← Chapters

နတ်ဘုရားစွမ်းအား ၄ မျိုး

Vol. 81 Ch. 1202

နတ်ဘုရားစွမ်းအား ၄ မျိုး

Vol. 81 Ch. 1202

ပြောကြသည်မှာ.. ကမ္ဘာဦးခေတ်တုန်းက ကောင်းကင်ဘုံကို ဖီဆန်သော မျိုးဆက်သွေးနှင့် တုန်လှုပ်စရာကောင်းသော ပါရမီအရည်အချင်းကို ပိုင်ဆိုင်ထားသည့် နဂါးအချို့သည် သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထစေသည့်အခါ လောကဖြစ်စဉ်များက ပေါ်ထွက်လာလိမ့်မည်ဟု ဆိုလေသည်။

အစကတော့ နဂါးများစွာအတွက် အဲဒါသည် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်လေသည်။

ဘာပဲပြောပြော.. လက်သည်းငါးဖက် နတ်နဂါး၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော လုံစန်းပင်လျှင် သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထစေသည့်အခါ ဤကဲ့သို့သော လှုပ်ခတ်မှုက ဖြစ်ပေါ်မလာခဲ့ပေ။

သို့သော် ယခုအခါမှာတော့ နဂါးများသည် ဤဒဏ္ဍာရီကို ကိုင်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရလေပြီ။

ကောင်းကင်ထက်တွင် တိမ်စိုင်များက ကွဲထွက်သွားပြီး ကြီးမား၍ ကြောက်စရာကောင်းသော နဂါးဦးခေါင်းတစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး ထကြွသောင်းကျန်းနေသော စွမ်းအားတစ်ခုနှင့်အတူ နဂါးအရိုးတောင်ကြားကို ငုံ့ကြည့်နေ၏။

နဂါးဦးခေါင်းသည် အစစ်အမှန် မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သော်လည်း နဂါးများသည် ကြီးမားပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားရနိုင်၏။

နဂါးအချို့သည် ထိုဖိအားကို မခံနိုင်ဘဲ ဒူးထောက်ကျသွား၏။

လက်ရှိ နဂါးအကြီးအကဲ အချို့သာလျှင် မတ်တတ်ရပ်နေနိုင်ကြ၏။

လောကကို တုန်လှုပ်စေပြီး ဖြစ်စဉ်တစ်ခု ဆင်းသက်လာစေလောက်အောင် နိုးထလာသော ထိုနတ်ဘုရားစွမ်းအားက ဘယ်လောက်တောင် သန်မာလိုက်သလဲ။

ပို၍အရေးကြီးသည်မှာ ဒုတိယမြောက် နတ်ဘုရားစွမ်းအား နိုးထလာခြင်းသည် ဆူဇီမို၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ရတော့မည်ဟု ဆိုလိုလေသည်။

ထင်မှတ်ထားသည့်အတိုင်းပင်.. နတ်ဘုရားစွမ်းအားများသည် ဖြန့်ကြက်လာပြီး ဆူဇီမို၏ မျိုးဆက်သွေးသည် တဝုန်းဝုန်းထ၍ သူ၏ခန္ဓာကိုယ်ထဲမှာ ဒီရေများက လှိုင်းထန်လာသည့်အတိုင်းပင်။

သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထစေခြင်းနှင့် ဘိုးဘေးနဂါးချီ၏ အားဖြည့်မှုကြောင့် ဆူဇီမို၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက် သုံးကြိမ်ဆင့်၍ ဆင့်ကဲပြောင်းလဲလာခဲ့၏။

ဤပြောင်းလဲမှုသည် သူ့ခန္ဓာကိုယ်၏ လုံးဝ အသွင်ပြောင်းလဲခြင်းတစ်ရပ်ဟု သတ်မှတ်နိုင်၏။

များစွာသော နဂါးများသည် ထိုကဲ့သို့သော အခွင့်အလမ်းမျိုးကို မနာလိုအားကျမိကြ၏။

“ကောင်းတယ်ကွာ.. ကောင်းတယ်”

လုံစန်းက ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။

သူ၏မျက်လုံးထဲတွင် မနာလိုအားကျမှု သို့မဟုတ် ကြောက်ရွံ့မှု တစ်စွန်းတစ်စမှ ရှိမနေပေ။ ထိုအစား.. သူ၏ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်က ပိုမိုအားကောင်းလာခဲ့၏။ ယခုအခါမှသာလျှင် သူသည် ဆူဇီမိုအပေါ် အထင်အမြင်သေးခြင်းကို အမှန်တကယ် ရပ်တန့်လိုက်ပြီး ထိုသူက သူ့ကို ယှဉ်နိုင်သည့် အထွတ်အထိပ် ပြိုင်ဘက်တစ်ယောက်ဟု သူက သတ်မှတ်လိုက်လေသည်။

အကြီးအကဲ ကင်းမြီးကောက်က သုန်မှုန်နေသော အမူအရာဖြင့် တိတ်တဆိတ်ငြိမ်သက်နေ၏။

ဆူဇီမိုက ပိုမိုထူးချွန်ထက်မြက်လေလေ.. နဂါးမျိုးနွယ်တွင် သူ၏အဆင့်အတန်းက ပိုမိုမြင့်မားလာလေလေဖြစ်ပြီး သူ့အနေဖြင့် ဤကောင်လေးကို တိုက်ခိုက်ဖို့က ပို၍ ခက်ခဲလာပေလိမ့်မည်။

အစကတော့ သူသည် ပြပွဲတစ်ခုကို စောင့်ကြည့်ချင်ရုံမျှသာ ဖြစ်လေသည်။

ဆူဇီမိုက ဆေးကြောသန့်စင်ခြင်းမှာ ကျရှုံးပြီး သေဆုံးသွားမည်ဆိုလျှင် အကောင်းဆုံးဖြစ်လေသည်။

ယခုဖြစ်ပေါ်လာသော အခြေအနေက သူ ထင်မှတ်ထားသည်ထက် များစွာကျော်လွန်လာခဲ့လေပြီ။

ပြောရမည်ဆိုလျှင် မည်သူကမှ အဲဒါကို ထင်မှတ်မထားခဲ့ပေ။

ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက် နတ်ဘုရားစွမ်းအားနှစ်ခုက ဆက်တိုက်နိုးထလာခဲ့၏။

အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကမ္ဘာဦးမျိုးနွယ် ၉ စု အုပ်စိုးခဲ့သော ကမ္ဘာဦးခေတ်မှာပင် ရှားရှားပါးပါးမြင်ကွင်း ဖြစ်လေသည်။

“ဒီဘက်မျိုးဆက် နဂါးမျိုးနွယ်ရဲ့ ကံကြမ္မာက တကယ့်ကို သန်မာလာတာပဲ”

အကြီးအကဲ ကင်းမြီးကောက်က သူ၏မျက်လုံးကို မှေးကျဉ်းပြီး သူ့ဘာသာသူ တွေးလိုက်၏။

“လက်သည်းငါးဖက် နတ်နဂါးတစ်ကောင် မွေးဖွားပေါ်ထွက်လာတဲ့အပြင်.. အခု နောက်ထပ် ပြန်ဝင်စား မွန်းစတားတစ်ယောက်ကပါ ပေါ်ထွက်လာပြန်ပြီ”

“ငါ သူ့ကို ဝင်ပြီးသတ်သင့်သလား”

အကြီးအကဲ ကင်းမြီးကောက်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျပ်ခနဲလက်သွားပြီး သူက သတ်ဖြတ်လိုစိတ် နိုးထလာခဲ့၏။

သို့သော်လည်း.. များပြားလှသော နဂါးအကြီးအကဲများ ရှိနေသည့်အတွက် သူ့အနေဖြင့် ဆူဇီမိုကို တိတ်တဆိတ် သတ်ဖြတ်ဖို့က မဖြစ်နိုင်ကြောင်း သူ၏စိတ်ထဲမှာ သိထား၏။

သူက တိုက်ခိုက်လိုက်သည်နှင့် သူ့အနေဖြင့် မထိမခိုက် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။

“ဓမ္မဝိသေသ နဂါးတစ်ကောင်အတွက် င့ါရဲ့အသက်နဲ့ အလဲအထပ် လုပ်သင့်သလား…”

အကြီးအကဲ ကင်းမြီးကောက်၏ အမူအရာက သုန်မှုန်လာပြီး အကျိုးအပြစ်များကို ချိန်ဆကာ တန်ပြန်သက်ရောက်မှုများကို စဉ်းစားတွေးတောနေ၏။

ခပ်ဝေးဝေးရှိ လိုဏ်ဂူတစ်ခုထဲတွင်…

မဟာအကြီးအကဲနှစ်ယောက်က ကျေနပ်အားရနေကြ၏။

မီးပဒေသာနဂါးအကြီးအကဲက ရေရွတ်ပြောဆိုလိုက်၏။

“နတ်ဘုရားစွမ်းအားတစ်ခု နိုးထလာတာက လောကကို တုန်လှုပ်စေပြီး ဖြစ်စဉ်တစ်ခုကို ဆင်းသက်လာစေတယ်ဆိုတော့.. ဒီလိုမျိုးဖြစ်ရပ် ပေါ်ထွက်မလာခဲ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ”

“အခု ဒီကောင်လေးက ဘိုးဘေးနဂါးချီရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားပြီဆိုတော့.. ငါတို့ရဲ့ ခန့်မှန်းချက်က တော်တော့်ကို နီးစပ်နေပြီ”

အပြာရောင်နဂါးအကြီးအကဲက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“ဒီဘက်မျိုးဆက်မှာ နဂါးမျိုးနွယ်က ဂုဏ်ကျက်သရေ ထွန်းတောက်လာတော့မှာပဲ”

“ဘာကောင်လေးလဲ”

မီးပဒေသာနဂါးအကြီးအကဲက အပြာရောင်နဂါးအကြီးအကဲကို စိုက်ကြည့်ပြီး တင်းမာခက်ထန်သော အမူအရာဖြင့် သူ့ကို အမှန်ပြင်ပေးလိုက်၏။

“ငါတို့က အခုကစပြီး သူ့ကို သခင်လေးလို့ ခေါ်ရမယ်”

“ဟုတ်-ဟုတ်.. ဟုတ်တာပေါ့”

အပြာရောင်နဂါးအကြီးအကဲက မကျေနပ်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်း မရှိဘဲ အပြုံးတစ်ခုနှင့်အတူ သဘောတူလိုက်၏။ ဆူဇီမိုသည် လုံစန်းနှင့် အခုချိန်ထိ မတိုက်ခိုက်ရသေးသော်လည်း နဂါးမျိုးနွယ်၏ သခင်လေးက ဘယ်သူဖြစ်လာမလဲဆိုတာ မဟာအကြီးအကဲနှစ်ယောက်က သံသယ မရှိကြတော့ပေ။

ဒါ့အပြင် ဤသခင်လေး၏ အဆင့်အတန်းသည် နဂါးမျိုးနွယ်တွင် သူတို့၏အထက်မှာ ရှိလေသည်။

တိတိကျကျပြောရလျှင် သူ၏အဆင့်အတန်းက နဂါးမျိုးနွယ်တစ်ခုလုံး၏ အထက်မှာရှိလေသည်။

မီးပဒေသာနဂါး မဟာအကြီးအကဲသည် အသက်ပိုကြီးပြီး ခဏမျှ စဉ်းစားတွေးတောကာ သတိပေးလိုက်၏။

“ဒါက တကယ့်ကို လေးနက်တဲ့ ကိစ္စပဲ.. ဒီကိစ္စကို မင်းနဲ့ ငါနဲ့ သိထားရင် လုံလောက်တယ်.. ငါတို့က ထပ်ပြီးတော့ ဖြန့်လို့ မရဘူး”

“သခင်လေးက သူ့ရဲ့ အထွတ်အထိပ်အရွယ်ကို အခုထိ ရောက်သေးတာ မဟုတ်ဘူး.. သူ့ရဲ့ သရုပ်သကန်က ပေါက်ကြားသွားမယ်ဆိုရင် တခြားမျိုးနွယ်စုတွေက စိုးရိမ်ထိတ်လန့်ပြီးတော့ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလာနိုင်တယ်”

“ဟွန့်”

အပြာရောင်နဂါးအကြီးအကဲက အေးစက်စွာဖြင့် ပြောလိုက်၏။

“နဂါးရိုးတောင်ကြားမှာ ငါတို့ရဲ့ သခင်လေးကို ဘယ်သူက လာထိရဲမှာလဲ”

“ဘာပဲဖြစ်ဖြစ်.. ကြိုတင်သတိထားတာက ဘယ်တော့မှ မမှားဘူး”

မီးပဒေသာနဂါး မဟာအကြီးအကဲက ညင်သာစွာ သက်ပြင်းချလိုက်၏။

“ကမ္ဘာဦးခေတ်က တိုက်ပွဲကိုလည်း မမေ့လိုက်နဲ့”

အပြာရောင်နဂါး မဟာအကြီးအကဲသည် ထိုတိုက်ပွဲအကြောင်းကြားချိန်တွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

ခဏနေပြီးနောက်.. သူ၏အကြည့်သည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။

ထိုအခိုက်အတန့်တွင် ဆူဇီမိုက ဒုတိယမြောက် နတ်ဘုရားစွမ်းအား၏ ဆေးကြောသန့်စင်မှုကို ခံယူလို့ ပြီးသလောက်နီးပါး ဖြစ်နေခဲ့လေပြီ။

“အမ်.. “

အပြာရောင်နဂါး မဟာအကြီးအကဲက မျက်မှောင် အနည်းငယ်ကြုတ်၍ တစ်နေရာသို့ လက်ညိုးထိုးလိုက်၏။

“အဲဒီ စုန်းတွေက ဘာလဲဟ.. သူတို့က ငါတို့ နဂါးအရိုးတောင်ကြားကို ဘာလို့ရောက်နေရတာလဲ”

“ဝူရှဲ့လား”

အပြာရောင်နဂါး မဟာအကြီးအကဲက တီးတိုးရေရွတ်လိုက်၏။

“သူက ဒီကို ဘာလာလုပ်တာလဲ”

မျိုးရိုး ၅ ခုမှ မဟာအကြီးအကဲများသည် တစ်ချိန်လုံးလိုလို တံခါးပိတ်ကျင့်ကြံနေတတ်ကြ၏။ ကြီးမားသော ကိစ္စတစ်စုံတစ်ရာ မရှိဘဲ သူတို့က ပေါ်ထွက်လာကြလိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ လက်ထဲတွင် စုန်းမျိုးနွယ်၏ သခင်လေး သေဆုံးသွားမှုကို မဟာအကြီးအကဲနှစ်ယောက်က ယခုအချိန်ထိ မသိကြသေးပေ။

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်အောက်တွင်..

ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချပြီး ကျေနပ်နှစ်ခြိုက်သွားခဲ့၏။

နဂါးအကြီးအကဲအချို့၏ ခန့်မှန်းချက်များက မှန်ကန်လေသည်။ သူ နိုးထစေသော ဒုတိယမြောက် နတ်ဘုရားစွမ်းအားသည် ဘိုးဘေးနဂါးချီမှ လာခြင်းဖြစ်လေသည်။

“ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ရဲ့ ဆေးကြောသန့်စင်မှုကို ခံယူတာက.. ဒီလောက်တောင် အကျိုးကျေးဇူး ကြီးမားတာလား”

ဆူဇီမိုက သူ့ဘာသာသူ ရေရွတ်လိုက်ခြင်းဖြစ်၏။

ထိုစကားကို အခြားသော နဂါးများသာ ကြားမည်ဆိုလျှင် သူတို့သည် ဒေါသထွက်လွန်း၍ သွေးအန်သွားနိုင်၏။

နတ်ဘုရားစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ကို နောက်တစ်ဖန် မီးဆေးပေးပြီး သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးသည် အသစ်စက်စက် အဆင့်တစ်ခုသို့ အသွင်ပြောင်းလဲသွားခဲ့လေပြီ။ သူ ပြုလုပ်သော လှုပ်ရှားမှုတစ်ခုချင်းစီက သိပ်သည်းပြင်းထန်သော ခွန်အားဖြင့် ပြည့်နှက်နေ၏။

ဆူဇီမိုသည် သူ့ဘာသာသူ ခေါင်းညိတ်ရင်း ဒုတိယမြောက် နတ်ဘုရားစွမ်းအား၏ လျှို့ဝှက်နက်နဲမှုကို စဉ်းစားတွေးတော ဆင်ခြင်နေ၏။

ဤနတ်ဘုရားစွမ်းအားကို ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ဟု ခေါ်ဆိုလေသည်။

ဘိုးဘေးနဂါး၏ မျိုးဆက်သွေးကို ကြားခံအဖြစ် အသုံးပြုပြီး အဲဒါသည် နဂါးမျိုးနွယ်၏ နဂါးချီကို စုစည်းကာ နတ်ဘုရားကျောက်တိုင်တစ်ခုကို ဆင့်ခေါ်နိုင်မည်ဖြစ်၏။ ၎င်းက မျိုးနွယ်စု တစ်သောင်းကိုပင် ဖိနှိမ်နိုင်လေသည်။ အဲဒါက အရမ်းကို စွမ်းအားကြီးမားလေသည်။

ထိုစဉ်မှာပင်.. ဆူဇီမို၏ ရင်ထဲမှာ လှုပ်ခတ်သွားပြီး သူက တစ်စုံတစ်ရာကို အမှတ်ရသွား၏။

ယခု သူက ဓမ္မဝိသေသအဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် တခြား ဘာတွေရှိဦးမလဲ။

သူက သူ၏ အသိစိတ်အတွင်းသို့ အလိုလိုကြည့်လိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင်.. သူ၏ အသိစိတ်အတွင်းမှာ တစ်စုံတစ်ရာက ပေါ်ထွက်လာခဲ့လေပြီ။

လက်သီးဆုပ်အရွယ် အလင်းလုံး ၄ လုံးသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်နေ၏။

အလင်းလုံး တစ်လုံးချင်းစီ အတွင်းတွင် ဘာရှိနေမလဲ ပြောဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း အလင်းလုံး တစ်လုံးချင်းစီသည် အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုဖြင့် ဖြာထွက်နေပြီး အဲဒါက ဆူဇီမိုကိုပင် ရင်တလှပ်လှပ်ခံစားချက် ဖြစ်စေ၏။

တစ်ချိန်တည်းမှာပင်.. ရင်းနှီးနေကျ အသံတစ်သံက ဆူဇီမို၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာခဲ့၏။

ဆူဇီမိုသည် ထိုအသံကို ကြားသောအခါ ငေးမောမှင်တက်သွား၏။ သူ၏ စိတ်နှလုံးထဲတွင် ပြင်းထန်သော မျှော်မှန်းတမ်းတမှုက တလိပ်လိပ်တက်လာပြီး သူ၏အမူအရာက နူးညံ့သိမ်မွေ့သွား၏။

အဲဒါက တျဲယွဲ့၏ အသံဖြစ်၏။

ဆူဇီမိုသည် ထိုအသံကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။

“ယန်စိတ်ဝိညာဉ်အပိုင်းကို ရောက်ပြီးရင် မဟာအရိုင်းကမ္ဘာက သားရဲဘုရင် ၁၂ ပါးရဲ့ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှာ ဒသမမြောက်အပိုင်း ပေါ်ထွက်လာလိမ့်မယ်.. အဲဒါကို နတ်ဘုရားစွမ်းအားများ အပိုင်းလို့လည်း ခေါ်တယ်.. အဲဒီမှာရှိတဲ့ နတ်ဘုရားစွမ်းအားတွေကို စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်တယ်.. အဲဒီမှာ ကျင့်ကြံမှု နည်းစနစ်ရယ်လို့လည်း မရှိဘူး.. သူတို့ကို မှတ်ဉာဏ်တွေကတစ်ဆင့်ပဲ လွှဲပြောင်းပေးနိုင်တယ်”

တျဲယွဲ့၏ အသံက ခံစားချက်ကင်းမဲ့စွာဖြင့် တည်ငြိမ်နေဆဲဖြစ်၏။

“မင်းက ဒီအဆင့်ထိ ရောက်လာပြီးရင် ငါ့ရဲ့ ဒီစကားတွေကို ကြားလာရလိမ့်မယ်.. မင်းက ဒီအဆင့်ထိ မရောက်ဘူးဆိုရင်တော့.. ငါက မင်းကို ကြိုပြောခဲ့လည်း အလကားပဲ.. အဲဒါက မင်းအပေါ်မှာ စွဲလမ်းမှု ဥပါဒါန်တစ်ခုပဲ တိုးလာစေလိမ့်မယ်”

“နတ်ဘုရားစွမ်းအားအပိုင်းမှာ နတ်ဘုရားစွမ်းအား လေးမျိုးရှိပြီးတော့.. သူတို့တစ်ခုချင်းစီက ဓမ္မဝိသေသ၊ ပေါင်းစည်းခန္ဓာ၊ မဟာယာနနဲ့ ကပ်ဘေးဖြတ်ကျော်အဆင့်တွေကို ကိုယ်စားပြုတယ်.. မင်းရဲ့ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မြင့်မားလာမှပဲ နတ်ဘုရားစွမ်းအား တစ်ခုချင်းစီကို နားလည်ဆင်ခြင်လာနိုင်လိမ့်မယ်”

စကားသံသည် ဤနေရာမှာ အဆုံးသတ်သွားခဲ့၏။ အဲဒါက တျဲယွဲ့ ကြိုတင်ချန်ထားရစ်ခဲ့သော စကားသံဖြစ်လေသည်။

တကယ်ဆို.. ဆူဇီမိုက ဓမ္မဝိသေသအဆင့်သို့ ရောက်အောင် မကျင့်ကြံနိုင်ခဲ့ဘူးဆိုလျှင် သူက ထိုစကားသံများကို ဘယ်တော့မှ ကြားရလိမ့်မည် မဟုတ်ပေ။

All Chapters