← Chapters

ဥက္ကဌလန်ပိုင်၏ ငယ်ရွယ်သောအတွင်းရေးမှူး

Vol. 46 Ch. 685

ဥက္ကဌလန်ပိုင်၏ ငယ်ရွယ်သောအတွင်းရေးမှူး

Vol. 46 Ch. 685

ထိုနေ့တွင် ယန်ကျုံးသည် တိုက်ရိုက်ထုတ်လွှင့်မှုကို မစတင်ဘဲ အနားယူရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိတ်သတ်များကို နေမကောင်းဖြစ်နေသည်ဟု ကြောင်းပြချက်ပေးခဲ့သည်။

သို့ရာတွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အက်မင်များဖြစ်သည့် မစ္စတာလီနှင့်ကျန်းဖေတို့သည် လုံးဝ အနားမယူဘဲ လူများကို ဆက်လက်တားမြစ်နေခဲ့သည်။

ဖေဖေဝမ်၏ ခန့်မှန်းမှုအရ နှစ်ရက်မပြည့်ခင်မှာပင် လူနှစ်သောင်းကျော် တားမြစ်ပိတ်ပင်ခံရပြီးပြီ ဖြစ်သည်။

အွန်လိုင်းအသုံးပြုသူများသည် ရှိုးပွဲတစ်ခုအား စောင့်ကြည့်နေရသလို စိတ်လှုပ်ရှားမှုကို နှစ်ခြိုက် သဘောကျနေခဲ့ကြသည်။

ဤရှိုးပွဲသည် အသိုင်းအဝိုင်းနှစ်ခုမှ ပရိတ်သတ်များအတွက် အလွန်ပင် စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့သည်။

ယန်ကျုံးက သူ့ကိုယ်သူ ယခုအချိန်တွင် မုန်တိုင်းဗဟိုချက် ဖြစ်နေသည်ကို ကောင်းစွာနားလည်ထားသည်။

သူက သီချင်းခိုးချသည်ကို ဝန်မခံဘဲ ရှောင်တိမ်းရန်သာ ရွေးချယ်ထားခဲ့သည်။

မနှစ်က အကျပ်အတည်းကို သူကိုင်တွယ်စဉ်ကလည်း ထိုကဲ့သို့ပင် ဖြစ်ပြီး အတော်လေး အလုပ်ဖြစ်ခဲ့သည် မဟုတ်လော။

သို့ရာတွင် ယခုအချိန်တွင် ယန်ကျုံးသည် ကျင့်ကြံခြင်းနက်ဝေါ့ခ်မှ ဝါရင့်ဂုရုစာရေးဆရာကြီး ဖြစ်သည့် ဝမ်စစ်ထူ၏ စွမ်းအားကို လျှော့တွက်မိခဲ့သည်။

ယမန်နေ့ညက ဖန်းကွမ်း၏ ပံ့ပိုးမှုအပြီးတွင် ယန်ကျုံးသည် သူကိုယ်သူ ဤတိုက်ပွဲမှ ရုန်းထွက်ရန် အလွန်ခက်ခဲနေပြီဟု ခံစားမိခဲ့သည်။

“ဥက္ကဌ.. ငါတို့အခုဘာလုပ်သင့်လဲ”

သူ့တွင် လန်ပိုင်ထံမှ အကူအညီတောင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အရိပ်လူ့ဗန္ဓဂိုဏ်းသည် သေးငယ်သော ဂိုဏ်းတစ်ခု မဟုတ်ပေ။

ရာနှင့်ချီသော အနုပညာရှင်များကို စာချုပ်ချုပ်ထားပြီး ယန်ကျုံးသည်လည်း ထိုထဲမှတစ်ဦး ဖြစ်သည်။

ဥက္ကဌလန်ပိုင်က သူ့ကို လွယ်လွယ်နှင့် စွန့်ပစ်လိမ့်မည် မဟုတ်ဟု ယန်ကျုံး အမြဲလိုလို ယုံကြည်ထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခုနှစ်တွင် သူသည် အရိပ်လူ့ဗန္ဓဂိုဏ်းအတွက် အမြတ်အစွန်းများစွာကို ရှာဖွေပေးထားခဲ့သောကြောင့် ဖြစ်၏။

ထို့ပြင် မနှစ်က ဤကဲ့သို့ အကျပ်အတည်းနှင့် ကြုံတွေ့ရသောအခါတွင်လည်း အရိပ်လူ့ဗန္ဓဂိုဏ်းသည် သူ့ကိုယ်စားဒဏ်ကြေးငွေများစွာကို သုံးစွဲပြီး သူ့ကိုယ်စား ခံဝန်ကတိ ထိုးပေးခဲ့သည်။

ထို့ကြောင့် ဤဂိုဏ်းက သူ့ကို တန်ဖိုးထားပြီး လွယ်လွယ်ကူကူစွန့်ပစ်လိမ့်မည် မဟုတ်ဟု ယန်ကျုံး အမြဲတစေ ခံစားခဲ့ရသည်။

လိုင်း၏ အခြားတစ်ဖက်မှ အရိပ်လူ့ဗန္ဓဂိုဏ်း၏ ဥက္ကဌလန်ပိုင်၏ လေသံသည် ယခင်ကကဲ့သို့ ယုံကြည်မှုမရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ယန်ကျုံး ဤတစ်ကြိမ် စော်ကားခဲ့သူနှစ်ယောက်မှာ ပရိတ်သတ် အများအပြား ရှိနေသောကြောင့် ဖြစ်ပြီး ဤကဲ့သို့ ဆက်ဖြစ်နေမည်ဆိုလျှင် သူ့အနေဖြင့်ရပ်တည်ရန် အလွန်ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

တကယ်တမ်းတွင် ဥက္ကဌလန်ပိုင်က ယန်ကျုံး၏ဖုန်းကို မကိုင်ခင်၌ လောင်းကြေးများကို ချိန်ဆနေခဲ့သည်။

ဆိုရလျှင် အရိပ်လူ့ဗန္ဓဂိုဏ်းသည် ပရဟိတ အသင်းတစ်သင်းမဟုတ်ဘဲ လူများစွာကို ပံ့ပိုးနေရသည့် တိုက်ရိုက်ထုတ်လွှင့်သည့်အဖွဲ့သာ ဖြစ်သည်။

ပွင့်လင်းစွာပြောရလျှင် အရာအားလုံးသည် အမြတ်အစွန်းရရန် အတွက်သာဖြစ်၏။

ဝေဖန်မှုများကြားမှာပင် အရိပ်လူ့ဗန္ဓဂိုဏ်းသည် ယမန်နှစ်က ယန်ကျုံးနှင့် စာချုပ်ချုပ်ခဲ့သည်။

ထို့ပြင် ယန်ကျုံး၏ ဒဏ်ကြေးကိုပင် ငွေအမြောက်အမြားလက်မတွန့်ဘဲ သုံးစွဲပေးခဲ့သည်။

အကြောင်းအရင်းမှာ ၎င်းတို့သည် အနာဂတ်တွင် ပြန်လည်ရရှိမည့် ကုန်သွယ်မှုတန်ဖိုးကို နားလည်သောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ယန်ကျုံးနှင့် ပတ်သက်၍ မုန်တိုင်းဒဏ်ကို ခံစားနေကြရပြီ ဖြစ်သည်။

ယနေ့ အခက်အခဲက ယခင်နှစ်က အခက်အခဲနှင့်နှိုင်းယှဉ်လျှင် ပိုမိုကျပ်တည်းနေသည်မှာ အမှန်တရားတစ်ခုပင်။

“စိတ်မပူပါနဲ့.. ငါတို့သီချင်းကို မူပိုင်ခွင့် အရင်တင်နိုင်အောင်လုပ်ရမယ်.. အရေးကြီးဆုံးကတော့ မင်းရဲ့ ပရိတ်သတ်တွေကို စိတ်တည်ငြိမ်အောင် ထားနိုင်ဖို့ပဲ”

ဥက္ကဌလန်ပိုင် “ဝမ်စစ်ထူနဲ့ ပတ်သက်ပြီး ကျင့်ကြံခြင်းနက်ဝေါ့ခ်ကို ငါကိုယ်တိုင် ဆက်သွယ်ခဲ့ပြီးပြီ.. သူ့ရဲ့ အချက်အလက်အကုန်လုံးကို ငါရခဲ့ပြီးပြီ.. ဒီကိစ္စကို သူနဲ့နောက်မှ အသေးစိတ်ညှိနှိုင်း ဆွေးနွေးလိုက်မယ်.. ညှိနှိုင်းလို့ အဆင်ပြေခဲ့ရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ကြေညာချက်တစ်ခု ထုတ်လိုက်တာနဲ့ ဒါက ပြီးပြည့်စုံတဲ့ အဆုံးသတ်တစ်ခု ဖြစ်လာလိမ့်မယ်.. ဒါ့ပြင် မနှစ်ကနဲ့ယှဉ်ရင် မင်းက ပရိတ်သတ်တွေအများကြီးပိုရလာလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် ဥက္ကဌ.. ဒီတစ်ခါဥက္ကဌကူညီလို့ ကျွန်တော်သက်သာသွားတာပါ”

ဥက္ကဌလန်ပိုင်၏ စကားကိုနားထောင်ပြီး ယန်ကျုံးကချက်ချင်းပင် စိတ်သက်သာရာရသွားသည်။

သူ၏ကျောထောက်နောက်ခံက သူ့ကို မစွန့်လွှတ်သရွေ့ သူ့တွင် ရှင်သန်ရန် အခွင့်အလမ်း ရှိပါသေးသည် မဟုတ်လော။

ဖုန်းချပြီးနောက်တွင် သူ၏ ရုံးခန်းအတွင်း၌ ထိုင်နေသော ဥက္ကဌလန်ပိုင်သည် မျက်လုံးများကို ပွတ်သပ်ကာ နားထင်ကြောကို လက်ဖြင့် နှိပ်လိုက်သည်။

“ဥက္ကဌဆီမှာ သူ့ကိုစွန့်လွှတ်ဖို့ အစီအစဉ် မရှိသေးဘူးလား”

သူ့နံဘေးမှ အဝတ်အစားကို အရှက်လုံရုံသာ ဝတ်ဆင်ထားသော အတွင်းရေးမှူးလေး တစ်ယောက်က ပြောလိုက်သည်။

“သူ့ကို စွန့်လွှတ်ဖို့က စောလွန်းနေသေးတယ်.. သူက ငါတို့အတွက် တန်ဖိုးရှိနေဆဲပဲ.. လက်ရှိ အခြေအနေအရတော့ ဒီကိစ္စက ပြေလည်ဖို့လွယ်မှာမဟုတ်ဘူး.. ဒါပေမဲ့ မစ္စတာဝမ်စစ်ထူနဲ့သာ သီးသန့်ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် ဒါကငါတို့အတွက် သေချာပေါက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လာလိမ့်မယ်”

ထိုစကားကိုကြားလျှင် မလုံ့တလုံဝတ်ဆင်ထားသည့် အတွင်းရေးမှူးလေးက နားလည်သွားခဲ့သည်။

ဆိုရလျှင် ဥက္ကဌလန်ပိုင်က ယန်ကျုံးကို အသုံးချ၍ရနေဆဲဟု ထင်မြင်နေခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ယန်ကျုံးကို အားကိုးပြီး အရိပ်လူ့ဗန္ဓဂိုဏ်းသည် ဝင်ငွေများစွာရရှိခဲ့သည်။

ယနေ့ခေတ် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပရိတ်သတ်များပေးလေ့ရှိသော လက်ဆောင်များသည် ပြောင်၍မရပေ။

၎င်းတို့က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လက်ဆောင်နှင့်ပတ်သက်၍ ငွေအမြောက်အမြားသုံးစွဲရန် တွန့်ဆုတ်မနေခဲ့ကြချေ။

“ကျွန်မတို့အခုဘာဆက်လုပ်မလဲ”

မလုံ့တလုံ ဝတ်ဆင်ထားသော အတွင်းရေးမှူးလေးက မေးလိုက်သည်။

"ဝမ်စစ်ထူနဲ့ ကျွန်းသခင်တို့ကို ငါတို့အရင်ဆုံး ဆက်သွယ်ရမယ်.. ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူတို့ရဲ့သဘောထားကို မေးကြည့်ရမယ်.. သူတို့က လျော်ကြေးပဲ လိုချင်ရင်တော့ ယန်ကျုံးကိုယ်စား ငါတို့က ပေးချေလိုက်ရုံပဲ.. အကယ်၍ ဒါက ငါတို့ မတတ်နိုင်တဲ့ဈေးနှုန်း ဆိုရင်တော့ တခြားဇာတ်လမ်းတစ်ပုဒ်ကို ရွေးချယ်ရတော့မှာပဲ”

“အဲဒီအခြေအနေ ရောက်လာရင် ဥက္ကဌက သူ့ကို စွန့်လွှတ်လိုက်တော့မှာလား”

“ဒီအခြေနေထိ ရောက်လာပြီ ဆိုမှတော့ ငါတို့အနေနဲ့ ယန်ကျုံးကို စွန့်လွှတ်ရတော့မှာပေါ့လေ.. တကယ်တမ်း ပြောရရင် ယန်ကျုံးဆိုတဲ့လူက အစကတည်းက မသန့်ရှင်းဘူး.. သူသာ ငါတို့အတွက် ငွေရှာပေးတဲ့သူ မဟုတ်ခဲ့ရင် ငါသူ့စာချုပ်ကို စောစောစီးစီး ဖျက်လိုက်မိမှာ သေချာတယ်.. ဒီထက်ပိုပြီးပြောရရင် သူက ငါ့အတွက်တော့ အချိန်မရွေး လွှတ်ပစ်လို့ရတဲ့ အပေါင်ဆုံးလက်မှတ်တစ်ခုလိုပဲ”

“ဥက္ကဌက တကယ်ကို သနားညှာတာမှုကင်းမဲ့တဲ့လူပဲ”

မလုံ့တလုံ ဝတ်ဆင်ထားသော အတွင်းရေးမှူးလေးက ရိုးရှင်းစွာပြောလိုက်ပြီး ဥက္ကဌလန်ပိုင်၏ ပေါင်ပေါ်တွင် တက်ထိုင်လိုက်သည်။

ထိုအချိန်တွင် အတွင်းရေးမှူးလေး၏ လက်ကိုင်ဖုန်းက မြည်လာခဲ့သည်။

ဥက္ကဌလန်ပိုင်က အတွင်းရေးမှူးလေးကို မေးလိုက်သည်။

“ဘယ်သူ့ဆီက ဖုန်းလာနေတာလဲ”

“ဪ.. ဒါက ပို့ဆောင်ရေးသမားဆီကပဲ”

ထိုခဏတွင် ဖုန်းထဲမှ အသံတစ်သံက ထွက်လာခဲ့သည်။

“မစ္စတာရှန်းလား.. မင်းရဲ့ အမြန်ချောပို့ ဝန်ဆောင်မှုရောက်ပါပြီ”

“ကျွန်မသွားယူလိုက်ဦးမယ်”

အခြားတစ်ဖက်တွင် အမှတ်၆၀ အထက်တန်းကျောင်းက တိတ်ဆိတ်နေဆဲ ဖြစ်သည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ တိုက်ခိုက်မှု အစီအစဉ်ကို အကောင်အထည်ဖော်ရန်ည်မှန်းထားသောအချိန်က ကြာမြင့်နေပြီဖြစ်၏။

ယခုအခါတွင် မွန်းတည့်ချိန်နီးပါးဖြစ်နေပြီဖြစ်သော်လည်း နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ နိုင်ငံခြားပြန် အဆင့်လွန်လက်ရွေးစင်အဖွဲ့ထံမှလှုပ်ရှားမှုများက မရှိသေးပေ။

အမှတ်၆၀အထက်တန်းကျောင်းမှကျောငး်သားများက ချက်ဂရုများတွင် ၎င်းတို့ကိုလှောင်ပြောင်စပြုလာကြသည်။

“သူတို့ကလာမှာလား မလာတော့ဘူးလား.. မလာတော့ဘူးဆို ငါတို့ထမင်းသွားစားတော့မယ်”

“ဒါကမယုံကြည်နိုင်စရာပဲ.. ငါတို့ကိုအချိန်အကြာကြီးစောင့်ခိုင်းနေပြီးတော့ သူတို့က ဘာတွေလုပ်နေတာလဲ”

“သူတို့က အရိပ်အဖွဲ့ထက်တောင် ပိုဆိုးနေသေးတယ်.. အရိပ်အဖွဲ့က သူတို့ထက်အားနည်းတယ်ဆိုပေမဲ့ အနည်းဆုံးတော့ ငါတို့ကျောင်းထဲကို ဝင်လာရဲကြသေးတယ်လေ”

“ကြည့်ရတာ ဒီအဖွဲ့က အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းဂိတ်တံခါးကိုတောင် မရောက်နိုင်တော့ဘူးထင်တယ်”

“……….”

အတန်းချက်ဂရုမှ စာများကို အသေးစိတ် ဖတ်ရှုပြီးနောက်တွင် ဝမ်လင်းသည် ပြတင်းပေါက်မှနေ ကျောင်းဂိတ်တံခါးဝကို လှမ်းကြည့်လိုက်ရာ ထူးဆန်းသောအချက်ကို ခံစားလိုက်ရသည်။

ယနေ့တွင် နေရောင်က ထူးထူးခြားခြား တောက်ပနေပြီး မုန်တိုင်း၏ အရိပ်အရောင်များလည်း မရှိပေ။

“ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲ”

ဝမ်လင်း ကိုယ်တိုင်လည်း အံ့ဩသွားမိသည်။

ဤမတိုင်ခင် သူ့မျက်ခုံးက လှုပ်ခပ်ခဲ့သော်လည်း ယခုအခါတွင် ရပ်တန့်နေခဲ့သည်။

“အဲဒီအဖွဲ့က မတော်တဆမှုတွေများ ကြုံနေရတာလား”

“သူတို့ကိုစောင့်မနေနဲ့.. ငါတို့ လုပ်သင့်တာကိုလုပ်ရမယ်.. စားစရာရှိရင် စားကြရအောင်”

ချန်းချောင်က ရယ်ရယ်မောမော ပြောလိုက်သည်။

“မကြာသေးခင်က အမှတ်၆၀အထက်တန်းကျောင်းမှာ အမေကျွမ့်က မိဘတွေအတွက်ရည်ရွယ်ပြီး အစားအသောက်မြည်းစမ်းပွဲတစ်ခုလုပ်ခဲ့တယ်လို့ သတင်းရရှိတယ်.. ဒါပေမဲ့မိဘတစ်ယောက်တည်းပဲ ပေါ်လာခဲ့တယ်.. အဲဒီမိဘက ပြန်တဲ့အခါမှာ အသားလုံးကြော်တွေကို ယူဆောင်သွားခဲ့တယ်.. တကယ်လို့သာ အဲဒီမိဘက နတ်ဆိုမုဆိုးများ အဖွဲ့အစည်းကတစ်စုံတစ်ယောက် ဆိုရင်တော့ သူတို့အဖွဲ့က လူတွေက ဒီအသားလုံးကြော်ကိုစားပြီး အဆိပ်သင့်ပြီး တစ်ခါတည်းသေသွားမယ်လို့ ငါထင်တယ်”

ချန်းချောင်၏ စကားကိုကြားလျှင် ဝမ်လင်းက အံ့အားသင့်သွားခဲ့သည်။

“……….”

“တကယ်ဒီလိုမျိုးဖြစ်သွားတာများလား”

All Chapters