← Chapters

အတွင်းရေးမှူးစွန်းရဲ့ အရိပ်အမြွက်

Vol. 46 Ch. 676

အတွင်းရေးမှူးစွန်းရဲ့ အရိပ်အမြွက်

Vol. 46 Ch. 676

ကျိုးရီက ဆက်လက် နားမထောင်လိုတော့ပေ။

"ညစ်ပတ်လွန်းတယ်.. ယောက်ျားချင်း ဘယ်လိုတွေ ခေါ်နေတာလဲ.. သူတို့က ဂေးတွေလား"

ကျိုးရီ၏ မျက်နှာက သိသိသာသာပင် နီရဲလာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ထောင်အုပ်လျန့်က ရုံးခန်းအတွင်းရှိ လေအေးပေးသည့် အဆောင်လက်ဖွဲ့ကို ဖွင့်လိုက်သည်။

ဤခေတ်တွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန်အတွက် လေအေးပေးစက်ကို သိပ်အသုံးမပြုကြတော့ပေ။

ထိုအစား အပူချိန်လျော့ချရန်အတွက် လေအေးပေးစက် ကဲ့သို့ လုပ်ဆောင်ချက်မျိုး ရှိသည့် တာအိုအဆောင်လက်ဖွဲ့ကိုသာ တိုက်ရိုက် အသုံးပြုကြသည်။

ထိုခဏမှာပင် နံရံပေါ်တွင် ကပ်ထားသည့် အပြာနုရောင်အဆောင်လက်ဖွဲ့မှ အလင်းတန်းများ ထွက်ပေါ်လာသည်။

ဤလေအေးပေးသည့် အဆောင်လက်ဖွဲ့တစ်ခုသည် ၁၂နာရီဆက်တိုက် အသုံးခံ၏။

ထောင်အုပ်လျန့်က ခေါင်းကုတ်လိုက်သည်။

သူက လေအေးပေးသည့်အဆောင်လက်ဖွဲ့ကို အသုံးပြုခဲ့သော်လည်း ဒါရိုက်တာကျိုး၏ မျက်နှာက နီရဲနေဆဲ မဟုတ်ပါလော။

"မင်းဘာတွေတွေးနေတာလဲ ကျိုးရီ"

ထောင်အုပ်လျန့်က ကျိုးရီ၏ပုခုံးကို လှမ်းရိုက်လိုက်သည်။

ထိုအခါမှပင် ကျိုးရီက အသိစိတ်ပြန်ဝင်လာပြီး ထောင်အုပ်လျန့်ကို ကြည့်လိုက်သည်။

"အကြီးအကဲယာရန်းက အကြီးအကဲကျီရှင်းကို ခေါ်ဝေါ်တဲ့အသုံးအနှုန်းနဲ့ ပတ်သက်ပြီး စဉ်းစားခန်းဝင်နေမိတာပါ"

"ဪ.. မင်းက ဒီကိစ္စကိုစဉ်းစားနေတာလား"

ထောင်အုပ်လျန့်က ရယ်မော၍ ပြောလိုက်သည်။

အကြီးအကဲကျီရှင်းက သူ့ကို ယာယာလေးလို့ခေါ်တယ်.. ဒီလိုပဲ အကြီးအကဲယာရန်းကလည်း အကြီးအကဲကျီရှင်းကို ရှင်းရှင်းလေးလို့ ခေါ်တယ်"

ထိုစကားကိုကြားလျှင် ကျိုးရီက ခေါင်းငြိမ့်လိုက်သည်။

"သေချာပါတယ် ဒီကောင်က ဂေးတစ်ယောက်ပဲ ဖြစ်မှာပါ.. အကြီးအကဲယာရန်းရဲ့ ဆက်သွယ်ရေးကိရိယာမှာ အချက်အလက်တွေ အများကြီးရှိတယ်.. ဒါပေမဲ့ အဲဒီအချက်အလက်ကို ကုတ်ဝှက်ထားတဲ့အတွက် ကုတ်ကိုဖြေဖို့တော့ လိုအပ်နေပါသေးတယ်.. ဒါပေမဲ့ ငါတို့လက်ရှိ ရရှိထားတဲ့ အချက်အလက်တွေကပဲ အသုံးဝင်နေပါပြီ"

ထောင်အုပ်လျန့်က လက်ဖက်ရည်ကို တစ်ကျိုက်မော့လိုက်ပြီး သူ့လက်ထဲရှိ အချက်အလက် အားလုံးကို ကျိုးရီထံ လွှဲပေးလိုက်သည်။

"ငါတို့လေ့လာထားတဲ့ အချက်အလက်တွေအရ ဒီအစီအစဉ်အတွက် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက နိုင်ငံခြားပြန် ကျင့်ကြံသူ၁၅ဦးကို စုစည်းထားခဲ့တယ်.. ဒီ၁၅ဦးလုံးက နေကျွန်းကနေ ပြန်လာတဲ့သူတွေ ဖြစ်ပြီး နင်ဂျစ်ဆုပညာကို သင်ယူထားကြတယ်"

"၁၅ယောက်တည်းလား"

အကြောင်းပြချက် တစ်ခုခုကြောင့် ကျိုးရီကထို၁၅ယောက်၏ အနာဂတ်ကို သိသိသာသာပင် စိတ်ပူသွားခဲ့သည်။

တကယ်တမ်းတွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ လက်စားချေမည့် အစီအစဉ်ကို ကြားသိပြီးကတည်းက ကျိုးရီအနေဖြင့် အမှတ်၆၀ အထက်တန်းကျောင်းကို လုံးဝစိုးရိမ်မှု မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အမှတ်၆၀အထက်တန်းကျောင်းတွင် သူ့ဆရာရှိနေသည်ကို သိထားသောကြောင့်ဖြစ်သည်။

သူ့ဆရာရှိနေသရွေ့ ကမ္ဘာပေါ်တွင် အမှတ်၆၀ အထက်တန်းကျောင်းထက် ပိုမို၍ လုံခြုံသောနေရာ ရှိနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် ကျိုးရီက အွန်လိုင်းမှ တိုက်ခိုက်မှုများကို ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သူက အမှတ်၆၀ အထက်တန်းကျောင်း၏ လုံခြုံရေးပြဿနာကို အစကတည်းကပင် စိတ်ပူခြင်းမရှိခဲ့ပေ။

သူ စိုးရိမ်ပူပန်မိသည့်သူမှာ ဗုံးပစ်စီနီယာ အင်မော်တယ်သာ ဖြစ်သည်။

"ဒါ့အပြင် ဒီ၁၅ယောက် အုပ်စုထဲမှာ အကြီးအကဲကျီရှင်းက ခေါင်းဆောင်ပဲ.. ဒီအချိန် မင်းကို ချိန်းဆိုရတဲ့အကြောင်းအရင်းက ဒီအချက်အလက်တွေကို ပြောပြဖို့အပြင် တခြားအကြောင်းအရင်းလည်း ရှိသေးတယ်"

ထောင်အုပ်လျန့်က သူ့စကားကို မဆက်မီ ခေတ္တရပ်နားလိုက်သည်။

"မင်းအနေနဲ့ အင်တာနက်နဲ့ ဝေးဝေးနေဖို့ ငါအကြံပေးချင်တယ်.. အွန်လိုင်းက မှတ်ချက်တွေကို ငါမြင်ပြီးပြီ.. အရမ်းကိုဆိုးရွားလွန်းတယ်"

ထိုစကားကိုကြားလျှင် ကျိုးရီက ပြုံးလိုက်သည်။

အွန်လိုင်းတွင် သူ့ကို တိုက်ခိုက်နေသောသူများမှာ အမှတ်၆၀ အထက်တန်းကျောင်းမှ မိဘများချည်းသာ ဖြစ်သည်ဟု သူမယုံကြည်ပေ။

တချို့မှာ သူ့ကို မနာလိုသူများမှ ငှားရမ်းထားသည့်လူများ ဖြစ်နိုင်သည်ဟု သူခံစားရသည်။

လုပ်ငန်းနယ်ပယ်တွင် ပြိုင်ဆိုင်မှုများ ရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

အပင်မြင့်လေ လေတိုက်ခံရလေ ဖြစ်သည်မဟုတ်ပါလော။

သူ၏ကျော်ကြားမှုက လွန်ခဲ့သည့် လအနည်းငယ်ကစ၍ အလွန်ပင် မြင့်တက်လာခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများစွာကို မနာလိုမှု ဖြစ်လာစေသည်မှာ သေချာသည်။

ထို့ကြောင့် ဝေဖန်မှု၏ပစ်မှတ် ဖြစ်လာသည်မှာ သူ့အတွက် ဘာမှ မထူးဆန်းဟု ကျိုးရီ ထင်ခဲ့သည်။

"အတွင်းရေးမှူး တာခန်းကရော ဘာပြောသေးလဲ"

ကျိုးရီက ရုတ်တရက် မေးလိုက်သည်။

သူက အင်တာနက်မှ ဝေဖန်မှုများထက် အတွင်းရေးမှူးတာခန်း၏ ထင်မြင်ချက်ကို ပိုစိုးရိမ်မိသည်။

အတွင်းရေးမှူး တာခန်းက စုန့်ဟိုင်မြို့ရှိ ကျောင်းအသီးသီးကို သားရဲဘုရင်၏ အကြွင်းအကျန် နယ်မြေသို့ နွေရာသီစခန်းသွင်းရန် စီစဉ်နေသည့်အတွက် အလုပ်များနေသည်။

ထို့ကြောင့် သူ့အနေဖြင့် မကြာသေးမီ ရက်ပိုင်းကမှ ပေါ်ပေါက်လာသော နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ လက်စားချေမှုအစီအစဥ်နှင့် ပတ်သက်၍ အတွင်းရေးမှူးတာခန်းအား အစီအရင်ခံ တင်ပြရခြင်း မရှိသေးပေ။

"အတွင်းရေးမှူး တာခန်းကတော့ မင်းဒီကိစ္စကို သေချာမကိုင်တွယ်နိုင်ခဲ့ရင် မင်းအနေနဲ့ သူ့မိန်းမ ဖြစ်ရင်တောင်

မင်းကို သည်းခံမှာမဟုတ်ဘူးလို့ပြောတယ်"

ထိုစကားကို ပြောပြီးနောက် ထောင်အုပ်လျန့်က လက်ဖက်ရည်တစ်ငုံ မော့သောက်လိုက်သည်။

"အရမ်းသောက်ကောင်းလိုက်တာကွာ"

ကျိုးရီ ".........."

"သူက ဒါရိုက်တာရာထူးအထိ မင်းကို ထောက်ခံပေးခဲ့ပေမဲ့ မင်းက သူ့ရဲ့အရှက်ကို ခွဲခဲ့တယ်လို့ သူက​ ပြောတယ်.. သောက်သုံးမကျရင် သေချာပေါက် အပြစ်ပေးခံရမယ်လို့လည်း တဖွဖွ ပြောနေသေးတယ်"

ထို့နောက် ထောင်အုပ်လျန့်က လက်ဖက်ရည်ကို တစ်ငုံမော့သောက်လိုက်ပြန်သည်။

"အရမ်းသောက်ကောင်းတာပဲ"

ကျိုးရီ ".........."

ကျိုးရီက ရယ်ရမလား ငိုရမလားပင် မသိတော့ဘဲ မချိပြုံးလေးသာ ပြုံးလိုက်သည်။

အထူးသဖြင့် အတွင်းရေးမှူးတာခန်းက အခြားသူများထက် သူ့ကို ကာကွယ်ပေးသည်ကို သူသိသည်။

ထို့အချိန်က မိစ္ဆာဓားနတ်ဘုရား အဖမ်းခံရသောအချိန်တွင် ဗိုလ်ချုပ်ရီသည် ကျိုးရီနှင့် စကားပြောဆိုချင်ခဲ့သည်။

ထိုအချိန်က အတွင်းရေးမှူးတာခန်းသာ ဗိုလ်ချုပ်ရီကို မတားမြစ်ပေးခဲ့လျှင် သူ၏နောက်ကွယ်ရှိ ဆရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားနိုင်ကြောင်း ကျိုးရီ ကောင်းစွာသိသည်။

ကြည့်ရသည်မှာ သူက မုန်တိုင်းအလယ်သို့ ရောက်ရှိနေသောကြောင့် အာရုံမပြန့်လွင့်စေရန်အတွက် အတွင်းရေးမှူးတာခန်းက သူ့အား တိုက်ရိုက်မဆက်သွယ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပုံရသည်။

ထောင်အုပ်လျန့်က အလွန်လိမ္မာပါးနပ်သည်။

သူက အတွင်းရေးမှူးတာခန်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ပြတ်ပြတ်သားသား မဖော်ပြဘဲ ရယ်မောစရာအဖြစ် ပြောင်းလဲခဲ့သည်။

ဆိုရလျှင် ကျိုးရီသည် ရုံးခန်းထဲ ဝင်ကတည်းကပင် ထောင်အုပ်လျန့်၏ မျက်လုံးမှတစ်ဆင့် သူ့ကို တစ်စုံတစ်ရာပြောပြချင်နေသည်ကို ခန့်မှန်းမိခဲ့သည်။

"အတွင်းရေးမှူးက နောက်ထပ် ဘာပြောသေးလဲ"

"ပြင်ပက မှတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ အတွင်းရေးမှူးတာခန်းက ဘာမှဂရုစိုက်တာတော့ မရှိဘူး.. တစ်ခုပဲ.. မင်းကနောက်ဆုံး ပြိုလဲကျသွားရင်တောင် သူနဲ့ ဘာမှမဆိုင်ဘူးလို့ သူကပြောတယ်"

ထိုစကားကို ပြောပြီးနောက် ထောင်အုပ်လျန့်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြန်သည်။

"အရမ်းသောက်ကောင်းတာပဲ"

ကျိုးရီ ".........."

ထောင်အုပ်လျန့် "ဪ ဒါနဲ့.. အတွင်းရေးမှူးတာခန်းက မင်းအနေနဲ့ ဒီကိစ္စကို ခပ်ဖြည်းဖြည်း ကိုင်တွယ်ဖို့ မျှော်လင့်နေတယ်.. နှေးလေကောင်းလေပဲတဲ့.. ဒါမှမဟုတ်ရင်လည်း မဖြေရှင်းဘဲ သေတဲ့အထိ ထိုင်စောင့်နေလိုက်လို့ ပြောလိုက်တယ်"

သို့သော် ထိုစကားက ဆန့်ကျင်ဘက် အဓိပ္ပါယ်ကောက်ရမည်ဖြစ်ကြောင်း ကျိုးရီကောင်းစွာသိသည်။

ကျိုးရီက ခေါင်းငြိမ့်လိုက်ပြီး လက်ဖက်ရည်တစ်ငုံကို မော့သောက်လိုက်သည်။

"အရမ်းအရသာရှိတာပဲ"

ထောင်အုပ်လျန့်၏ အတွင်းရေးမှူး ".........."

စုန့်ဟိုင်ထောင်မှ ပြန်ခါနီးတွင် ထောင်အုပ်လျန့်သည် ကျိုးရီကိုပြောလိုက်သည်။

"ငါ့ရဲ့ ကန်စွန်းဥအရက်ကို မြည်းစမ်းကြည့်ဖို့အတွက် နောက်တစ်ခေါက် ပြန်လာခဲ့ဖို့မမေ့နဲ့ဦး"

ကျိုးရီက စုန့်ဟိုင်ထောင်နှင့် ပူးပေါင်း ဆောင်ရွက်နေသောကြောင့် သူ့အနေဖြင့် ဧည့်ဝတ်ကျေပွန်ရပေမည်။

ပုံမှန်အားဖြင့် အနှစ်၈၀၀ သက်တမ်းရှိ ကန်စွန်းဥအရက်သည် သာမန်လူများ သောက်နိုင်သောအရာ မဟုတ်ပေ။

ဤအရက်က သူ့မွေးရပ်မြေမှ ချက်လုပ်သည့် အဖိုးတန်အရက်ဖြစ်ပြီး ဤအရက်ကို ဝယ်နိုင်ရန်အတွက် မြို့သူမြို့သားများနှင့် အချိန်အတော်ကြာအောင် ငြင်းခုန်ခဲ့ရသည်။

ကျိုးရီ "ကောင်းပါပြီ"

ကျိုးရီက ကားထဲသို့ ဝင်လိုက်သောအခါ ထောင်အုပ်လျန့်က ကားပြတင်းပေါက်ဘောင်ပေါ်တွင် တံတောင်ဆစ်ကို ထောက်လိုက်သည်။

"ဟို.. ဒါနဲ့ ကျိုးရီ.. အခုအပြင်မှာ မင်းကို ပေးထားတဲ့ နာမည်ပြောင်က ဘာလဲဆိုတာ မင်းသိလား"

ကျိုးရီ "ဘယ်လိုခေါ်ကြလို့လဲ"

ထောင်အုပ်လျန့် "အွန်လိုင်းက လူတွေက မင်းဘယ်သွားသွားတစ်ခုခု ဖြစ်နေတယ်လို့ ပြောဆိုနေကြတယ်.. ဒါကြောင့် သူတို့က မင်းကို ရာဇဝတ်မှု ဆန့်ကျင်သူ မနုဿစက်ရုပ်လို့ နာမည်ပြောင် မှည့်ထားကြတယ်"

All Chapters