ပကတိ ဖိနှိမ်ခြင်း
Vol. 81 Ch. 1210
လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်အနေဖြင့် သူသည် သွေးနီရောင်လိပ်ပြာ၏ ညင်သာသော တောင်ပံခတ်ချက်မှာ လွင့်စင်ထွက်သွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။
အဲဒါက ဘယ်လိုမျိုးဆက်သွေးနယ်မြေ အမျိုးအစားပါလိမ့်..။
လုံကျူး၏ မျိုးဆက်သွေးက သန့်စင်မှု မရှိပေ။ သူက ဤမျှအထိ ကြောက်စရာကောင်းသည့် နယ်မြေတစ်ခုကို ဘယ်လိုတောင် ကျင့်ကြံထားနိုင်ပါလိမ့်..။
သူ့ရဲ့မျိုးဆက်သွေးက လက်သည်းငါးဖက် နတ်နဂါးထက်ပင် ပို၍သန်မာပြီး မြင့်မြတ်ထည်ဝါနေတာများလား..။
သူတို့ရှေ့ရှိ မြင်ကွင်းက သူတို့ထင်မှတ်ထားသည်နှင့် တက်တက်စင်အောင် လွဲနေ၏။
အစက ဆူဇီမိုအပေါ် မြင့်မြင့်မားမား သတ်မှတ်ထားသော နဂါးများပင်လျှင် လုံစန်းက ဤကဲ့သို့ မခြွင်းမချန် အရေးနိမ့်နေမည်ဟု ထင်မှတ်မထားခဲ့ကြပေ။ သူက လုံကျူး၏ မျိုးဆက်သွေးနယ်မြေဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လေပြီ။
“ငါတို့ရဲ့ သခင်လေးမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိနေတာပဲ”
အပြာရောင်နဂါး မဟာအကြီးအကဲက စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်ပြီး ရေရွတ်လိုက်၏။
မီးပဒေသာနဂါး မဟာအကြီးအကဲကလည်း ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ.. အနည်းဆုံးတော့ ဒီမျိုးဆက်သွေးနယ်မြေရဲ့ စွမ်းအားက ငါတို့ ထင်မှတ်ထားတာထက် အများကြီး ကျော်လွန်နေတာပဲ”
နဂါးသွေးတိုက်ပွဲမြေတွင် ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချပြီး သူ၏မျိုးဆက်သွေးကို တည်ငြိမ်စေလိုက်၏။ သူ၏နောက်ဘက်ရှိ သွေးနီရောင်လိပ်ပြာကလည်း ပျက်ပြယ်သွားခဲ့လေသည်။
သူက ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။
သွေးနီရောင်လိပ်ပြာ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် မည်သူကမှ မခုခံနိုင်ခဲ့ကြပေ။
တကယ်တော့.. သူက ထပ်မံ၍ တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ လုံစန်းက ဒဏ်ရာအပြင်းအထန် ရရှိသွားသော်လည်း သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက သိပ်မကြာမီ ပြန်ကောင်းလာပေလိမ့်မည်။
“တိုက်ပွဲရလဒ်က ဆုံးဖြတ်ပြီးသွားပြီလား”
“အဲ့လိုပဲ ဖြစ်မှာပေါ့.. လုံစန်းက လှုပ်တောင်မလှုပ်တော့ဘူး.. သူက သတိလစ်သွားပြီနဲ့ တူတယ်”
နဂါးများသည် မြေပြင်ထက်တွင် လဲကျနေသော ပုံရိပ်ကို ငေးကြည့်ရင်း မယုံကြည်နိုင်ဖြစ်နေကြဆဲပင်။
“အဟွတ်..”
ရုတ်တရက်.. ချောင်းဟန့်သံတစ်သံက ထွက်ပေါ်လာခဲ့၏။
အစက မြေပြင်ပေါ်တွင် လဲကျနေသော ပုံရိပ်သည် ဖြည်းဖြည်းချင်း ကျုံးထလာပြီး အတော်လေး ဆိုးဝါးသည့်ပုံပေါက်နေ၏။ သူ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေပြီး သူ၏ အဝတ်အစားများက စုတ်ပြဲနေ၏။ သို့သော်လည်း သူ၏ မျက်လုံးများက တောက်ပနေပြီး သူ၏ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်က လျော့ကျသွားခြင်း မရှိပေ။
နဂါးများက အော်ဟစ်အားပေးလိုက်ကြ၏။
သူတို့၏ စိတ်နှလုံးထဲတွင် သူတို့ ကြည်ညိုလေးစားရသော လက်သည်းငါးဖက် နတ်နဂါးကို ဤကဲ့သို့ ရှုံးနိမ့်သွားသော ပုံစံဖြင့် မတွေ့မြင်ချင်ကြပေ။
လုံစန်းက သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပြီး ခပ်လှမ်းလှမ်းတွင်ရှိသော ဆူဇီမိုကို ကြည့်ကာ သွားဖြီးလိုက်၏။
“မျိုးဆက်သွေးနယ်မြေတစ်ခုနဲ့ မင်းက ငါ့ကို နိုင်သွားပြီလို့ တကယ်ကြီး ထင်နေတာလား”
ဆူဇီမိုက သူ့မျက်လုံးထဲရှိ ချီးကျူးလိုသော အရိပ်အမြွက်နှင့်အတူ သူ၏ခြေလှမ်းကို ရပ်တန့်လိုက်၏။
သွေးနီရောင်လိပ်ပြာ၏ တိုက်ခိုက်မှုကို သူတို့၏ ခန္ဓာကိုယ်ဖြင့် ခုခံနိုင်သောသူ များများစားစား မရှိပေ။
၎င်း၏ ထိတွေ့ရိုက်ခတ်ခြင်းကို တွေ့ကြုံပြီးနောက်.. ပြန်လည်မတ်တတ်ရပ်လာနိုင်သောသူက ပို၍ပင် ရှားပါးလေသည်။
လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်အနေဖြင့် လုံစန်းသည် ကြောက်စရာကောင်းသော ခံစစ်အားနှင့် ပြန်လည်ကုသနိုင်စွမ်းကို ပြသခဲ့လေပြီ။ အဲဒါက သူ့မျိုးဆက်သွေး၏ စွမ်းအားဖြစ်၏။
“မင်းမှာ တခြား ဘာလှည့်ကွက်တွေ ရှိသေးလဲ.. အကုန်လုံးကို ထုတ်သုံးလိုက်.. ငါ အဲဒါတွေ အကုန်လုံးကို ကိုင်တွယ်ပေးမယ်”
ဆူဇီမိုသည် လုံစန်းအပေါ် အတော်လေး လေးစားမှု ရှိပြီး ညင်သာစွာ ပြုံးလိုက်၏။
“တိုက်ပွဲက အခုမှ စမှာကွ”
လုံစန်းသည် ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ အရိုးမြည်သံများက ထွက်ပေါ်လာ၏။ အားလုံး၏ အကြည့်အောက်မှာပင် သူ၏ခန္ဓာကိုယ်က ပြန့်ကားကြီးမားလာခဲ့၏။
တစ်ခဏအတွင်းမှာပင်.. ပေပေါင်းများစွာ ရှည်လျားသော နတ်နဂါးတစ်ကောင်အဖြစ် သူက ပြောင်းလဲသွားခဲ့လေပြီ။ ၎င်းကို အေးစက်စက် အလင်းရောင်နှင့် တောက်ပနေသော အစိမ်းရောင် ကြေးခွံများက ဖုံးအုပ်ထား၏။
ကြောက်မက်ဖွယ်ရာကောင်းသော နဂါးဦးခေါင်းထက်တွင် နဂါးဦးချိုတစ်စုံ ရှိနေပြီး ၎င်း၏ ကျောထက်ရှိ ဆူးချွန်များက ၎င်း၏ ဝမ်းဗိုက်အောက်ရှိ လက်သည်းငါးဖက်နှင့်အတူ ထက်ရှနေ၏။
နဂါးမျိုးနွယ်၏ ပြီးပြည့်စုံသော အစစ်အမှန် ခန္ဓာကိုယ်…
လုံစန်းသည် လေထဲမှာ လှည့်ပတ်၍ တိုက်ပွဲနယ်မြေရှိ ဆူဇီမိုကို ငုံ့ကြည့်နေ၏။
သူ၏ ကြီးမားသော နဂါးခန္ဓာနှင့် နှိုင်းယှဉ်လျှင် ဆူဇီမိုက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားလေသည်။
သို့သော်လည်း ထိုပုရွက်ဆိတ်က သူ၏ခေါင်းကို မော့ပြီး လက်သည်းငါးဖက် နတ်နဂါးနှင့် အကြည့်ချင်းဆုံနေ၏။ အော်ရာချင်း ယှဉ်ရာမှာ သူက လုံးဝ နိမ့်ကျခြင်း မရှိပေ။ ဒါ့အပြင် သူ၏ မျိုးဆက်သွေးက ဆူဇီမို၏ အနည်းငယ် ဖိနှိမ်ခြင်းကိုပင် ခံထားရ၏။
အခြားသူများသည် အဲဒါကို ခံစားမိနိုင်ချင်မှ ခံစားမိနိုင်မည်ဖြစ်သော်လည်း သူက ခံစားမိနိုင်၏။
အဲဒါက အလွန်တရာ ထူးခြားသော ဖြစ်စဉ်တစ်ခု ဖြစ်လေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင်.. လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်သည် နဂါးများကြားမှာ ဘုရင်တစ်ပါးဖြစ်ပြီး အလွန်တရာ သန်မာသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။ လက်သည်းငါးဖက် နတ်နဂါးက အခြားသော နဂါးများ၏ မျိုးဆက်သွေးဖြင့် ဖိနှိမ်ခြင်းကို ခံရစရာ အကြောင်းမရှိပေ။
သို့သော်လည်း.. သူတို့နှစ်ယောက်ကြား တိုက်ပွဲက အခုချိန်ထိ မပြီးဆုံးသေးဘဲ လုံစန်းက အဲဒါကို များစွာ စဉ်းစားတွေးတောနိုင်ခြင်း မရှိပေ။
တစ်ချိန်တည်းမှာပင်.. ဆူဇီမို၏ ခန္ဓာကိုယ်မှာ အသွင်ပြောင်းလဲမှုတချို့ ထွက်ပေါ်လာ၏။
သူ၏ခန္ဓာကိုယ်က လျင်မြန်စွာ မြင့်တက်လာပြီး ယခုအခါ ပေသုံးဆယ်ထိ ရှိသွားလေပြီ။ သူ၏ အရေပြားပေါ်တွင် သွေးနီရောင် ကြေးခွံများက ပေါ်ထွက်လာပြီး လေဟာနယ်ထဲရှိ အပူချိန်က လျင်မြန်စွာ မြင့်တက်လာ၏။
ပြီးပြည့်စုံသော နဂါးသွင်ပြင်သို့ ပြောင်းလဲထားသည့် လုံစန်းနှင့် ရင်ဆိုင်ချိန်မှာ ဆူဇီမိုသည် နမော်နမဲ့ မလုပ်ရဲဘဲ သူ၏ နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲလိုက်လေသည်။
အဲဒါက ယခုချိန်ထိတော့ သူ ထုတ်ဖော်နိုင်သမျှ နဂါးသွင်ပြင်ဖြစ်၏။
တစ်ချိန်တည်းနီးပါးမှာပင်..
လုံစန်းသည် ကောင်းကင်ထက်ကနေ ပြင်းထန်ကြမ်းကြုတ်စွာ ထိုးဆင်းလာ၏။ ဆူဇီမိုက အပေါ်သို့ ခုန်တက်ပြီး ကောင်းကင်ကို ဖီဆန်လိုက်၏။
ဘုန်း…
နဂါးလက်သည်းနှစ်ဖက်က ကျယ်လောင်သော မြည်သံနှင့်အတူ ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
ဆူဇီမို၏ ခန္ဓာကိုယ်သည် ဥက္ကာခဲတစ်ခု ကြွေကျသကဲ့သို့ မြေပြင်ပေါ်သို့ လျင်မြန်စွာ ထိုးဆင်းလာခဲ့၏။ အဲဒီနောက် သူက မြေပြင်ထက်ကနေ ပြန်ထပြီး ပို၍ပင် မြန်ဆန်သော အမြန်နှုန်းဖြင့် နောက်တစ်ဖန် ခုန်တက်လိုက်၏။
ဘန်း.. ဘန်း.. ဘန်း..
သူတို့နှစ်ယောက်သည် ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်လိုက်ပြီး ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့၏။ လေဟာနယ်က ထပ်တလဲလဲ တုန်ခါသွားပြီး ကြောက်စရာကောင်းသော ပုံစံဖြင့် ဖုန်များက တထောင်းထောင်းထလာ၏။
“အို.. လုံကျူးက တကယ့်ကို သန်မာတာပဲ”
“အဲဒါ အမှန်ပဲ.. သူ့ရဲ့ နဂါးတစ်ပိုင်းသွင်ပြင်နဲ့တောင် သူက လုံစန်းရဲ့ ပြီးပြည့်စုံတဲ့ နဂါးသွင်ပြင်ကို ထိပ်တိုက်ရင်ဆိုင်နိုင်တယ်.. သူသာ ပြီးပြည့်စုံတဲ့ နဂါးသွင်ပြင်ကို ထုတ်ဖော်နိုင်လာရင် ဘာတွေဖြစ်သွားမလဲ”
“လုံကျူးရဲ့ ညာဘက်လက်က ဘာလို့ ပြောင်းလဲမှု မရှိတာလဲ.. အဲဒါက လူသားလက်ဖဝါးအတိုင်း ရှိနေတုန်းပဲ”
ထိုစဉ်မှာပင် နဂါးတစ်ကောင်က တစ်မူထူးခြားနေမှုကို သတိထားမိသွားပြီး တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ထုတ်ဖော်လာခဲ့၏။
လေထဲတွင် မဟာအကြီးအကဲများက အကြည့်ချင်း ဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြ၏။
“အဲဒါက မှားစရာ မရှိတော့ဘူး.. သူက နဂါးတစ်ပိုင်းသွင်ပြင်နဲ့ လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်တယ်ဆိုတာ ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်”
“အင်း.. ကြည့်ရတာတော့ သခင်လေးက ပြီးပြည့်စုံတဲ့ အစစ်အမှန်ခန္ဓာကိုယ်တစ်ခုကို မထုတ်ဖော်နိုင်သေးဘူးဆိုတာ သူ့ရဲ့ မျိုးဆက်သွေးက နတ်ဖီးနစ်အရိုးနဲ့ မပေါင်းစည်းနိုင်သေးလို့ပဲ ဖြစ်ရမယ်”
“အဲဒီ အခွင့်အရေးက ဘယ်နေရာမှာ ရှိနေမလဲ ငါသိချင်မိတယ်”
မဟာအကြီးအကဲ ငါးယောက်က တိတ်တဆိတ်ဖြင့် အပြန်အလှန်ပြောဆိုနေကြ၏။
တိုက်ပွဲနယ်မြေအထက်ကောင်းကင်တွင်.. လုံစန်းသည် ရှေ့သို့တစ်ဖန် ပြေးဝင်လာ၏။ သူ၏ နဂါးဦးချိုနှစ်ဖက်ကို မြှောက်ပြီး ဆူဇီမို၏ ရင်ဘတ်ဆီသို့ ပစ်ဆောင့်ချလိုက်၏။
နဂါးမျိုးနွယ်ကြားတွင် သူတို့၏ အစွယ်များနှင့် လက်သည်းများက အထက်ရှဆုံးဖြစ်၏။
သို့သော်လည်း နဂါးမျိုးနွယ်၏ အမာကြောဆုံးအပိုင်းမှာ သူတို့၏ ဦးခေါင်းပေါ်ရှိ နဂါးဦးချိုတစ်စုံဖြစ်၏။
လုံစန်း၏ မျိုးဆက်သွေးနှင့် တိုက်ခိုက်ရည်ခွန်အားအရ အသွေးအသားခန္ဓာကိုယ်တစ်ခုကို မပြောနှင့်.. အရည်အသွေးမြင့် စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်များပင်လျှင် သူ့နဂါးဦးချို၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။
ဒါ့အပြင်.. နဂါးဦးချိုများ၏ ပင်ကိုနတ်ဘုရားစွမ်းအားတချို့ နိုးထလာသည်နှင့် အခြားသော လျှို့ဝှက်ဆန်းကြယ်မှုများကလည်း ပေါ်ထွက်လာနိုင်၏။
ဆူဇီမိုက နောက်သို့ဆုတ်ခြင်း သို့မဟုတ် ရှောင်ရှားခြင်း မရှိပေ။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး လုံစန်း၏ ဦးချိုနှစ်ဖက်ကို ဖမ်းဆုပ်လိုက်၏။
သို့သော်လည်း လုံစန်း၏ တိုက်ခိုက်မှုက အရမ်းကို သန်မာ၏။
လေထဲတွင် ဆူဇီမိုသည် ထောက်ကန်စရာမရှိဘဲ သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် နောက်သို့ဆုတ်သွား၏။
“မြင့်တက်စမ်း”
ဆူဇီမို၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူက နက်ရှိုင်းစွာ မာန်သွင်းအော်ဟစ်လိုက်၏။ လုံစန်း၏ ဦးချိုကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း သူ့လက်ပေါ်ရှိ သွေးနီရောင်ကြေးခွံများအောက်မှာ အရွတ်များနှင့် ကြွက်သားများက ကြီးမားစွာ ဖောင်းကားလာခဲ့၏။
အရမ်းကို စွမ်းအားကြီးသော အင်အားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
နဂါးများ၏ ရှေ့မှောက်မှာပင် ဆူဇီမိုသည် လုံစန်း၏ ကြီးမားသည့် ခန္ဓာကိုယ်ကို ဆွဲမပြီး လေထဲတွင် စက်ဝန်းသဏ္ဌာန်လွှဲယမ်းကာ အခြားတစ်ဖက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကိုင်ပေါက်ချလိုက်၏။
ဘုန်း..
အဲဒီမှာ ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာခဲ့၏။
နဂါးသွေးတိုက်ပွဲမြေရှိ မြေပြင်က ကြေမွသွားပြီး ပေပေါင်းများစွာ ရှည်လျားသော တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်စေကာ လုံစန်း၏ ခန္ဓာကိုယ်က ထိုအထဲမှာ နစ်ဝင်သွား၏။
နဂါးများသည် တုန်လှုပ်သွားပြီး ရှုံ့တွ၍ သူတို့၏ သွားများက ကျိန်းစပ်စပ်ဖြစ်လာ၏။
“ဂါး..”
လုံစန်းက ဟိန်းဟောက်၍ လူးလဲကာ ကျုံးထလိုက်၏။
အခြားသော နဂါးများသာဆိုလျှင် ဤကဲ့သို့ ပြင်းထန်သည့် ရိုက်ချက်မှာ အကြောများ တုံ့ဆိုင်းသွားပေလိမ့်မည်။
သို့သော်လည်း လက်သည်းငါးဖက် နတ်နဂါးက အရမ်းကို သန်မာ၏။ ထိုကဲ့သို့သော ရိုက်ချက်နှင့် တွေ့ကြုံပြီးတာတောင် သူက မတ်တတ်ပြန်ထလာနိုင်ဆဲဖြစ်၏။ သူ၏ပတ်လည်ရှိ အော်ရာက ကြမ်းကြုတ်ပြင်းထန်မှု ပို၍ပင် တိုးလာပြီး သူ၏ နဂါးဦးခေါင်းကို လှုပ်ခါကာ ဆူဇီမို၏ ဖမ်းချုပ်မှုကနေ ရုန်းထွက်ချင်၏။
သို့သော်လည်း ဆူဇီမိုက သူ့ကို ထိုအခွင့်အရေး လုံးဝ မပေးတော့ပေ။
လုံစန်း၏ ခွန်အားက အပြည့်အဝ နိုးထမလာခင်မှာပင် ဆူဇီမိုက သူ၏လက်နှစ်ဖက်ဆီသို့ ခွန်အားကို တစ်ဖန်ပို့လွှတ်ပြီး သူ၏ နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်များမှ ချစ်ချစ်တောက် ပူလောင်သော အော်ရာတစ်ခုကို တလိပ်လိပ်တက်လာစေ၏။
ဆူဇီမိုသည် လုံစန်း၏ ခန္ဓာကိုယ်ကို နောက်တစ်ဖန်မြှောက်ပြီး အခြားတစ်ဖက်သို့ ကိုင်ပေါက်ချလိုက်၏။
ဘုန်း..
အဲဒီမှာ နောက်ထပ် ကျယ်လောင်သော အသံက ပေါ်ထွက်လာခဲ့ပြန်၏။
နဂါးများ၏ နှုတ်ခမ်းများက တဆတ်ဆတ် တွန့်သွားကြ၏။
နဂါးအရိုးတောင်ကြား တစ်ခုလုံးက တုန်လှုပ်ချောက်ချားသွားကြ၏။
အဲဒါက ခွန်အားအရာမှာ ပကတိဖိနှိမ်နိုင်ခြင်း ဖြစ်၏။