← Chapters

ဆံပင်မွေးတစ်ပင်တောင်မရဘူး

Vol. 81 Ch. 1205

ဆံပင်မွေးတစ်ပင်တောင်မရဘူး

Vol. 81 Ch. 1205

အပြာရောင်နဂါးမဟာအကြီးကဲက မျက်မှောင်ကြုတ်၍ တွေဝေတုံ့ဆိုင်းနေ၏။

အကြီးအကဲကင်းမြီးကောက်က လိမ်ညာပြောဆိုနေခြင်းနှင့် မတူသည်ကို သူကပြောနိုင်၏။

ကမ္ဘာဦးမျိုးနွယ် ၉ စု၏ ဘေးကင်းလုံခြုံမှုအပေါ်သက်ရောက်နိုင်အောင် ဘာများဖြစ်နိုင်လို့လဲ...။

မီးပဒေသာနဂါးမဟာအကြီးအကဲက မှင်သေသေဖြင့် ပြောလိုက်၏။

“သူပြောတာကို နားထောင်ကြည့်တာပေါ့... သူက ဘယ်လိုလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုနိုင်မလဲ ငါသိချင်တယ်...”

“မဟာအကြီးအကဲတို့... ခင်ဗျားတို့က ကျုပ်အသက်ကို ချမ်းသာပေးမယ်လို့ ကတိတစ်ခုပေးရမယ်”

အကြီးအကဲကင်းမြီးကောက်၏ အကြည့်က လေးနက်တည်တံ့လာပြီး အံကိုတင်းတင်းကြိတ်လိုက်၏။

“မဟုတ်ရင်တော့ ကျုပ်သေရမယ်ဆိုရင်တောင် ခင်ဗျားတို့ကို ပြောမှာမဟုတ်ဘူး”

“မင်းအသက်ရှင်ချင်တယ်ဆိုရင်တော့... အဲ့ဒါက မင်းဘာပြောနိုင်မလဲ ဆိုတာပေါ် မူတည်တာပေါ့...”

အပြာရောင်နဂါးမဟာအကြီးကဲက လှောင်ရယ်လိုက်၏။

အကြီးအကဲကင်းမြီးကောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မပူပါနဲ့... ဒီလျှို့ဝှက်ချက်က ကျုပ်အသက်နဲ့ လဲလှယ်ဖို့လုံလောက်ပါတယ်...”

“ဟုတ်ပြီလေ...”

မီးပ​ဒေသာနဂါးမဟာအကြီးအကဲက ခေါင်းညိတ်လိုက်၏။

“မပူနဲ့... မင်းပြောတဲ့လျှို့ဝှက်ချက်က ငါတို့စိတ်ကို လှုပ်ခတ်စေနိုင်မယ်ဆိုရင် ငါတို့က မင်းကိုအသက်ရှင်ခွင့်ပေးမယ်... “

ထိုစကားကို ကြားသောအခါ အကြီးအကဲကင်းမြီးကောက်၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွား၏။

ရုတ်တရက် နက်မှောင်နေသော ကြွေးခွံတစ်ခုက သူ၏သိုလှောင်အိတ်ထဲကနေ ထွက်ပေါ်လာခဲ့လေသည်။ ထိုကြေးခွံကို မြင်သောအခါ မဟာအကြီးအကဲနှစ်ယောက်သည် အနည်းငယ်မှင်တက်သွားပြီး တွေဝေငေးမောသွားကြ၏။

သို့သော မကြာမီ သူတို့နှစ်ယောက်သည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူတို့၏နှလုံးက ဒိန်းခနဲခုန်ဆောင့်သွား၏။ သူတို့၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့၏မျက်လုံးနှစ်ဖက်က မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာ၏။

အပြာရောင်နဂါးမဟာအကြီးကဲက သူ၏လက်ကိုဖြေလျော့ပြီး မြေပြင်ပေါ်သို့ လဲကျသွားသော အကြီးအကဲကင်းမြီးကောက်ကိုပင် မကြည့်တော့ဘဲ သူ့လက်ထဲရှိ အနက်ရောင်ကြေးခွံကို အာရုံစိုက်ကြည့်လိုက်၏။

“အို....”

သူက ပင့်သက်ကို ရှိုက်လိုက်၏။

ကြေးခွံ၏ သွင်ပြင်နှင့် ၎င်းထံမှဖြာထွက်နေသောအော်ရာက မှားစရာမရှိပေ။

မီးပဒေသာနဂါးမဟာအကြီးအကဲ၏ သူငယ်အိမ်နှစ်ဖက်ကလည်း အနည်းငယ်တင်းကျပ်သွားပြီး အိုးတိုးအမ်းတမ်းအမူအရာတစ်ခုရှိလာ၏။

ဤကြေးခွံသည် ကမ္ဘာဦးခေတ်မှလာခြင်းမဟုတ်သည်ကို မဟာအကြီးအကဲနှစ်ယောက်က ပြောနိုင်၏။ မဟုတ်ပါက ဤအော်ရာက ပျက်ပြယ်သွားခဲ့သည်မှာ ကြာနေခဲ့လေပြီ။

ကြေးခွံသည် မကြာသေးခင်ကမှ ကျွတ်ကျထားပုံရပြီး အတော်လေးကိုနုနယ်နေ၏။

အပြာရောင်နဂါးမဟာအကြီးကဲက သူ၏လက်ကိုဆုပ်လိုက်၏။

မဟာအကြီးအကဲနှစ်ယောက်ကလွဲလျှင် အဲ့ဒါက ဘာဖြစ်သည်ဆိုတာကို အခြားသောနဂါးများက ဖော်ထုတ်နိုင်ခြင်းမရှိကြပေ။

အဲ့ဒါက သေးငယ်သော ကိစ္စမဟုတ်ဘဲ သူတို့သည် အခြေအနေအတိအကျကို မသိရသေးသရွေ့ အခြားသူများကို ပေးသိဖို့မသင့်လျော်ပေ။

“ဘာတွေဖြစ်ခဲ့တာလဲ...”

အပြာရောင်နဂါးမဟာအကြီးကဲက မြေပြင်ပေါ်ရှိ အကြီးအကဲကင်းမြီးကောက်ကို ကြည့်ပြီး ခက်ထန်စွာမေးလိုက်၏။

“ခင်ဗျားတို့နှစ်ယောက်... အဲ့ဒါကို မမှတ်မိနိုင်ကြဘူးလား”

အကြီးအကဲကင်းမြီးကောက်က လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် ပြန်လည်မေးလိုက်၏။

အပြာရောင်နဂါးမဟာအကြီးကဲက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

“အဲ့ဒါရဲ့ မျိုးဆက်သွေးက အသက်ရှင်နေသေးတာလား...”

အကြီးအကဲကင်းမြီးကောက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အမှန်ပဲ... ခင်ဗျားတို့မြင်တဲ့အတိုင်း အဲ့ဒါက ဒီဘက်မျိုးဆက်မှာ ပြန်ပေါ်လာခဲ့ပြီ...”

အခြားသောနဂါးများသည် တွေဝေရှုပ်ထွေးနေကြသော်လည်း ဤကိစ္စက အလွန်တရာအရေးကြီးကြောင်း မဟာအကြီးအကဲနှစ်ယောက်က သိထား၏။

အကြီးအကဲကင်းမြီးကောက်က ဆက်ပြောလိုက်၏။

“ခင်ဗျားတို့ကို သတိမပေးဘူးလို့ ကျုပ်ကိုမပြောနဲ့... အဲ့ဒါက ကြီးထွားလာနေပြီ... အခုဆိုရင် အဲ့ဒါက မူလနတ္ထိ ဒါမှမဟုတ် ဓမ္မဝိသေသအဆင့်မှာ ရှိနေလောက်တယ်...”

“သူက လုံလောက်အောင် ​ရှင်သန်ကြီးထွားလာတာနဲ့ ဟဲဟဲ.....”

သူက ထူးဆန်းစွာရယ်မော၍ ဆက်မပြောတော့ပေ။

အပြာရောင်နဂါးမဟာအကြီးကဲက ခဏမျှစဥ်းစားတွေးတောပြီး ထပ်မေးလိုက်၏။

“အဲ့ဒါက အမှန်ဆိုတာ ငါတို့က ဘယ်လိုသေချာသိနိုင်မလဲ...”

“ကြေးခွံတစ်ခုတည်းပေါ် မူတည်ပြီးဆုံးဖြတ်ဖို့ကတော့ အလျင်စလိုနိုင်ရာမကျဘူးလား...”

“ခင်ဗျားတို့က ကျုပ်ကိုမယုံဘူးဆိုရင်လည်း ကျုပ်ပြောနိုင်တာ ဘာမှမရှိတော့ဘူး”

အကြီးအကဲကင်းမြီးကောက်က ပြောလိုက်၏။

“ဒီတစ်ခေါက်... ကံအကြောင်းတိုက်ဆိုင်လို့သာမဟုတ်ရင် ကျုပ်က အဲ့ဒါရဲ့ လမ်းကြောင်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့မှာ မဟုတ်ဘူး... ကျုပ်ထင်တာမမှားဘူးဆိုရင် ဂူဂိုဏ်းက အဲ့ဒါကြောင့် ပျက်စီးသွားတာပဲ...”

ဤကိစ္စကို အတည်ပြုဖို့က လွယ်ကူသွားလေပြီ...။ သူတို့က ဂူဂိုဏ်း၏ တည်နေရာသို့ တစ်ချက်သွားကြည့်သည်နှင့် အဲ့ဒါက အမှန်ဟုတ်မဟုတ်ဆိုတာကို သိလာပေလိမ့်မည်။

“ဘယ်လိုလဲ....”

အကြီးအကဲကင်းမြီးကောက်က မေးလိုက်၏။

“ဒီလျှို့ဝှက်ချက်က ကျုပ်ရဲ့အသက်နဲ့ လဲဖို့လုံလောက်တယ်မလား...”

ဒီတစ်ကြိမ်တွင်တော့ မဟာအကြီးအကဲနှစ်ယောက်က တိတ်ဆိတ်ငြိမ်သက်သွား၏။

ဤလျှို့ဝှက်ချက်သည် တုန်လှုပ်စရာကောင်းလွန်း၏။ အဲ့ဒါက အကြီးအကဲကင်းမြီးကောက်၏ အသက်ကို ဆယ်ကြိမ်ချမ်းသာပေးရမည်ဆိုလျှင်တောင် ထိုက်တန်လေသည်။

“သွားတော့...”

အပြာရောင်နဂါးမဟာအကြီးကဲက သူ၏လက်ကိုဝေ့ယမ်းပြီး ကြေးခွံကို ဝူရှဲ့ဆီသို့ပစ်ထုတ်ပေးလိုက်၏။

​အကြီးအကဲကင်းမြီးကောက်က ကျေနပ်နှစ်ခြိုက်သွားသော်လည်း သူ၏ဣန္ဒြေကိုဆယ်ပြီး ပြုံးဖြီးလိုက်၏။

“သနားကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ...”

ချက်ချင်းပင် အကြီးအကဲကင်းမြီးကောက်က ဘေးဖက်သို့ အနည်းငယ်လှည့်ပြီး အော်ပြောလိုက်၏။

“သွားမယ်လေ... ငါ့ကိုလာကူဦး”

ထိုအခါမှသာလျှင် ကျန်ရှိနေသောစုန်းများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တက်လှမ်းကာ အပြင်းအထန်ဒဏ်ရာရနေသော အကြီးအကဲကင်းမြီးကောက်ကို ထူမပေးလိုက်ကြ၏။

သူတို့သည် စိတ်ဝိညာဥ်ယာဥ်ပျံများကို ဆင့်ခေါ်ပြီး ဆက်လက်၍ ကြန့်ကြာမနေရဲတော့ဘဲ နဂါးအရိုးတောင်ကြားကနေ ထွက်ခွာသွားကြ၏။

ထိုလျှို့ဝှက်ချက်ကြောင့်သာလျှင် မဟာအကြီးအကဲက အကြီးအကဲကင်းမြီးကောက်ကို လွှတ်ပေးလိုက်ခြင်းမဟုတ်ပေ။

အဲ့ဒါသည် ဆူဇီမိုက ဘေးကင်းလုံခြုံနေသောကြောင့်လည်းဖြစ်လေသည်။

ဆူဇီမိုသာသေဆုံးသွားမည်ဆိုလျှင် အကြီးအကဲနှစ်ယောက်သည် အကြီးအကဲကင်းမြီးကောက်ကို ထိုလျှို့ဝှက်ချက်ထုတ်ပြောဖို့ အခွင့်အရေးပင် ပေးမည်မဟုတ်ပေ။

အကြီးအကဲကင်းမြီးကောက် ပြောခဲ့သည့်အကြောင်းအရာက အရမ်းကို ကြောက်စရာကောင်းလွန်း၏။

အကြီးအကဲကင်းမြီးကောက် ထွက်ခွာသွားပြီးတာတောင် မဟာအကြီးအကဲနှစ်ယောက်သည် သုန်မှုန်နေသာအမူအရာများဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ထိုအချိန်မှာပင် ဆူဇီမိုက သူ၏ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်မှုပြီးဆုံးသွား၏။

နတ်ဘုရားစွမ်းအားကို အမွေခံခြင်းဖြစ်စဥ် အဆုံးသတ်သွားပြီးနောက် သူ၏အသိစိတ်ထဲရှိ စိတ်ဝိညာဥ်လိပ်ကလည်း ပျောက်ကွယ်သွားခဲ့လေပြီ ။ သူ၏ အသိစိတ်ထဲတွင် အလင်းလုံးသုံးလုံးသာလျှင် ကျန်ရှိတော့၏။

ဆူဇီမိုသည် ထိုအလင်းလုံးသုံးလုံးထဲတွင် ဘာတွေရှိနေမလဲ... သို့မဟုတ် ဘယ်သားရဲဘုရင်ကို ကိုယ်စားပြုသလဲ သူက မမြင်နိုင်ပေ။

သူသည် မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ငေးငိုင်နေရာမှ နိုးထလာခဲ့မှသာလျှင် မုတ်ဆိတ်ရှည်းများနှင့် အဖိုးအိုနှစ်ယောက်သည် သုန်မှုန်နေ​သော အမူအရာများနှင့်အတူ လေးနက်စွာမျက်မှောင်ကြုတ်၍ လေထဲမှာ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။

အခြားသောနဂါးများကလည်း တွေဝေငေးမောနေကြ၏။

စုန်းမျိုးနွယ်မှ အကြီးအကဲကင်းမြီးကောက်နှင့် အခြားသူများကတော့ မရှိတော့လေပြီ...။ စောစောကသူသည် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နေခဲ့ပြီး ဖြစ်ပျက်ခဲ့သည့်အရာများကို သတိမထားမိခဲ့ပေ။

သူသည် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ခြင်းပြီးဆုံးသွားသော်လည်း သူ၏ခန္ဓာကိုယ်မီးဆေးခြင်းဖြစ်စဥ်က ပြီးဆုံးမသွားသေးပေ။ ဆူဇီမိုသည် သူ၏တတိယမြောက်နတ်ဘုရားစွမ်းအားကို နိုးထစေခဲ့၏။

သို့သော်လည်း သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက နောက်ထပ်အသွင်ပြောင်းလဲမှုတစ်ရပ်နှင့် ကြုံတွေ့ရလေသည်။

ဆိုလိုသည်မှာ သူသည် ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ပြီးနောက် အသွင်ပြောင်းလဲမှုလေးရပ်ကို တွေ့ကြုံခဲ့ရလေသည်။

အဲ့ဒါက အစစ်အမှန်ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ဖြစ်၏။

ထိုအခိုက်အတန့်တွင် လုံစန်းပင်လျှင် ဖိအားလှိုင်းများကို ခံစားလာရ၏။

ဆူဇီမိုသည် သူ၏ ဒုတိယမြောက်နတ်ဘုရားစွမ်းအားကို နိုးထစဥ်က လုံစန်းသည် ဆူဇီမိုကို ဖိနှိမ်နိုင်ဖို့ ခုနှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်မှုရှိလေသည်။ ထိုအခိုက်အတန့်မှသာလျှင် သူက ယုံကြည်မှုကောင်းကောင်းမရှိတော့ပေ။

တကယ်တော့ ထိုသို့ဆိုလေ... သူက ပို၍ စိတ်လှုပ်ရှားရလေဖြစ်၏။

သူက ရှုံးနိမ့်သွားမည်ကို မကြောက်ပေ။ သူက ပြိုင်ဘက်ကောင်းတစ်ယောက်မရှိမှာကိုသာ ကြောက်ရွံ့လေသည်။

“ဒီကိစ္စရဲ့အဖြေကိုငါတို့စဥ်းစားရမယ်... လောလောဆယ်တော့ အဲ့ဒါကို စိတ်ထဲမှာပဲ မှတ်ထားကြတာပေါ့”

အပြာရောင်နဂါးမဟာအကြီးကဲက မီးပဒေသာနဂါးမဟာအကြီးအကဲဆီသို့ အသံတစ်ခုထုတ်လွှင့်ပို့လွှတ်လိုက်၏။

“အင်း....”

မီးပဒေသာနဂါးမဟာအကြီးအကဲက ခေါင်းညိတ်၍ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်အောက်ရှိ ဆူဇီမိုကို လှမ်းကြည့်လိုက်၏။

“လုံကျူးက သူ့ရဲ့ အစစ်အမှန်မျိုးဆက်သွေးကို နိုးထစေပြီးတော့ သူ့ရဲ့အစစ်အမှန်ပုံစံကို ပြောင်းလဲလာနိုင်မယ်ဆိုရင်တော့ သူက အဲ့ဒါနဲ့ တိုက်ခိုက်နိုင်လောက်တယ်...”

“အင်း... ဟုတ်တယ်”

အပြာရောင်နဂါးမဟာအကြီးကဲက ပြောလိုက်၏။

“ဒါပေမယ့်... လုံကျူးက သူ့ရဲ့မျိုးဆက်သွေးကို နိုးထစေမယ့်အခွင့်အရေး ဘယ်နေရာကနေ ရနိုင်မယ်ဆိုတာ ငါတို့မသိရဘူး...”

ခဏမျှရပ်တန့်ပြီးနောက် အပြာရောင်နဂါးမဟာအကြီးကဲက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။

သူက ဘေးပတ်လည်ကိုထောက်လှမ်းကြည့်ရှုပြီး ကျယ်လောင်စွာမေးလိုက်၏။

“စုန်းမျိုးနွယ်က ဒီကိုဘာလာလုပ်တာလဲ...”

ဝူရှဲ့သည် နဂါးအရိုးတောင်ကြားသို့ ရောက်လာရသည့်အကြောင်းအရင်းကို သူတို့နှစ်ယောက်က မသိရှိကြသေးပေ။

ဦးချိုနဂါးအကြီးအကဲ လုံကျုံးက ဆူဇီမိုသည် စုန်းမျိုးနွယ်မှသခင်လေးနှင့် အခြားစုန်းနှစ်ယောက်ကို မည်သို့မည်ပုံသတ်ဖြတ်ခဲ့သည်ကို ပြန်လည်ပြောပြလိုက်၏။

နောက်ဆုံးသူကပြောလိုက်လေသည်။

“ဒီကိစ္စက လုံကျူးကြောင့် စတင်ခဲ့တာပဲ...”

“ဝူရှဲ့က ဖြေရှင်းချက်တစ်ခုလိုချင်ခဲ့တယ်... နောက်ပိုင်းမှာ ကျုပ်တို့ရဲ့မဆုတ်မနစ်အားထုတ်မှုနဲ့ သူက ဒီကိစ္စကိုဖြေရှင်းဖို့အတွက် လုံကျူးကို သူ့လက်ကိုယ်သူဖြတ်ပေးဖို့ တောင်းဆိုခဲ့တယ်...”

လုံကျုံး၏စကားသည် တစ်နည်းတစ်ဖုံချဲ့ကားရာကျပြီး အတင်းအဖျင်းသဘောမျိုးဆန်နေလေသည်။

မီးပဒေသာနဂါးမဟာအကြီးအကဲသည် ထိုစကားများကိုကြားသောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း သူက မည်သို့မည်ပုံ ငြင်းဆန်ရမည်မသိဖြစ်နေ၏။ ဘာပဲပြောပြော လုံကျုံးပြောခဲ့သည့် အကြောင်းအရာအများစုက မှန်ကန်နေ၏။

“သူ့လက်ကိုယ်သူဖြတ်ခိုင်းတယ်... သူ့လက်ကိုယ်သူဖြတ်ခိုင်းတယ်...”

အပြာရောင်နဂါးမဟာအကြီးကဲက သုန်မှုန်နေသော အမူအရာနှင့်သွားကိုကြိတ်နေ၏။

လုံကျုံးသည် အပြာရောင်နဂါးမဟာအကြီးကဲ၏ အတွေးကို မခန့်မှန်းနိုင်ဘဲ ဆက်ပြောလိုက်၏။

“ဒီကောင်လေးက အကြီးအကဲတွေရဲ့စကားကို လုံးဝလျစ်လျုရှု့ပြီး သူ့လက်ကိုယ်သူဖြတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်လေ”

“မင်းရဲ့ခေါင်းကို ဖြတ်ရမှာကွ... “

အပြာရောင်နဂါးမဟာအကြီးကဲက ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ ကျိန်ဆဲလိုက်၏။ သူက လုံကျုံးရှေ့သို့ ခုန်ဝင်ပြီး ထိုသူ၏ခေါင်းကို ပြင်းထန်စွာရိုက်ချလိုက်၏။

“သူ့လက်ကို ဖြတ်ခိုင်းဖို့ မင်းကိုဘယ်သူခွင့်ပြုချက်ပေးထားတာလဲ...”

“သူ့လက်ကို ဖြတ်ခိုင်းဖို့... မင်းကို ဘယ်သူခွင့်ပြုချက်ပေးထားတာလဲ...”

သူက တစ်ကြိမ်ပြောလိုက်တိုင်း အပြာရောင်နဂါးမဟာအကြီးကဲသည် လုံကျုံးကို ပြင်းထန်စွာရိုက်နှက်နေ၏။

အားလုံး၏ ရှေ့မှောက်မှာပင် လုံကျုံးသည် ကူကယ်ရာမဲ့သော အမူအရာဖြင့် ရူးကြောင်စွာရိုက်နှက်ခံနေရ၏။

အပြာရောင်နဂါးမဟာအကြီးကဲက ဒေါသတကြီးပြောလိုက်၏။

“သူ့လက်တစ်ဖက်ကို မပြောနဲ့... သူ့ဆံပင်မွေးတစ်ပင်တောင် ဆုံးရှုံးလို့ မရဘူးကွ”

All Chapters