အဆင့်မြှင့်ထားသောဗားရှင်း ကျိုးရီ
Vol. 46 Ch. 679
မှော်ပစ္စည်းစာရင်းတွင် လျှပ်စီးကိုးထောင်လှုပ်ရှားမှု ဘွတ်ဖိနပ်ကို မြင်လျှင်ကျိုးရီ မှင်တက်သွားသည်။
“…............”
ဤဖိနပ်၏အမည်သည် အကြောင်းတစ်ခုခုကြောင့် သူနှင့်အနည်းငယ် ရင်းနှီးနေခဲ့သည်။
ဤဖိနပ်သည် “လျှပ်စီးသုံးထောင်လှုပ်ရှားမှု ” နှင့် သက်ဆိုင်နေပါသလော။
ထိုပစ္စည်းကို ရွေးချယ်လျှင် ဘွတ်ဖိနပ်သက်သက် မဟုတ်ဘဲ တာအို ၀တ်စုံ၊ အတွင်းခံ စသည်ဖြင့် ကွဲပြားသော ပုံသဏ္ဍာန် အမျိုးမျိုးနှင့် အတိုအထွာများကိုပါ ရရှိမည် ဖြစ်သည်။
ကျိုးရီ “.........…”
ဝမ်လင်းက ကျိုးရီကို စိုက်ကြည့်ကာ နှစ်သက်ရာကို ရွေးချယ်နိုင်ကြောင်း မျက်ခုံးပင့်၍ အချက်ပြလိုက်သည်။
ကျိုးရီ ဆုံးဖြတ်ပြီးသည်နှင့် ဝမ်လင်းက လိုအပ်သည့် ပစ္စည်းများအား အလဲအလှယ် လုပ်ရန်အတွက် ကောင်းကင်တာအို ရွှေလူသားကို ဆင့်ခေါ်ခဲ့သည်။
ထို့နောက်တွင် ပစ္စည်းများအား စတင်ပြုလုပ်တော့၏။
သူဖန်တီးမည့်ပစ္စည်းများကို လက်ခံရန် ကျိုးရီထက် ပိုသင့်တော်မည့်လူကို သူရှာမတွေ့ပေ။
ထို့ကြောင့် ကျိုးရီကို ကာကွယ်ရမည် ဖြစ်သည်။
ဤတပည့်၏ အစွမ်းကသာမန်သာဖြစ်နေ၍ ခိုင်မြဲစွာ ရပ်တည်နိုင်ရန်အတွက် ဝမ်လင်းသည် တန်ဖိုးအကြီးဆုံး ပစ္စည်းများဖြင့် အပ်ဒိတ်မြှင့်ပေးရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်မှစ၍ ကျိုးရီသည် အရင်ကျိုးရီ မဟုတ်တော့ဘဲ အဆင့်မြှင့်ထားသောဗားရှင်း ကျိုးရီ ဖြစ်၏။
…................
ကျိုးရီက သူ၏ ကာကွယ်ရေးပစ္စည်းကို ရွေးချယ်နေစဉ်တွင် ဖေဖေဝမ်သည် သူ့ကိုယ်ပိုင် တိုက်ပွဲကို တိုက်ခိုက်နေသည်။
တကယ်တမ်းတွင် ဤအဖြစ်အပျက်သည် မကြာသေးမီကမှ ဖြစ်ပွားခဲ့ပြီး တကယ့်ကို ဒေါသဖြစ်စရာကိစ္စရပ်ပင်။
မေမေဝမ် အတွက် သူရေးပေးထားသော "ကြယ်စင်ကောင်းကင်၏ ချစ်ခြင်းဘာသာစကား" သီချင်းသည် နာမည်ကြီး အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်သူ၏ ခိုးယူခံရကြောင်း ဖေဖေဝမ် သိရှိခဲ့သည်။
တစ်ဖက်လူက အဆိုပါသီချင်းကို လျှို့ဝှက်ဒေါင်းလုဒ် လုပ်ပြီး ၎င်း၏ ကိုယ်ပိုင်စာမျက်နှာတွင် ပြန်လည်အပ်လုဒ်တင်ခဲ့ကာ ထိုသီချင်းက ၎င်း၏ ကိုယ်ပိုင်ဖန်တီးမှု ဖြစ်ကြောင်း ရှင်းပြထားခဲ့သည်။
ထို့အပြင် သီချင်းကို စည်းချက်အားလိုက်၍ ဟန်ပြ နှုတ်ခမ်းလှုပ်ကာ ကိုယ်တိုင် သီဆိုထားသယောင် ပြုလုပ်ခဲ့သေး၏။
အရေးကြီးဆုံးမှာ သူ့ပရိသတ်များသည် ကူးချထားသည်ဟု လုံးဝမထင်ဘဲ တကယ်ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးနေကြခြင်း ဖြစ်သည်။
ဖေဖေဝမ်က ဤသီချင်းကို မေမေဝမ်အတွက် ရေးခဲ့၍ မယုံနိုင်လောက်အောင် ဒေါသထွက်သွားခဲ့သည်။
ထိုထက် အရေးအကြီးဆုံးမှာ သီချင်းထဲတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ကိုယ်ပိုင်အသံက ရှင်းရှင်းလင်းလင်း ရှိနေဆဲ ဖြစ်သည်။
သို့ဆိုလျှင် မည်သို့သော သတ္တိဖြင့် ခိုးယူသွားပါသနည်း။
ဖေဖေဝမ် မည်ကဲ့သို့ပင် တွေးတောနေပါစေ၊ ဤကိစ္စသည် အလွန်ပင် ပဟေဠိသဖွယ် ဖြစ်နေ၏။
ယနေ့ခေတ်တွင် အွန်လိုင်းစစ်ပွဲများသည် နေရာတိုင်းတွင်ရှိနေသည်။
ယခင်ကတည်းကပင် ဖေဖေဝမ်သည် ဝတ္ထုပလက်ဖောင်းပေါ်မှ ဆန့်ကျင်ဘက် ပရိသတ်များကို လုံးဝ ကြောက်လန့်ခြင်း မရှိခဲ့ပေ။
ယခု စစ်မြေပြင်က တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းသို့ ပြောင်းရွှေ့သွား၍ ဖေဖေဝမ် အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။
ထို့ကြောင့် ဤအဖြစ်အပျက် ဖြစ်ပေါ်လာပြီးနောက် ဖေဖေဝမ်၏ ပထမဆုံး တုံ့ပြန်မှုသည် သူ၏ ပရိတ်သတ် အဖွဲ့ကို အကူအညီတောင်းရန် ဖြစ်သည်။
သူ၏ပရိသတ်ထဲတွင် သူ့ကို ဆေးပြင်းလိပ်တွေ လစဥ်ပို့သည့် ပုဂ္ဂိုလ်ကြီး ရှိသော်လည်း ဖေဖေဝမ်က ထိုပရိသတ်ကို အကူအညီ မတောင်းချင်ခဲ့ပေ။
အဓိကအားဖြင့် ဖေဖေဝမ်သည် သူ့ပရိသတ်များ မည်မျှ ရက်စက်သလဲဆိုသည်ကို စမ်းသပ်ချင်တာကြောင့် ဖြစ်၏။
သူ့မိန်းမအတွက် ရေးထားတဲ့ သီချင်းက ခိုးယူခံခဲ့ရသည်။
အကယ်၍ သူက ထိုအတွက် မတုံ့ပြန်ခဲ့လျှင် မေမေဝမ်၏ ခင်ပွန်း ဖြစ်ထိုက်ပါမည်လော။
ထို့ကြောင့် ဖေဖေဝမ်က သူ၏ ဖန်ဂရုတွင် တရားဝင်ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
"လန်ယာ ရုပ်သံထုတ်လွှင့်မှု'မှ 'အရိပ်လူ့ဗန္ဓဂိုဏ်း'၏ အကာအကွယ်အောက်ရှိ 'စင်ဂါအင်စတီကျု"၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့က လုံးဝ လက်မခံနိုင်ပါ.. သူခိုးကောင်.. ကျေးဇူးပြုပြီး တောင်းပန်ပါ”
"ဘာလဲဟ.. ဝမ်စစ်ထူ ရဲ့ သီချင်းကို ခိုးသွားတာလား"
"ဒါက နောက်ဆုံးထွက်သီချင်း ကြယ်စင်ကောင်းကင်ရဲ့ အချစ်ဘာသာစကား မဟုတ်လား"
"ဟုတ်တယ်.. အဲဒါက ဂုရုဝမ်စစ်ထူ သူ့မိန်းမအတွက် ရေးထားတဲ့ သီချင်းပဲ.. သူကိုယ်တိုင် သီချင်းစာသားကို ရေးခဲ့တာ.. ဒါပေမဲ့ ဒီအရှက်မရှိ တိုက်ရိုက်ထုတ်လွှင့်သူက သီချင်းကို ခိုးပြီး သူ့ကိုယ်ပိုင်သီချင်းလို့တောင် ပြောလိုက်သေးတယ်"
"ကြည့်ပါဦး.. ငါ့မှာ ဗီဒီယိုတစ်ခုရှိသေးတယ်”
အောက်တွင် ပရိသတ် အများအပြားက ချက်ချင်း ပြန်ဖြေကြသည်။
ဖေဖေဝမ် အံ့သြသွားသည်။
သူဒီနေ့မှသာ တင်ထားသော်လည်း အဘယ်ကြောင့်များ ဤမျှအထိ သိနေကြသနည်း။
အံ့အားသင့်ဖို့ အကောင်းဆုံးမှာ တစ်စုံတစ်ယောက်သည် အမှန်တကယ် အသံသွင်းထားခြင်း ဖြစ်သည်။
ဖေဖေဝမ်က ဂရုထဲတွင် ချက်ချင်း ချီးကျူးလိုက်သည်။
"ညီငယ်.. မင်းက အံ့သြစရာပဲ"
ထိုပရိတ်သတ်က ချက်ချင်းပြန်ဖြေခဲ့သည်။
"အဲဒီသီချင်းကို ကြားလိုက်တာနဲ့ အရမ်းရင်းနှီးသလို ခံစားရတယ်.. ဒါကြောင့် ချက်ချင်းပဲ ညီနောင် ဝမ်စစ်ထူ သီချင်းဆိုတာသိလိုက်တယ်"
"သူခိုးကောင် သီဆိုတုန်းက မူရင်းအသံအတိုင်း ဘာလို့အသံထွက်နေရလဲ ဆိုတာတောင် တွေးမိသေးတယ်.. ခံစားချက်ကအစ ရာနှုန်းပြည့် တူညီနေတော့ အံ့သြဖို့ ကောင်းလွန်းတယ်လေ"
"အဲဒီနောက်မှာတော့ ဒီသူခိုးကောင်ကို ထပ်သီဆိုဖို့ HNY တစ်ထောင်ပေးပြီး တစ်ခါတည်း အသံသွင်းထားလိုက်တယ်”
ထို့နောက်တွင် ဖန်ဂရုတွင် ထိုသတင်းသည် ချက်ချင်းဆိုသလို ပွထသွားခဲ့သည်။
"ညီနောင် မင်းက အံ့သြစရာပဲ"
"လုပ်တာ တော်တော်ကောင်းတယ်"
"ဒါဆို ဒါက သက်သေပေါ့"
"ဒါက လက်တွေ့ကျတဲ့ သက်သေပဲ"
ဖေဖေဝမ်က ခေါင်းညိတ်သည်။
“ဒီဗီဒီယိုကို သက်သေအဖြစ် အသုံးပြုလို့ရပေမယ့် လောလောဆယ်တော့ မလုံလောက်သေးဘူး.. အသံနှိုင်းယှဉ်မှု ပြုလုပ်ဖို့အတွက် ပရော်ဖက်ရှင်နယ်အေဂျင်စီကို ရှာဖွေဖို့ လိုအပ်တယ်.. ဒါ့အပြင် ဒီတိုက်ရိုက်ထုတ်လွှင့်သူမှာ အရင်က ပြစ်မှု ကျူးလွန်ခဲ့တဲ့ မှတ်တမ်းလည်း ရှိတယ်.. သီချင်းတွေကိုနှုတ်ခမ်းလှုပ်ပြီး ဟန်ပြဆိုတာကို မနှစ်တုန်းက ဖော်ထုတ်ခံခဲ့ရတယ်”
"ဒါနဲ့ ညီနောင်ဝမ်စစ်ထူက ဘယ်လိုအရေးယူချင်လဲ"
ဖေဖေဝမ်က "လည်ချောင်း လှီးဖြတ်သည့်" အီမိုဂျီ တစ်ခု ပေးပို့ခဲ့သည်။
ထို့နောက်တွင် သူက ဂရုထံသို့ စကားလုံးများစွာ ပေးပို့ခဲ့သည်။
"ငါသူ့ကို လေ့လာပြီးပြီ"
လူတိုင်း "........…"
ဖေဖေဝမ် “သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ နှုတ်ခမ်းဟန်ပြ လှုပ်ထားတဲ့ ဗီဒီယိုတွေ အများကြီးတွေ့တယ်..
မူရင်းအဆိုတော်နဲ့ တိုက်စစ်ဖို့က တေးဂီတဆော့ဖ်ဝဲရဲ့ အသံမှတ်မိခြင်း လုပ်ဆောင်ချက်ကို အသုံးပြုနိုင်တယ်.. ဒီလူ နှုတ်ခမ်းဟန်ပြ လှုပ်ထားတဲ့ ဗီဒီယို နဲ့ မူရင်းသီချင်းကို တွဲပြီး ငါ့ဆီ ပေးပို့နိုင်ပါတယ်"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က မေးလိုက်သည်။
"ဆုလာဘ်ရှိလား"
ဖေဖေဝမ်က တဟားဟား ရယ်ကာ ပြောလိုက်သည်။
"မင်း သက်သေပြနိုင်သရွေ့ ငါ နောက်ထပ် အခန်းဆယ်ခန်း တင်ပေးပါ့မယ်"
လူတိုင်း အံ့သြ တုန်လှုပ်သွားကြသည်။
“တကယ်ကြီးလား”
"သေချာပါတယ်.. ဒါက အချစ်ရဲ့ စွမ်းအားဖြစ်ရမယ်"