← Chapters

ဝမ်လင်း တစ်ခုခု ဖြစ်သွားပြီ

Vol. 46 Ch. 688

ဝမ်လင်း တစ်ခုခု ဖြစ်သွားပြီ

Vol. 46 Ch. 688

ဥက္ကဌပိုင်က လက်စားချေမည့် အစီအစဉ်၏ ကြီးမားသော ဆုံးရှုံးမှုကြောင့် အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့သည်။

၎င်းမှာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ နိုင်ငံရပ်ခြားမှ ပြန်လာသော ထိပ်တန်းကျင့်ကြံသူ ဆယ့်ငါးယောက်ဖြစ်သည်။

ယခုမူ တစ်​ယောက်မျှ မကျန်တော့ပေ။

ဥက္ကဌပိုင်က မျက်မှောင်ကြုတ်လိုက်သည်။

ဤကိစ္စက သူ့ဘာသာသူ စတင် လုပ်ဆောင်မှသာ ဖြစ်နိုင်တော့မည်မှန်း သူကောင်းစွာသိလိုက်သည်။

သူတို့၏ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက ကျင့်ကြံသူများကို ပြန်လည်ခေါ်ခဲ့သည့်အကြောင်းရင်းမှာ သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေတွင် အဆင့်ဆယ်သုံး မှော်နည်းစနစ်ကို သိမ်းယူရန်အတွက် ဖြစ်သည်။

သို့သော် ဟွာရှို့နိုင်ငံက သူတို့၏ လှုပ်ရှားမှုများကို သတိပြုမိပြီး တင်းကျပ်သော ကာကွယ်ရေးများ တပ်ဆင်ထားသဖြင့် လွယ်ကူမည် မဟုတ်ပေ။

ယခုအခါတွင် သူတို့၏ တိုက်ပွဲဝင်အင်အား အလွန် အားနည်းသွားသဖြင့် အရာအားလုံးက ခန့်မှန်းရ ခက်လာခဲ့သည်။

ဥက္ကဌပိုင် သက်ပြင်းချလိုက်သည်။

ညဦးစီးမှူးအဖွဲ့၏ ခေါင်းဆောင် ညသရဲဝိညာဥ်အင်ပါယာ ထံသို့ မက်ဆေ့ချ်ပို့ရန်မှတပါး ရွေးချယ်စရာမရှိပေ။

"သခင် ညသရဲဝိညာဥ်အင်ပါယာ.. ကျနော်က ပိုင်ကျဲပါ.. ကျနော်တို့အခု အရှုံးပေါ်နေတယ်"

…............

နိုင်ငံရပ်ခြားမှ ညသရဲဝိညာဥ်အင်ပါယာသည် ဥက္ကဌပိုင်၏ အကူအညီ တောင်းခံသည့် သဝဏ်လွှာကို လက်ခံရရှိခဲ့သည်။

ညသရဲဝိညာဥ်အင်ပါယာ "ဘယ်လိုအသုံးမကျတဲ့ အမှိုက်လဲ.. နောက်ဆုံးတော့ မစ်ရှင်တောင် မလုပ်လိုက်ရဘဲ စွန့်လွှတ်လိုက်ရတယ်”

"မင်းမှာ ဖြေရှင်းဖို့ နည်းလမ်း တစ်ခုခု ရှိလား "

ညသရဲဝိညာဥ်အင်ပါယာက ချောမောပြေပြစ်သော လူငယ်တစ်ယောက်ကို မေးလိုက်သည်။

ထိုလူငယ်က လက်ထဲတွင် ခေါက်ယပ်တောင် ကိုင်ထားပြီး ရိုးရာအဝတ်အစားကို ၀တ်စားထားသည်။

ထိုလူငယ်ကို ဒဲလန် ဟု ခေါ်၏။

ဒဲလန်က ဗိုလ်ချုပ်၆ဦး၏ခေါင်းဆောင်ဖြစ်သည့် ဥက္ကဌ အတ်မတ် ဆေးဘောလုံးကြောင့် သေဆုံးပြီးနောက်တွင် အတ်မတ်၏ ရာထူးကို လွှဲပြောင်းရယူခဲ့သူ ဖြစ်သည်။

"မင်းဘယ်လိုမြင်လဲ"

ညသရဲဝိညာဥ်အင်ပါယာက လူငယ်ကို ကြည့်ကာ သူ့ထင်မြင်ချက်ကို တောင်းဆိုခဲ့သည်။

မိုက်မဲစွာလုပ်ဆောင်တတ်သော အတ်မတ် နှင့် နှိုင်းယှဉ်လျှင် ဒဲလန်သည် ဉာဏ်ရည်ထက်မြက်သူ တစ်ဦးဖြစ်သည်။

"ပိုင်ကျဲကို နုတ်ထွက်ခိုင်းပြီး တာဝန်ယူခိုင်းဖို့ အကြံပြုပါတယ်.. ဒါက ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းပါပဲ"

ဒဲလန်က ပြောကြားခဲ့သည်။

“ဟုတ်တယ်.. ပိုင်ကျဲ ပြန်လာခဲ့ရင် သူက ငါ့ရဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်ရမှာပဲ.. ငါသာ လုပ်ချင်ရင် သူပြန်မလာခင် အဲဒီနေရာမှာတင် ပြစ်ဒဏ်အတွက် သူ့ကို အမိန့်ပေးလို့ရတယ်"

ပြစ်ဒဏ်က အမှန်တကယ် လိုအပ်သည်။

မဟာစီမံကိန်း မစတင်မီတွင် ဥက္ကဌပိုင်သည် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်လေးများနှင့် ပတ်သက်၍ ပညာသင်စေလွှတ်ထားသူများကို ပြန်ခေါ်ခဲ့၏။

အဆိုးဆုံးမှာ ရင်ဆိုင်ရမည့် ရန်သူအကြောင်းကို ကောင်းစွာနားမလည်ခြင်း ဖြစ်သည်။

အဆုံးသတ်တွင် ထောင်ချောက်ထဲသို့ သက်ဆင်းသွားကာ တစ်ဖွဲ့လုံးနီးပါး သုတ်သင်ခံခဲ့ရသည်။

ထိုအတွက် ဥက္ကဌပိုင်ကို အပြစ်ပေးခြင်း မရှိခဲ့လျှင် ညဦးစီးမှုအဖွဲ့သည် အဖွဲ့အတွင်း အလွန်ဆိုးရွားသော လွှမ်းမိုးမှု တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သင်ခန်းစာအဖြစ် အပြစ်ပေးရပေမည်။

“ဒီဖြစ်ရပ်ရဲ့ ပြင်းထန်မှုအရ ပိုင်ကျဲကို ရာထူးက လုံးဝဖယ်ရှားပြီး အမှား ပြုပြင်စေရမယ်.. သေခိုင်းဖို့အထိတော့ မလိုပါဘူး"

ဒဲလန် "ဥက္ကဌပိုင်က အမှတ် 60 အထက်တန်းကျောင်းနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ ရှိနေပြီလို့ ထင်ခဲ့ပေမယ့် သူ့မှာရှိတဲ့ အချက်အလက်တွေက အသုံးမဝင်ဘူးဆိုတာ သိသာနေတယ်.. ဒီလိုမှမဟုတ်ရင် ထိပ်တန်းကျင့်ကြံသူ တစ်ဖွဲ့လုံးက ဖျက်ဆီးခံရမှာမဟုတ်ဘူး"

"ဒါက အခြေခံ တည်ထောင်ခြင်း အထက်တန်းကျောင်းလေး တစ်ခုသာ ဖြစ်ပေမယ့် အဆင့်လွန်ကျင့်ကြံသူတွေ ပုန်းအောင်းနေပုံရတယ်.. ဒီအမှတ်၆၀ အထက်တန်းကျောင်းကို ကိုင်တွယ်ဖို့က မလွယ်ဘူးလို့ ငါခံစားရတယ်”

ညသရဲဝိညာဥ်အင်ပါယာက ပြတ်သားသောအမူအရာဖြင့် ပလ္လင်တော်မှ ထရပ်လိုက်သည်။

အစီအစဉ်ကို လွှဲပြောင်းရယူရန် တစ်စုံတစ်ဦးကို စေလွှတ်ခြင်းအပြင် အမှတ်၆၀ အထက်တန်းကျောင်းနှင့် ပတ်သက်ပြီး သေချာ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။

အနည်းဆုံးတော့ အမှတ်၆၀ အထက်တန်းကျောင်း၏ နောက်ကွယ်တွင် ပုန်းအောင်းနေသည့် စီနီယာက ဘယ်သူလဲဆိုသည်ကို သူတို့ ရှာတွေ့ဖို့ လိုအပ်၏။

"ပိုင်ကျဲက အလွန်ပြင်းထန်တဲ့ ပြန်လည်နလန်ထူနိုင်စွမ်းရှိပေမဲ့ ဒီတစ်ကြိမ်မှာ အကူအညီတောင်းတဲ့ မက်ဆေ့ခ်ျကို ထူးထူးခြားခြား ပို့ခဲ့တယ်.. ဒါကြောင့် အရှင့်အနေနဲ့ သူ့ကို နည်းနည်းလောက် ကူညီပေးမှ သင့်လျော်လိမ့်မယ်"

"ကျွန်တော်တို့တွေ လုံလောက်တဲ့ ဖိအားကို ပေးနိုင်သ၍ အဲဒီနောက်ကွယ်က စီနီယာကို ထွက်လာဖို့ တွန်းအားပေးနိုင်မှာပါ”

ဒဲလန်က ပြောကြားခဲ့သည်။

"ငါ သူ့ဆီ နည်းစနစ်တစ်ခု လွှဲပြောင်းပြီးပါပြီ.. အဲဒါက ငါကိုယ်တိုင် ဖန်တီးထားတဲ့ 'စိတ်ဝိညာဥ်စွမ်းအား ဌားရမ်းခြင်းမှော်စွမ်းရည်' ဖြစ်တယ်"

"စိတ်ဝိညာဥ်စွမ်းအား ဌားရမ်းခြင်းမှော်စွမ်းရည်'

“ဟုတ်တယ်.. ဒါက လူတစ်ယောက်ရဲ့ စိတ်ဝိဥာဉ် အမှတ်အသားကနေ ငါက လှမ်းပြီး ထိန်းချုပ်နိုင်စေမယ့် မှော်အတတ်တစ်မျိုးပဲ.. ဒီနည်းလမ်းနဲ့ငါက ဌားရမ်သူရဲ့ ခွန်အားကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်လိမ့်မယ်"

“ဒီနည်းပညာက တကယ်တော့ စမ်းသပ်ဆဲအဆင့်မှာ ရှိနေဆဲပါပဲ.. ဟားဟား.. ပိုင်ကျဲက ဓာတ်ခွဲခန်းကြွက် ဖြစ်ချင်နေမှတော့ သူ့ကို စမ်းကြည့်တာ အကောင်းဆုံးပဲ မဟုတ်လား"

ညသရဲဝိညာဥ်အင်ပါယာက ရယ်မော၍ ပြောလိုက်သည်။

“ဒါက ချေးငွေထက် စရိတ်စက သက်သာတယ်.. အတိုးလည်းမရှိဘူး.. မင်းအသက်နဲ့ ပြန်ဆပ်ဖို့ပဲလိုတယ်.. အရစ်ကျလည်းရတယ်။"

ဒဲလန် “…........”

…................

ကျောင်းဆင်းခါနီးတွင် ဝမ်လင်းသည် ​​တစ်စုံတစ်ခု မူမမှန်ဟု ခံစားလာရသည်။

ကျောင်းဝင်းထဲမှာ ငြိမ်သက်နေဆဲ ဖြစ်သော်လည်း လျှို့ဝှက်ထားသည့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်တချို့ကို သူ ခံစားမိခဲ့သည်။

သူ့ရဲ့ ပင်ကိုသိစိတ်က ဘယ်တော့မှ မှားလေ့မရှိပေ။

အော်ရာကို ကြည့်၍ ထိုအော်ရာက ယခင်က သူသတိပေးခဲ့သည့် ဥက္ကဌပိုင်ထံမှ ဖြစ်ကြောင်း ဝမ်လင်းသိခဲ့သည်။

အဆုံးသတ်တွင် သူ၏ဖျောင်းဖြမှုက အသုံးမဝင်ခဲ့ပုံရ၏။

ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းချရင်း သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ အတန်းထဲမှ မသိမသာ ထွက်လာခဲ့သည်။

ထိုအချိန်တွင် အတန်းတွင်းရှိ လူတိုင်းသည် နွေရာသီစခန်းသွင်း လေ့လာရေးခရီးစဥ် အကြောင်း တက်ကြွစွာ ဆွေးနွေးနေကြသည်။

၎င်းတို့က သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေသို့ သွားရာတွင် ၎င်းတို့နှင့်အတူ ယူဆောင်လာသင့်သည်များကို ဆွေးနွေးခဲ့ကြသည်။

ဝမ်လင်းက ဆွေးနွေးမှုတွင် ပါဝင်ခြင်း မရှိခဲ့ပေ။

"ဝမ်လင်း.. ငါတို့ဘာတွေ ယူသွားသင့်တယ်လို့ မင်းထင်လဲ"

ချန်းချောင်ကို သူ့ထင်မြင်ချက်အတွက် ဝမ်လင်းကို မေးရန် ခေါင်းလှည့်ခဲ့သော်လည်း ဝမ်လင်း ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

"ဝမ်လင်း ဘယ်ရောက်သွားတာလဲ"

ချန်းချောင် ခေါင်းကုတ်လိုက်သည်။

"ဝမ်လင်း အပြင်ထွက်သွားပြီ"

ကော်ဟောက်က ပြတင်းပေါက်ကနေ ညွှန်ပြလိုက်သည်။

"ဒီကောင်က ငါတို့နဲ့ နေ့တိုင်း ကျောင်းက အတူထွက်နေကြလေ.. ဒီနေ့ဘာလို့ အစောကြီး ထွက်သွားတာလဲ"

ပြတင်းပေါက်ကို လှမ်းကြည့်ကာ စကားပြောနေရင်း သူ့အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားသည်။

"ချီးပဲ.. အားလုံးလာကြည့်ကြစမ်း"

နှိုးဆော်သလို အော်ဟစ်သံကြောင့် အားလုံးက လန့်ဖျပ်သွားကာ ပြတင်းပေါက် ပတ်လည်တွင် စုဝေးခဲ့ကြသည်။

အားလုံးက ကျောင်းဂိတ်တံခါးဝတွင် အနက်ရောင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက်တွင် ထိုအက်ကွဲကြောင်းသည် ဝမ်လင်းကို အတွင်းသို့ တိုက်ရိုက်ဆွဲယူသွားခဲ့သည်။

ဤအဖြစ်အပျက်က ရုတ်တရက် ဖြစ်သွားခဲ့ခြင်း ဖြစ်ရာ ကျောင်းသားတော်တော်များများက မှင်တက်နေခဲ့ကြသည်။

Grade 1 အခန်းသုံး၏ ကျောင်းသားအားလုံးနီးပါးက လေထုထဲသို့ အနက်ရောင် အက်ကွဲကြောင်း တိမ်မြုပ်သွားသောကြောင့် ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။

လူတော်တော်များများက ထိတ်လန့်တကြား တုန်လှုပ်သွားကြပြီး အတန်းထဲမှ မိန်းကလေးတချို့မှာ ချက်ချင်းပင် ထအော်လိုက်ကြသည်။

"ဆရာတွေကို မြန်မြန်သွားပြော"

မြေပဲလေး၏ မျက်နှာက ဖြူဖျော့နေသည်။

ချန်းချောင်နှင့် ကော်ဟောက်က ဆရာများကို အကြောင်းကြားရန် အပြေးအလွှား ထွက်သွားခဲ့ပြီ ဖြစ်သည်။

…..............

အကြမ်းဖျင်း ငါးမိနစ်လောက်အကြာတွင် ဗုံးပစ်စီနီယာအင်မော်တယ်၏ အိမ်၌ ဖုန်းမြည်လာသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ကိုယ်တိုင်ပင် ဖုန်းကိုင်လိုက်သည်။

သူက ဝမ်လင်းအတွက် မိဘဆရာအစည်းအဝေးကို တက်ပေးစဥ် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို ပေးခဲ့ရသည်။

ထိုအချိန်က ဗုံးပစ်စီနီယာအင်မော်တယ်သည် ဖေဖေဝမ်နှင့် မေမေဝမ်ကိုယ်စား မိဘဆရာ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး သူ့ကိုယ်သူ ဝမ်လဲ့ဟု သုံးနှုန်းခဲ့သည်။

"ဟယ်လို.. ဝမ်လင်းရဲ့ အဖေ ဝမ်လဲ့လား."

တစ်ဖက်မှ ပညာရေးဒါရိုက်တာ ဒါရိုက်တာရှီး၏ အသံထွက်ပေါ်လာသည်။

“ဟုတ်ပါတယ်… ကျနော်ပါ”

“ဒီလိုပါ… မစ္စတာဝမ်လဲ့.. အခု ဒီအဖြစ်အပျက်ကို ကျွန်တော်တို့ အရေးတကြီး စောင့်ကြည့်နေပါတယ်.. ဒါကြောင့် ကျမ ပြောမယ့် စကားကို စိတ်အေးအေးထားပြီး နားထောင်ပေးပါ”

ဒါရိုက်တာရှီးက ပြောလိုက်သည်။

"ကောင်းပြီလေ.. ငါ စိတ်အေးအေးထားပါ့မယ်.. ကျေးဇူးပြုပြီး ဆက်ပြောပါ"

ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်ရှုပ်ထွေးသွားသည်။

"မစ္စတာ ဝမ်လဲ့.. ကျောင်းသားဝမ်လင်းကို ဒီနေ့ ကျောင်းဆင်းခါနီးအချိန်မှာ အနက်ရောင်အက်ကွဲကြောင်းတစ်ခုက ဝါးမျိုသွားတယ်.. ငါတို့သိရသလောက်တော့ နတ်ဆိုးမုဆိုးများအဖွဲ့အစည်းက ပုဂ္ဂိုလ်ရေးအရ လက်စားချေနေတာဖြစ််တယ်.. ဒီထဲကမှ ဝမ်လင်းက အစောဆုံး တစ်ယောက်ဖြစ်သွားတဲ့ပုံပဲ"

ဒါရိုက်တာရှီး၏ လေသံက အလွန် ဝမ်းနည်းစိတ်ပျက်နေသလို ဖြစ်နေသည်။

"ဆရာတို့အနေနဲ့ တာဝန်ယူရမယ့် ဝတ္တရားရှိတယ်ဆိုတာ နားလည်ပါတယ်.. ဒါပေမယ့် အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ မစ္စတာဝမ်လဲ့ကို အသိပေးချင်လို့ပါ"

ဗုံးပစ်စီနီယာအင်မော်တယ်က လေးလေးနက်နက် ခေါင်းညိတ်သည်။

"ဒါပဲလား"

ဒါရိုက်တာရှီး “ဟုတ်ကဲ့…”

ဗုံးပစ်စီနီယာအင်မော်တယ်က တုန်လှုပ်ချောက်ချားခြင်း အလျဥ်း မရှိပေ။

“ကောင်းပြီ.. ငါနားလည်ပြီ.. တခြားဘာကိစ္စမှ မရှိဘူး ဆိုရင် ငါဖုန်းချလိုက်တော့မယ်.. ငါ့သားရဲ့ အလောင်းကို တွေ့ရင်သာ ငါ့ကို အကြောင်းကြားပေးပါ"

ဒါရိုက်တာရှီး "???"

All Chapters