← Chapters

ဝူရှဲ့၏ တိုက်ခိုက်မှု

Vol. 81 Ch. 1203

ဝူရှဲ့၏ တိုက်ခိုက်မှု

Vol. 81 Ch. 1203

“ငါထင်တာ မမှားဘူးဆိုရင်.. ဒီဟာတွေက နတ်ဘုရားစွမ်းအားအပိုင်းမှာ ဖော်ပြထားတဲ့ နတ်ဘုရားစွမ်းအား ၄ မျိုးပဲ ဖြစ်ရမယ်”

ဆူဇီမိုသည် သူ၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အလင်းလုံး ၄ ခုကို ကြည့်လိုက်၏။

ယခုအခါမှာသာလျှင်.. မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်က အပြည့်အဝ ထွက်ပေါ်လာခဲ့လေသည်။

အစကတော့ သူသည် ယန်စိတ်ဝိညာဉ်အပိုင်းကို ကျင့်ကြံပြီးနောက်.. သားရဲဘုရင် ၈ ပါးသာလျှင် ပေါ်ထွက်လာခဲ့၏။

လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံး ၄ လုံးက သားရဲဘုရင် ၄ ပါးကို ကိုယ်စားပြုမည်ဆိုလျှင် ယခင် ၈ ပါးနှင့် ပေါင်းပါက စုစုပေါင်း သားရဲဘုရင် ၁၂ ပါး ရှိလာပေလိမ့်မည်။

သူက စဉ်းစားတွေးတောနေစဉ်မှာပင်.. သူ၏ အသိစိတ်ထဲရှိ အလင်းလုံးတစ်လုံးက ကြေမွသွား၏။

အထဲတွင် လက်တစ်ဖဝါးအရွယ် နတ်လိပ်တစ်ကောင်က ပေါ်ထွက်လာ၏။ အဲဒါက အလွန်တရာ အသိစိတ်ကြွယ်ဝပြီး ပင်လယ်ရေထဲမှာ ပေါလောမျောကာ ဆူဇီမိုကို မလှုပ်မယှက်ဖြင့် ကြည့်နေ၏။

ဆူဇီမိုက နတ်လိပ်၏ အကြည့်နှင့် ဆုံမိချိန်တွင် သူ၏စိတ်က တဝီဝီမြည်သွား၏။

လျှို့ဝှက်ဆန်းကြယ်သော သဘောတရားများက သူ၏ စိတ်နှလုံးထဲသို့ တဖြည်းဖြည်း စီးဝင်လာခဲ့၏။

ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက်.. နတ်ဘုရားစွမ်းအားအပိုင်း၏ ပထမဆုံး နတ်ဘုရားစွမ်းအားက ပေါ်ထွက်လာခဲ့လေသည်။

ထိုနတ်ဘုရားစွမ်းအားသည် သားရဲဘုရင် ၁၂ ပါးထဲမှ တစ်ပါးဖြစ်သော တည်ငြိမ်ပင်လယ်လိပ်ထံမှ လာခြင်းဖြစ်၏။

ကျယ်ပြောလှသော မဟာအရိုင်းကမ္ဘာတွင် အထီးကျန်သမုဒ္ဒရာတစ်စင်း ရှိလေသည်။

သူတို့ကြားတွင် အစစ်အမှန် နဂါးတစ်ကောင်က ထိုနေရာမှာ ကြီးစိုးပြီး ပြိုင်ဘက်ကင်းကာ အထီးကျန်သမုဒ္ဒရာ နဂါးဘုရင်ဟု ကျော်ကြားလေသည်။

အထီးကျန်သမုဒ္ဒရာ၏ အနက်ပိုင်းထဲတွင် အထီးကျန်သမုဒ္ဒရာ နဂါးဘုရင်ထက်ပင် ပို၍အသက်ကြီးသော စိတ်ဝိညာဉ်လိပ်တစ်ကောင် ရှိလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင်.. စိတ်ဝိညာဉ်လိပ်က သမုဒ္ဒရာ၏ အနက်ပိုင်းထဲမှာ တိတ်တဆိတ်ဖြင့် နေတတ်၏။

သို့သော်လည်း.. ၎င်းပေါ်ထွက်လာသည်နှင့် အထီးကျန်သမုဒ္ဒရာ နဂါးပင်လျှင် ထကြွသောင်းကျန်းရဲတော့မည် မဟုတ်ပေ။

တည်ငြိမ်ပင်လယ်လိပ်၏ အကြည့်မှတစ်ဆင့် ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာနှင့် ပတ်သက်သည့် ဒဏ္ဍာရီတချို့ကို တဖြည်းဖြည်း သိရှိလာ၏။

အဲဒါက မှတ်ဉာဏ်အမွေအနှစ်တစ်ခုနှင့် တူလေသည်။

စိတ်ဝိညာဉ်လိပ်၏ အကြည့်မှတစ်ဆင့် ထိုဒဏ္ဍာရီများ၏ အမွေသာမက နတ်ဘုရားစွမ်းအားတစ်ခုကပါ ပေါ်ထွက်လာခဲ့၏။

ဆူဇီမိုသည် ကျောက်တိုင်အောက်တွင် မျက်လုံးနှစ်ဖက်ကို မှိတ်၍ မလှုပ်မယှက် ရပ်နေ၏။

ရုတ်တရက်ဆိုသလို..

အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအင်တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

နဂါးများသည် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုဖြင့် သူတို့၏ မျက်လုံးများက ပြူးကျယ်လာကြ၏။

အဲဒါက နတ်ဘုရားစွမ်းအားများ၏ စွမ်းအားဖြစ်၏။

ဆူဇီမိုသည် ယခုတင် နတ်ဘုရားစွမ်းအားနှစ်ခုကို နိုးထစေခဲ့ပြီးနောက်.. တတိယမြောက် နတ်ဘုရားစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့ပြန်ပြီ။

ဒါ့အပြင်.. ထိုနတ်ဘုရားစွမ်းအား၏ အော်ရာသည် ယခင်နှစ်ခုထက်ပင် ပို၍ ကြောက်စရာကောင်းသည်ဟု ထင်ရ၏။

ဆူဇီမို၏ ဒုတိယမြောက် နတ်ဘုရားစွမ်းအား နိုးထစဉ်တွင် နဂါးများက တုန်လှုပ်ရသည်ဆိုလျှင် တတိယမြောက် နတ်ဘုရားစွမ်းအား ဆင်းသက်လာသည့်အခါ လောကက တိတ်ဆိတ်ငြိမ်သက်သွား၏။

သူတို့ရှေ့ရှိ မြင်ကွင်းက သူတို့၏ နားလည်နိုင်စွမ်းထက် အပြတ်အသတ် ကျော်လွန်သွားလေပြီ။

နဂါးများသည် အသက်ကိုအောင့်၍ ကျောက်တိုင်အောက်ရှိ ပုံရိပ်ကို ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြ၏။ သူတို့၏ အမူအရာက လွန်မင်းစွာ တုန်လှုပ်မှုဖြင့် ပြည့်နှက်လာပြီး သူတို့၏ မျက်လုံးများက ကြည်ညိုလေးစားသည့် အရိပ်အယောင်ကိုပင် ထုတ်ဖော်ပြသလာခဲ့၏။

“တတိယမြောက် နတ်ဘုရားစွမ်းအား နိုးထလာပြီလား”

လိုဏ်ဂူထဲတွင် မဟာအကြီးအကဲနှစ်ယောက်က ဆတ်ခနဲ တုန်ယင်သွားပြီး ကြောင်အ,မှင်တက်သွားကြ၏။

အခြားသော နဂါးများကို မပြောနှင့်.. သူတို့၏ အတွေ့အကြုံနှင့်ပင်လျှင် ဤကဲ့သို့သော အခြေအနေတစ်ခုကို နားမလည်နိုင်ကြပေ။

ကြီးမားသည့် အရိပ်တစ်ခုက နဂါးအရိုးတောင်ကြားကို အပေါ်ကနေ လွှမ်းခြုံလာ၏။

ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း..

ကောင်းကင်ထောက်တိုင်များနှင့်တူသော ခြေလေးဖက်သည် နဂါးအရိုးတောင်ကြားပေါ်ကို ဆင်းသက်လာပြီး ခြေတစ်လှမ်းချင်းစီတိုင်းက မြေပြင်ကို တုန်ခါ၍ ရာသီဥတုကို ပြောင်းလဲသွားစေ၏။

နဂါးများက အလိုလိုမော့ကြည့်လိုက်ကြ၏။

ရှေးကျသော အော်ရာတစ်ခုနှင့် စိတ်ဝိညာဉ်လိပ်တစ်ကောင်သည် ၎င်း၏ကျောထက်တွင် အလွန်တရာ သိပ်သည်းလေးလံသည့် လိပ်ကျောခွံတစ်ခုကို သယ်ဆောင်ထား၏။ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာရင်း ၎င်းက နတ်ဘုရားတစ်ပါးနှင့် တူနေ၏။

ဆူဇီမို သူ၏ ဒုတိယမြောက် နတ်ဘုရားစွမ်းအားကို နိုးထစဉ်က ပေါ်ထွက်လာခဲ့သော ဘိုးဘေးနဂါး၏ ကြီးမားသည့် ပုံရိပ်ယောင်သည် ကောင်းကင်ထက် တိမ်လွှာများကြားမှာ ယခုအချိန်ထိ လုံးလုံးလျားလျား ပျက်ပြယ်မသွားသေးပေ။

နတ်လိပ် ဆင်းသက်လာပြီးနောက်.. ဘိုးဘေးနဂါး၏ ပုံရိပ်ယောင်သည် စူးစူးဝါးဝါး အော်ဟစ်၍ ချက်ချင်းပင် ပျက်ပြယ်သွား၏။ ၎င်းက နတ်လိပ်၏ စွမ်းအားကို မခုခံနိုင်သည့်ပုံပင်။

“ဒါ.. ဒါက..”

နဂါးအချို့သည် တုန်လှုပ်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။

“ဟိုမှာ ကြည့်ဦး..”

နဂါးတစ်ကောင်က မလှမ်းမကမ်းရှိ စိတ်ဝိညာဉ်လိပ်၏ ခြေဖဝါးကို လက်ညိုးထိုးပြလိုက်၏။

အဲဒီမှာ ကြီးမားသည့် တွင်းနက်တစ်ခု ရှိနေ၏။

ဆူဇီမိုသည် သူ၏ နတ်ဘုရားစွမ်းအားကို နိုးထစေပြီးနောက် ပေါ်ထွက်လာသော စိတ်ဝိညာဉ်လိပ်၏ ပုံရိပ်ယောင်သည် စစ်မှန်သော တွင်းနက်တစ်ခုကိုပင် ဖန်တီးလိုက်၏။

သူ၏ ဒုတိယမြောက် နတ်ဘုရားစွမ်းအားကို နိုးထစေစဉ်က ဆင်းသက်လာသော ဘိုးဘေးနဂါးဖြစ်စဉ်သည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်၏။

သို့သော်လည်း ဤစိတ်ဝိညာဉ်လိပ်က လုံးဝ အစစ်အမှန်ဆန်နေ၏။

ဆိုလိုသည်မှာ ယခုနိုးထလာသော တတိယမြောက် နတ်ဘုရားစွမ်းအားသည် ဘိုးဘေးနဂါး၏ အမွေအနှစ်ကနေ ဖြစ်ပေါ်လာသော ဒုတိယမြောက် နတ်ဘုရားစွမ်းအားထက်ပင် ပို၍ ကြောက်စရာကောင်းနေနိုင်၏။

ထိုအခိုက်အတန့်တွင်.. မကောင်းဆိုးဝါးဆန်ဆန် မျက်လုံးတစ်စုံက နဂါးများကြားမှာ ပုန်းကွယ်နေ၏။

အစကတော့ အကြီးအကဲ ကင်းမြီးကောက်က တွေဝေတုံ့ဆိုင်းနေဆဲဖြစ်၏။

သို့သော်လည်း ဆူဇီမိုက သူ၏ နတ်ဘုရားစွမ်းအားကို နိုးထစေလိုက်သည်ကို သူမြင်သောအခါ.. သူက တိုက်ခိုက်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၏။

သူက လုံကျူးကို သတ်ဖြတ်ရပေမည်။

ဤကောင်လေးက အရမ်းကို ကြောက်စရာကောင်းလွန်း၏။

တကယ်တော့ အကြီးအကဲ ကင်းမြီးကောက်သည် မဆင်မခြင် တိုက်ခိုက်ရဲခြင်း မရှိပေ။

သူသည် စုန်းမျိုးနွယ်၏ လျှို့ဝှက်အတတ်တစ်ခုကို တိတ်တဆိတ်ဖြင့်သာ အသက်သွင်းပြီး မသိသာမထင်ရှားသော စိတ်ဝိညာဉ်အသိစိတ်တစ်စကို ထုတ်ဖော်၍ ဆူဇီမို၏ အသိစိတ်ထဲသို့ သိုဝှက်စွာ ထိုးဖောက်ဝင်ရောက်လိုက်၏။

ထိုအခိုက်အတန့်တွင် များစွာသော နဂါးအကြီးအကဲများ ရှိနေကြ၏။

သို့သော်လည်း ထိုနဂါးများ၏ စိတ်အာရုံသည် ကောင်းကင်ထက်ရှိ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်လိပ်အပေါ် ကျရောက်နေပြီး မည်သူကမှ အကြီးအကဲ ကင်းမြီးကောက်၏ ပြုမူလှုပ်ရှားမှုကို သတိမထားမိခဲ့ကြပေ။

တစ်ချိန်တည်းမှာပင်.. ဝေးကွာလွန်းသော လိုဏ်ဂူတစ်ခုထဲတွင် အပြာရောင်နဂါးအကြီးအကဲသည် စိတ်ထဲမှာ လှုပ်ရှားလာပြီး ရေရွတ်ပြောဆိုလိုက်၏။

“သခင်လေးရဲ့ ပါရမီအလားအလာက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ”

မီးပဒေသာနဂါး မဟာအကြီးအကဲကလည်း ခေါင်းညိတ်လိုက်၏။

“အဲဒါ အမှန်ပဲ.. နောက်ပြီး သခင်လေးမှာ လျှို့ဝှက်ချက်တွေလည်း အများကြီး ရှိနေတယ်.. အဲဒါက ငါတို့ထင်ထားတာထက် ပိုနေလောက်တယ်”

ရုတ်တရက်ဆိုသလို..

မဟာအကြီးအကဲနှစ်ယောက်သည် တစ်စုံတစ်ရာကို ခံစားမိသွားပုံရပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

“ဝူရှဲ့.. မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”

တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ မဟာအကြီးအကဲနှစ်ယောက်သည် ဟိန်းဟောက်၍ နေရာကနေ ပျောက်ကွယ်ကာ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ထက်သို့ ဆင်းသက်လာကြ၏။

ဝူရှဲ့၏ ပြုမူလှုပ်ရှားမှုသည် အလွန်တရာ သိမ်မွေ့​ပြီး အခြားသော နဂါးအကြီးအကဲများကို လှည့်ဖျားနိုင်သော်လည်း ၎င်းက မဟာအကြီးအကဲနှစ်ယောက်ကိုတော့ မလှည့်ဖျားနိုင်ပေ။

သို့သော်လည်း မဟာအကြီးအကဲနှစ်ယောက်က အဲဒါကို ခံစားမိပြီး တားဆီးချင်သည်ဆိုလျှင်တောင် သူတို့က နောက်ကျသွားခဲ့လေ​ပြီ။

ဝူရှဲ့သည် ဤမျှအထိ အတင့်ရဲပြီး နဂါးအရိုးတောင်ကြားတွင် နဂါးတစ်ကောင်ကို တိုက်ခိုက်ရဲလာလိမ့်မည်ဟု သူတို့က တကယ်ပင် ထင်မှတ်မထားခဲ့ကြပေ။

နဂါးမျိုးနွယ်မှ မဟာအကြီးအကဲနှစ်ယောက်၏ ဟိန်းဟောက်သံကို ကြားသောအခါ.. အကြီးအကဲ ကင်းမြီးကောက်က စိတ်ထဲကနေ လှောင်ရယ်လိုက်၏။

သူက ဆူဇီမိုကို တိုက်ခိုက်လိုက်သည့် အချိန်မှာပင်.. သူ၏ လက်ထဲရှိ တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကို ချိုးချေလိုက်ပြီဖြစ်၏။

ဆူဇီမိုက သေဆုံးသွားပြီး သူက တည်နေရာရွှေ့ပြောင်းအဆောင်အကြီးဖြင့် ထွက်ပြေးမည်ဆိုလျှင် နဂါးမျိုးနွယ်မှ မဟာအကြီးအကဲနှစ်ယောက်ပင်လျှင် သူ့ကို ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သူနှင့်အတူ အခြားသော စုန်းမျိုးနွယ်များက လိုက်ပါလာသော်လည်း.. နဂါးအရိုးတောင်ကြားမှာ သူတို့ သေဆုံးသွားမည်ဆိုလျှင်တောင် အဲဒါက ကိစ္စမရှိပေ။

နဂါးမျိုးနွယ်မှ ဤကဲ့သို့သော ပြန်ဝင်စား မွန်းစတားတစ်ယောက်ကို သတ်ဖြတ်နိုင်ဖို့အတွက် စုန်းမျိုးနွယ်မှ လူတစ်ချို့ကို စတေးရမည်ဆိုလျှင်တောင် ကိစ္စမရှိပေ။

သူ၏ စိတ်ဝိညာဉ်အသိစိတ်တစ်စက ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်ပြီး သူနှင့် ထပ်တူညီသော ပုံသဏ္ဌာန်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွား၏။

အကြီးအကဲ ကင်းမြီးကောက်က ဆူဇီမို၏ အသိစိတ်ထဲရှိ ဖြစ်စဉ်ကို မြင်သောအခါ တုန်လှုပ်သွားရ၏။

သူ၏ ကျင့်ကြံမှုအဆင့်နှင့်ပင်လျှင် အလင်းလုံး ၃ လုံးနှင့် တွေ့ဆုံချိန်မှာ သူက တုန်လှုပ်ချောက်ချားသွားရ၏။

ထိုအခိုက်အတန့်တွင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်လိပ်နှင့် အကြည့်ချင်းဆုံနေ၏။ အဲဒါက ၎င်း၏ အမွေအနှစ်ကို လက်ခံရယူနေခြင်းဖြစ်ပြီး မည်သည့် အန္တရာယ်ကိုမှ သတိမထားမိပေ။

“ဟီးဟီး.. မင်းက ပြန်ဝင်စား မွန်းစတားတစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ.. မင်းရဲ့အသက်နဲ့ ပေးဆပ်ရမယ်”

စိတ်ဝိညာဉ်အသိစိတ်က လှောင်ရယ်၍ တိုက်ခိုက်တော့မည်ပင်။

ရုတ်တရက်ဆိုသလို…

အသိစိတ်ထဲတွင် စိတ်ဝိညာဉ်လိပ်က ဘေးဘက်သို့ လှည့်လာပြီး အကြီးအကဲ ကင်းမြီးကောက်၏ စိတ်ဝိညာဉ်အသိစိတ်ကို အေးစက်စက် အကြည့်တစ်ခုဖြင့် စိုက်ကြည့်လိုက်၏။

“ဂါး..”

စိတ်ဝိညာဉ်လိပ်က သူ၏ပါးစပ်ကို ဖွင့်ဟပြီး အကြီးအကဲ ကင်းမြီးကောက်၏ စိတ်ဝိညာဉ်ရှိရာဘက်သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ဘုန်း..

အကြီးအကဲ ကင်းမြီးကောက် ဆင့်ခေါ်ထားသော စိတ်ဝိညာဉ်အသိစိတ်သည် ချက်ချင်းပင် ပျက်ပြယ်သွား၏။ ထိုမျှသာမက.. လူအုပ်ကြားထဲရှိ အကြီးအကဲ ကင်းမြီးကောက်ပင်လျှင် တုန်လှုပ်စွာဖြင့် ခပ်အုပ်အုပ် ညည်းညူလိုက်ရ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်ထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူက သတိလစ်မတတ် ဖြစ်သွားရ၏။

သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရရှိသွားပြီဆိုတာကို အကြီးအကဲ ကင်းမြီးကောက်က နားလည်လိုက်၏။

အဲဒါက ဘယ်လိုဖြစ်ရတာလဲ..။

သူက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

လုံကျူး၏ အသိစိတ်ထဲတွင် သူ၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံနိုင်ပြီး သူ့ကိုပင် တိုက်ခိုက်နိုင်သည့် ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် စိတ်ဝိညာဉ်သတ္တဝါတစ်ကောင်က ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ..။

ထိုအခိုက်အတန့်တွင် မီးပဒေသာနဂါးမျိုးရိုးနှင့် အပြာရောင်နဂါးမျိုးရိုးမှ မဟာအကြီးအကဲနှစ်ယောက်က ရောက်ရှိလာခဲ့လေပြီ။

အကြီးအကဲ ကင်းမြီးကောက်သည် တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကို ကြိုတင်၍ ချိုးချေထားခဲ့ပြီဖြစ်ပြီး သူ၏နောက်ဘက်တွင် ကြီးမားနက်မှောင်သည့် လေဟာနယ်အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာခဲ့လေပြီ။

All Chapters