နတ်ဆိုးမုဆိုးများအဖွဲ့အစည်းရဲ့ တိုက်ခိုက်မှုလား
Vol. 46 Ch. 684
အမှတ်၆၀အထက်တန်းကျောင်းရှိ လူတိုင်းက ဦးလေးကျိုးကိုသိခဲ့ကြသည်။
ဤလူက အမှတ်၆၀ အထက်တန်းကျောင်း၏ ခက်ခဲမှုသမိုင်းများကို မျက်မြင်တွေ့ခဲ့ရသည့် ဦးလေးကျိုး ဖြစ်သည်။
ဆိုရလျှင် အမှတ်၆၀ အထက်တန်းကျောင်းအနေဖြင့် ဘေးဒဏ်အန္တရာယ်များစွာကို ရင်ဆိုင်နိုင်ခဲ့သည့် အကြောင်းအရင်းတစ်ခုမှာ ဦးလေးကျိုးကြောင့် ဖြစ်သည်ဟု အချို့ကဆိုကြသည်။
တကယ်တမ်းတွင် ဤနှစ်များတစ်လျှောက်၌ ဦးလေးကျိုးနှင့်ပတ်သက်သည့် ဒဏ္ဍာရီများက ပြတ်တောက်မှုမရှိခဲ့ပေ။
အနည်းဆုံးတော့ အမှတ်၆၀ အထက်တန်းကျောင်း၏ အသိုင်းအဝိုင်းတွင် သူနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာရှိသည်။
ဦးလေးကျိုးသည် ဇာတ်မြှုပ်နေသော အဆင့်လွန် ကျင့်ကြံသူတစ်ဦးဟု လူအများက ထင်မြင်ယူဆထားကြသည်။
ထို့ပြင် ဦးလေးကျိုး ပန်ကိတ်လုပ်သည့်အခါတွင် ကြက်ဥကိုယင်ယန်ပုံသဏ္ဍာန် နေရာချတတ်သည်အား လူအများက မြင်ဖူးခဲ့ကြသည်။
အတိအကျပြောရလျှင် ဦးလေးကျိုးနှင့် ပတ်သက်သည့်ဒဏ္ဍာရီများသည် အွန်လိုင်းပေါ်တွင် တွေ့နိုင်သည်အထိပင်။
ဝမ်လင်းက ဤကျောင်းကို တက်သည်မှာ မကြာသေးသော်လည်း ဦးလေးကျိုး၏ ပန်ကိတ်ကို စားဖူးခဲ့သည်။
ဆိုရလျှင်ဦးလေးကျိုး၏ ပန်ကိတ်သည် ခေါက်ဆွဲကြွပ်ကြော်မှလွဲ၍ သူစားဖူးသမျှထဲ၌ အကောင်းဆုံးဟု ဝမ်လင်းခံစားရသည်။
အဓိကအချက်မှာ ဤ 5HNYသာ ပေးရသော ပန်ကိတ်တွင် ဆော့အချို၊ ငရုတ်သီး၊ ကြက်ဥ၊ ဘီစကစ်၊ ဂျုံ၊ မိုးခိုသား ဝက်အူချောင်းနှင့် အခြားတန်ဆာပလာများ အများအပြားပါဝင်သောကြောင့် ဖြစ်သည်။
ဝမ်လင်းက ကျောင်းသို့ ရောက်သောအခါတွင် ချန်းချောင်တစ်ယောက် ပန်ကိတ် ဝယ်နေသည်ကို တွေ့လိုက်ရသည်။
သူက ခဏမျှစဉ်းစားလိုက်ပြီးနောက် ပန်ကိတ်ဝယ်ရန် အတွက် 5HNYကို ထုတ်လိုက်သည်။
“ဝမ်လင်း.. မင်းရော ပန်ကိတ်ဝယ်မလို့လား”
လတ်လတ်ဆတ်ဆတ် လုပ်ထားသော ပန်ကိတ်ကို ဝါးစားရင်း ချန်းချောင်က နှုတ်ဆက်လိုက်သည်။
“ဒီနေ့ ဦးလေးကျိုးက ကြက်ဥတစ်လုံးဝယ်ရင် တစ်လုံးလက်ဆောင်ပေးတဲ့ ပရိုမိုးရှင်းရှိတယ်”
ထိုခဏမှာပင် ချန်းချောင်အတွက် ပန်ကိတ်လုပ်စဉ်ကလို ကြက်ဥနှစ်လုံးကို ခွဲလိုက်ရာ ကြက်ဥအနှစ်၄ခု ထွက်လာခဲ့သည်။
ဤကြက်ဥနှစ်လုံးသည် အမှန်တကယ်ပင် အနှစ်နှစ်ခုစီ ဖြစ်နေခဲ့သည်။
ဝမ်လင်း “……….”
ထိုမြင်ကွင်းကြောင့် ချန်းချောင်ရော ဦးလေးကျိုးပါအံ့အားသင့်သွားသည်။
“ဒါက ဘယ်လိုတောင် ကံကောင်းမှုကြီးလဲ”
ဦးလေးကျိုးက ရယ်မောလိုက်သည်။
“ဒီကျောင်းသားက တော်တော်လေး ကံကောင်းတာပဲ”
ထို့နောက်ဦးလေးကျိုးက ဝမ်လင်းကို မေးခွန်းထုတ်လိုက်သည်။
“ကျောင်းသားလေး.. မင်းလိုချင်တာ အီကြာကွေးအရသာလား ဘီစကစ်အရသာလား”
ဝမ်လင်းက အိတ်ကပ်ထဲမှခေါက်ဆွဲခြောက်ထုပ်ကို ဖွင့်ဖောက်လိုက်သည်။
ထို့နောက် သူက ခေါက်ဆွဲခြောက်ကို နှစ်ခြမ်းခွဲကာ တစ်ခြမ်းအား ဦးလေးကျိုးကို ပေးလိုက်သည်။
ဦးလေးကျိုး “……….”
အမှတ်၆၀ အထက်တန်းကျောင်း၏ မနက်ခင်းသည် မျှော်လင့်ထားသည်ထက်ပင် ပို၍ အေးချမ်းခဲ့သည်။
နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ တိုက်ခိုက်မည့် အစီအစဉ်ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းက တပ်လှန့်ထားခဲ့သည်။
ကျောင်းရှိဆရာများသည် ကျောင်းသားမိဘများ စိတ်ကျေနပ်မှု ရှိစေရန် အိမ်များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ညှိနှိုင်းခဲ့ရသည်။
သို့ရာတွင် ၎င်းတို့၏သားသမီးများကို ကျောင်းမတက်စေရန် ဆုံးဖြတ်ခဲ့သည့် မိဘတစ်ဦး သို့မဟုတ် နှစ်ဦးက ရှိနေဆဲပင်။
ဤဖြစ်ရပ်ပြီးလျှင် ကျောင်းသားများ၏ မိဘ ဘယ်နှစ်ယောက်က ကျောင်းပြောင်းရန် ရွေးချယ်မလဲ ဆိုသည်မှာ ဝမ်လင်း မတွက်ချက်နိုင်သည့် အရာတစ်ခု ဖြစ်သည်။
သူက ကနဦးတွင် အမှတ်၆၀ အထက်တန်းကျောင်၌ အေးအေးချမ်းချမ်းသာ စာသင်လိုခဲ့သည်။
ဤကျောင်းကို သူရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းမှာ ခြုံငုံ အကဲဖြတ်မှုတိုင်းတွင် ဤအမှတ်၆၀ကျောင်းက အခြားသာမန် အထက်တန်းကျောင်းများနှင့် နှိုင်းယှဉ်လျှင် အလယ်အလတ်အဆင့်တွင် ရှိနေသောကြောင့်ဖြစ်သည်။
သို့သော် သူ၏ရွေးချယ်မှုကို အဓိပ္ပါယ်မဲ့စေသည့် အချက်မှာ လွန်ခဲ့သည့် ၁၀ပတ်လောက်မှစ၍ အမှတ်၆၀ အထက်တန်းကျောင်းသည် သာမန်ကျောင်းတစ်ခုလို လုံးဝ စာရင်းမပေါက်တော့ပေ။
ကိစ္စများစွာက အမှတ်၆၀အထက်တန်းကျောင်းကို ဗဟိုပြု၍ ဖြစ်ပျက်နေသလိုပင်။
ဤတစ်ခေါက် နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ တိုက်ခုက်မှုကလည်း ချောမွေ့စွာ လည်ပတ်နိုင်ပါမည်လော။
ဝမ်လင်းက မျက်ခုံးသတိပေးချက် ရပ်တန့်နေပြီဖြစ်၍ သိပ်မထင်ခဲ့ပေ။
အခြားတစ်ဖက်တွင်လည်း ဖေဖေဝမ်၏ ပရိတ်သတ်များနှင့် သီချင်းခိုးယူသည့် တိုက်ရိုက်ထုတ်လွှင့်သူ ဒင်း၏ပရိတ်သတ်များက ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
ဖေဖေဝမ်ဘက်က ထောက်ခံပြီး ဤသူခိုး တိုက်ရိုက်ထုတ်လွှင့်သူကို သပိတ်မှောက်သည့် ပရိတ်သတ် အများအပြားလည်း ရှိလာကြသည်။
ဤတိုက်ပွဲကို လုံးဝ တစ်ဖက်စောင်းနင်းဖြစ်စေခဲ့သည့် အဓိကပုဂ္ဂိုလ်တစ်ဦးလည်း ရှိသည်။
ထိုပုဂ္ဂိုလ်က တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦး ဖြစ်ပြီး မကြာသေးမီ ရက်သတ္တပတ်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှု အသိုင်းအဝိုင်းသို့ ဝင်ရောက်လာသည့် ဖန်းကွမ်းမှလွဲ၍ အခြားသူမဟုတ်ပေ။
ယခုအခါတွင် ဖန်းကွမ်းသည် တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းအားလုံး၌ အစ်ကိုကြီးတစ်ယောက် ဖြစ်နေပြီဖြစ်သည်။
သူက ရက်သတ္တပတ်အတွင်း ပရိတ်သတ် သန်းပေါင်းများစွာကို ရှာဖွေနိုင်ခဲ့ပြီး ဝက်ဘ်ဆိုက်သမိုင်းတွင် စံချိန်သစ်တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့သည်။
ယခုအခါတွင် ဖန်းကွမ်း တိုက်ရိုက်ထုတ်လွှင့်နေသမျှ ၁၀မိနစ်အတွင်း ကြည့်ရှုသူ ၁၀သန်းကျော်အထိ ရှိနေခဲ့ပေပြီ။
အဘယ်ကြောင့် ဖန်းကွမ်း ဤမျှလောက် နာမည်ကြီးရပါသနည်း။
အကြောင်းအရင်းမှာ ကံတရားအပြင် ဖန်းကွမ်း၏ ဖန်တီးတင်ဆက်နိုင်စွမ်းကြောင့် ဖြစ်သည်။
ဖန်းကွမ်းက သူ၏ကျွန်းကိုပင် သူကိုယ်တိုင် ဖန်တီးနိုင်သောသူဖြစ်၏။
သူက ပရိတ်သတ်ထံ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်စဉ်တွင် ပစ္စည်းအသစ်အဆန်း မျိုးစုံကို ဖန်တီးပြခဲ့သည်။
သူက ပရိတ်သတ်များကို အကောင်းဆုံး ဖျော်ဖြေနိုင်ရန်အတွက် ကျွန်းတွင်ရှိသည့် ရွှံ့စေများဖြင့် ဝိညာဉ်သားရဲအတုများကိုပင် ဖန်တီးပြခဲ့သည်။
တိုက်ရိုက် ထုတ်လွှင့်သူတစ်ဦးသည် ကိုယ်ပိုင် အရည်အချင်းရှိမှသာ ရေရှည် ရပ်တည်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဖန်းကွမ်းက တိုက်ရိုက်ထုတ်လွှင့်ရာတွင် သူ၏ ကိုယ်ပိုင်စွမ်းရည်များကိုသာ အသုံးပြုခဲ့သည်။
ကောက်ကျစ်သော နည်းလမ်းများနှင့် ရောနှောထားသောလှည့်ကွက်များကို အသုံးပြုခြင်းသည် အဆုံးသတ် ကောင်းနိုင်မည် မဟုတ်ပေ။
ဖေဖေဝမ် သီချင်းအခိုးခံရသည်ကို သိလိုက်ရပြီးနောက်တွင် ဖန်းကွမ်း၏ ရပ်တည်မှုက အလွန်ပင် ရှင်းလင်းသွားခဲ့သည်။
သူက တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ခေါင်းစဉ်ကို လန်ယာရုပ်သံထုတ်လွှင့်မှု ပလက်ဖောင်း- အရိပ်လူ့ဗန္ဓ-သူခိုးဒင်း နှင့်နှုတ်ခမ်း ဟန်ပြလှုပ်ခြင်းသို့ တိုက်ရိုက် ပြောင်းလဲခဲ့သည်။
၎င်းကိစ္စနှင့် ပတ်သက်၍ သူမည်သို့ခံစားရကြောင်း Weiboတွင် လူသိရှင်ကြား ဖော်ပြခဲ့သည်။
ဤအရာက အဖြစ်အပျက်တစ်ခုလုံးကို တဖြည်းဖြည်းလောင်ကျွမ်းစေခဲ့သည်။
စီနီယာဝမ်က လင်းကျန်းရန်၏ ဖခင်ဖြစ်သည်ကို ဖန်းကွမ်းက ကောင်းစွာသိသည်။
ဤစီနီယာဝမ်က သာမန်လူတစ်ဦး မည်သို့ဖြစ်နိုင်မည်နည်း။
သူ့အနေဖြင့် အခွင့်အရေးရခိုက်တွင် ဖေဖေဝမ်၏ ပေါင်ကို အခိုင်အမာ ပြေးဖက်ထားရမည်မှာ စဉ်းစားစရာပင် မလိုချေ။
ဖန်းကွမ်းက ဖေဖေဝမ်၏ ခွင့်ပြုချက်ကို ရယူပြီးနောက် အချက်အလက်အချို့ကို လူသိရှင်ကြား တိုက်ရိုက် ထုတ်ပြန်ခဲ့သည်။
“တကယ်တော့ သီချင်းကို ခိုးခံရတဲ့သူက နှစ်ညအိပ်သုံးရက် အပ်ဒိတ်လုပ်ပြီးပြီ ဆိုတဲ့ IDနဲ့ ငါ့ရဲ့ ပရိတ်သတ်စာရင်းထဲမှာ နံပါတ်တစ်နေရာကို ရပ်တည်နေတဲ့သူပဲ.. တိုက်ရိုက် ထုတ်လွှင့်မှုအခန်းထဲက သူငယ်ချင်းတွေကတော့ သူ့ကို ညီနောင်အိပ်စက်လို့ ခေါ်ကြတယ်.. တကယ်တမ်းတော့ သူက ဂုရုစာရေးဆရာကြီး ဝမ်စစ်ထူ ကိုယ်တိုင်ပဲ”
ထိုသတင်း ထွက်လာသောအခါတွင် တိုက်ရိုက် ထုတ်လွှင့်မှု အသိုင်းအဝိုင်းကသာမက ဝတ္ထုအသိုင်းအဝိုင်းကပါ ပေါက်ကွဲသွားသည်။
“ဒီသူခိုးတော့သွားပြီ.. ဝမ်စစ်ထူကိုမှ သွားတိုက်ခိုက်နေတယ်”
“မြတ်စွာဘုရား.. ဒါဆို ဝမ်စစ်ထူကလည်း ကျွန်းသခင်ရဲ့ပရိတ်သတ်ပဲပေါ့”
“ဟားဟား.. တိုက်ရိုက်ထုတ်လွှင့်တဲ့ သူခိုးကောင်တော့ ကိစ္စချောပြီ”
“ဝမ်စစ်ထူတင် မကဘူး.. သူကကျွန်းသခင်ကိုပါ စော်ကားမိခဲ့တယ်”
“ဝမ်စစ်ထူက ကျွန်းသခင်ကို လက်ဆောင်တွေ အများကြီးပေးခဲ့တယ်လေ.. သူတို့ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်တာတော့သေချာတယ်”
ထိုလူက ဖန်းကွမ်းအတွက် တိုက်ရိုက် ထုတ်လွှင့်သူဒင်းအား ချေမှုန်းရန် ပိုမိုကောင်းမွန်သော အကြောင်းပြချက်အား ပေးခဲ့သည်။
ယခုအခါတွင် ဖန်းကွမ်းသည် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်း၏ အစ်ကိုကြီး ဖြစ်သည်။
ထို့ပြင် ဖေဖေဝမ်သည်လည်း အလွန်ကျော်ကြားသောဂုရု စာရေးဆရာကြီးတစ်ဦး ဖြစ်သည်။
ထိုကဲ့သို့သော လူနှစ်ဦး လက်တွဲလိုက်ခြင်းသည် အခြေခံအားဖြင့် တိုက်ရိုက်ထုတ်လွှင့်သူ ဒင်းအတွက် ကိစ္စပြီးသွားပြီဖြစ်ကြောင်း ကြေညာချက်တစ်ခုလို ဖြစ်နေသည်။
ဖန်သားပြင်ကို စိုက်ကြည့်ရင်း လဲ့မုန့်မုန့်က သက်ပြင်းချမိသည်။
“ဒီကောင်က တော်တော်မိုက်မဲလွန်းတယ်.. စောစောစီးစီးတောင်းပန်ခဲ့မယ်ဆိုရင် ကိစ္စက အေးအေးဆေးဆေးပြီးသွားမယ့်ဟာကို”
“မင်းနားမလည်ပါဘူး.. တချို့လူတွေက ခေါင်းတလားကို မမြင်မချင်း မျက်ရည်ကျတတ်တဲ့သူတွေ မဟုတ်ဘူး”
ဖေဖေဝမ်က သက်ပြင်းချလိုက်သည်။
“မယုံရင် မင်းကြည့်လိုက်”
ဖေဖေဝမ်က တိုက်ရိုက်ထုတ်လွှင့်သူဒင်း၏ အခန်းကို ဖွင့်လိုက်သည်။
ဤသူခိုးအဆိုတော်ဒင်းက ဘာမှမဖြစ်ခဲ့သလိုပင် ထိုပြဿနာကို လုံးဝမတုံ့ပြန်ခဲ့ပေ။
“ဒီကောင့်ကိုကြည့်ရတာ စိတ်မှတ်မရှိတဲ့ပုံပဲ”
လဲ့မုန့်မုန့်က ပါးစပ်အဟောင်းသား ဖြစ်နေသည်။
“ဒီကောင်က သေခြင်းတရားနဲ့ ကစားနေတာကို နားလည်ပုံလည်းမရဘူး.. မနှစ်တုန်းကလည်း အလားတူပြဿနာမျိုး ဒီကောင် ကြုံခဲ့ပြီးပြီ.. ပြဿနာတက်နေတာတောင် ဒီကောင်ကမျက်နှာပြောင်တိုက်ပြီး Liveကိုဆက်လွှင့်နေခဲ့တယ်.. အဆုံးသတ်မှာတော့ သူ့ကို ဆဲဆိုနေတဲ့လူတိုင်းက ပင်ပန်းလာပြီး ဖြည်းဖြည်းချင်း ရပ်တန့်သွားကြတယ်.. အမှန်တိုင်းပြောရရင် ဒီကောင့်လို အရေထူတဲ့ကောင်မျိုး ငါတစ်ခါမှမကြုဖူးဘူး”
ဖေဖေဝမ်က ရယ်မောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်ဒီကောင်က ငါ့မိန်းမအတွက် ငါရေးထားတဲ့သီချင်းကိုခိုးယူမှတော့ ဒီကောင့်ကို အသက်ရှူခွင့်ပေးလို့မဖြစ်တော့ဘူး”
“မင်းသူ့ကို ဘယ်လိုကိုင်တွယ်မှာလဲ”
လဲ့မုန့်မုန့်ကမေးလိုက်သည်။
ဖေဖေဝမ်က သူ့လက်မဖြင့် လည်ပင်းကို ဝိုက်ဆွဲပြလိုက်သည်။
“သူ့ကိုပိတ်ပစ်ရမယ်”