ချန်းချောင်၏ ကောင်းချီးပါးစပ်
Vol. 46 Ch. 677
ထောင်အုပ်လျန့် ဆီမှ ထွက်လာပြီးနောက်တွင် ကျိုးရီသည် ကျုံးလန်နှင့် လက်တွဲ၍ မိဘများ စိတ်ကျေနပ်စေရန်အတွက် အလုပ်လုပ်ရဦးမည် ဖြစ်သည်။
သူကိုယ်တိုင် အားကြိုးမာန်တက် လှုပ်ရှားနေပုံကို လူထုထံ ပြသရပေမည်။
သို့မဟုတ်လျှင် သူ့အတွက် ပြဿနာဖြစ်အောင် တမင်ဖန်တီးရန် ကြိုးစားနေသော ပြင်ပရှိ လုပ်ဖော်ကိုင်ဖက်များသည် တာဝန်ကို လက်လွတ်စပယ် လုပ်သည်ဟု စွပ်စွဲကြပေလိမ့်မည် မဟုတ်လော။
အချိန်အများစုတွင် အွန်လိုင်းအသုံးပြုသူများသည် ဤကဲ့သို့ပင် ဖြစ်သည်။
၎င်းတို့က ယုတ္တိဗေဒကျကျ သို့မဟုတ် အဖြစ်အပျက်၏ အကျိုးဆက်များကို လုံးဝ ဂရုမစိုက်ဘဲ ပူးပေါင်းပြီး ပွဲရှာလိုကြသည်။
အမှတ်၆၀ အထက်တန်းကျောင်း ပစ်မှတ်ထားခြင်းခံရသည်မှာ ကျိုးရီက ဥက္ကဌပိုင်ကို မဖမ်းမိသောကြောင့်ဟု အပြစ်တင်လိုနေကြသည်။
တကယ်တမ်းတွင် ဤအဖြစ်အပျက်သည် မကြာသေးခင်ကမှ အွန်လိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်နှင့် ဆင်တူသည်။
မိန်းကလေး တစ်ယောက်က အဆောက်အဦး တစ်ခုပေါ်ကနေ ခုန်ချချင်နေပြီး အောက်မှာ လူတစ်ရာကျော်ရှိနေသည်။
အောက်တွင် ရှိနေသူများက သူမကို မဖျောင်းဖျရုံတင်မက၊ သူမကို ဘယ်အချိန် ခုန်ချမလဲဟုပင် မေးပြီး ခုန်မချလျှင် ရဲနှင့် မီးသတ်သမားများကို မနှောင့်ယှက်သင့်ဟု ပြောခဲ့ကြသည်။
အဆုံးသတ်တွင် ကမ္ဘာကြီးထံမှ နွေးထွေးမှုကို မရရှိခဲ့သည့် မိန်းကလေးသည် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကိုသာ ရွေးချယ်လိုက်တော့၏။
ဤသည်က အလွန်ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုပင်။
ထို့အပြင် တွန်းအားပေးခဲ့သည့် လူများကို ခါးခါးသီးသီး စိတ်ပျက်စေ၏။
သို့သော် ၎င်းတို့ကိုယ်တိုင်လည်း ဤမျှအထိ ဖြစ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ဟုတ်ပါသည်။ ကျိုးရီက အကောင်းဘက်ကနေ ရှူမြင်ရသည်ကို သဘောကျလေ့ရှိသည်။
သူရဲဘောကြောင်သူများသည် အကောင့်တုများဖြင့် အွန်လိုင်းတွင် ပုန်းနေလေ့ရှိပြီး အချို့သော ကိစ္စများတွင် ပြင်းထန်သောသဘောထားများဖြင့် ဟန်ရေးပြတတ်လေ့ ရှိကြသည်။
ထို့ကြောင့် ထိုကဲ့သို့သော လူများသည် “အွန်လိုင်းလူဆိုးဂိုဏ်း” နှင့် အတူတူပင် ဖြစ်သည်။
အစောပိုင်းက ကျောင်းပေါင်း 100 အထွေထွေ အုပ်ချုပ်ရေးရုံးဆီသို့ ကျုံးလန်၏ ကားကို မောင်းနှင်လာသောသူသည် ကျိုးရီ၏ သီးသန့်ယာဉ်မောင်း ဖြစ်သည်။
လမ်းခရီးတွင် ကျိုးရီသည် ဝမ်လင်း၏ အိမ်သို့ အလည်အပတ်သွားမည်ဟု ဒါရိုက်တာရှီးထံ မက်ဆေ့ချ်ပေးပို့ခဲ့သည်။
သူ့ဆရာက ပြဿနာကို မကြိုက်ကြောင်း သူသိသည်။
ထို့ကြောင့် သူက ဤတာဝန်ကို ဦးစွာယူလိုက်၏။
အခြားတစ်ဖက်တွင်လည်း ဝမ်လင်းနှင့် အတန်းရှိ အခြားကျောင်းသားများသည် အမှတ်၆၀ အထက်တန်းကျောင်းမှဆရာများက အိမ်သို့ လာရောက်လည်ပတ်မည့် သတင်းကို ရရှိခဲ့ကြသည်။
ဤသည်မှာ အလွန်ပြင်းထန်သောကိစ္စ ဖြစ်သည်။
အကြောင်းမှာ ကျောင်းအုပ်ကြီးချန်းသည် ယနေ့တွင် နိုင်ငံတွင်းရှိ အခြားဒေသများတွင် အစည်းအဝေး တက်ရောက်မည်ဟု မူလက ကြားသိခဲ့ရသော်လည်း ကျောင်းကိစ္စများကို ကြီးကြပ်ရန် အတွက် လမ်းတစ်ဝက်ကနေ ပြန်လာခဲ့သောကြောင့် ဖြစ်၏။
ကျောင်းအုပ်ကြီးချန်း၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ "နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ လက်စားချေမည့် အစီအစဥ်" နှင့် သက်ဆိုင်သည်။
ကော်ဟောက်က တက်ကြွသော ဆွေးနွေးမှုတစ်ခုဖြင့် အတန်းကို ဦးဆောင်ခဲ့သည်။
ဝမ်လင်းက ဥက္ကဌပိုင် မည်သို့သော အစီအစဥ်ကို စီစဥ်ထားမှန်း အတိအကျ မသိသော်လည်း သူ၏ မျက်ခွံသတိပေးချက် အရ အလွန် အန္တရာယ်ရှိမှန်း ရှင်းလင်းစွာ သိခဲ့သည်။
နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက ဤတစ်ကြိမ်တွင် ဤမျှ ရက်စက်ကြမ်းကြုတ်ဖွယ် လက်စားချေရန် ကြံစည်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
၎င်းတို့က ကျိုးရီကို ပစ်မှတ်ထားရုံသာမက အမှတ်၆၀ အထက်တန်းကျောင်းကိုပါ အပြည့်အဝ ပစ်မှတ်ထားခဲ့သည်။
“နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက ငါတို့ကျောင်းကို လက်စားချေဖို့ စီစဉ်နေပြီး ဆရာတွေနဲ့ ကျောင်းသားတွေကို တစ်ယောက်မှ အလွှတ်ပေးမှာ မဟုတ်ဘူးလို့ ရဲဌာနမှာရှိတဲ့ ဦးလေး တစ်ယောက်က ပြောပြခဲ့တယ်”
ကော်ဟောက်က ပြောလိုက်သည်။
“ဒါပေမယ့် သူတို့ရဲ့ အစီအစဉ်က မအောင်မြင်လောက်ဘူးလို့ငါမြင်တယ်.. ငါတို့ကျောင်းကို မတိုက်ခိုက်မီမှာ သူတို့ရဲ့ အဓိက အဖွဲ့ဝင် သုံးဦးကို ဖမ်းမိထားပြီးပြီ.. သူတို့ အားလုံးကို စီနီယာ ကျိုးရီက ဖမ်းခဲ့တာလို့ ကြားမိတယ်”
"ဒါဆို သူတို့က အရိပ်အဖွဲ့ထက်တောင် ပိုဝမ်းနည်းစရာကောင်းတာပေါ့.. ဒီလူအုပ်စုက အမှတ် 60 အထက်တန်းကျောင်းရဲ့ ပင်မဂိတ်တံခါးကို မဖြတ်ခင်မှာပဲ အားလုံး သေသွားလိမ့်မယ်လို့ မင်းတို့မထင်ဘူးလား"
ချန်းချောင်က ပြောလိုက်သည်။
“…..........”
ထိုစကားကို ဝမ်လင်းတစ်ယောက်သာ တကယ်ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။
ချန်းချောင်၏ ပါးစပ်က ကောင်းချီးပေးသောပါးစပ် ဖြစ်သည်မဟုတ်လော။
"မဖြစ်နိုင်ဘူးထင်တယ်…"
ကော်ဟောက်က ချွေးများထွက်လာသည်။
"ငါသိရသလောက် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ အမာခံ လူတွေက အဆင့်မြင့်ကျင့်ကြံသူတွေပဲ.. ဒါ့အပြင် သူတို့ရဲ့ အလုံးစုံ စွမ်းအားက အရိပ်အဖွဲ့ထက် မြင့်မားတဲ့အဆင့်မှာ ရှိတယ်.. သူတို့အနေနဲ့ ဒီလောက်အထိ ကံမဆိုးနိုင်လောက်ဘူး"
"ဒါနဲ့ မနက်ဖြန် မတိုင်ခင် အချိန်တွေ အများကြီးရသေးတာပဲ..
လက်စားချေမဲ့ အစီအစဥ်ကို ကျောင်းက သိသိကြီးနဲ့ ဘာလို့အတန်းတွေ မရပ်ရတာလဲ"
"မင်း ငါတို့ ကျောင်းအုပ်ကြီး အကြောင့် မသိတာလည်း မဟုတ်ဘူး.. တစ်ဖက်လူက ငါတို့ကျောင်းကို ခြိမ်းခြောက်တာလောက်နဲ့တော့ သူက အတန်းတွေကို ရပ်မှာမဟုတ်ဘူး"
"ဒီလူဆိုးကောင်တွေက အရိပ်အဖွဲ့ရဲ့ ဖြစ်ရပ်ကို သင်ခန်းစာ မယူဘူးလားမသိဘူး"
ကော်ဟောက်က သူ့လက်နှစ်ဖက်ကို ဖြန့်၍ ပုခုံးတွန့်လိုက်သည်။
"ဒီတစ်ခေါက်တော့ ကျောင်းအုပ်ကြီး ခေါင်းကိုက်နေပြီလို့ ကြားတယ်"
"ဘာလို့လဲ"
မြေပဲလေးက မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ စာသင်နှစ်စကတည်းက ဆိုးရွားတဲ့ကိစ္စတွေ မရပ်တန့်သေးတဲ့ အတွက် မိဘ အတော်တော်များများက သူတို့ရဲ့ ကလေးတွေကို ကျောင်းကနေ နုတ်ထွက်စေပြီး တခြားကျောင်းကို ပြောင်းရွှေ့ဖို့အတွက် လုပ်လာကြလို့လေ"
ကော်ဟောက်က ပြောလိုက်သည်။
"အမှတ် 59 အထက်တန်းကျောင်းရဲ့ ဖိုရမ်ကို ဝင်ကြည့်လိုက်ရင် အားလုံးက ဝမ်းသာအားရ ရယ်မောနေကြတာကို တွေ့ရလိမ့်မယ်.."
"ပညာရေးဆိုင်ရာ လမ်းညွှန်ချက်အရ စာသင်နှစ် တစ်ဝက်မှာ တခြားကျောင်းတစ်ကျောင်းကို တိုက်ရိုက် ပြောင်းရွှေ့နိုင်တယ်လေ"
လူတိုင်း“........…”
"ဒီကိစ္စအမှန်ပဲလား"
"ဒါကြောင့် ငါတို့ကျောင်းအုပ်ကြီးက ဆရာတွေကို မိဘတွေနဲ့ ညှိနှိုင်းဖို့အတွက် အိမ်တွေကို စေလွှတ်လိုက်တာပေါ့"
ကော်ဟောက်က ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားလျှင် လူတိုင်းက သဘောပေါက်သွားသည်။
ကော်ဟောက်၏ အတင်းအဖျင်း စကားကြောင့်သာ မဟုတ်လျှင် ထိုမျှအထိ သူတို့သိနိုင်မည် မဟုတ်ချေ။
ဤတစ်ကြိမ် အိမ်သို့လာရောက်ခြင်းသည် စာမေးပွဲ အမှတ်စာရင်းကြောင့် မဟုတ်ဘဲ ကျောင်း၏ လုံခြုံရေးပြဿနာနှင့် သက်ဆိုင်နေသောကြောင့် လူတိုင်းက ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြသည်။
တစ်နည်းအားဖြင့် အမှတ်၆၀အထက်တန်းကျောင်းက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ကိစ္စကို အလွန်အာရုံစိုက်ရသည့် အကြောင်းရင်းမှာ ဤအရေးကြီးသော အချိန်ကာလတွင် မိဘများအနေဖြင့် ကလေးများအား ကျောင်းပြောင်းစေမည်ကို မလိုလားသောကြောင့် ဖြစ်သည်။
အမှတ် 60 အထက်တန်းကျောင်းသည် ယခုအခါတွင် အဓိက အထက်တန်းကျောင်းအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤကဲ့သို့သော အချိန်တွင် ကျောင်းပြောင်းသွားခဲ့ကြလျှင် သူတို့ကျောင်း၏ နာမည်ဂုဏ်သတင်းက အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ဖေးယန် ခရိုင်တစ်ခုလုံးရှိ စာသင်ကျောင်းများ မည်မျှပင် အသက်ဝင်သည်ဖြစ်စေ၊
ပြီးခဲ့သောလအနည်းငယ်အတွင်း၌ အမှတ် 60 အထက်တန်းကျောင်းထက် ပိုမိုတက်ကြွသောကျောင်း မရှိခဲ့ပေ။
တခြားကျောင်းများတွင် စာမေးပွဲများသာ ရှိသော်လည်း အမှတ် 60 အထက်တန်းကျောင်းတွင်မူ စာမေးပွဲများ အပြင် ထူးခြားသည့်ကိစ္စရပ်များ ရှိခဲ့သည်။
"ဟေ့ရောင်တွေ.. စီနီယာကျိုးရီက သူ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို ဖုံးကွယ်ထားတယ်လို့ မင်းတို့ထင်လား"
ကော်ဟောက်က အားလုံး စာသင်ခန်းထဲက ထွက်ခါနီးတွင် ရုတ်တရက် မေးလိုက်သည်။
"ဘာလို့ဒီလိုပြောတာလဲ"
"စဉ်းစားကြည့်လေ.. သူက ရွှေအမြူတေအဆင့် ကျင့်ကြံသူလို့ လူတိုင်းက အမြဲပြောနေကြသော်လည်း သူရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေက ရွှေအမြူတေအဆင့် ကျင့်ကြံသူတွေ မကိုင်တွယ်နိုင်တဲ့ အဆင့်တွေပဲ"
ကော်ဟောက်က ပြောလိုက်သည်။
"ဒါကြောင့် စီနီယာကျိုးရီက ခွန်အားကို ဖုံးကွယ်ထားတယ်လို့ ငါ ထင်တာပဲ.. အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်"
"အဲဒါတော့ မဖြစ်နိုင်ဘူး.. ဒီကိစ္စတွေကို ကိုင်တွယ်ပေးခဲ့တာက ကျိုးရီရဲ့ နောက်ကွယ်က ဆရာဖြစ်နိုင်တယ်.. ကျိုးရီက သူ့မှာဆရာရှိတယ်လို့ အွန်လိုင်းမှာ ပြောတတ်တယ်မဟုတ်လား"
ဝမ်လင်း “….........”
ချန်းချောင် “ဒီကမ္ဘာမှာ သိုသိုသိပ်သိပ်နေထိုင်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်.. ဒီထဲကတချို့က ငါတို့ရဲ့ အမှတ်60 အထက်တန်းကျောင်းမှာလည်း ရှိနိုင်တာပဲ...ငါတို့ရဲ့ ဆရာတွေကို လျော့မတွက်ပါနဲ့.. သူတို့ထဲမှာ တချို့က စီနီယာကြီးတွေ ဖြစ်နိုင်တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ"
ဝမ်လင်း “…........”
ချန်းချောင် "ဒါ့အပြင် ငါတို့အတန်းထဲမှာ စီနီယာကြီး တစ်ယောက် ရှိနေတယ်လို့ ငါအမြဲတမ်း ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်"
ဝမ်လင်း “…........”