← Chapters

ဘဝ၏ ညနေဆည်းဆာ

Vol. 81 Ch. 1213

ဘဝ၏ ညနေဆည်းဆာ

Vol. 81 Ch. 1213

တာအိုအမွေအနှစ်ကုန်းမြေ၊ ကျောက်သားရုပ်တု သုသာန်တွင်..

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ စိတ်နှလုံးက လှုပ်ခတ်သွား၏။ သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား.. သူ၏ နားလည်ဆင်ခြင်ခြင်းကနေ နိုးထလာပြီး အစစ်အမှန် နဂါးခန္ဓာကိုယ်ထံမှ သတင်းအချက်အလက်များကို လက်ခံရရှိလိုက်၏။

အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုလုံးသည် ဆူဇီမိုပင်ဖြစ်ပြီး သူတို့၏ စိတ်များက ချိတ်ဆက်နေကြ၏။ အဲဒီမှာ မည်သည့်ခြားနားမှုမှ မရှိပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် အစစ်အမှန်နဂါးခန္ဓာကိုယ်ထံမှ ဝမ်းသာပျော်ရွှင်မှုကို ခံစားမိသောအခါ ညင်သာစွာ ပြုံးလိုက်၏။

အစစ်အမှန်နဂါးခန္ဓာကိုယ်သည် ချောမွေ့စွာ ကျင့်ကြံနိုင်ခဲ့ပြီး နဂါးမျိုးနွယ်၏ သခင်လေးဖြစ်ကာ မျိုးရိုး ငါးခုကို ဦးဆောင်နိုင်မည့် အခွင့်အလမ်းတစ်ခုကိုပင် ရရှိလာခဲ့လေပြီ။ သူက နဂါးအရိုးတောင်ကြားမှာ ခိုင်မာစွာ ခြေကုန်ရယူပြီး အစိမ်းရောင်ကြာပန်းခန္ဓာကိုယ်က သူ၏ ထိုခန္ဓာကိုယ်ကို ဆက်လက်၍ စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ဖို့အတွက် အလောတကြီး ရှိမနေပေ။

အဲဒါထက် သူသည် တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာခြင်းမှာ သူ၏ကျင့်ကြံမှုကို အဆင့်မြှင့်တင်ဖို့အတွက် မဟုတ်ဘဲ သိုင်းတာအိုကို ကောက်ချက်ချ အဖြေထုတ်ချင်သောကြောင့် ဖြစ်လေသည်။

တကယ်တော့ သူက တာအိုအမွေအနှစ်ကုန်းမြေသို့ ရောက်ရှိလာသည့် ခဏမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် အဆိုးဝါးဆုံး ရလဒ်များအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။

အကယ်၍ သူ၏ ကောက်ချက်ချ အဖြေထုတ်ခြင်းက ကျရှုံးသွားခဲ့မည်ဆိုလျှင်…

အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများနှင့် မတူဘဲ စိတ်ဝိညာဉ်ရင်းမြစ် မရှိသော မော်တယ်များ ကျင့်ကြံနိုင်မည့် မဟာတာအိုတစ်ခုကို ဖန်တီးတည်ဆောက်ဖို့ဆိုသည်မှာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ..။

သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဉာဏ်ကြီးရှင်များနှင့် ပညာရှင်များသည် သူတို့၏ ဘဝသက်တမ်းများ ကုန်ခမ်းခဲ့တာတောင် ထိုအဖြေကို မရရှိခဲ့ပေ။

ရှေးဟောင်းတိုက်ပွဲမြေမှ အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည်လည်း ထို့အတူပင်။

သို့သော်လည်း ဆူဇီမိုက မူလနတ္ထိအဆင့်မှာသာ ရှိနေ၏။

အဲဒါက ပြန်လမ်းမရှိသော လမ်းကြောင်းတစ်ခုဆိုတာ သူက ကောင်းကောင်းသိထား၏။ သူက ထိုလမ်းကြောင်းပေါ် ရောက်နေပြီဆိုမှတော့ သူ့ဘဝသက်တမ်း မကုန်ခမ်းသရွေ့ ဆက်လက်၍ လျှောက်လှမ်းရမည်သာ ဖြစ်၏။

သို့သော်လည်း သူက အဲဒါအတွက် လုံးဝ နောင်တမရပေ။

တကယ်ဆို ဆူဇီမိုသည် သူ၏ ကောက်ချက်ချအဖြေထုတ်ခြင်းက ကျရှုံးသွားပြီး သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် ဘဝသက်တမ်း ကုန်ဆုံး၍ ကွယ်လွန်သွားမည့် အချက်အတွက်ပင် သူက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်၏။

အဲဒါသည် ဖြစ်နိုင်ချေများသော အဆိုးဝါးဆုံး ရလဒ်လည်း ဖြစ်လေသည်။

ဆူဇီမိုသည် အစစ်အမှန်နဂါးခန္ဓာကိုယ်နှင့် သူ၏ ဆက်သွယ်မှုကို ဖြတ်တောက်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တစ်ပြက်၏ ကျင့်ကြံရေးနည်းစနစ်တွင် သူ့ကိုယ်သူ နှစ်မြုပ်ကာ ဆက်လက်၍ နားလည်ဆင်ခြင် အတည်ပြုနေ၏။

သူသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ကျင့်ကြံရေး နည်းစနစ်များကို ကျင့်ကြံထားခဲ့လျှင်တောင် သူသည် သိုင်းတာအိုကို ကောက်ချက်ချ အဖြေထုတ်ဖို့အတွက် မည်သည့် သဲလွန်စမှ မရရှိသေးပေ။

လောလောဆယ် သူလုပ်စရာရှိသည်မှာ ဤသုသာန်ထဲရှိ အမွေအနှစ် ၃၀ ကျော်စလုံးကို နားလည်ဆင်ခြင်ပြီး သူတို့အားလုံးကို မှတ်သားဖို့ ဖြစ်လေသည်။ သူသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ကျင့်ကြံရေး နည်းစနစ်များ၏ အနှစ်သာရကို ပေါင်းစည်းပြီး ဖြစ်နိုင်ချေရှိသော လမ်းကြောင်းတစ်ခုကို ဖော်ထုတ်ချင်လေသည်။

သူသည် ကံကြမ္မာကို ပြောင်းလဲနိုင်မည့် ဖြစ်နိုင်ချေ လမ်းကြောင်းတစ်ခုကို ရှာဖွေရပေမည်။

ကျင့်ကြံခြင်းက အဆုံးမသတ်ပေ။

အဲဒါက တစ်နေ့ပြီးတစ်နေ့ ထပ်ဖန်တလဲလဲ ဖြစ်ပွားနေခဲ့၏။

အဲဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သုံးနှစ်သာလျှင် ကြာမြင့်ခဲ့ပြီး ရက်ပေါင်းအားဖြင့် ရက်တစ်ထောင်ကျော်ကျော်သာလျှင် ရှိသေးလေသည်။

သို့သော်လည်း ဆူဇီမိုသည် ဤနေရာ၏ အချိန်စီးဆင်းမှုကြောင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တပြက်၏ ကျောက်သားရုပ်တုအောက်မှာ နှစ်တစ်ထောင်ကျော်ကို ဖြတ်သန်းခဲ့ပြီးလေပြီ။

သည့်ယခင်က ဆူဇီမိုသည် အသက်တစ်ရာကျော် အရွယ်မှာသာ ရှိနေခဲ့၏။

မူလနတ္ထိများအတွက် နှစ်တစ်ရာကျော်အရွယ်သည် လူငယ်တစ်ယောက်နှင့် ညီမျှလေသည်။

သို့သော် ယခုအခါ နှစ်တစ်ထောင်ကျော်သွားပြီးနောက် ဆူဇီမိုသည် မူလနတ္ထိအဆင့်မှာ လူရွယ်တစ်ယောက်​ ဖြစ်လာခဲ့လေပြီ။

သူသည် ဤမျှအထိ ကြာမြင့်စွာ ဘယ်တုန်းကမှ မကျင့်ကြံခဲ့ဖူးပေ။

သို့သော်လည်း နှစ်တစ်ထောင်က အလဟဿ ဖြစ်ခဲ့သည်တော့ မဟုတ်ပေ။

ကျောက်သားရုပ်တု သုသာန်ထဲတွင် သူသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ရှေးဟောင်းအမွေအနှစ် ၃၀ကျော်ကို နားလည်ဆင်ခြင်နိုင်ခဲ့လေသည်။

တာအိုအမွေအနှစ်ကုန်းမြေမှာ သူ့ကိုယ်ပိုင် တည်ဆောက်မှု ပုံသဏ္ဌာန်တစ်ခု ရှိလေသည်။

သူက ဤနေရာမှာ ကျင့်ကြံမှုအဆင့် မြင့်တက်လာဖို့ မဖြစ်နိုင်ပေ။

ဆူဇီမို၏ ကျင့်ကြံမှုက နှစ်တစ်ထောင်ကျော်ကြာပြီးနောက် တိုးတက်မလာသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက တာအိုအမွေအနှစ် ၃၀ ကျော်ကို နားလည်ဆင်ခြင်ပြီးနောက် အလွန်တရာ ကြောက်စရာကောင်းသည့် အဆင့်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ကျောက်သားရုပ်တု အမွေအနှစ် ၃၀ ကျော်ကို ရှေးဟောင်းခေတ်ကတည်းက ချန်ရစ်ခဲ့ကြခြင်းဖြစ်၏။

မည်သူကမှ ဤနေရာသို့ မဝင်ရောက်ခဲ့ကြဖူးပေ။

မည်သူမဆို ဤအမွေအနှစ်များထဲမှ တစ်ခုခုကို ရရှိမည်ဆိုလျှင် သူတို့က လောကကို လွှမ်းမိုးခြယ်လှယ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုသည် ဤနေရာမှာရှိသော အမွေအနှစ်များ အားလုံးကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီးလေပြီ။ သူက သမိုင်းတစ်လျှောက် ပထမဆုံးလူ ဖြစ်ပေလိမ့်မည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အမွေအနှစ်တစ်ခုကို လက်ခံရရှိပြီးနောက်.. အခြားသော ကျောက်သားရုပ်တုများသည် ဤလူကို သူတို့၏ အရိုက်အရာဆက်ခံသူအဖြစ် ဆက်လက်၍ ရှုမြင်တော့မည် မဟုတ်ပေ။

ကျောက်သားရုပ်တု ၃၀ ကျော်သည် ဆူဇီမိုကို ရွေးချယ်ခဲ့ခြင်းမှာ သူက ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်နိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်ပေ။

အဲဒါထက် သူသည် လွန်ခဲ့သည့် ဆယ်နှစ်က.. သက်ရှိများ အားလုံးကို သိုင်းတာအို သင်ကြားပေးမည့် သူ၏ တာအိုနှလုံးသားကို တည်ဆောက်ခဲ့သောကြောင့်ဖြစ်၏။

ကျောက်သားရုပ်တု ၃၀ ကျော်ကျော်ကြားတွင် ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အကြွင်းအကျန် အသိစိတ်များက ကျန်ရှိနေဆဲဖြစ်၏။

ထိုကြွင်းကျန်ရစ်သော အသိစိတ်များသည် ဆူဇီမိုအတွက် သူတို့တတ်နိုင်သမျှ အရာအားလုံးကို ကူညီပေးချင်ကြ၏။

အမွေအနှစ်များကို ချန်ထားရစ်ခဲ့ပြီးနောက်.. အကြွင်းအကျန်အသိစိတ်များသည် ပျက်ပြယ်မသွားခဲ့ပေ။ သူတို့ကလည်း နောက်ဆုံးရလဒ်ကို တွေ့မြင်ချင်ကြ၏။

သို့သော်လည်း အချိန်ကာလက ရက်စက်လွန်းလှ၏။

အကြွင်းအကျန်အသိစိတ်များကို မပြောနှင့်.. စစ်မှန်သော အသက်ဓာတ်တစ်ခုပင်လျှင် အချိန်ကာလ၏ တိုက်စားမှုကို ခံနိုင်ရည်မရှိပေ။

နှစ်တစ်ထောင်ကျော်ကြာပြီးနောက်.. ဆူဇီမိုကို အဖော်ပြုပေးဖို့အတွက် အကြွင်းအကျန်အသိစိတ် အနည်းအကျဉ်းမျှသာ ကျန်ရှိတော့လေသည်။

သူ့အနေဖြင့် ဤအမွေအနှစ်များကို နားလည်ဆင်ခြင်ဖို့က အတော်လေး ရိုးရှင်းသည်ဟု ဆိုရပေမည်။ တကယ့် ခက်ခဲမှုက နောက်ပိုင်း ကောက်ချက်ချ အဖြေထုတ်မှုအပေါ်တွင် မူတည်နေ၏။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်၍ တင်ပျဉ်ခွေထိုင်လိုက်၏။ သူက သူ့ဘဝတစ်လျှောက် ကျင့်ကြံမှုများကို ပြန်လည်ပုံဖော်ပြီး အခွင့်အလမ်းတစ်ခုကို ရှာဖွေဖို့ အကောင်းဆုံး ကြိုးစားလိုက်၏။

အချိန်က.. ပစ်ထုတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ပျံသန်းသွား၏။

တစ်ခဏအတွင်းမှာပင်.. ကျောက်သားရုပ်တု သုသာန်အတွင်း၌ နောက်ထပ် နှစ်တစ်ထောင်ကျော်က ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာတော့ ၆ နှစ်ကျော်သာလျှင် ကြာမြင့်သေးလေသည်။ သို့သော်လည်း ဆူဇီမိုသည် ဤနေရာမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ကို ဖြတ်သန်းခဲ့ပြီးလေပြီ။

နှစ်ပေါင်း နှစ်ထောင်ကျော်ကြာပြီးနောက်.. ဆူဇီမိုသည် သက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိလာခဲ့လေပြီ။ သူ၏မျက်နှာက ရင့်သန်လာပြီး သူ၏မျက်လုံးထဲတွင် အိုစာသည့် အရိပ်အယောင်တချို့ ရှိလာခဲ့လေပြီ။

သုသာန်ထဲတွင် သူ့ကို အဖော်ပြုပေးနေသော ကျန်ရှိသည့် အကြွင်းအကျန်တချို့ပင်လျှင် မချင့်မရဲနှင့် ပျက်ပြယ်သွားကြပြီဖြစ်၏။

အဆုံးသတ်၌ မည်သူကမှ အဲဒါကို မဖြတ်ကျော်နိုင်ခဲ့ကြပေ။

ဆူဇီမို၏ မျက်လုံးနှစ်ဖက်သည် အနည်းငယ် နီရဲလာပြီး ကျောက်သားရုပ်တု ၃၀ ကျော်ဆီသို့ အလေးအနက် ဦးညွတ်လိုက်၏။

“စီနီယာတို့ ဘာမှ မပူပါနဲ့.. ကျုပ်ရဲ့ ဘဝသက်တမ်း ကုန်ဆုံးရမယ်ဆိုရင်တောင် ကျုပ်က သိုင်းတာအိုကို သေချာပေါက် ကောက်ချက်ချ အဖြေထုတ်ပြီး အများလူထုရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမှာပါ”

မည်သူကမှ သူ့ကို ပြန်မဖြေကြပေ။

သုသာန်ထဲ၌ သူတစ်ယောက်တည်းသာလျှင် ကျန်ရှိတော့လေသည်။

သူသည် အဆုံးမဲ့သော ဤလမ်းကြောင်းကို တစ်ယောက်တည်း ဖြတ်သန်းရတော့မည့်ပုံပင်။

ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆည်ကာ ဆက်လက်၍ နားလည်ဆင်ခြင်သုံးသပ်လိုက်၏။

ပြီးခဲ့သည့် နှစ်တစ်ထောင်အတွင်း သူသည် အကျိုးအမြတ် အတော်အတန် ရရှိခဲ့​ပြီး သဲလွန်စအချို့ကို ရရှိခဲ့၏။

တကယ်တော့ အဲဒါက ပြီးပြည့်စုံသော သိုင်းတာအိုကို ဖန်တီးတည်ဆောက်ဖို့အတွက် မဖြစ်နိုင်သေးပေ။

သူ၏ ကျင့်ကြံမှုအဆင့်သည် မူလနတ္ထိအဆင့်မှာသာ ရှိနေ၏။ သို့သော်လည်း သူ့အနေဖြင့် မော်တယ်များကို စိတ်ဝိညာဉ်ရင်းမြစ် မပါဘဲ ကျင့်ကြံစေချင်ရုံမျှသာဆိုလျှင် အတော်လေး လွယ်ကူလာခဲ့လေပြီ။

ဆူဇီမိုသည်လည်း စိတ်ဝိညာဉ်ရင်းမြစ် မရှိခဲ့ဘဲ သူ၏ သားရဲကျင့်ကြံမှုဖြင့် စတင်ခဲ့လေသည်။

သားရဲကျင့်ကြံခြင်းဖြစ်စေ.. အင်မော်တယ်ကျင့်ကြံခြင်းဖြစ်စေ.. အမြုတေတစ်ခု ဖွဲ့တည်ခြင်းက အလွန်တရာ အရေးကြီးသော အဆင့်တစ်ခုဖြစ်၏။

မတူညီသော တာအိုများသည် ဘယ်လိုပင် မတူညီသော နည်းလမ်းများရှိပါစေ.. အဆုံးသတ်မှာ တူညီရသော ပုံစံနှင့် ဆင်တူလေသည်။

အမြုတေဖွဲ့တည်ခြင်းသ​ည် မရှောင်လွှဲနိုင်သော အဆင့်တစ်ခုဖြစ်၏။

ထိုအမြုတေတစ်ခုကို ဖွဲ့တည်ပြီးနောက် သားရဲကျင့်ကြံသူများသည် သူတို့၏ ယင်စိတ်ဝိညာဉ်ကို ဖွဲ့တည်လာနိုင်မည်ဖြစ်၏။

အင်မော်တယ်ကျင့်ကြံသူများကလည်း သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို ဖန်တီးလာနိုင်မည်ဖြစ်၏။

တစ်နည်းအားဖြင့်ဆိုလျှင်.. စိတ်ဝိညာဉ်ရင်းမြစ် မရှိဘဲ.. သားရဲပုံစံသို့လည်း မယူဘဲ.. သူတို့၏ အမြုတေများကို ဖွဲ့တည်နိုင်မည့် ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ဖန်တီးနိုင်မည်ဆိုလျှင် သိုင်းတာအို၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုကို စတင်နိုင်တော့မည်ဟု ဆိုလိုလေသည်။

အကြောင်းမှာ.. အမြုတေတစ်ခု ဖွဲ့တည်ပြီးနောက် အမြုတေစိတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံလာနိုင်မည် ဖြစ်သောကြောင့်ပင်။

အမြုတေစိတ်ဝိညာဉ်တစ်ခုကို​ ကျင့်ကြံလာနိုင်မည်ဆိုလျှင် သူတို့က စိတ်ဝိညာဉ်ရင်းမြစ်အပေါ်မှာ မှီခိုအားထားစရာ မလိုအပ်တော့ပေ။ သူတို့၏ အမြုတေစိတ်ဝိညာဉ်နှင့်အတူ ကောင်းကင်နှင့်မြေကြီးကို နားလည်ဆင်ခြင်လာနိုင်မည်ဖြစ်၏။

ဆူဇီမိုသည် ထိုအတွေးစပေါ်မှာ အခြေခံ၍ ဆက်လက်ဆင်ခြင်သုံးသပ်လိုက်၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။

တစ်ခဏအတွင်းမှာပင် နောက်ထပ် နှစ်တစ်ထောင်က ကုန်ဆုံးသွားခဲ့လေပြီ။

ဆူဇီမိုသည် ကျောက်သားရုပ်တု ခြေရင်းမှာ မလှုပ်မယှက်ရပ်နေဆဲဖြစ်၏။ သူ၏ခန္ဓာကိုယ်သည် ဖုန်များ အလိမ်းလိမ်းတက်နေပြီး သူ၏ နဂိုအစိမ်းရောင်ဝတ်ရုံက အရောင်အစင်း မရှိတော့ပေ။

အပြင်လောကမှာ ၉ နှစ်သာလျှင် ကြာမြင့်သေး၏။

သို့သော်လည်း ဆူဇီမိုသည် နှစ်သုံးထောင်ကျော်အရွယ်သို့ ရောက်ရှိနေခဲ့လေပြီ။

ဤနှစ်များအတွင်း သူသည် တစ်ခါမှ အနားမယူခဲ့ဘဲ နားလည်ဆင်ခြင်ခြင်းနှင့် ကောက်ချက်ချအဖြေထုတ်ခြင်းကို အဆက်မပြတ် ပြုလုပ်နေ၏။

သူသည် ကြိမ်ဖန်များစွာ ကျရှုံးခဲ့သော်လည်း ဘယ်တော့မှ အလျှော့မပေးခဲ့ပေ။

အချိန်က ဆက်လက်၍ ကုန်ဆုံးလာဆဲဖြစ်၏။

တစ်ခဏအတွင်းမှာပင် နောက်ထပ် နှစ်တစ်ထောင်က ကုန်ဆုံးသွားပြန်၏။

ဆူဇီမိုသည် နှစ်လေးထောင်ကျော်အရွယ်သို့ ရောက်ရှိလာခဲ့လေပြီ။

မူလနတ္ထိတစ်ယောက်၏ ဘဝသက်တမ်းက နှစ်ငါးထောင်ဖြစ်၏။

နှစ်လေးထောင်ကျော်အရွယ်သို့ ရောက်ရှိလာပြီးနောက် သူသည် ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်လာပြီး သူ၏သွေးချီက စတင်ခမ်းခြောက်လာပြီဖြစ်၏။ သူသည် ဘဝ၏ ​ညနေခင်းဆည်းဆာအချိန်သို့ ရောက်ရှိလာခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် ဆူဇီမို၏ ဆံပင်များက ဖြူဖွေးလာခဲ့ပြီဖြစ်၏။

သူ၏မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ပေါ်လာပြီး ပါးရည်နားရည်များ တွန့်လာခဲ့ပြီဖြစ်၏။

အချိန်ကာလ၏ ရက်စက်ကြမ်းကြုတ်မှုက ရပ်တန့်၍ မရနိုင်အောင်ပေ။

All Chapters