နားလည်မှုလွဲခြင်း
Vol. 46 Ch. 690
အချိန်တိုအတွင်း သူ၏ ခွန်အားကို မြှင့်တင်ရန် "စိတ်ဝိညာဥ်ဌားရမ်းခြင်း" အတတ်ကို အသုံးပြုပြီးနောက်တွင် ဥက္ကဌပိုင်သည် သူ့ကိုယ်သူ ယုံကြည်မှုများစွာ ရှိနေပြီ ဖြစ်သည်။
အမှန်တရားမှာ သူ့တွင် ညသရဲဝိညာဥ်အင်ပါယာနှင့် အရောင်းအ၀ယ် လုပ်ဖို့ကလွဲ၍ တခြားရွေးချယ်စရာ မရှိ၍ ဖြစ်၏။
အဓိက အစီအစဉ် မစတင်မီတွင် သူသည် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တစ်ခု အတွက် အလွန်ညံ့ဖျင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီး နိုင်ငံရပ်ခြားမှ လက်ရွေးစင် ဆယ့်ငါးဦးကို သေတွင်းထဲ ပို့မိခဲ့သည်။
ထိုသို့ အမှားမျိုးလုပ်ခဲ့၍ သူပြန်သွားလျှင်ပင် ညသရဲဝိညာဥ် အင်ပါယာ၏ ပြစ်ဒဏ်က လွတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ယခုတစ်ကြိမ် ဝမ်လင်းကို တိုက်ခိုက်ရန် ဥက္ကဌပိုင်၏ ဆုံးဖြတ်ချက်သည် ဂရုတစိုက် ထည့်သွင်းစဉ်းစားခဲ့ခြင်း ရလဒ် ဖြစ်သည်။
သူက ရုံးချုပ်သို့မပြန်မီ "အဓိကလူ"ကို ဖြေရှင်းခြင်းဖြင့် သူ၏အပြစ်ကို ဖာထေးနိုင်မည် ဖြစ်၏။
ပြေလည်အောင် မဖြေရှင်းနိုင်လျှင်ပင် တစ်ဖက်လူကို ပြင်းထန်သော ဒဏ်ရာ ပေးနိုင်ပါက မဆိုးဟု ဆိုရမည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အရာအားလုံးကို လောင်းကြေး ထပ်ထားသောကြောင့် အရှုံးပေမည် မဟုတ်ပေ။
သူ၏ တိုက်ခိုက်မှုက လုံး၀ မကောင်းခဲ့လျှင်ပင် အပေါ့စားနည်းဗျူဟာကို အသုံးပြုနိုင်သေး၏။
ယင်းမှာ သူ၏ အစွမ်းထက်သော မိမိကိုယ်ကို ကုသနိုင်စွမ်း ဖြစ်ပြီး အနိုင်ရရန် ယုံကြည်မှု၏ အရင်းအမြစ်လည်း ဖြစ်သည်။
ဆိုရလျှင် ဥက္ကဌပိုင်သည် အလွန်သတိကြီးပြီး လိမ္မာပါးနပ်သူဖြစ်၏။
ယင်းကို ယခင် ထိပ်တိုက်တွေ့မှုများတွင် မြင်တွေ့နိုင်သည်။
သူက အနိုင်ရရန် မသေချာသည့် တိုက်ပွဲတွင် ဘယ်တော့မှ ပါဝင်မည့်သူမျိုး မဟုတ်ပေ။
သို့သော် သူ့ရဲ့ တွက်ချက်မှုတိုင်းသည် တစ်ခုခု လွဲချော်နေခဲ့သည်။
ဤလောက၌ အရာရာတိုင်းကို သာမန်အသိဖြင့် မမြင်နိုင်ပေ။
ဤ သီးခြားမှော်ရတနာ၏ အတွင်းပိုင်းတွင်..
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဥက္ကဌပိုင်၏ ဦးခေါင်းထက်ရှိလေထုထဲတွင် ဆိုင်းငံ့ထားတဲ့ အနက်ရောင်ထီးငယ်လေးသည်စွမ်းအင်များ မြင့်တက်လာပြီး အနက်ရောင်အလင်းတန်းများကို ဥက္ကဌပိုင်၏ ကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
တခဏအတွင်းမှာပင် ဥက္ကဌပိုင်သည် ပကတိအင်မော်တယ်နှောင်းပိုင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အနက်ရောင်ထီးငယ်လေးသည် ကမ္ဘာ့ဖီဆန်မှော်ရတနာ တစ်ခုဖြစ်လာရန် ခြေတစ်လှမ်းသာ ဝေးတော့သော အာကာပြင် မှော်ရတနာတစ်ခု ဖြစ်သည်။
သို့သော်လည်း ယခုပြသနေသော စွမ်းအားသည် ဝမ်လင်း မျှော်မှန်းထားသည်ထက်ပင် အနည်းငယ်သာလွန်နေပြီဖြစ်သည်။
အဆုံးသတ်တွင် ဤမှော်လက်နက်သည် သူတော်စင် သားရဲအရေခွံလေးဆယ့်ကိုးခုဖြင့် ပြုလုပ်ထားသည့် အစွမ်းထက် မှော်လက်နက်တစ်ခု ဖြစ်သည်။
ပထမတန်းစား သူတော်စင် လက်နက်ထဲတွင် အခြားလက်နက်များထက် များစွာပို၍ အစွမ်းထက်၏။
ဥက္ကဌပိုင်သာ နောက်ဆုံးကျန်ရှိသည့် သားရဲ အရေပြားကို စုဆောင်းမှု ပြီးမြောက်ခဲ့လျှင် ဤထီးသည် ကမ္ဘာ့ဖီဆန် အဆင့်ထိ ရောက်သွားမည်ဖြစ်ပြီး နေရာနှင့် အချိန်ကိုပင် နောက်ပြန်လှည့်နိုင်စွမ်း ရှိလာပေလိမ့်မည်။
ယခု ဝမ်လင်း ရောက်ရှိနေသည့် နေရာလွတ်ကမ္ဘာသည် ဤထီးနက်လေးကနေ ဖန်တီးထားသောနေရာ ဖြစ်သည်။
ပထမတန်းစား သူတော်စင်လက်နက်သည် အများအားဖြင့် သီးခြားနေရာလွတ်တစ်ခုကို ဖန်တီးနိုင်မည်မဟုတ်ပေ။
ပထမတန်းစား အာကာပြင်မှော်လက်နက်သည် အသုံးပြုသူကို တည်နေရာရွှေ့ပြောင်းပေးနိုင်ရုံသာ ဖြစ်သော်လည်း.ဤအနက်ရောင်ထီးလေးကမူ အဝေးတိုက်ခိုက်မှုများကိုသာမက သီးခြားနေရာလွတ်တစ်ခု ထူထောင်ဖို့အတွက် အာကာပြင်ကို ပိုင်းခြားထားနိုင်သည်။
ဆိုရလျှင် ဝူကျီထီးတွင် အလွန်ပြည့်စုံသော လုပ်ဆောင်ချက်များ ပါရှိသည်။
အကယ်၍ ၎င်းအား ကမ္ဘာ့ဖီဆန်အဆင့်သို့ အဆင့်မြှင့်တင်နိုင်လျှင် ၎င်း၏ အာကာပြင်နှင့် ပတ်သက်သောစွမ်းရည် အားလုံးပါ မြှင့်တက်သွားမည်ဖြစ်ပြီး အချိန်နှင့် နေရာကို နောက်ပြန်လှည့်နိုင်ရုံသာမက အာကာသကိုပင် အေးခဲသွားအောင် လုပ်နိုင်ပေလိမ့်မည်။
ဤဝူကျီထီးသည် အန္တရာယ်ရှိသော မှော်လက်နက်တစ်ခုဖြစ်သည်။
ဝမ်လင်းက တိုက်ပွဲ ပြီးသွားလျှင် ၎င်းအား ရယူကာ ငွေရောင်လေးကို ပေးမည်ဟု တွေးတောခဲ့သည်။
ဥက္ကဌပိုင်က ရှေ့သို့ခြေလှမ်းကာ ဝမ်လင်း၏ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ရှေးဟောင်းကမ္ဘာ့လက်ဝါး"
၎င်းသည် ဝူကျီထီး၏ အာကာပြင်စွမ်းရည် နှင့် ပေါင်းစပ်ထားသော နည်းစနစ်တစ်ခုဖြစ်သည်။
လက်ဖဝါးဖြင့် ထိမိသည်နှင့် ပစ်မှတ်က အပိုင်းပိုင်းအစစ ကွဲသွားမည် ဖြစ်ပြီး အာကာပြင်က စုပ်ယူသွားမည် ဖြစ်သည်။
ဝမ်လင်းက ဤလက်ဖဝါး၏ လားရာကို သူ၏ ဘုရင်မျက်လုံးဖြင့် ခန့်မှန်းနိုင်သောကြောင့် အသာအယာပင် ရှောင်တိမ်းလိုက်၏။
ပစ်မှတ်ကို မထိခဲ့သည့် ဥက္ကဌပိုင်၏ လက်ဝါးက လေထုကို တိုက်ရိုက် တုန်ခါသွားစေပြီး နေရာလွတ်ကို အပေါက်ဖြစ်စေခဲ့သည်။
သို့သော် ဝူကျီထီးက ထိုအပေါက်ကို လျင်မြန်စွာပင် ဖာထေး ပြုပြင်လိုက်သည်။
"ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်လဲ"
ဝမ်လင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
ကံကောင်းစွာပဲ သူ့တုံ့ပြန်မှုက မြန်ဆန်ခဲ့သည်။
သို့မဟုတ်လျှင် သူ့ကျောင်းဝတ်စုံ စုတ်ပြဲသွားပေလိမ့်မည်။
အမှတ်60 အထက်တန်းကျောင်း၏ ယူနီဖောင်းကို ပုံပန်းမကျဟု ဝမ်လင်းက အမြဲတွေးထားသော်လည်း အင်္ကျီမပြဲအောင် ဂရုစိုက်ရမည့်အချိန် ရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။
“ဒီနည်းစနစ်ကို ငါကိုယ်တိုင် ဖန်တီးခဲ့တာပဲ.. ဘယ်လိုလဲ သိပ်ကြောက်သွားပြီလား"
ဥက္ကဌပိုင်က လှောင်ပြောင်လိုက်သည်။
လက်ဖဝါးရိုက်ချက်တွင် သူ၏ ခွန်အားအလုံးစုံကို အသုံးမပြုရသေးသော်လည်း လူငယ်၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာကို သူမြင်ခဲ့ရသည်။
ဤသည်မှာ သူ့လက်ဖဝါးက လုံလုံလောက်လောက် ကြောက်စရာကောင်းနေသည်ကို သက်သေပြနေ၏။
ဆိုရလျှင် ယခုတိုက်ပွဲသည် သူ့အတွက် မျှော်လင့်ချက်ရှိသည်။
တစ်ခါတရံ ဘဝတွင် ကြီးမားသော အထင်အမြင်လွဲမှားမှု အများအပြား ရှိသည်ကို ဝန်ခံရမည်။
သင်ခန်းစာတစ်ခုကို ကျေညက်အောင် လုပ်ထားလျှင် စာမေးပွဲ၌ အရမ်းခက်ခဲမည် မဟုတ်ပေ။
စာကို ပုံမှန်မလုပ်ဘဲ ထိပ်တန်းကျောင်းသားများ မဖြေနိုင်သည်နှင့် ငါလည်းမဖြေနိုင်ဟု ပြော၍မရချေ။
နောက်ဆုံး ဘာမှမရလျှင်ပင် ဖော်မြူလာကို ချရေးခြင်းက အမှတ်အချို့ ရစေလိမ့်မည်။
ထိုသို့ မဖြစ်ရန်အတွက် ဝမ်လင်းက ပုံမှန်စာလုပ်လေ့ရှိသည်။
သူက ထင်ပေါ်သူ မဖြစ်ချင်သော်လည်း စာတအားညံ့သည့် ကျောင်းသားတစ်ဦး အဖြစ်တော့ အမြင်မခံလိုပေ။
ကျင့်ကြံခြင်းတွင်လည်း အလားတူပင်။
ဥက္ကဌပိုင်က ယုံကြည်မှုကို မည်သည့်နေရာမှ ရရှိခဲ့မှန်း သူတကယ် မသိခဲ့ပေ။
သခင်တစ်ယောက်က သူ့ကိုယ်သူ အလွန်သန်မာသည်ဟု တခြားသူတွေကို ဘယ်တော့မှ မပြောချေ။
ဤသည်က စာမေးပွဲခန်းထဲကနေ နောက်ကျမှ ထွက်လာပြီး ကောင်းကောင်းမဖြေနိုင်ဟု ညီးညူသည့် သူတွေလို ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုကျောင်းသားများကို စာမေးပွဲကျတယ်လို့ ယုံရလောက်အောင် နုံအသူတွေ အမြဲရှိခဲ့သည်။
သို့သော် စာမေးပွဲရမှတ်ကို ကြေငြာသောအခါတွင် သူတို့သည် အမှတ်ကောင်းများ ရလေ့ရှိကြသည်။
ဥက္ကဌပိုင်က ဝူကျီထီး၏ တည်နေရာ ရွှေ့ပြောင်းစွမ်းရည်နှင့် ရှေးဟောင်းကမ္ဘာ့လက်ဝါးကို အသုံးပြု၍ လျင်မြန်ပြင်းထန်သော တိုက်ကွက်အသစ် တစ်ခုကို စတင်လိုက်သည်။
သူ၏ လက်ဝါးက ဝမ်လင်း၏ ရှေ့တွင် မရေမတွက်နိုင်သော အရိပ်များအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ဝမ်လင်းက အားလုံးကို ရှင်းရှင်းလင်းလင်းပင် ရှောင်တိမ်းလိုက်သည်။
“တစ်ချိန်လုံး ရှောင်နေလည်း အသုံးမဝင်ဘူး”
ဥက္ကဌပိုင်က သူ၏ တိုက်ခိုက်မှုအရှိန် အဆတစ်ရာနီးပါး ဆက်လက် မြင့်တက်လာသဖြင့် ယုံကြည်မှု အပြည့် ရှိနေခဲ့သည်။
ဥက္ကဌပိုင်က ပိုမိုပြင်းထန်သော ထိုးစစ်ဆင်မှုအောက်တွင် ဝမ်လင်း၏ တုံ့ပြန်မှုကို ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။
ကံမကောင်းစွာပဲ ဝမ်လင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သူ မတွေ့ခဲ့ရပေ။
တိုက်ခိုက်မှု စကတည်းက တစ်ဖက်လူသည် သူ၏ ခနဲ့သောစကားများနှင့် နောက်ဆက်တွဲ ထိုးစစ် တစ်လျှောက်လုံးကို အေးဆေးသာ ကိုင်တွယ်ခဲ့သည်။
"ဒီကောင်လေးက တည်ငြိမ်ဟန် ဆောင်နေတာများလား ဒါမှမဟုတ် သူက ငါ့ကို လုံးဝမမှုတာလား"
ဥက္ကဌပိုင်က စဉ်းစားလိုက်သည်။
သို့သော် နောက်ထပ် အခိုက်အတန့်တွင် ဝမ်လင်း၏ လက်ဝါးရိုက်ချက်က ဥက္ကဌပိုင်ကို တိုက်ရိုက်ထိသွားသည်။
ဥက္ကဌပိုင်၏ စိတ်ထဲမှ အတွေးအားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
လူငယ်လေး၏လက်ဝါးက ခွန်အားများစွာ ရှိပုံမပေါ်သော်လည်း ဥက္ကဌပိုင်ကို တိုက်ရိုက် လွင့်ပျံသွားစေပြီး သွေးများဖြင့် ရွှဲနစ်စေခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင် ဥက္ကဌပိုင်သည် မထင်မှတ်ထားသောစကားကို ကြားလိုက်ရသည်။
"မင်းတခြား ဘာလုပ်စရာရှိသေးလဲ.. မရှိတော့ဘူးဆိုရင် ငါ အိမ်ပြန်ပြီး အိမ်စာလုပ်တော့မယ်
ဥက္ကဌပိုင် "???"