မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ
Vol. 81 Ch. 1204
တကယ်တော့.. မဟာအကြီးအကဲနှစ်ယောက်သည် ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ထက်သို့ ရောက်ရှိလာသည့် အချိန်မှာပင် သူတို့က ခြေတစ်လှမ်း နောက်ကျသွားပြီး ဆူဇီမိုကို အချိန်မီ မကယ်တင်နိုင်တော့ဘူးဆိုတာကို နားလည်လိုက်၏။
သူတို့နှစ်ယောက်စလုံးက တုန်လှုပ်၍ ဒေါသထောင်းထောင်းထွက်လာကြ၏။
သူတို့၏ ခန့်မှန်းချက်များကို အတည်ပြုပြီးနောက်.. ဆူဇီမို၏ အသက်က သူတို့၏ အသက်ထက်ပင် ပို၍အရေးကြီးလာ၏။
သို့သော် ယခုအခါမှာတော့ အပြင်လူတစ်ယောက်သည် နဂါးအရိုးတောင်ကြား၌ သူတို့၏ မျက်စိအောက်မှာပင် သူတို့၏ သခင်လေးကို သတ်ဖြတ်ဖို့ ကြိုးပမ်းလာ၏။ အဲဒါက သူတို့၏ ဘက်ပြန်ကြေးခွံကို လာထိခြင်းနှင့် တူလေသည်။
သို့သော်လည်း မဟာအကြီးအကဲနှစ်ယောက် ပေါ်ထွက်လာသည့် ခဏမှာပင် ထူးဆန်းသည့် မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့၏။
ကျောက်တိုင်အောက်တွင် ဆူဇီမိုက မလှုပ်မယှက် ရှိနေဆဲဖြစ်၏။ သူ၏ မျက်လုံးနှစ်ဖက်ကို ပိတ်ထားပြီး သက်ရောက်ခြင်း မခံရသည့် ပုံစံဖြင့် သူ၏ နတ်ဘုရားစွမ်းအားများကို ဆက်လက်၍ နားလည်ဆင်ခြင်နေ၏။
တစ်ဖက်မှာတော့ ဆူဇီမိုကို တိုက်ခိုက်လိုက်သော ဝူရှဲ့သည် ပြောင်းလဲသွားသော အမူအရာတစ်ခုနှင့်အတူ ခပ်သဲ့သဲ့ ညည်းညူလိုက်၏။ သူက ဒဏ်ရာအပြင်းအထန် ရရှိသွားသည့်အလားပင်။
အစကတော့.. ဝူရှဲ့သည် တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကို ဆုတ်ဖြဲပြီး တစ္ဆေကျိန်စာသင်္ချိုင်းဆီသို့ ထွက်ပြေးချင်လေသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်က ယိမ်းထိုးသွားသောကြောင့် တဒင်္ဂမျှ နှောင့်နှေးကြန့်ကြာသွားခဲ့၏။
ဖြစ်စဉ်တစ်ခုလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပွားခဲ့လေသည်။
မဟာအကြီးအကဲနှစ်ယောက်သည် ၎င်း၏ နောက်ကွယ်က အကြောင်းရင်းကို စဉ်းစားနေဖို့ အချိန်မရှိဘဲ ချက်ချင်းလက်ငင်း တိုက်ခိုက်ဖို့အတွက် မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။
“မင်းက ဘယ်ကို ပြေးချင်သေးတာလဲ”
မီးပဒေသာနဂါး မဟာအကြီးအကဲသည် အေးစက်စွာ ငေါက်ငမ်း၍ သူ၏မျက်လုံးထဲမှ ချစ်ချစ်တောက် ပူလောင်သော အလင်းတန်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာခဲ့၏။ သူတို့က အလွန်တရာ မြန်ဆန်ပြီး အကြီးအကဲ ကင်းမြီးကောက်ဆီသို့ ချက်ချင်းပင် တိုးဝင်သွား၏။
သို့သော်လည်း.. တည်နေရာရွှေ့ပြောင်းအဆောင်အကြီးက အလုပ်လုပ်လာခဲ့လေပြီ။
အကြီးအကဲ ကင်းမြီးကောက်၏ နောက်တွင် ကြီးမားနက်မှောင်သည့် အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာပြီး သူက ထိုအထဲသို့ ခုန်ဝင်လိုက်၏။
အလင်းတန်းနှစ်ခုသည် နက်မှောင်၍ အေးစက်နေသော အက်ကွဲကြောင်းထဲသို့ မည်သည့် ဝဲဂယက်မှ မဖြစ်ပေါ်စေဘဲ ဝင်ရောက်သွား၏။
အက်ကွဲကြောင်းက လျင်မြန်စွာ ပြန်လည်ပိတ်ဆို့လာခဲ့၏။
ထိုအက်ကွဲကြောင်းက ပိတ်ဆို့ပြီး လေဟာနယ်က မူလအတိုင်း ပြန်ဖြစ်သွားသည်နှင့် မဟာအကြီးအကဲနှစ်ယောက်သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်မည်ဆိုလျှင်တောင် အကြီးအကဲ ကင်းမြီးကောက်ကို ဖမ်းဆီးနိုင်တော့မည် မဟုတ်ပေ။
သူတို့က တစ္ဆေကျိန်စာသင်္ချိုင်းသို့ လိုက်လံသတ်ဖြတ်မှသာ ရပေတော့မည်။
“မင်းက သတ်ဖြတ်ဖို့အတွက် ငါတို့ နဂါးအရိုးတောင်ကြားကို ရောက်လာပြီးမှ ထွက်ပြေးချင်သေးတယ်ပေါ့”
အပြာရောင်နဂါး မဟာအကြီးအကဲက ဒေါသူပုန်ထသွားပြီး သူ၏ လက်တစ်ဖက်က ပေပေါင်းများစွာ ဆန့်တန်းသွား၏။ ကြောက်စရာကောင်း၍ ကြီးမားသော နဂါးလက်သည်းတစ်ဖက် ပေါ်လာပြီး အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားလေသည်။
အကြီးအကဲ ကင်းမြီးကောက်သည် မီးပဒေသာနဂါး မဟာအကြီးအကဲ၏ သေကွင်းသေကွက် တိုက်ခိုက်မှုကို ရှောင်ရှားဖို့အတွက် လေဟာနယ်အက်ကွဲကြောင်းကို အသုံးပြုခဲ့ပြီး သူက ကံကောင်းလှသည်ဟု သူ့ဘာသာသူ တွေးလိုက်၏။
သူ့အတွေး မဆုံးသေးခင်မှာပင် သူက ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။
ထို့နောက် ချက်ချင်းပင် ကြောက်စရာကောင်းသော နဂါးလက်သည်းတစ်ဖက်က အမှောင်ထုထဲကနေ ဆင်းသက်လာပြီး သူ့ကို ဖမ်းဆွဲလိုက်၏။
“အား..”
ထိုလက်သည်းနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ခန္ဓာကိုယ်က စက္ကူတစ်ရွက်ကဲ့သို့ဖြစ်နေပြီး ချက်ချင်းပင် ထိုးဖောက်ခံရကာ သွေးများက စီးကျလာ၏။
နဂါးမျိုးနွယ်၏ အထက်ရှဆုံး လက်သည်းများကို မည်သည့်မျိုးနွယ်မှ သူတို့၏ခန္ဓာကိုယ်ဖြင့် မခုခံနိုင်ကြပေ။
ဒါ့အပြင်.. ကမ္ဘာဦးမျိုးနွယ် ၉ စုကြားမှာ စုန်းမျိုးနွယ်က ကိုယ်ကာယ အားအနည်းဆုံးဖြစ်၏။
“အား..”
အကြီးအကဲ ကင်းမြီးကောက်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
လေထဲတွင် ကြီးမားနက်မှောင်သော အက်ကွဲကြောင်းက ပိတ်ဆို့တော့မည့်ဆဲဆဲမှာပင် အပြာရောင်နဂါး မဟာအကြီးအကဲက အကြီးအကဲ ကင်းမြီးကောက်ကို ပြန်ဆွဲထုတ်လာခဲ့၏။
အကြီးအကဲ ကင်းမြီးကောက်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ အပေါက်များက ပေါ်ထွက်နေ၏။
အစိမ်းရင့်ရောင် သွေးများသည် ညှီစို့စို့ အနံ့နှင့်အတူ ဖြည်းဖြည်းချင်း စီးထွက်လာနေ၏။
အပြာရောင်နဂါး မဟာအကြီးအကဲ၏ နဂါးလက်သည်းသည် အကြီးအကဲ ကင်းမြီးကောက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားပြီဖြစ်၏။ သူ၏ အရွတ်နှင့် အရိုးများက ကျိုးကြေသွားပြီး သူ၏ အင်္ဂါများက လုံးဝပျက်စီးသွားခဲ့လေပြီ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများကို ပိုင်ဆိုင်ထားပြီး ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်၏။
ဤကဲ့သို့သော ဒဏ်ရာတစ်ခုက အကြီးအကဲ ကင်းမြီးကောက်ကို မသေစေနိုင်ပေ။
သို့သော်လည်း သူသည် အပြာရောင်နဂါးအကြီးအကဲ၏ လက်ထဲသို့ သက်ဆင်းသွားရပြီး သူ၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများက ထိုးဖောက်ခံထားရ၏။ သူ၏သွေးချီသည် ဆုတ်ယုတ်လာပြီး သူ့အနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့က မဖြစ်နိုင်တော့ပေ။
အပြာရောင်နဂါး မဟာအကြီးအကဲသည် စုန်းမျိုးနွယ်၏ ပေါင်းစည်းခန္ဓာအဆင့် ဤပညာရှင်ကို ကြက်ကလေး ငှက်ကလေးကဲ့သို့ ဆွဲမလိုက်၏။
“အဟွတ်..”
အကြီးအကဲ ကင်းမြီးကောက်၏ မျက်နှာက ကြောက်လန့်တကြား ဖြူလျော့သွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။
သူက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
ဆူဇီမို၏ အသိစိတ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဉ်လိပ်က ဟိန်းဟောက်ခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် တန်ပြန်ရိုက်ခတ်မှု ရှိစေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် အပြာရောင်နဂါး မဟာအကြီးအကဲပင်လျှင် သူ့ကို ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ယခုလောက်ဆို သူက တစ္ဆေကျိန်စာသင်္ချိုင်းသို့ ပြန်ရောက်နေလောက်လေပြီ။
များစွာသော နဂါးများသည် ကြောင်အ,မှင်တက်နေပြီး ဘာတွေဖြစ်ပျက်နေသည်ကို မသိရှိကြပေ။
နဂါးမျိုးနွယ်မှ မဟာအကြီးအကဲတစ်ယောက်က အလွယ်တကူ ပေါ်ထွက်မလာတတ်ပေ။
သို့သော် ယခုအခါမှာတော့ သူတို့ထဲမှ နှစ်ယောက်သည် သတ်ဖြတ်လိုသော စိတ်ဆန္ဒနှင့်အတူ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြ၏။
ဒါ့အပြင်.. မဟာအကြီးအကဲနှစ်ယောက်သည် အကြီးအကဲ ကင်းမြီးကောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြ၏။ သူတို့က ဘယ်လောက်တောင် ဒေါသထွက်နေသလဲ သိသာလေသည်။
စုန်းများက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။
မည်သူကမှ အရူးများ မဟုတ်ကြပေ။
အကြီးအကဲ ကင်းမြီးကောက်သည် တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကို ဆုတ်ဖြဲခဲ့သည့် မြင်ကွင်းကို သူတို့က တွေ့မြင်ခဲ့ရ၏။
အကြီးအကဲ ကင်းမြီးကောက်က သူတို့ကို စွန့်လွှတ်စတေးပြီး တစ်ကိုယ်တည်း ထွက်ပြေးချင်ခဲ့သည်မှာ သိသာ၏။
အကြီးအကဲ ကင်းမြီးကောက်သာ ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင် သူတို့က နဂါးမျိုးနွယ်ပညာရှင်များ၏ အမျက်ဒေါသကို ခံယူရပေတော့မည်။
“မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”
အပြာရောင်နဂါး မဟာအကြီးအကဲက ဟိန်းဟောက်လိုက်၏။
သူ့ထံမှ ထွက်ပေါ်လာသော ထိုစကားတွင် နဂါးဟိန်းဟောက်သံ၏ တုန်ခါအားက ပါဝင်နေ၏။
ဝူရှဲ့သည် ပေါင်းစည်းခန္ဓာ ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏ သွေးချီက အားနည်းနေ၏။ သူ၏နားထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားသွားရဆဲဖြစ်ပြီး သူ၏မျက်နှာက ရှုံ့တွသွားလေသည်။
ဝူရှဲ့တောင် ထိုသို့ဆိုလျှင်.. အခြားသော စုန်းများက ပို၍ပင် အခြေအနေဆိုးဝါး၏။
“အား.. အ..အား.. အား..”
ကျန်ရှိနေသော စုန်း ၁၀ ယောက်ကျော်သည် စူးစူးဝါးဝါး အော်ဟစ်၍ သူတို့၏ နားစည်များက စုတ်ပြဲကုန်၏။ သူတို့အားလုံးသည် အလွန်တရာ နာကျင်သော အမူအရာဖြင့် မြေပြင်ပေါ်သို့ လဲကျသွား၏။ သူတို့၏ နားထဲမှ သွေးများက စီးကျလာပြီး သူတို့၏ ကိုယ်များက ကွေးညွတ်သွားကြ၏။
မဟာအကြီးအကဲနှစ်ယောက်က အမှန်တကယ်ပင် ဒေါသထွက်နေ၏။
“နဂါးမျိုးနွယ်က မဟာအကြီးအကဲနှစ်ယောက်ရဲ့ သတ်ဖြတ်လိုစိတ်ကို နှိုးဆွမိအောင် ကျုပ်က ဘာများလုပ်ခဲ့မိလို့လဲ”
အကြီးအကဲ ကင်းမြီးကောက်က အံကိုကြိတ်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
“မင်းက မသိချင်ယောင်ဆောင်ပြီး မေးနေသေးတာလား”
အပြာရောင်နဂါး မဟာအကြီးအကဲက လှောင်ရယ်လိုက်၏။
“မင်းက နဂါးအရိုးတောင်ကြားမှာ နဂါးမျိုးနွယ်ရဲ့ သခင်လေးကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ.. မင်းက ကောင်းမှန်းဆိုးမှန်း တကယ်ကို နားမလည်ဘူးပဲ”
နဂါးမျိုးနွယ်ရဲ့ သခင်လေးတဲ့လား..။
နဂါးများသည် ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်အ,မှင်တက်သွားကြ၏။
သို့သော်လည်း နဂါးများသည် ထိုအကြောင်းနှင့် ပတ်သက်၍ များစွာစဉ်းစားခြင်း မရှိဘဲ အပြာရောင်နဂါး မဟာအကြီးအကဲသည် ဒေါသထွက်လွန်းသောကြောင့် လျှာခလုတ်တိုက်သွားသည်ဟုသာ တွေးထင်ခဲ့၏။
သူက မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေးဟု ပြောချင်တာ ဖြစ်ရပေမည်။
“ဟားဟား”
အကြီးအကဲ ကင်းမြီးကောက်က ရယ်မော၍ စကားကို ကပ်ပြောလိုက်၏။
“မနောက်ပါနဲ့.. လုံကျူးကို ကြည့်လိုက်ဦး.. သူက လုံးဝတောင် ဒဏ်ရာမရခဲ့ဘူး.. ကျုပ်သာ သူ့ကို တိုက်ခိုက်ခဲ့တယ်ဆိုရင် သူက အခုချိန် အသက်ရှင်နေပါဦးမလား”
ပေါင်းစည်းခန္ဓာအဆင့် ပညာရှင်တစ်ယောက်အနေဖြင့် ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းဝင်ရောက်နေသော သတိလက်လွတ် နဂါးတစ်ကောင်ကို တိုက်ခိုက်သတ်ဖြတ်ဖို့က အရမ်းကို လွယ်ကူလေသည်။
သို့သော်လည်း.. ထိုအခိုက်အတန့်တွင် ဆူဇီမိုက ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်အောက်မှာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး မည်သည့်သက်ရောက်မှုမှ မခံရဘဲ သူ၏ နတ်ဘုရားစွမ်းအားများကို ဆက်လက် နားလည်ဆင်ခြင်နေ၏။
အဲဒါက တကယ့်ကို ထူးဆန်း၏။
မဟာအကြီးအကဲနှစ်ယောက်ကလည်း တွေဝေသွား၏။
အထူးဆန်းဆုံးအရာမှာ.. အကြီးအကဲ ကင်းမြီးကောက်သည် တိုက်ခိုက်ပြီးနောက် သူသည် တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ရရှိပြီး ဒဏ်ရာပင် ရရှိသွားသည်ဟု ထင်ရ၏။
သူတို့က တွေဝေသွားကြသော်လည်း မဟာအကြီးအကဲနှစ်ယောက်က အတွေ့အကြုံ ကြွယ်ဝသူများဖြစ်ကြ၏။
သူတို့က သတ်ဖြတ်ရာမှာ ပြတ်သားပြီး လုံးဝ ယိမ်းယိုင်ခြင်း မရှိကြပေ။
မီးပဒေသာနဂါး မဟာအကြီးအကဲက ဆံပင်များ ဖြူနေပြီဖြစ်၏။ သို့သော်လည်.. သူ၏မျက်လုံးများက ဒေါသမီးဖြင့် တောက်လောင်နေပြီး အေးစက်စွာ ပြောလိုက်၏။
“မင်းရဲ့ အဲဒီစကားတွေနဲ့ မင်းအသက်ကို ကာကွယ်နိုင်မယ်လို့ ထင်နေလို့လား”
“ငါ မင်းကို တစ်ခါတည်း ရှင်းအောင်ပြောလိုက်မယ်.. လုံကျူးက ဘာမှမဖြစ်ခဲ့တာ ကံကောင်းသွားတယ်.. သူသာ တစ်ခုခုဖြစ်သွားရင် နဂါးမျိုးနွယ်က အင်အားအကုန်ကို ထုတ်သုံးပြီး စုန်းမျိုးနွယ်နဲ့ သေချာပေါက် စစ်ခင်းရလိမ့်မယ်”
လူတိုင်းသည် မီးပဒေသာနဂါး မဟာအကြီးအကဲ၏ လေသံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိနိုင်ကြ၏။
နဂါးများ၏ စိတ်ထဲတွင် အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။
လုံကျူးသာ တစ်ခုခုဖြစ်သွားခဲ့လျှင် နဂါးမျိုးနွယ်က အမှန်တကယ်ပင် အင်အားအကုန် ထုတ်သုံးပြီး စစ်ခင်းမှာလား..။
သို့သော်လည်း နဂါးများ နားမလည်နိုင်သည့်အရာမှာ လုံကျူးသည် မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေးဖြစ်လျှင်တောင် မဟာအကြီးအကဲနှစ်ယောက်က ဆတ်ဆတ်ထိမခံ ဖြစ်လွန်းသည်ဟု ထင်ရ၏။
“ကျုပ်ကို မသတ်ပါနဲ့”
အကြီးအကဲ ကင်းမြီးကောက်က နောက်ဆုံးမှာတော့ ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့လေပြီ။
နဂါးမျိုးနွယ်မှ မဟာအကြီးအကဲနှစ်ယောက်သည် သူ့ကို အမှန်တကယ်ပင် သတ်ဖြတ်ချင်နေသည်ကို သူက ရှင်းလင်းစွာ ခံစားလိုက်ရ၏။
သေရေးရှင်ရေး အခိုက်အတန့်တွင် သူ၏စိတ်က ယိမ်းယိုင်လာပြီး အတွေးတစ်ခု ဖျတ်ခနဲပေါ်ကာ အလောတကြီး ပြောလိုက်၏။
“ကျုပ်ရဲ့ အသက်အတွက် လျှို့ဝှက်ချက်တစ်ခုနဲ့ လဲလှယ်နိုင်ပါတယ်”
“ဘာလျှို့ဝှက်ချက်လဲ.. ငါ အဲဒါကို လုံးဝမသိချင်ဘူး”
အပြာရောင်နဂါး မဟာအကြီးအကဲက အထင်သေးသော အမူအရာတစ်ခုဖြင့် လှောင်ရယ်လိုက်၏။
သူ၏ ထင်မြင်ချက်အရ.. အဲဒါသည် အကြီးအကဲ ကင်းမြီးကောက်၏ နောက်ဆုံး ရုန်းကန်မှုတစ်ခုမျှသာ ဖြစ်လေသည်။
အကြီးအကဲ ကင်းမြီးကောက်က တစ်လုံးချင်း ပြောလိုက်၏။
“ခင်ဗျားတို့ အဲဒါကို သိရမယ်.. နောက်ပြီး.. ဒီလျှို့ဝှက်ချက်က ကမ္ဘာဦးမျိုးနွယ် ၉ စုရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်နေတယ်”
“ခင်ဗျား ကျုပ်ကို သတ်လိုက်မယ်ဆိုရင်.. နဂါးမျိုးနွယ်က အဲဒါအတွက် သေချာပေါက် နောင်တရလိမ့်မယ်”