်တတ်ရပ်နေဆဲပင်။

လုံကျုးက ဒီကပ်ဘေးကနေ ရှင်သန်နိုင်မှာလား....။

နဂါးများ၏စိတ်ထဲတွင် ထိုအတွေးက ဖျတ်ခနဲ ဝင်ရောက်လာ၏။

ရုတ်တရက်ဆိုသလို....

ဘုန်းခနဲမြည်သံနှင့်အတူ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်က တစ်ဖန်လှုပ်ခါသွား၏။

“ဂါး.....”

ထို့နောက်ချက်ချင်းပင် တတိယမြောက်နဂါးဟိန်းဟောက်သံက ထွက်ပေါ်လာပြီး နဂါးတောင်ကြားတစ်ခုလုံးမှာ မြည်ဟည်းသွားစေ၏။

နဂါးများက တုန်လှုပ်သွားရ၏။

မရေမတွက်နိုင်သော အကြည့်များအောက်တွင် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ပေါ်တွင် တတိယမြောက်လ​က်သည်းက ဝင်းလက်လာခဲ့၏။

တတိယမြောက်မျိုးရိုးတစ်ခု၏ နဂါးချီက နိုးထလာခဲ့လေပြီ။

ဤတစ်ကြိမ်တွင်တော့ အခြားသောနဂါးများသာလျှင်မက မျိုးရိုးငါးခုမှ အကြီးအကဲများပင်လျှင် တုန်လှုပ်လာရ၏။

မျိုးရိုးနှစ်ခုမှ နဂါးချီကိုနိုးထစေနိုင်သောသူက နဂါးအရိုးတောင်ကြား မှာ ဆယ်ဦးထက်ပိုမရှိပေ။ သို့သော်လည်း မျိုးရိုးသုံးခုမှ နဂါးချီကို နိုးထစေနိုင်ခဲ့သည့်သူက တစ်ယောက်မှမရှိပေ။

ဆိုလိုသည်မှာ လုံကျူး၏ မျိုးဆက်သွေးနှင့် ပါရမီသည် မျိုးရိုးငါးခုမှ နဂါးချီကိုနိုးထစေခဲ့သော လက်သည်းငါးဖက်နဂါးထက် တစ်ဆင့်သာလျှင် နိမ့်တော့လေသည်။

အဖြူရောင်အလင်းတန်းများက လေထဲသို့ ပျံသန်းထွက်ပေါ်လာပြီး နတ်နဂါးများကို ​ဖြစ်ပေါ်စေကာ​ ကောင်းကင်ထက်ကနေ ဆင်းသက်၍ ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိုက်၏။

မျိုးရိုးသုံးခုမှ နဂါးချီက တစ်ပြိုင်နက်တည်း ထိုးဆင်းလာကြ၏။

ဆူဇီမို၏ ခန္ဓာကိုယ်သည် ဒယီးဒယိုင်ယိမ်းထိုးလာပြီး သူ၏ခန္ဓာကိုယ်က တုန်ယင်လာခဲ့၏။

သို့သော်လည်း သူသည် အံကိုတင်းတင်းကြိ​တ်ပြီး အဲ့ဒါကို ကြိတ်မှိတ်ခံစားနေ၏။ သူ၏ သွေးချီက တဝုန်းဝုန်းကြွလာပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ဆူနာမီသံများက တလိပ်လိပ်ထွက်ပေါ်ကာ မျိုးရိုးသုံးခုမှ နဂါးချီစွမ်းအားကို စုပ်ယူ၍ သူ့ကိုယ်သူ ပိုမိုသန်မာလာစေ၏။

သူသည် ဤနှစ်များအတွင်း အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားခဲ့ပြီး တာအိုအမွေအနှစ်ကုန်းမြေတွင် အဆုံးစွန်ယင်လေနှင့် ကံကြမ္မာမီးတောက်များ၏ ညှင်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားခဲ့ဖူးလေသည်။

နောက်ပိုင်းတွင် သူက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုကိုလည်း ခံယူခဲ့ရ၏။

ဤခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခမြောက်မြားစွာကို ဖြတ်ကျော်ခဲ့ပြီးပြီဟု ဆိုနိုင်လေသည်။ သူက နဂါးချီသုံးခုကို ဘယ်လိုကြောင့်အရှုံးပေးနိုင်ပါ့မလဲ....။

မီးပဒေသာနဂါးမျိုးရိုး​ဒေသအနက်ပိုင်းရှိ တောင်တန်းများ၏ အနက်ပိုင်းလိုဏ်ဂူတစ်ခုထဲတွင်....

ပါးရေနားရေများတွန့်နေသော မျက်နှာတစ်ခုနှင့် ဆံပင်ဖြူဖြူအဖိုးအိုတစ်ယောက်သည် သူ၏ဘေးတွင် သွေးနီရောင်တောင်ဝှေးတစ်ချောင်းကိုချကာ တင်ပျဥ်ခွေထိုင်နေ၏။ သူက မျက်လုံးများကို မှိတ်၍ အနားယူနေခြင်းဖြစ်၏။

အဖိုးအိုသည် မီးပဒေသာနဂါးမျိုးရိုးမှ မဟာအကြီးအကဲဖြစ်၏။

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်မှ နဂါးဟိန်းဟောက်သံနှစ်သံ ထွက်ပေါ်လာလျှင်တောင် သူက ကျောက်ရုပ်တစ်ရုပ်အလား မယိမ်းမယိုင်ရှိနေခဲ့၏။

သို့သော်လည်း တတိယမြောက်နဂါးဟိန်းဟောက်သံကို ကြားသောအခါ သူ၏မျက်လုံးကိုဖွင့်လိုက်၏။ သူက ခေါင်းညိတ်၍ တီးတိုးရေရွတ်လိုက်၏။

“မျိုးရိုးသုံးခုရဲ့ နဂါးချီပဲ.... မဆိုးဘူး”

အခြားတစ်ဖက်တွင်တော့ အပြာရောင်နဂါးမျိုးရိုးဒေသ၏ လိုဏ်ဂူတစ်ခု၏ အနက်ပိုင်းထဲတွင် အဲ့ဒီမှာ မရေမတွက်နိုင်သော ကျောက်မျက်များနှင့် ရတနာများရှိနေ၏။

အပြာ​ရောင်ကြေးခွံများနှင့် မုတ်ဆိတ်တစ်ခုပါရှိသော နဂါးအိုတစ်ကောင်သည် ပျင်းရိစွာလှဲလျောင်း၍ ကျယ်လောင်စွာဟောက်နေ၏။

တတိယမြောက်နဂါးဟိန်းဟောက်သံထွက်ပေါ်လာသောအခါ နဂါးအိုသည် သူ၏မျက်လုံးကိုပင် ဖွင့်မကြည့်ပေ။ သူက တစ်ဖက်သို့လှည့်၍ တတွတ်တွတ်ရေရွတ်လိုက်၏။

“ဘယ်ကလေးကများ... ဆေးကြောသန့်စင်မှုကို ခံယူနေလဲမသိဘူး... တော်တော်ကို ဂယက်ထနေတာပဲ...”

သိပ်မကြာမီ.... စတုတ္ထမြောက်နဂါးဟိန်းဟောက်သံက ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်​ရှိရာဘက်ကနေ ထွက်ပေါ်လာခဲ့၏။

နဂါးအိုက မလှုပ်မယှက် ရှိနေဆဲပင်...။

ခဏမျှရပ်တန့်ပြီးနောက် နဂါးအိုသည် ရုတ်တရက် လူသားတစ်ယောက်သွင်ပြင်သို့ ပြောင်းလဲပြီး နေရာကနေခုန်ထလိုက်၏။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက ဝင်ရောက်လာပြီး စောစောက ပျင်းရိငိုက်မျဉ်းသည့် အရိပ်အယောင်တို့က မရှိတော့ပေ။

“ သူက မျိုးရိုးလေးခုက နဂါးချီကို တကယ်ပဲ နိုးထစေလိုက်တာလား...”

နဂါးအိုသည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရှိရာဘက်သို့ ကြည့်ရင်း သူ၏အကြည့်က အဟန့်အတားများကို ထိုးဖောက်ပြီး ထိုနေရာသို့ ဆင်းသက်သွားပုံရ၏။

“သူက မူလနတ္ထိအဆင့်ပဲ ရှိသေးတာလား....”

နဂါးအိုက ပို၍ပင်တုန်လှုပ်သွားရ၏။

ထိုအခိုက်အတန့်တွင် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဘေးပတ်လည်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေပြီ...။ မည်သူကမှ စကားမပြောကြပေ။ နဂါးများအားလုံးသည် ကျောက်သားစင်မြင့်ထက်ပေါ်ရှိ ပုံရိပ်ကို ကြက်သေသေနေသော အမူအရာဖြင့် မမှိတ်မသုန်စိုက်ကြည့်​နေကြ၏။

မျိုးရိုးလေးခုမှ နဂါးချီ....

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ပေါ်ရှိ လ​က်သည်းငါးဖက်တွင် လေးဖက်က လင်းလက်လာခဲ့လေသည်။

မျိုးရိုးလေးခုမှ နဂါးချီက ဆင်းသက်လာပြီး ဆူဇီမို၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်၏။

နဂါးချီသည် သူ၏ခန္ဓာကိုယ်အတွင်းမှာ ထကြွသောင်းကျန်းနေပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအားများကို ထုတ်ဖော်နေ၏။ ဆူဇီမိုသည် မတ်တတ်မရပ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချကာ သူ၏ခေါင်းကို ငုံ့၍ ဖြူဖပ်ဖြူရော်အမူအရာတစ်ခုရှိနေ၏။

သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန့်ကားလာလေသည်။

သူ၏ခန္ဓာကိုယ်တွင်းတွင် ကြောက်စရာကောင်းသောစွမ်းအားများက သူ၏အရေပြားကို ထိုးခွဲပြီး ရုန်းကန်ထွက်ပေါ်လာတော့မည့်အလားပင်။

ထိုအချိန်ကျလျှင် သူက သေချာပေါက်သေရမည်ဖြစိပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကပင် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုသည်ကိုမြင်သောအခါ မီးပဒေသာနဂါးအကြီးအကဲလေးသည် အကြီးအကဲကင်းမြီးကောက်ရှိရာဘက်သို့ ရုတ်တရက်လှည့်ပြီး ထိုသူကို မုန်းတီးစွာဖြင့် စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်၏။

ဤနေရာမှာ ဆူဇီမိုသေသွားမည်ဆိုလျှင် အကြီးအကဲကင်းမြီးကောက်က လက်သည်တရားခံဖြစ်ပေလိမ့်မည်။

အကြီးအကဲကင်းမြီးကောက်၏ ဖိအားပေးမှုကြောင့်မဟုတ်လျှင် ဆူဇီမိုသည် မူလနတ္ထိအဆင့်မှာပင် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်၏ ဆေးကြောသန့်စင်မှုကို ခံယူလိမ့်မည် မဟုတ်ပေ။

အကြီးအကဲကင်းမြီးကောက်သည် ကျေနပ်အားရသော အမူအရာတစ်ခုရှိနေပြီး နောက်ဆုံးရလဒ်ကို ပြုံး၍ ထိုင်စောင့်နေ၏။

ကျောက်သားစင်မြင့်ပေါ်တွင်...

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင်ကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

မျိုးရိုးလေးခုမှနဂါးချီ၏ ထိတွေ့ရိုက်ခတ်မှုအောက်တွင် သူသည် သူ၏ခွန်အားကို တိုးမြှင့်စေဖို့အတွက် နဂါးအသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်လိုက်ရလေပြီ။

တကယ်တော့ ဤနဂါးအသွင်ပြောင်းလဲခြင်းသည် ၎င်း၏အထွတ်အထိပ်သို့ရောက်ရှိဖို့ ဝေးကွာသေးလေသည်။ အဲ့ဒါက နဂါးကြေးခွံအချို့ ပေါ်ထွက်လာရုံမျှသာဖြစ်လေသည်။

အဲ့ဒါကတိုက်ပွဲတွင် သူ၏နဂါးအသွင်ပြောင်းလဲခြင်းနှင့် ဝေးကွာလွန်းသေးလေသည်။

တဖြည်းဖြည်းနှင့်...

အားလုံး၏ရှေ့မှောက်မှာပင် ဆူဇီမိုသည် နေရာကနေမတ်တတ်ထရပ်ပြီး သူ၏အော်ရာက အဆက်မပြတ်မြင့်တက်လာခဲ့၏။ သူ၏အကြည့်က တောက်လောင်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်ကြေးခွံများက မီးတောက်များနှင့်တောက်လောင်ကာ ထွင်းဖောက်မတတ်ကြည်လင်ပြီး သလင်းရောင်တလက်လက်ဖြင့် တောက်ပလာခဲ့၏။

“အဲ့ဒါကို သူလုပ်နိုင်သွားပြီ...”

မီးပဒေသာနဂါးအကြီးအကဲ-၄ က ကျေနပ်နှစ်ခြိုက်သွား၏။

ထိုစဥ်မှာပင် ပဉ္စမမြောက်နဂါးဟိန်းဟောက်သံက ထွက်ပေါ်လာခဲ့၏။

အိုး.....

နဂါးများက ပင့်သက်ကိုရှိုက်လိုက်ကြ၏။

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ပေါ်တွင် နတ်နဂါး၏ ဝမ်းဗိုက်အောက်မှ လက်သည်းငါးဖက်သည် အပြည့်အဝတောက်ပသွားခဲ့လေပြီ....။

မျိုးရိုးငါးခုမှ နဂါးချီက ဆင်းသက်လာခဲ့၏။

အကြီးအကဲကင်းမြီးကောက်၏ မျက်နှာပေါ်ရှိအပြုံးကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

မျိုးရိုးငါးခုမှ နဂါးချီဆင်းသက်လာခြင်းက ဘယ်လိုအဓိပ္ပါယ်ရပါသလဲ...။

အဲ့ဒါသည် နဂါးမျိုးနွယ်မှာနောက်ထပ် လက်သည်းငါးဖက်နတ်နငါးတစ်ကောင်ပေါ်ထွက်လာပြီဟု ဆိုလိုသည်မဟုတ်ပါလား...။

“အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ....”

လုံကျုံးက အံအားတသင့်ရေရွတ်လိုက်၏။

လုံစန်းသည် အစကတော့ မလှမ်းမကမ်းတွင် တည်ငြိမ်နေသော အမူအရာဖြင့်ထိုင်နေ၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူက မတ်တတ်ထရပ်လိုက်မိ၏။

ထိုအခါမှသာလျှင် သူက ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် တွေ့ကြုံနေရပြီဖြစ်ကြောင်းနားလည်လိုက်၏။

တစ်ချိန်တည်းမှာပင် နဂါးအရိုးတောင်ကြားတစ်ခုလုံးက လှုပ်ခါသွားပြီး နဂါးများက တုန်လှုပ်သွားရ၏။

နဂါးမျိုးနွယ်မှ များစွာသောအကြီးအကဲများသည် ဤမြင်ကွင်းကို တွေ့မြင်ဖို့အတွက် ကောင်းကင်ထက်မှာ ပေါ်ထွက်လာကြလေပြီ။

All Chapters