← Chapters

အခန်း (၂၁)

Vol. 1 Ch. 21

အခန်း (၂၁)

Vol. 1 Ch. 21

“နင်ဘာလို့အော်နေတာလဲ? နင်လည်းသူခိုးပဲ‌လေ.. ဟမ်” သူမအော်ဟစ်လိုက်ကာ အနက်ရောင်မြေခွေးလိုမျက်လုံးများ ကျဥ်းမြောင်းသွား၏။ Ace ၏တုံ့ပြန်မှုကြောင့် သူမစိတ်ဆိုးသွားပေသည်။ သူမ၏ ပုံမှန်လို အေးစက်နေသောပုံစံမျိုး ဟန်ဆောင်မနေတော့ပေ။

Ace အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်လျှော့လိုက်သည်။ အစကတည်းက သူမသည် ပုံမှန်မဟုတ်ဟုသိသော်လည်း ရူးနေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ အကယ်၍ ဒုတိယအခွင့်အရေးသာရှိခဲ့လျှင် မည်သူက သူခိုးဖြစ်ချင်မည်နည်း?

သူသည် အစကတည်းက သူခိုးဖြစ်ချင်ခဲ့ခြင်းမဟုတ်ဘဲ စနစ်ကြောင့် ရွေးစရာမရှိဘဲ ဤလမ်းပေါ် လျှောက်နေရခြင်းပင်။ ယခု အရာရာပြောင်းလဲသွားပြီဖြစ်ပြီး သူခိုးဖြစ်ရသည်ကို သူမကြိုက်တော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ့ကိုဤကဲ့သို့ ထူးခြားသောလူတစ်ယောက် ဖြစ်လာစေရန် အခွင့်အရေးပေးခဲ့သော စနစ်ကို အလွန်ကျေးဇူးတင်မိ၏။

“ဘာလို့လဲ?” သူမ အဘယ်ကြောင့် သူခိုးတစ်ယောက်ဖြစ်ချင်သည်ကို သူသိချင်၏။

“ငါ့ရဲ့အမေက နတ်ဆိုးတွေရှိတဲ့တိုက်ကြီးရဲ့ ထိပ်တန်းဂိုဏ်းဆယ်ခုထဲက တစ်ခုဖြစ်တဲ့ အရိပ်နတ်ဆိုးဂိုဏ်းက သူခိုးတစ်ယောက်လေ။” အနက်ရောင်မြေခွေးသည် ဂုဏ်ယူဝင့်ကြွားနေသော လေသံဖြင့် ပြန်ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင်တော့ ဝမ်းနည်းမှု အရိပ်အယောင်များရှိနေသည်။

“မင်း...မင်းက နတ်ဆိုး?” တစ်လောကလုံး ရူးနေပြီဟု Ace တွေးထင်လိုက်သည်။

နတ်ဆိုးအစစ်တစ်ယောက်က သူ၏အရှေ့တွင် ရှိနေသည်။ အဲ့တာက ရူးချင်စရာ မဟုတ်ဟု သူမတွေးနိုင်ပေ။

ပထမဆုံး သူ၏မွေးစားညီမသည် ဤကမ္ဘာကြီး၏ တတိယမြောက် မျိုးနွယ်စုဖြစ်သော မုဆိုးမျိုးနွယ်စုမှဖြစ်ပြီး ယခုတွင် ကမ္ဘာ့နံပါတ် ၁ မျိုးနွယ်စုဖြစ်သော နတ်ဆိုးမျိုးနွယ်စုမှ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံနေရသည်။

“နေပါဦး အရူးရဲ့။ ငါ့ကိုအရင်ပြောခွင့်ပေးပါဦး။ ငါ့အမေက အရိပ်နတ်ဆိုးဆိုပေမယ့် ငါ့အဖေက လူသားတစ်ယောက်။ အဲ့တော့ ငါက အရိပ်နတ်ဆိုးတစ်ဝက်၊ လူသားတစ်ဝက်။” Ace ၏ နားလည်မှုလွဲနေခြင်းကို သူမ ရှင်းပြလိုက်သည်။

“ဘာလို့ ငါ့ကို ဒါတွေပြောပြနေရတာလဲ။” Ace ထိတ်လန့်သွားသည်။ ထိုအကြောင်းအရာများက လျှို့ဝှက်ချက်ကြီးများ ဖြစ်သော်လည်း သူ့ကိုဘာမှမဟုတ်သလို ပြောပြနေ၏။

“ငါတို့ အလုပ်တူတူလုပ်ကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်သင့်တယ်မလား။ နင့်အကြောင်းတွေကို ငါကအကုန်သိတယ်လေ။ အဲ့တော့ နင်လည်း ငါ့အကြောင်းတွေကို သိသင့်တာပေါ့။” အနက်ရောင်မြေခွေးသည် လေးနက်စွာခေါင်းငြိမ့်လိုက်ပြီး သူမ၏လက်များကို ရင်ဘတ်ပေါ်သို့ တင်လိုက်သည့်ပုံမှာ ပို၍ပင် ဆွဲဆောင်မှု ရှိနေသေး၏။

“အဲ့တော့ မင်းက နတ်ဆိုးတစ်ဝက်၊ လူသားတစ်ဝက်ပေါ့။ နေပါဦး ဒီအကြောင်းက ငါနဲ့ မိတ်ဖွဲ့တာနဲ့ ဘာဆိုင်လို့လဲ။” Ace ဇဝေဇဝါဖြစ်နေ၏။

“နင်က အရမ်းတုံးအတာပဲ။ ငါ့ကိုအရင်ပြောခွင့်ပေးပါဦး။” စိတ်အနှောင့်ယှက်ဖြစ်စွာဖြင့် အနက်ရောင်မြေခွေးက ပြောလိုက်သည်။

‘သေချာတယ် သူမက ရူးနေတဲ့မိန်းကလေးပဲ’ Ace စိတ်ပျက်စွာတွေးလိုက်သော်လည်း ဘာမှထုတ်မပြောခဲ့သလို သူ့မျက်နှာပေါ်တွင်လည်း ဘာအမူအရာမှ မပြသခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမထပ်မံ၍ အဓိပ္ပါယ်မရှိသောစကားများ ပြောမည်စိုးတာကြောင့် ဖြစ်သည်။

“ငါ့အဖေက လူသားတစ်ယောက်ဖြစ်ပြီး ငါ့အမေက နတ်ဆိုးတစ်ယောက်။ ငါ့အမေကို လူသားကျင့်ကြံသူတစ်ယောက်က လိုက်ဖမ်းပြီးတိုက်ခိုက်ခံရတဲ့အချိန်တုန်းက ငါ့အဖေက သူမကို ကယ်တင်ခဲ့တာ။ အဲ့ဒီမတော်တဆမှုပြီးတဲ့နောက် သူတို့နှစ်ယောက်လုံး ချစ်ကြိုက်သွားကြတယ်။” သူမ၏ပုံပြင်ကို အစမှ ပြန်၍ပြောပြလိုက်သည်။

ဤတစ်ကြိမ်တွင် အတော်လေးစိတ်ဝင်စားဖွယ်ရာ ကောင်းလာတာကြောင့် Ace မည်သည့်စကားကိုမှ ဝင်ပြောခဲ့တော့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးတစ်ယောက်က လူသားတစ်ယောက်နှင့် ချစ်ကြိုက်သွားနိုင်သည်မှာ အလွန်ရှားပါးတာကြောင့်ဖြစ်သည်။ နတ်ဆိုးများသည် တစ်ခြားမျိုးနွယ်စုများနှင့် မိတ်မလိုက်ကြပေ။ ထိုဖြစ်စဥ်က အတော်လေး ရှားပါး၏။

“သူတို့တစ်သက်လုံး အတူတူနေသွားကြမယ်လို့ ဆုံးဖြတ်လိုက်ကြပြီးတဲ့နောက် ကြယ်တစ်ပွင့်မြို့ကို နေထိုင်ဖို့ရွေးခဲ့ကြတယ်။ အဲ့တာမှ ငါ့အမေရဲ့အထောက်အထားနဲ့ ငါ့အဖေရဲ့အတိတ်ကို ဘယ်သူမှ ရှာမတွေ့နိုင်ဘဲ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာလေ။”

“ဒါပေမယ့်လည်း ငါ့ကိုမွေးပြီး ၂နှစ်အကြာမှာတော့ မြို့တော်ထဲက မဟုတ်တဲ့ ကျင့်ကြံသူတွေ အုပ်စုလိုက်ရောက်လာခဲ့ကြတယ်။ ငါ့အမေနဲ့မတွေ့ခင် ငါ့အဖေက စွမ်းအားကြီးတဲ့သူတစ်ယောက်ရဲ့ အဆင့်မြင့်အမှုထမ်းဖြစ်ခဲ့ပြီးတော့ သူတို့ကို သစ္စာဖောက်ပြီး ငါ့အမေနဲ့ ထွက်ပြေးခဲ့တာကြောင့် သူတို့က ငါ့အဖေကို လိုက်ရှာနေခဲ့ကြတာ။”

“သူတို့က ဒီအဆင့်နိမ့်တဲ့နေရာမှာတောင် ထူးဆန်းတဲ့ရတနာတစ်မျိုးနဲ့ လိုက်ရှာခဲ့ကြတယ်။ အဲ့တာကြောင့် ငါ့အမေက သူမရဲ့ အရိပ်နတ်ဆိုးဂိုဏ်းကဆိုတဲ့ မူရင်းဇာစ်မြစ်ကို ရွေးချယ်စရာမရှိဘဲ ဖော်ပြလိုက်ရပြီး သူတို့က ငါ့အမေရဲ့ လျှို့ဝှက်ချက်ကို သိသွားကြတယ်။”

“သူတို့က လေးယောက်ရှိပြီးတော့ ငါ့အဖေလိုပဲ သန်မာကြတယ်။ သူတို့တွေနဲ့ တိုက်ခိုက်ကြပြီးတဲ့နောက် သူတို့ထဲကတစ်‌ယောက်ကို ငါ့အဖေက သတ်လိုက်တယ်။ သူတို့ထဲကတစ်ယောက် အသတ်ခံလိုက်ရတာကို ကြည်ပြီးတော့ ငါ့အမေနဲ့ တိုက်ခိုက်နေတဲ့နှစ်ယောက်က ငါ့အဖေကို ပုန်းခိုတိုက်ခိုက်ဖို့အတွက် ရတနာတစ်မျိုးကို အသုံးပြုခဲ့ကြတယ်။ အဲ့တာကို ငါ့အမေက မြင်သွားပြီး တားဆီးဖို့အတွက် သူမရဲ့ ခန္ဓာကိုယ်ကို အသုံးပြုခဲ့တယ်။ အဲ့ဒီရတနာမှာ အဆိပ်တွေပါနေလို့ အဲ့ရတနာနဲ့ထိမိပြီး ငါ့အမေသေဆုံးခဲ့ရတယ်။”

“ငါ့အမေအဆိပ်မိပြီး သေဆုံးသွားတာကို ငါ့အဖေမြင်တော့ သူမအတွက် လက်စားချေပေးဖို့အတွက် ပိုပြီးပြင်းထန်စွာ တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီနောက် အဲ့ဒီအဆိပ်တိုက်ခိုက်မှုကို လုပ်ခဲ့တဲ့တစ်ယောက်ကို သူသတ်နိုင်ခဲ့တယ်။ ဒါပေမယ့် သူ့အနောက်ကနေ နောက်ထပ်တစ်ယောက်က ပုန်းခိုတိုက်ခိုက်ခဲ့ပြန်တယ်။”

“ငါ့အဖေက ကျန်တဲ့နှစ်ယောက်နဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပေမယ့် အဆုံးမှာတော့ အဲ့နှစ်ယောက်ဆီမှာ ထူးဆန်းတဲ့စွမ်းရည်တွေ ရှိတာကြောင့် ငါ့အဖေဆီကနေ လွှတ်မြောက်သွားခဲ့ကြတယ်။ ငါ့အဖေလည်း ဒါဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး ငါ့အမေကို ဆုံးရှုံးလိုက်ရတာကြောင့် အကြီးအကျယ် စိတ်ဒါဏ်ရာ ရခဲ့ရတယ်။”

“သူ့သူငယ်ချင်းဆီက ခိုလှုံခွင့်ရရှိဖို့အတွက် င့ါကို ဒီမြစ်ပန်းမြို့ဆီကို ခေါ်လာခဲ့တယ်။ တစ်လကြာပြီးတဲ့နောက် ငါတို့ဒီကို ရောက်လာပြီး ငါ့အဖေရဲ့ဒါဏ်ရာတွေကလည်း ကုသလုနီးပါးဖြစ်နေခဲ့ပြီ။ ငါတို့ကိုတိုက်ခိုက်ခဲ့တဲ့ သူနှစ်ယောက်က သူ့ဆီကို ပြန်လာမှာကို သူစိုးရိမ်ခဲ့တယ်။ ပြီးတော့ ငါ့အမေကို သတ်ခဲ့တဲ့အတွက်ကြောင့် သူတို့နောက်မှာရှိနေတဲ့ သူကိုလည်း လက်စားချေချင်ခဲ့တယ်။ အဲ့တာကြောင့် ငါ့ကို သူ့သူငယ်ချင်းနဲ့ ထားခဲ့ပြီးတော့ တစ်နှစ်ကြာရင် ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်။”

“ငါ့အဖေထွက်သွားခဲ့ပြီးတဲ့နောက် ငါဒီမှာ တစ်ယောက်တည်း ကျန်ခဲ့တယ်။ ဒါပေမယ့် ငါ့အဖေသူငယ်ချင်းက ငါ့ကို တစ်နှစ်ခွဲလောက် ဂရုစိုက်ပေးခဲ့တယ်။ ဝမ်းနည်းစွာနဲ့ပဲ သူက ကြင်နာတတ်တဲ့သူတစ်ယောက်မဟုတ်ခဲ့ဘဲ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့တယ်။”

“တစ်နှစ်ခွဲအကြာမှာတော့ ငါ့အဖေက လက်စားချေရင်းနဲ့ သေသွားပြီလို့ သူတွေးခဲ့တယ်။ အဲ့တာကြောင့် သူကြောက်ရွံ့မနေတော့ဘဲ သူပုံစံအမှန်ကို ပြလာခဲ့ပြီး ငါ့ကို Grant မိသားစုက အမျိုးသမီးဆီကို ပတ္တမြားဒင်္ဂါးအချို့အတွက် ရောင်းခဲ့တယ်။” အနက်ရောင်မြေခွေး သူမ၏ ဇာတ်ကြောင်းကို အဆုံးသတ်လိုက်ပြီး သူမ၏ မိဘများအကြောင်းကို ပြောနေချိန်တွင် အလွန်ဝမ်းနည်းနေပုံပေါက်နေ၏။ အထူးသဖြင့် ကံမကောင်းစွာသေဆုံးခဲ့ရသည့် သူမအမေအကြောင်း ပြောနေချိန်တွင် ဖြစ်သည်။

သူမ၏ ဝမ်းနည်းစရာဇာတ်ကြောင်းကို ကြားရပြီးတဲ့နောက် Ace ၏ မျက်နှာပေါ်တွင် လွမ်းဆွတ်နေသော အမူအရာများ ရှိနေခဲ့သည်။

‘သူမရဲ့အတိတ်က ငါ့ထက်ပိုပြီး သနားဖို့ကောင်းတယ်’ စိတ်မချမ်းမြေ့စွာဖြင့် သူတွေးလိုက်သည်။

“ဒါဆို ဘာလို့ ငါ့ကိုလာရှာတာလဲ” နူးညံ့စွာ သူမေးလိုက်သည်။ အရင်ကလို ရန်လိုနေသောအကြည့်ဖြင့် သူမကို မကြည့်တော့ပေ။

“Asher ရဲ့အမေဖြစ်တဲ့ Lyla Grant ဆီ ငါ့ကို ရောင်းချလိုက်ပြီးတဲ့နောက် ငါ့ရဲ့အသွင်အပြင်ကြောင့် Asher ရဲ့ အစေခံအဖြစ် သူမထားချင်ခဲ့တယ်။ အဲ့တာကြောင့် ငါ့ကို လေ့ကျင့်မှုတွေလည်း ပေးခဲ့တယ်။”

“အဲ့အချိန်တုန်းက ငါအသက်၄နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့် နတ်ဆိုးတစ်ဝက်ဖြစ်တာမို့လို့ ငယ်ငယ်ကတည်းက မြင့်မားတဲ့ အသိအမြင်ရှိခဲ့တယ်။ အဲ့တာက အဖြစ်အပျက်တွေကို အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေရသေးတဲ့ အကြောင်းရင်းပဲ။ ဒါပေမယ့် ငါ့အမေသေဆုံးပြီး ငါ့အ‌ဖေလည်း ပျောက်ဆုံးသွားပြီးတဲ့နောက် ငါ့အဖေသူငယ်ချင်းကပါ ငါ့ကို ရောင်းလိုက်တာကြောင့် ငါ့ကို သူများတွေ စွန့်လွှတ်လိုက်မှာကို ကြောက်ခဲ့တယ်။ အဲ့တာကြောင့် Lyla ပြောသမျှအကုန်လုံးကို ငါလိုက်လုပ်ခဲ့ပြီး ကောင်းမွန်တဲ့အစေခံတစ်ယောက်ဖြစ်လာဖို့ကို သင်ယူခဲ့တယ်။”

“ဒါပေမယ့် ငါအသက်၇နှစ်မှာ အရိပ်နတ်ဆိုးဂိုဏ်းရဲ့ ‘သွေးမှတ်ဉာဏ်အမွေအနှစ်’က နိုးထလာခဲ့တယ်။ စွမ်းရည်အချို့နဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကို အရိပ်နတ်ဆိုးမျိုးရိုးကနေ ရရှိခဲ့တယ်။ အဲ့အချိန်တုန်းက ငါစိတ်ရှုပ်ထွေးနေခဲ့တာမို့ ဒီမှတ်ဉာဏ်အကြောင်းတွေကို Lyla ကို ပြောပြခဲ့တယ်။”

“အစက သူမငါ့ကို မယုံခဲ့ပေမယ့် မျိုးရိုးမှတ်ဉာဏ်ကပါတဲ့ စွမ်းရည်တစ်ခုကို ပြလိုက်တဲ့အချိန် ငါ့ကိုချက်ချင်း မိသားစုခေါင်းဆောင်ဆီကို ခေါ်သွားခဲ့ပြီး အားလုံးကို ပြောပြခဲ့တယ်။ အဲ့ဒီအဖိုးကြီးက တော်တော်လေး ဗဟုသုတကြွယ်ဝတာကြောင့် ငါကနတ်ဆိုးဖြစ်တယ်လို့ ချက်ချင်းခန့်မှန်းခဲ့တယ်။ ဘာလို့ဆို ဒီကမ္ဘာကြီးထဲမှာ နတ်ဆိုးတွေကသာ သွေးမှတ်ဉာဏ်အမွေအနှစ်ကို ပိုင်ဆိုင်တာဖြစ်လို့ပဲ။”

“သူက ငါ့ရဲ့မျိုးရိုးမှတ်ဉာဏ်တွေကို လိုချင်ခဲ့တယ်။ ငါကလည်း ရိုးသားခဲ့တော့ သူ့ကို အကုန်ပြောပြခဲ့တယ်။ ဒါပေမယ့် ငါ့မှတ်ဉာဏ်တွေက မပြည့်စုံတော့ ငါ့ရဲ့နတ်ဆိုးဂိုဏ်းက စွမ်းရည်တွေ၊ နည်းလမ်းတွေကို သူကျင့်ကြံလို့မရဘူးဆိုတာ သိသွားခဲ့တယ်။ အဲ့ဒီနောက် သူစမ်းသပ်မှုအချို့လုပ်ခဲ့ပြီး ငါကသန့်စင်တဲ့သွေးရှိတဲ့ နတ်ဆိုးမဟုတ်ဘူးဆိုတာ ရှာတွေ့သွားခဲ့ပြီး ငါ့အပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားတယ်။” အနက်ရောင်မြေခွေးသည် ဆက်ပြော‌နေရင်းဖြင့် သူမ၏ မျက်လုံးများ အေးစက်လာခဲ့သည်။

“နောက်မှ ငါသိလာရတာက နတ်ဆိုးတွေက အသက်၇နှစ်ရောက်ရင် သူတို့ဘိုးဘေးတွေရဲ့ မှတ်ဉာဏ်တွေကို သွေးကနေတစ်ဆင့် အမွေရတယ်ဆိုတာပဲ။ အဲ့တာကြောင့် အားလုံးက သွေးမှတ်ဉာဏ်အမွေအနှစ်လို့ ခေါ်ကြတာ။ ဘယ်လိုမှတ်ဉာဏ်မျိုးကို အမွေရတယ်ဆိုတာကတော့ နတ်ဆိုးသွေးသိပ်သည်းမှုပေါ်မှာ မူတည်တယ်။”

“အဲ့တာကြောင့် နတ်ဆိုးမျိုးနွယ်စုက ဒီကမ္ဘာမှာ နံပါတ်၁ဖြစ်နေတာ။ သူတို့က ကျင့်ကြံဖို့အတွက် ဘာစွမ်းရည်၊ ဘာနည်းလမ်းမှ မလိုအပ်ဘူး။ သူတို့သွေးရဲ့ သိပ်သည်းဆပဲ လိုအပ်တယ်။ တစ်ခါတစ်လေ ဘိုးဘေးတွေရဲ့ ကျင့်ကြံခြင်းမှတ်ဉာဏ်အပြည့်အစုံကိုတောင်မှ သူတို့ရရှိနိုင်ကြတယ်။ ငါကတော့ နတ်ဆိုးတစ်ဝက်ပဲဖြစ်လို့ ငါ့ရဲ့စွမ်းရည်နဲ့ နည်းလမ်းတွေက မပြည့်စုံဘူး။” အနက်ရောင်မြေခွေးက ပြောနေရင်းဖြင့် အဆုံးတွင် စိတ်ဓာတ်ကျလာ၏။

အနက်ရောင်မြေခွေး၏ ဇာတ်ကြောင်းကို ကြားရပြီးနောက်တွင် Ace ဘာပြန်ပြောရမည်ကို မသိတော့ပေ။ ဤမိန်းကလေးအတွက် သူ့နှလုံးသားထဲမှ နာကျင်မှုကိုသာ ခံစားရပြီး ယခင်က သူလုံးဝအတွေ့အကြုံမရှိသော ခံစားချက်တစ်မျိုးကို ခံစားရသည်။

“ငါက သန့်စင်တဲ့သွေးရှိတဲ့ နတ်ဆိုးမဟုတ်ဘဲ သွေးနှောနတ်ဆိုးဆိုတာကို အတည်ပြုပြီးတဲ့နောက် Grant မိသားစုက ငါ့အပေါ် စိတ်ဝင်စားမှု မရှိတော့ဘူး။ ဒါပေမယ့် သူတို့က ငါ့ကိုအလွတ်မပေးခဲ့ဘူး။ ငါ့ရဲ့စွမ်းရည်တွေကို ပြခဲ့တာကြောင့် ငါက သဘာဝကမွေးဖွားလာတဲ့ လူသတ်သမားဖြစ်ပြီး အလွန်အန္တရာယ်ရှိတယ်ဆိုတာ သူတို့သိသွားတယ်။ ဘာလို့ဆို ငါကအရိပ်နတ်ဆိုးဖြစ်လို့ပဲ။”

“အဲ့တာကြောင့် ငါ့မျက်နှာပေါ်မှာတပ်ဖို့ ဒီမျက်နှာဖုံးကို သူစီစဥ်ပေးခဲ့တယ်။ ဒါက အစေခံအမှတ်အသားလိုပဲဆိုပေမယ့် အဲ့ထက်ပိုတယ်။ အစေခံအမှတ်အသားရှိတဲ့သူကို လူတစ်ယောက်က ဖိအားပေးပြီးထိန်းချုပ်နိုင်တယ်။ အစေခံအမှတ်အသားရှိတဲ့သူက အလွန်အမင်း စွမ်းအားကြီးလာမယ်ဆိုရင်တော့ အစေခံအမှတ်အသားက ပျက်စီးသွားလိမ့်မယ်။ ဒါပေမယ့် ဒီမျက်နှာဖုံးက အဆင့်မြင့်တဲ့ အစေခံအမှတ်အသားပဲ။ သာမန်အားဖြင့် ဒါကို မဖျက်စီးနိုင်ဘူး။ အဲ့တာကြောင့် နင်နဲ့လက်တွဲဖို့အတွက် ငါဒီကိုရောက်လာခဲ့တာ။ နင်တစ်ယောက်တည်းကသာ ငါ့ကိုကယ်တင်နိုင်လိမ့်မယ်။” ထိုသို့ပြောပြီးနောက် အနက်ရောင်မြေခွေးသည် မျက်နှာဖုံးကို ထိလိုက်သည်။ ဤအရာသည် အလွန်ဆိုးဝါးသော ကြိမ်စာဖြစ်ပြီး ထိုသူများ၏ ချုပ်ကိုင်နေမှုမှ လွှတ်မြောက်ချင်ပေသည်။ သို့သော် ထိုသို့လုပ်ဆောင်ရန် စွမ်းအားမရှိပေ။

“အဲ့တော့ မင်းဒီကိုလာတာက ဒီအစေခံမျက်နှာဖုံးကို ဖျက်ဆီးဖို့နည်းလမ်း ငါ့ကိုရှာစေချင်လို့ပေါ့?” ယခုတွင် သူမအဘယ်ကြောင့် သူနှင့်လက်တွဲချင်ရသည်ကို နားလည်သွားပေပြီ။ သို့သော် ‘အဘယ်ကြောင့်သူ’ဖြစ်သည်ကို အနည်းငယ် စိတ်ရှုပ်ထွေးနေသေးပေသည်။

“နင့်ကို နည်းလမ်းရှာပေးစေချင်တာ မဟုတ်ဘူး။ ဘယ်လိုဖျက်စီးရမလဲဆိုတာ ငါသိတယ်။ ငါ့အတွက် ဒီဟာကို ယူပေးစေချင်တာ။” လျှို့ဝှက်ဆန်းကြယ်စွာ သူမပြန်ဖြေလိုက်သည်။

“အဲ့တော့ အဲ့တာကို ဘယ်လိုဖျက်စီးရမှာလဲ။ မင်းအတွက် လုပ်ပေးပြီးရင် ငါကဘာရမှာလဲ။ တန်းတူညီမျှသဘောတူညီမှုဆိုကတည်းက မင်းငါ့ကို တစ်ခုခုပေးသင့်တယ်၊ ဟုတ်တယ်မလား။” Ace သူမအတွက် ဂရုဏာသက်မိသော်လည်း ထိုဂရုဏာကြောင့် သူ့ဘဝကို စွန့်စားမည်ဟု မဆိုလိုပေ။

“ ‘ငါ့ကိုယ်ငါ’ ပေးဖို့ ပြင်ဆင်လာတယ်။” အနက်ရောင်မြေခွေးသည် လှပပြီးဆွဲဆောင်မှု‌ရှိသော ကိုယ်ဟန်ကို ပြသရင်း ရယ်မောလိုက်သည်။

“နောက်နေတာရပ်ပြီး အလေးအနက်ပြော။ မဟုတ်ရင် ငါမကူညီပေးနိုင်ဘူး။” Ace ခက်ခက်ခဲခဲ အသက်ရှူကာ ပြန်ပြောလိုက်သည်။ ‘ငါ့ကိုယ်ငါ’ဟူသော စကားကို ကြားပြီး သူမ၏ ဆွဲဆောင်ရှိသော ကိုယ်ဟန်ကို မြင်ရပြီးနောက် သူ၏ ထိုင်ခုံပေါ်မှပင် ပြုတ်ကျတော့မလို့ပင်။ အကြောင်းပြချက်အချို့ကြောင့် သူ့နှလုံးသည် လျင်မြန်စွာခုန်နေ၏။ ဤကဲ့သို့သော ခံစားချက်ကို သူယခင်က တစ်ခါမှ မခံစားခဲ့ရဖူးပေ။

“မဟုတ်ဘူး! ငါအတည်ပြောနေတာ။ ငါမပြောခဲ့ဘူးလား ငါကနင့်လို သူခိုးတစ်ယောက် ဖြစ်ချင်တာလို့။ ဒီငရဲကနေ ငါ့ကို လွှတ်အောင်လုပ်ပေးပြီးရင် နင့်ရဲ့ရာဇဝတ်မှုတွေမှာ ငါအဖော်ဖြစ်ပေးပြီး သူခိုးကြီးတစ်ယောက်ဖြစ်လာအောင် နင်နဲ့အတူ ပူးပေါင်းမယ်။” အနက်ရောင်မြေခွေးသည် ကြေငြာလိုက်ကာ သူခိုးဖြစ်လာရန် အလွန်အလေးအနက်ဖြစ်နေပုံရသည်။

“မင်းသိလား။ မင်းကတစ်ကယ် ရူးနေတာ။ မင်းဘာလို့ သူခိုးတစ်ယောက်ဖြစ်ချင်ရတာလဲ။ မင်းတစ်ကယ်သူခိုးတစ်ယောက်ဖြစ်ချင်ရင်တောင် မင်းဖြစ်လို့ရတယ်။ ဒါပေမယ့် မင်းတစ်ယောက်တည်းပဲလုပ်။” စိတ်ပျက်စွာဖြင့် Ace ပြောလိုက်သည်။ ဤရူးနေသောမိန်းကလေးဖြင့် သူထပ်၍ မညှိနှိုင်းနိုင်တော့ပေ။

“အကြောင်းပြချက်က ရိုးရှင်းတယ်။ ငါ့အမေကလည်း သူခိုးတစ်ယောက်ဖြစ်လို့ပဲ။ သူမ ငါ့အဖေနဲ့တွေ့တဲ့အချိန်တုန်းက သူမရဲ့အလုပ်ကနေ ကျရှုံးပြီး ထွက်ပြေးလာတာ။ အရင်တုန်းက အပြစ်မဲ့တဲ့သူတွေကို အနိုင်ကျင့်တဲ့ လူဆိုးတွေဆီကနေ သူမဘယ်လိုခိုးယူခဲ့တယ်ဆိုတဲ့ သူမရဲ့ စွန်းစားခန်းတွေကို အမြဲတမ်း င့ါကို ပြောပြခဲ့တာ။ အဲ့အချိန်တုန်းက သူမရဲ့ပုံပြင်တွေကို ငါအရမ်းစိတ်ဝင်စားခဲ့ပြီး အမြဲတမ်းသူမလို ဖြစ်ချင်ခဲ့တယ်။ လူဆိုးတွေဆီကနေ ခိုးယူတဲ့ ကြီးမြတ်တဲ့သူခိုးတစ်ယောက် ငါဖြစ်လာစေရမယ်။” အနက်ရောင်မြေခွေး၏ မြေခွေးလိုမျက်လုံးများသည် သူမ၏ ‘ကြီးကျယ်လှသော ပန်းတိုင်’အကြောင်း Ace ကို ပြောပြနေချိန်တွင် ကြယ်များလို တောက်ပနေ၏။

သူမ၏ စကားများကို Ace ကြားလိုက်ရသည့်အချိန်တွင် သူကျယ်လောင်စွာ အော်ဆဲမိတော့မလို့ပင်။

All Chapters