သားရဲဘုရင် ၉ ပါး… ပကတိတိတ်ဆိတ်ငြိမ်သက်ခြင်း
Vol. 81 Ch. 1208
စွမ်းအားကြီးမားသည်....
အလွန်တရာစွမ်းအားကြီးမားသည်။
ရိုးရှင်းသောထိုတိုက်ခိုက်မှုသည် ဆူဇီမိုကို မွန်းကျပ်ဖွယ်ရာ ဖိအားတစ်ခုခံစားရစေ၏။ လုံစန်း၏ ဆူနာမီသွေးသည် သူ၏ခန္ဓာကိုယ်ထဲကနေ လျှံထွက်လုနီးပါးဖြစ်ပြီး ချက်ချင်းပင်ရောက်ရှိလာခဲ့၏။
မျိုးဆက်သွေးအရာမှာဆိုလျှင် လုံစန်းထုတ်ဖော်လိုက်သော စွမ်းအားက သီယင်းထက်ပင် ပိုမိုသန်မာလေသည်။
တကယ်တော့ ယခုအခါ ဆူဇီမိုသည် ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ကိုဖြတ်ကျော်ပြီး သူကလည်း အရင်ကနှင့်မတူတော့ပေ။
ဘန်း.... ဘုန်း.. ဘုန်း..
ဆူဇီမို၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏ခန္ဓာကိုယ်က ဒေါသူပုန်ထနေသော ဒီရေလှိုင်းများနှင့်အတူ တလိပ်လိပ်တက်လာသည်ဟု ထင်ရ၏။
သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ လေထဲကနေဆင်းသက်လာသော လုံစန်းနှင့်ရင်ဆိုင်ရချိန်တွင် လုံးဝ နောက်ဆုတ်ခြင်းမရှိဘဲ ထိုသူ၏လက်ဖဝါးကို ပြန်လှန်ပစ်ထိုးလိုက်၏။
ဘန်း.....
လက်သီးနှင့် လက်ဖဝါးက ထိတွေ့ရိုက်ခတ်သွားခဲ့၏။
နဂါးများသည် နဂါးအရိုးတောင်ကြားတစ်ခုလုံးတုန်ခါသွားသည်ကို ရှင်းလင်းစွာခံစားလိုက်ရ၏။
မျိုးဆက်သွေးနှင့် ကိုယ်ကာယ ထိတွေ့ရိုက်ခတ်ခြင်းသည် အလွန်တရာမြောက်မြားလှစွာသော စွမ်းအင်ပမာဏကို ထုတ်ဖော်လိုက်၏။
အဲ့ဒီမှာခဏမျှရပ်တန့်သွားပြီး လောကက ငြိမ်သက်သွားသည်ဟု ထင်ရ၏။
ထို့နောက်ချက်ချင်းပင် စွမ်းအင်အတက်အကျတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ အဘက်ဘက်သို့ ဖြန့်ကြက်သွား၏။
ထိုတစ်ကြိမ်ထိတွေ့ရိုက်ခတ်မှုက နဂါးများကြားမှာ အုန်းအုန်းကျက်ကျက် ဖြစ်လာစေဖို့ လုံလောက်လေသည်။
နဂါးမျိုးနွယ်သည် တိုက်ခိုက်ရသည်ကို ကြိုက်နှစ်သက်ကြပြီး ဤကဲ့သို့ ရှားရှားပါးပါး တိုက်ပွဲတစ်ခုနှင့် တွေ့ကြုံရသည့်အခါ အလွန်တရာစိတ်လှုပ်ရှားနေကြ၏။
“နောက်ဆုံးတော့... ငါတို့မျိုးနွယ်မှာ လုံစန်းကိုတိုက်ခိုက်နိုင်တဲ့သူ ပေါ်ထွက်လာပြီပေါ့...”
“ပြောဖို့ စောပါသေးတယ်... သူတို့နှစ်ယောက်က အခုမှတစ်ချီပဲ တိုက်ခိုက်ဖလှယ်ရသေးတယ်”
“ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ မင်းတို့ထင်လဲ....”
အဲ့ဒါက နဂါးများအားလုံးခန့်မှန်းနေကြသော မေးခွန်းတစ်ခုဖြစ်၏။
“ငါက လုံကျူးဘက်ကနေ လောင်းမယ် ... သူက နတ်ဘုရားစွမ်းအား သုံးခုကို နိုးထစေပြီး သူ့ရဲ့ မျိုးဆက်သွေးနဲ့ ခန္ဓာကိုယ်က ဆေးကြောသန့်စင်မှုကို လေးကြိမ်ဆင့်ပြီး ခံယူထားတယ်...”
“အဲ့ဒါက သေချာပေါက်လုံစန်းပဲ... ဘာမှသံသယဝင်စရာမလိုဘူး..”
“လုံကျူးက နတ်ဘုရားစွမ်းအား သုံးခုကိုနိုးထစေပြီး အသွင်ပြောင်းလဲမှုလေးရပ်ကို ဖြတ်ကျော်ခဲ့တယ်ဆိုပေမယ့် သူရဲ့မျိုးဆက်သွေးက မသန့်စင်ဘူးဆိုတာကို မမေ့လိုက်နဲ့.... လက်သည်းငါးဖက်နတ်နဂါးက နဂါးတွေကြားမှာဘုရင်ပဲ...”
“အဲ့ဒါအမှန်ပဲ....နောက်ပြီး လုံကျူးက အခုမှ ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်လာတယ်ဆိုတာလည်း မမေ့လိုက်နဲ့... လုံစန်းက ပကတိဓမ္မဝိသေသအဆင့်မှာ ရှိနေခဲ့ပြီးပြီ...”
နဂါးမျိုးနွယ်မှ အကြီးအကဲများအပါအဝင် နဂါးအများစုသည် လုံစန်းဘက်မှာ အလေးသာနေကြဆဲ ဖြစ်၏။
လေထဲရှိ မဟာအကြီးအကဲ ၅ ဦးသာလျှင် တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သူတို့၏ ခန့်မှန်းချက်များသာမှန်ကန်မည်ဆိုလျှင် လုံစန်းအနေဖြင့် ဤတိုက်ပွဲမှာ အနိုင်ရဖို့ ခဲယဥ်းပေလိမ့်မည်။
လုံစန်းအတွက် အနိုင်ရရှိဖို့မျှော်လင့်ချက်မှာ သူ၏ ပြီးပြည့်စုံသော နဂါးသွင်ပြင်သို့ ပြောင်လဲနိုင်ခြင်းစွမ်းရည်ဖြစ်၏။ လုံကျူးက ယခုအချိန်မှာ ထိုသို့မလုပ်နိုင်သေးပေ။ အချိန်တိုအတွင်းမှာပင် ဆူဇီမိုနှင့် လုံစန်းသည် နဂါးသွေးတိုက်ပွဲမြေမှာ ဆယ်ချီကျော်အောင် တိုက်ခိုက်ခဲ့ကြပြီးလေပြီ...။
သူတို့သည် ခွန်အားအရာမှာ ထိတွေ့ရိုက်ခတ်ကြခြင်းဖြစ်၏။
အဲ့ဒါက ရိုးရှင်း၍ အရိုင်းဆန်သည်ဟုထင်ရသော်လည်း အရမ်းကိုအန္တရာယ်များလေသည်။
မည်သည့်ရိုက်ချက်မဆို ထိထိမိမိကျဆင်းသွားပါက တစ်ဖက်လူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
နဂါးများ၏ မျက်လုံးထဲတွင် သူတို့နှစ်ယောက်က မတိမ်းမယိမ်းရှိနေကြသည်ဟု ထင်ရ၏။
သို့သော်လည်း တိုက်ပွဲမြေတွင် လုံစန်းသည် တိုက်ခိုက်ချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်းပို၍ ထိတ်လန့်လာခဲ့၏။
ယခုအချိန်တွင် သူက သူ၏သွေးချီစွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ တွန်းတင်ထားခဲ့ပြီဖြစ်သော်လည်း သူက မည်သည့်အသာစီးမှ မရရှိနိုင်သေးပေ။
တစ်ဖက်မှာတော့ ဆူဇီမိုသည် တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း သူ၏သွေးချီမှ အကန့်အသတ်မဲ့သောစွမ်းအားများက တလိပ်လိပ်တက်လာပြီး သူ၏ခွန်အားကလည်း ဖြည်းဖြည်းချင်း တက်လာနေလေသည်။
အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ....။
လုံစန်းက ရင်တစ်ချက်ထိတ်သွား၏။
သူသည် လက်သည်းငါးဖက်နတ်နဂါး၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး အလွန်တရာ သန်မာသော မျိုးဆက်သွေးနှင့်အတူ နဂါးများကြားမှာ ဘုရင်တစ်ပါးဖြစ်လေသည်။
သူက ဘယ်လိုကြောင့် အခြားတစ်ယောက်၏ ဖိနှိမ်ခြင်းကို ခံနေရတာလဲ...။
ပို၍ပြောစရာရှိသည်မှာ လုံစန်းသည် အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းသည်ဟု သူ့ကိုယ်သူယုံကြည်ထား၏။
သို့သော်လည်း ဆူဇီမိုနှင့်ရင်ဆိုင်ရချိန်တွင် သူက မည်သည့်အသာစီးကိုမှ မရရှိနိုင်ခဲ့ပေ။
ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရေးနည်းစနစ်များစွာကို မကြာမကြာထုတ်ဖော်တတ်၏။ အဲ့ဒါက မာကြောလိုက် ၊ နူးညံ့လိုက် ၊ လျင်မြန်လိုက် ၊ ပေါ့ပါးလိုက်နှင့်… အမြဲတမ်းပြောင်းလဲနေ၏။
သူပင်လျှင် ထိုလှုပ်ရှားမှုများကိုရင်ဆိုင်ရာမှာ အကျပ်တွေ့ရလေသည်။
လုံစန်းသည် နဂါးတစ်ကောင်ကိုရင်ဆိုင်နေရခြင်းမဟုတ်ဟု ခံစားလာရ၏။ အဲ့ဒါက သားရဲများအားလုံး၏ ဘုရင်ဖြစ်၏။
ဤတိုင်းသာဆက်သွားနေလျှင် နောက်ဆုံးတောင့်မခံနိုင်မည့်သူမှာ သူဖြစ်နိုင်ကြောင်း လုံစန်းကနားလည်လာခဲ့၏။
“ကောင်းတယ်ကွာ....ကောင်းတယ်... ကောင်းတယ်”
လုံစန်းက ကြီးမားသည့်တိုက်ပွဲမှာပင် စကားပြောနိုင်ဆဲဖြစ်ပြီး ကျယ်လောင်စွာချီးကျူးလိုက်၏။
“ငါက... လက်သည်းငါးဖက်နတ်နဂါးရဲ့ မျိုးဆက်သွေးကို နိုးထစေပြီးကတည်းက ငါ့ကို ဒီအတိုင်းအတာထိ ဖိအားပေးနိုင်တာ မင်းကပထမဆုံးသူပဲ...”
“ဂါး....”
သူ၏ခေါင်းကိုကောင်းကင်ထက်သို့မော့ပြီး ကျယ်လောင်သောနဂါးဟိန်းသံကို ထုတ်ဖော်လိုက်၏။
ထို့နောက် ချက်ချင်းပင် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲကနေ ရုန်းကန်ထွက်ပေါ်လာပြီး သူ၏သွေးချီက တလိပ်လိပ်တက်ကာ သူ၏နောက်တွင် ပုံရိပ်တစ်ခုကို လျင်မြန်စွာဖြစ်ပေါ်လာစေ၏။
ကြောက်စရာကောင်း၍ ကြီးမားသော နတ်နဂါးတစ်ကောင်က ဆင်းသက်လာခဲ့လေပြီ.....။
နတ်နဂါးသည် အစိမ်းရောင်ကြေးခွံများဖြင့် ဖုံးအုပ်နေပြီး စူးရှသော အကြည့်တစ်ခုပိုင်ဆိုင်ထား၏။ ၎င်းက ခေါင်း ၊ ခြေထောက်နှင့်ထက်ရှသော လက်သည်းများပါရှိလေသည်။
ပို၍ပြောစရာရှိသည်မှာ နတ်နဂါး၏ ဝမ်းဗိုက်အောက်ရှိ လက်သည်းငါးဖက်ဖြစ်လေသည်။
လက်သည်းငါးဖက်နတ်နဂါးတစ်ကောင်က ဆင်းသက်လာခဲ့လေပြီ...။
နဂါးမျိုးနွယ်၏ တစ်မူထူးခြားသော ဖိအားတစ်ခုက ဖြန့်ကြက်လာခဲ့၏။
ထိုဖိအားနှင့်ရင်ဆိုင်ရချိန်တွင် နဂါးများသည် ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ခေါင်းကို အလိုလိုငုံ့လိုက်ကြ၏။ မည်သည့်နဂါးကမှ လုံစန်း၏နောက်ရှိ လက်သည်းငါးဖက်နတ်နဂါးကို ရဲရဲဝံ့ဝံ့မကြည့်ရဲကြပေ။
“မျိုးဆက်သွေးနယ်မြေလား...”
နဂါးအကြီးအကဲတစ်ယောက်က တည်တံ့စွာပြောလိုက်၏။
“လုံကျူးရဲ့ တိုက်ခိုက်ရည်ခွန်အားက ဒီအဆင့်ထိတောင်ရောက်နေပြီလား... သူက လုံစန်းရဲ့ မျိုးဆက်သွေးနယ်မြေကို ထွက်ပေါ်လာအောင်တောင် ဖိအားပေးလိုက်နိုင်တာပဲ”
“ဒီလိုဆိုရင်တော့ တိုက်ပွဲက အဆုံးသတ်သွားတော့မှာပဲ....”
“အဲ့လိုပြောလို့ဘယ်ရပါ့မလဲ...”
မီးပဒေသာနဂါးအကြီးအကဲ-၄ က သူ၏ခေါင်းကိုခါလိုက်၏။
“ငါသိသလောက်ဆိုရင်... လုံကျူးကလည်း မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားတယ်... “
“မျိုးဆက်သွေးနယ်မြေတွေကြားမှာတောင် ကွာခြားချက်ရှိတယ်.. လုံကျုးက မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားနိုင်တယ်ဆိုရင်တောင် သူ့ရဲ့မျိုးဆက်သွေးနယ်မြေက လက်သည်းငါးဖက်နတ်နဂါးရဲ့ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိမှာတဲ့လား”
နောက်ထပ်နဂါးအကြီးအကဲတစ်ယောက်က မကျေမနပ်ဟန်ဖြင့် နှုတ်ခမ်းထော်လိုက်၏။
တိုက်ပွဲနယ်မြေတွင်....
လုံစန်းသည် သူ၏မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သွေးနီရောင်သားရဲချီများက ဆူဇီမို၏ ဘေးပတ်လည်မှာ တရုန်းရုန်းကြွလာပြီး ကြောက်စရာကောင်း၍ အသက်ဝင်နေသော ရှေးဟောင်းသားရဲဘုရင်များကို တစ်ပါးပြီးတစ်ပါး ပေါ်ထွက်လာစေ၏။
နွားရိုင်းသားရဲဘုရင်....
ကျောက်တုံးဝက်ဝံသားရဲဘုရင်....
အနာကွန်ဒါသားရဲဘုရင်...
မျှော်လင့်ချက်မျောက်ဝံသားရဲဘုရင်....
နတ်မြင်းသားရဲဘုရင်....
ငရဲကျားသားရဲဘုရင်....
တိမ်လွှာကျားသစ်သားရဲဘုရင်....
သားရဲဘုရင် ၇ ပါးက ပေါ်ထွက်လာခဲ့လေသည်။
ထိုသားရဲဘုရင်များ၏ မျိုးဆက်သွေးသည် သာမန်သာဖြစ်၏။ သို့သော်လည်း သူတို့က လက်သည်းငါးဖက်နတ်နဂါးနဲ့ ရင်ဆိုင်ရချိန်မှာ အရေးနိမ့်ခြင်းမရှိပေ။
“အဲ့ဒါတွေက... ဘာတွေလဲ”
“လုံကျူးက ဘယ်လိုလုပ်ပြီး... ဒီလိုမျိုး မျိုးဆက်သွေးနယ်မြေတစ်ခုကို ပိုင်ဆိုင်ထားရတာလဲ...”
များစွာသော နဂါးအကြီးအကဲများက မျက်မှောင်ကြုတ်လိုက်ကြ၏။
ထိုစဥ်မှာပင် သားရဲဘုရင်၇ ပါးဆင်းသက်လာပြီးနောက် နောက်ထပ်ကြီးမားသည့် သားရဲဘုရင်တစ်ပါးက ဆင်းသက်လာခဲ့ပြန်လေသည်။ ၎င်း၏ခန္ဓာကိုယ်က ရှည်လျား၍ တောက်လောင်နေသောအကြည့်တစ်ခုနှင့် ထိန်းမနိုင်သိမ်းမနိုင် စွမ်းအားများနှင့်အတူ မာန်ဟုန်ပြင်းထန်သော ဒီရေလှိုင်းများကို ဖြစ်ပေါ်လာစေ၏။
အဋ္ဌမမြောက်သားရဲဘုရင်... အထီးကျန်သမုဒ္ဒရာနဂါးဘုရင်...
သားရဲဘုရင် ၈ ပါးသည် ရှေးကျသောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။ သူတို့သည် ပုံရိပ်ယောင်များမျှသာဖြစ်လျှင်တောင် သူတို့က သန်မာသော သွေးရနံ့ကို ဖြာထုတ်ပေးနေနိုင်ဆဲ ဖြစ်၏။
ဤသားရဲဘုရင် ၈ ပါး၏ လက်များက သွေးတွေဘယ်လောက်များများစွန်းထင်းခဲ့သလဲ မည်သူကမှ မသိရှိကြပေ။
လုံစန်း၏ လက်သည်းငါးဖက်နတ်နဂါးသည် အဋ္ဌမမြောက်သားရဲဘုရင်ဆင်းသက်လာချိန်မှာ အရေးနိမ့်လာခဲ့ပြီဖြစ်၏။ သို့သော်လည်း လုံစန်းဖြစ်စေ... သူ၏နောက်ဘက်ရှိ လက်သည်းငါးဖက်နတ်နဂါးဖြစ်စေ သူတို့သည် ဤကဲ့သို့သော စုဖွဲ့မှုအင်အားနှင့်ရင်ဆိုင်ရချိန်မှာ ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်မသွားသည့်အပြင် သူတို့၏ တိုက်ပွဲဝင်လိုစိတ်က ပို၍ပင် သန်မာလာ၏။
“ဂါး....”
လုံစန်းသည် သူ၏ပါးစပ်ကို ဟလိုက်ပြီး လက်သည်းငါးဖက်နတ်နဂါးကလည်း ၎င်း၏ပါးစပ်ကို တစ်ပြိုင်နက်တည်းဟလိုက်၏။
လူနှင့်နဂါးသည် အလွန်ကျယ်လောင်သော အသံနှင့်အတူ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြ၏။
အဲ့ဒါက မည်သူမှ စိန်မခေါ်နိုင်သော လက်သည်းငါးဖက်နတ်နဂါး၏ ဩဇာအာဏာဖြစ်လေသည်။
လုံစန်းနှင့် သူ၏နောက်ဘက်ရှိ လက်သည်းငါးဖက်နတ်နဂါးက အမှန်တကယ်ဒေါသထွက်နေပြီဖြစ်ကြောင်း လူတိုင်းက ခံစားမိနိုင်ကြ၏။
ထိုစဥ်မှာပင် ဆူဇီမို၏ နောက်ဘက်၌ သွေးနီရောင်သားရဲချီများက တလိပ်လိပ်တက်လာပြီး နောက်ထပ်ကြီးမားသည့် သတ္တဝါတစ်ကောင်ကို ဖြစ်ပေါ်လာစေ၏။
နဂါးများသည် ကြီးမားသည့် ဤသတ္တဝါကို စောစောကတင်မြင်တွေ့ဖူးခဲ့လေသည်။
အဲ့ဒါသည် ဆူဇီမိုက သူ၏တတိယမြောက် နတ်ဘုရားစွမ်းအားကို နိုးထနေစဥ်က ဆင်းသက်လာခဲ့သော ဖြစ်စဥ်ပုံရိပ်ဖြစ်လေသည်။
ယခု ထိုဖြစ်စဥ်သည် ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေဖြစ်လာခဲ့လေပြီ....။
နဝမမြောက်သားရဲဘုရင်... တည်ငြိမ်ပင်လယ်လိပ်....
သားရဲဘုရင် ၉ ပါးက ဆင်းသက်၍ ဆူဇီမိုကို ဝန်းရံလိုက်ကြ၏။ ယခုတင် မြင့်တက်လာသော လုံစန်းခ ၏ အော်ရာက လျင်မြန်စွာ ဖိနှိမ်ခံလိုက်ရ၏။
“ဂါး....”
ဆူဇီမိုသည် သူ၏ပါးစပ်ကိုဖွင့်ဟလိုက်ပြီး သားရဲဘုရင် ၉ ပါးကလည်း သူတို့၏ပါးစပ်များကို တစ်ပြိုင်နက်တည်းဖွင့်ဟကာ ကမ္ဘာတုန်လောက်သော ဟိန်းဟောက်သံများကို ထုတ်ဖော်လိုက်ကြ၏။
နဂါးများက တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေပြီ....။