ဒုတိယမြောက် နတ်ဘုရားစွမ်းအား
Vol. 81 Ch. 1201
ဘိုးဘေးနဂါး၏ ပြုမူမှုသည် သိသာထင်ရှားမှု မရှိခဲ့ပေ။
ကျောက်တိုင်အနီးအနားရှိ နဂါးများသည် မြေပြင်ပေါ်မှာ ခေါင်းငုံ့၍ ဒူးထောက်နေခဲ့ကြပြီး အသေးစိတ်အချက်အလက်များကို သတိမထားမိခဲ့ကြပေ။
မဟာအကြီးအကဲနှစ်ယောက်က ဘိုးဘေးနဂါးကို မမှိတ်မသုန်စောင့်ကြည့်နေခြင်းကြောင့်သာမဟုတ်လျှင် သူတို့သည်လည်း အဲ့ဒါကို သတိထားမိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူတို့က အဲ့ဒါကို မယုံကြည်နိုင်ဖြစ်နေဆဲပင်။
တကယ်တော့ သူတို့သည် ဘိုးဘေးနဂါးကျောက်တိုင်ကနေ ကီလိုမီတာထောင်နှင့်ချီဝေးကွာပြီး အရာရာတိုင်းကို ရှင်းလင်းစွာမမြင်ရပေ။ ဘိုးဘေးနဂါးကြောက်ရွံစွာဖြင့် နောက်တွန့်သွားသည့်မြင်ကွင်းသည် သူတို့၏ ထင်ယောင်ထင်မှားလည်းဖြစ်နိုင်လေသည်။
သို့သော်လည်း ဘိုးဘေးနဂါးက အမှန်ပင် စိုးရွံ့ကြောက်လန့်ခဲ့သည်ဆိုလျှင် သူက ဘာကိုကြောက်နေတာလဲ...။
ဘိုးဘေးနဂါးကို ကြောက်ရွံ့မှုခံစားစေ၍ နောက်တွန့်သွားရအောင် လုံကျူးရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာရှိနေတာလဲ...။
ပုံမှန်အခြေအနေမှာဆိုလျှင် နဂါးမျိုးနွယ်သည် မည်သည့်မျိုးနွယ်ကိုမှ ဦးမညွှတ်တတ်ပေ။
ဘိုးဘေးနဂါးတစ်ကောင်အနေဖြင့် သူသည် မသန့်စင်သော မျိုးဆက်သွေးနှင့် မူလနတ္ထိနဂါးတစ်ကောင်ကိုမပြောနှင့် အခြားသောကမ္ဘာဦးမျိုးနွယ် ၈ စု သို့မဟုတ် ဧကရာဇ်များနှင့်ရင်ဆိုင်ရလျှင်တောင် သူက သတ္တိကြောင်သွားလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုမြင်ကွင်းကို သူတို့က ဘယ်လိုရှင်းပြရမလဲ...။
မဟုတ်မှလွဲရော....
အကြီးအကဲနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့၏ မျက်လုံးထဲတွင် တုန်လှုပ်မှုနှင့် အံအားသင့်မှုများက ပြည့်နှက်လာခဲ့၏။
ဘိုးဘေးနဂါးက အမှန်တကယ်ကြောက်ရွံခဲ့သည်ဆိုလျှင် စောစောက သူတို့စိတ်ထဲတွင်ပေါ်ထွက်ခဲ့သော ခန့်မှန်းမှုက အမှန်ဖြစ်နေဖို့များလေသည်။
ထိုခန့်မှန်းချက်ကသာလျှင် ဘိုးဘေးနဂါး၏ ကြောက်ရွံ့စွာနောက်တွန့်သွားမှုကို ရှင်းပြနိုင်ပေလိမ့်မည်။
ထိုခန့်မှန်းချက်သာလျှင် လုံးကျူးသည် လက်သည်းငါးဖက်နဂါးတစ်ကောင်မဟုတ်လျှင်တောင် မျိုးရိုးငါးခုမှ နဂါးချီကို နိုးထစေနိုင်ခဲ့သည့် အကြောင်းရင်းကို ရှင်းပြနိုင်ပေလိမ့်မည်။
တကယ်တော့ အဲ့ဒါက အရမ်းကိုတုန်လှုပ်စရာကောင်းလွန်း၏။
အဲ့ဒါကို အတည်ပြုနိုင်မည်ဆိုလျှင် အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ကြီးမားသည့်အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်လာစေပေလိမ့်မည်။
မဟာအကြီးအကဲနှစ်ယောက်သည် ဘိုးဘေးနဂါးထံမှ မသိမသာပြုမူမှုတစ်ခုတည်းနှင့် နောက်ဆုံးအဖြေကို ကောက်ချက်မချရဲသေးပေ။
သူတို့နှစ်ယောက်စလုံးသည် အသက်ကိုအောင့်ထားပြီး တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သူတို့သည် လိုဏ်ဂူထဲမှာရှိနေသော်လည်း အခြားသောနဂါးများထက်ပင် ပိုမို၍ စိုးရွံ့ထိတ်လန့်ကာ ဘိုးဘေးနဂါးကျောက်တိုင်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြ၏။
ထိုအခိုက်အတန့်တွင် ဘိုးဘေးနဂါး၏ စွမ်းအားက လုံးလုံးလျားလျားပျက်ပြယ်သွားခဲ့လေပြီ...။
ဆူဇီမိုအပေါ် စောစောက သူ၏ရန်လိုမှုနှင့် အမျက်ဒေါသများကလည်း တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
အတန်ကြာသည့်တိုင် ပြုမူလှုပ်ခြားမှုမရှိမှသာ အချို့သောနဂါးများက အလိုလိုမော့ကြည့်လာကြ၏။
ဘိုးဘေးနဂါးသည် လေထဲသို့ပျံတက်ပြီး အောက်သို့ ချာလပတ်လည်၍ ထိုးဆင်းကာ ရှေးကျ၍ သန့်စင်သော နဂါးချီတစ်ခုအဖြစ်အသွင်ပြောင်းလဲပြီး ဆူဇီမို၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွား၏။
“ဒါက....”
နဂါးများက ကြက်သေသေသွားကြ၏။
ထို့နောက်ချက်ချင်းပင် စွမ်းအားကြီးသောအော်ရာတစ်ခုက ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ရုန်းကန်ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မြင်နိုင်သောစွမ်းအားဖြင့် သက်သာပျောက်ကင်းလာ၏။
သူ၏မျက်လုံးများကနေ လျှံကျလာသော ချော်ရည်ပူများကြောင့် လောင်ကျွမ်းခဲ့ရသည့် သူ၏အရေပြားသည် အလွှားလိုက်ကွာကျသွားပြီး ကြွက်သားအသစ်များက ကြီးထွားလာ၏။ သူ၏သွေးနီရောင်ဆံပင်သည် နောက်တစ်ကြိမ်ထပ်ပေါက်လာပြီး မီးတောက်များနှင့်အတူ ရူးသွပ်စွာကခုန်၍ သူ၏အော်ရာက လျင်မြန်စွာတက်လာ၏။
“ဘာတွေဖြစ်နေတာလဲ.... ဘိုးဘေးနဂါးက ပျောက်ကွယ်သွားပြီလား...”
“ဘိုးဘေးနဂါးက လုံကျူးကို မသတ်ဘဲနဲ့ သူ့ကိုအခွင့်အရေးတစ်ခုတောင်ပေးလိုက်သေးတာလား...”
ထိုကိစ္စက လူတိုင်း စဥ်းစားတွေးထင်ထားသည်နှင့် တက်တက်စင်အောင်လွဲနေ၏။
လိုဏ်ဂူထဲတွင် မီးပဒေသာနဂါးမဟာအကြီးအကဲသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏မျက်လုံးထဲတွင် နားလည်သဘောပေါက်မှုက ထင်ဟပ်လာခဲ့၏။
“ငါသိပြီ.... ဘိုးဘေးနဂါးက ကျောက်တိုင်ထဲမှာရှိတဲ့ နဂါးချီကနေ စုဖွဲ့ထားရုံမျှပဲ”
“အဲ့ဒါဟုတ်တယ်”
အပြာရောင်နဂါးမဟာအကြီးကဲကလည်း ခေါင်းညိတ်လိုက်၏။
“ကလန်က ရှေးဟောင်းကျမ်းတွေထဲမှာ ရှင်းလင်းစွာမှတ်တမ်းတင်ထားတာပဲ... ကျောက်တိုင်ထဲမှာ မျိုးရိုးငါးခုက နဂါးချီအပြင် နောက်ထပ် ဘိုးဘေးနဂါးရဲ့ နဂါးချီရှိနေသေးတယ်... ဒါပေမယ့်လို့ အဲ့ဒါက သမိုင်းတစ်လျှောက်တောင် ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့ဖူးဘူး...”
“အခုတော့ အဲ့ဒါက အမှန်ဖြစ်နေတယ်ဆိုတော့....”
မီးပဒေသာနဂါးအကြီးအကဲက ရေရွတ်လိုက်၏။
ဆိုလိုသည်မှာ ဆူဇီမို၏ မျိုးဆက်သွေးသည် မျိုးရိုးငါးခုမှ နဂါးချီများကို နိုးထစေခဲ့ရုံသာမက ဘိုးဘေးနဂါးချီကိုပါ နိုးထစေခဲ့ခြင်းဖြစ်၏။
ဘိုးဘေးနဂါးချီသည် နဂါးချီငါးခုပေါင်းစည်းထားခြင်းထက်ပင် ပို၍အဖိုးတန်လေသည်။
ဆူဇီမိုသည် နဂါးချီငါးခု၏ ဆေးကြောသန့်စင်မှုကို ခံရပြီးနောက် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့၏။
သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး တူန်လှုပ်စရာကောင်းသော ပြန်လည်ကုသနိုင်ခြင်းကို ပိုင်ဆိုင်ထားခြင်းကြောင့်သာမဟုတ်လျှင် မျိုးရိုးငါးခုမှ နဂါးချီက သူ့ကို ဖျက်ဆီးသွားပြီးလောက်လေပြီ။
အဲ့ဒီနောက် သူသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်လာပြီး သူ၏ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထစေခဲ့၏။ သူ၏ နတ်ဘုရားစွမ်းအားကနေ ဖြစ်ပေါ်လာသော ချစ်ချစ်တောက်ပူလောင်သည့် ချော်ရည်များသည် သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို တစ်ဖန်ဆေးကြောသန့်စင်ပေးခဲ့၏။
နတ်ဘုရားကျောက်တိုင်၏အောက်မှာရပ်နေရင်း ဆူဇီမို၏ နဂါးတစ်ပိုင်းခန္ဓာသည် ဂျုံးဂျုံးကျနေပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။
သို့သော် ယခုအခါမှာတော့ ဘိုးဘေးနဂါးချီ၏ အားဖြည့်ပေးမှုနှင့်အတူ သူ၏ခန္ဓာကိုယ်သည် စွမ်းအားကြီးသော အသက်ဓာတ်ဖြင့် တစ်ဖန်ပြန်လည်တောက်ပလာခဲ့၏။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံတစ်ခုချင်းစီသည် ကြိမ်ဖန်များစွာ ဆေးကြောသန့်စင်ခံထားရသည့်အလား သွေးနီရောင်တလက်လက်ဖြင့်တောက်ပလာ၏။
ဆူဇီမို၏မျက်လုံးထဲရှိ နတ်ဘုရားစွမ်းအားကလည်း တဖြည်းဖြည်းပျက်ပြယ်လာခဲ့၏။
ပင်ကိုနတ်ဘုရားစွမ်းအားများ နိုးထခြင်းက အဆုံးသတ်သွားခဲ့လေပြီ...။
သူ၏မျက်လုံးနှစ်ဖက်သည် သွေးနီရောင်အလင်းတောက်တောက်ဖြင့် ဝင်းလက်နေပြီး သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ဖြစ်နေ၏။ လေထဲရှိ ဓမ္မစွမ်းအားများပင်လျှင် သူ၏အကြည့်မှာ လောင်ကျွမ်းသွားရ၏။
ထိုအကြည့်က သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။
ထိုအခိုက်အတန့်တွင် ဆူဇီမိုက နိုးထလာခဲ့ပြီဖြစ်၏။ သူသည် ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး အလိုလိုကြောင်အ,မှင်တက်သွား၏။
“ခင်ဗျား-ခင်ဗျားတို့က ဘာလို့ဒူးထောက်နေကြတာလဲ...”
သူက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
စောစောက ဘိုးဘေးနဂါးသည် ဒေါသထွက်နေခဲ့သည်မှာ သိသာရှင်းလင်းပြီး နဂါးများအားလုံးက ကြောက်ရွံ့မှုဖြင့် ဒူးထောက်သွားခဲ့ကြ၏။
ကျောက်သားစင်မြင့်ပေါ်မှာပင်လျှင် မီးပဒေသာနဂါးအကြီးအကဲ ၊ လုံကျုံးနှင့်အခြားသူများ... ပြီးတော့ အကြီးအကဲကင်းမြီးကောက်နှင့် စုန်းမျိုးနွယ်မှ တခြားသူများ... အားလုံးသည် ဒူးထောက်နေကြ၏။
သို့သော်ယခုအခါ ဆူဇီမိုတစ်ယောက်တည်းသာလျှင် ကျောက်တိုင်အောက်မှာ မတ်တတ်ရပ်နေ၏။
သူသည် နဂါးများအားလုံးကို ဒူးထောက်အညံ့ခံစေနိုင်သည့် လောက၏ အုပ်ချုပ်သူရှင်ဘုရင်တစ်ပါးအလားဖြစ်နေ၏။
တကယ်တော့ နဂါးများကြားတွင် ထက်ရှသောအော်ရာနှင့်အတူ မတ်တတ်ရပ်နေသော ပုံရိပ်တစ်ခုရှိ၏။
သူက တလိပ်လိပ်တက်လာသော တိုက်ပွဲဝင်စိတ်နှင့်အတူ ဆူဇီမိုကို စိုက်ကြည့်နေ၏။
လုံစန်း....
နဂါးမျိုးနွယ်မှ အကြီးအကဲများပင်လျှင် ဒူးထောက်သွားကြရ၏။
သို့သော်လည်း သူက ဦးမညွတ်ခဲ့ပေ။
သူသည် လက်သားငါးဖက်နတ်နဂါး၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး ဘိုးဘေးနဂါးနှင့် ရင်ဆိုင်ရလျှင်တောင် ဦးညွှတ်လိမ့်မည်မဟုတ်ပေ။
“ဟမ်....”
အကြီးအကဲကင်းမြီးကောက်က မျက်စိမျက်နှာပျက်ယွင်းသွားပြီး အလိုလိုအလောတကြီး မတ်တတ်ထရပ်လိုက်၏။
ဤဖြစ်ရပ်ကသာ ပျံ့နှံ့သွားမည်ဆိုလျှင် အဲ့ဒါက ရှက်စရာကောင်းလွန်းလေသည်။
ပေါင်းစည်းခန္ဓာ ပညာရှင်တစ်ယောက်အနေဖြင့် သူသည် ယခုမှ ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်လာသော နဂါးတစ်ကောင်ရှေ့တွင်ဒူးထောက်နေရ၏။
နဂါးများသည်လည်း တစ်ယောကိပြီးတစ်ယောက် မတ်တတ်ထရပ်လာပြီး သူတို့၏စိတ်ထဲမှာ မေးခွန်းများက ပြည့်နှက်နေ၏။
ထိုစဥ်မှာပင် ဆူဇီမို၏ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏အကြည့်က အနည်းငယ်ငေးငိုင်သွား၏။
နောက်တစ်ဖန်ထပ်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်ထဲကနေ ဖြန့်ကြက်လာခဲ့၏။
“ဒါက.... နတ်ဘုရားစွမ်းအားတွေ”
“ဘာတွေဖြစ်နေတာလဲ.... လုံးကျူးရဲ့ ခန္ဓာကိုယ်ထဲကနေ ဘာလို့ နတ်ဘုရားစွမ်းအားတွေက လျှံထွက်လာရတာလဲ...”
နဂါးများက တုန်လှုပ်စွာဖြင့် အံအားတသင့်ရေရွတ်လိုက်ကြ၏။
“တစ်ခုခုတော့လွဲနေပြီ... ဒီနတ်ဘုရားစွမ်းအားက လုံကျူးရဲ့ စောစောကနိုးထခဲ့တဲ့ ပင်ကိုနတ်ဘုရားစွမ်းအားထက်တောင် ပိုပြီးတော့ သန်မာနေတဲ့ပုံပဲ...”
နဂါးအကြီးအကဲ တစ်ယောက်က တည်တံ့စွာဖြင့်ပြောလိုက်၏။
“မဟုတ်မှလွဲရော.... “
နဂါးများသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားကြ၏။
“လုံကျူးက ဒုတိယမြောက်နတ်ဘုရားစွမ်းအားကို နိုးထစေနေတာပဲ...”
နဂါးအကြီးအကဲတစ်ယောက်က အံအားတသင့်ရေရွတ်လိုက်၏။ နဂါးများက ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။
လက်သည်းငါးဖက်နတ်နဂါးတစ်ကောင်အတွက် ပင်ကိုနတ်ဘုရားစွမ်းအား ငါးခုကို နိုးထစေဖို့အခွင့်အရေးတစ်ရပ်ရှိသော်လည်း အဲ့ဒါသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက် အပြည့်အဝနားလည်ဆင်ခြင်လာနိုင်သည့် တစ်စုံတစ်ရာဟုတ်ပေ။
သူ၏ကျင့်ကြံမှုအဆင့်က တိုးတက်လာရင်းမှသာ တဖြည်းဖြည်းနားလည်ဆင်ခြင်လာနိုင်မည် ဖြစ်လေသည်။
လုံစန်းပင်လျှင် ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်စဥ်က ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုကိုသာလျှင် နိုးထစေနိုင်ခဲ့၏။
သို့သော် ယခုအခါ ဆူဇီမိုသည် ဒုတိယမြောက်တစ်ခုကို နိုးထစေနေသည်မှာ သိသာလေသည်။
“အဲ့ဒါက.... ဘယ်လိုဖြစ်နိုင်မှာလဲ...”
“သူ့ရဲ့မျိုးဆက်သွေးက မသန့်စင်လို့... သူက ပြီးပြည့်စုံတဲ့ နဂါးခန္ဓာကိုယ်ကိုတောင် မဆင့်ခေါ်နိုင်ခဲ့ဘူးလေ... ဒုတိယမြောက်နတ်ဘုရားစွမ်းအားက ဘယ်လိုကြောင့်နိုးထလာရတာလဲ...”
နဂါးများက တွေဝေရှုပ်ထွေးနေပြီး ဆွေးနွေးပြောဆိုလိုက်ကြ၏။
“အဲ့ဒါက ဘိုးဘေးနဂါးရဲ့ နဂါးချီပဲ...”
မဟာအကြီးအကဲတစ်ယောက်က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဘိုးဘေးနဂါးချီက လုံကျူးရဲ့ မျိုးဆက်သွေးနဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲစေခဲ့ရုံတင်မကဘူး... အဲ့ဒါက သူ့ကို နောက်ထပ်ဒုတိယမြောက် နတ်ဘုရားစွမ်းအားကိုပါ ပေးစွမ်းနေတာပဲ...”
“ဘယ်လောက်တောင်ကောင်းလိုက်တဲ့အရာလဲ....”
“ငါသိပြီ.... လုံကျူးက နဂါးတစ်ပိုင်းသွင်ပြင်နဲ့ ဆေးကြောသန့်စင်မှုကိုခံယူရင်း တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဘိုးဘေးနဂါးချီရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားတာပဲဖြစ်ရမယ်...”
နဂါးများသည် အကြောင်းအရင်းကိုလုံးဝမသိရှိကြသလို... ဘိုးဘေးနဂါး၏ ကြောက်ရွံစွာနောက်တွန့်သွားခြင်းကိုလည်း သတိမထားမိခဲ့ကြပေ။ သူတို့က ထင်ရာမြင်ရာ ခန့်မှန်းနေခြင်းမျှသာဖြစ်ကြလေသည်။
ရုတ်တရက်ဆိုသလို ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအားများက ရုန်းကန်ပေါက်ကွဲထွက်ပေါ်လာစေ၏။
ချက်ချင်းဆိုသလို လောကက လှုပ်ခါသွားပြီး ဖြစ်စဥ်တစ်ခုက ဆင်းသက်လာ၏။
ကောင်းကင်ထက်ကနေ ကြောက်စရာကောင်းသောဖိအားတစ်ခုက ဆင်းသက်လာပြီး များစွာသော နဂါးများသည် ထိုဖိအားကို ခံနိုင်ရည်မရှိကြပေ။
သူတို့သည် ထိတ်လန့်တကြားအော်ဟစ်၍ ယခုတင်မတ်တတ်ရပ်လာကြသော်လည်း နောက်တစ်ဖန်ပြန်၍ ဒူးထောက်ကျသွားကြ၏။