← Chapters

သိုင်းသုတ္တန်တစ်ဝက်

Vol. 81 Ch. 1214

သိုင်းသုတ္တန်တစ်ဝက်

Vol. 81 Ch. 1214

ဆူဇီမိုသည် တည်ငြိမ်ရင့်ကျက်သော အငွေ့အသက်တစ်ခုနှင့်အတူ သူ၏မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ နှစ်လေးထောင်ကြာအောင် တစ်ရက်ပြီးတစ်ရက် ထပ်တလဲလဲ ဆင်ခြင်သုံးသပ်ရခြင်း..။ အဲဒါက မည်သူ့အတွက်မဆို ကြီးမားပြင်းထန်သော ညှင်းပန်းနှိပ်စက်မှုတစ်ရပ်ဖြစ်၏။

ထိုလမ်းကြောင်းပေါ်တွင် သူနှင့်အတူ လိုက်ပါမည့်သူ တစ်ယောက်မှ မရှိတော့ပေ။ အဲဒါက မည်သည့် အလင်းရောင်မှ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည့် လမ်းကြောင်းတစ်ခု ဖြစ်နေ၏။

ထိုလမ်းကြောင်းက ဘယ်နေရာမှာ အဆုံးသတ်မလဲ သူ မသိရှိပေ။

အခြားတစ်စုံတစ်ယောက်သာဆိုလျှင် အဲဒါကို သည်းမခံနိုင်ဘဲ သူတို့၏ စိတ်နှလုံးက ပြိုကွဲသွားလောက်လေပြီ။

သို့သော်လည်း ဤနေရာတွင် ဆူဇီမို တည်ဆောက်ခဲ့သော တာအိုနှလုံးသားသည် ကိုင်လှုပ်၍ မရနိုင်ပေ။ သူက ကပ်ဘေးသုံးဆင့်နယ်မြေ၏ စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးမှသာ ယခုအချိန်ထိ ရှင်သန်လာနိုင်ခဲ့ခြင်းဖြစ်၏။

ထိုသို့ဆိုလျှင်တောင် သူ၏ တာအိုနှလုံးသားက စတင်လှုပ်ခတ်လာခဲ့လေပြီ။

နှစ်လေးထောင်ကျော် ကြာပြီးနောက်.. သိုင်းတာအိုအပေါ် သူ၏ ကောက်ချက်ချအဖြေထုတ်မှုမှာ အဆုံးသတ်အဖြေကို မရရှိနိုင်သေးပေ။

ဆူဇီမိုသည် နောက်ဆုံးလျှို့ဝှက်ချက်နှင့် အလွန့်အလွန် နီးကပ်လာပြီဟု ခံစားမိသော်လည်း သူက ခြေတစ်လှမ်း ကွာဝေးနေဆဲဖြစ်၏။

ထိုခြေလှမ်းသည် မကျော်လွှားနိုင်သည့် အကြားအလပ်တစ်ခုကဲ့သို့ ဖြစ်နေ၏။

တကယ်တော့ အဲဒီမှာ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုလည်း ရှိလေသည်။

ကောက်ချက်ချအဖြေထုတ်ဖို့ သူရွေးချယ်ခဲ့သော လမ်းကြောင်းက စတင်ချိန်ကတည်းက မှားယွင်းနေခဲ့ခြင်းပင်။

သိုင်းတာအိုကို ကောက်ချက်ချအဖြေထုတ်ခြင်းသည် မရေမတွက်နိုင်သော ဖြစ်နိုင်ချေများဆီသို့ ဦးတည်နေသော စမှတ်တစ်ခုကနေ စတင်ရခြင်းနှင့် တူလေသည်။

စတင်ချိန်မှာ ရွေးချယ်မှု မှားယွင်းသွားမည်ဆိုလျှင် သူက ဆက်၍ လျှောက်လှမ်းလေလေ.. ဆုံးမှတ်နှင့် ပို၍ဝေးကွာလေလေ ဖြစ်လာပေလိမ့်မည်။

ညင်သာသော လေပြေတစ်ချက်က တိုက်ခတ်သွားပြီး သူ၏ မီးခိုးရောင် ဆံချည်မျှင်များက သူ၏မျက်လုံးကို ပွတ်သပ်သွား၏။

ဆူဇီမိုသည် သူ၏နှုတ်ခမ်းကို တင်းတင်းစေ့၍ သူ၏အကြည့်က မှိန်ဖျော့လာခဲ့၏။

သူ့တွင် ဘဝသက်တမ်း များစွာမကျန်ရှိတော့ပေ။

သူ့မှာ အလွန်ဆုံး နှစ် ၇၀၀ သာ ကျန်ရှိတော့၏။

ထိုအခိုက်အတန့်တွင် သူက တာအိုအမွေအနှစ်ကုန်းမြေကနေ ထွက်ခွာပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြန်သွားမည်ဆိုလျှင် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ဖို့ အခွင့်အရေးတစ်ခု ရှိသေးလေသည်။

သို့သော်လည်း ထိုသို့ပြုလုပ်မည်ဆိုလျှင် ဤနှစ်များအတွင်း သူရရှိထားခဲ့သော နားလည်ဆင်ခြင်မှုများနှင့် ဉာဏ်ကွန့်မြူးမှုများ အားလုံးက ပျက်ပြယ်ပျောက်ဆုံးသွားဖို့များပြီး သူက အစကနေ ပြန်လည်စတင်ရပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူက နောက်ထပ် နှစ်လေးထောင်ကျော်ကို ဆက်လက်ဖြတ်ကျော်ရမှာလား..။

နှစ်လေးထောင်ကြာပြီးနောက်.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ပြောင်းလဲမှုတွေ ဘယ်လောက်များများ ဖြစ်ပေါ်လာမလဲ။

သူသည် အဲဒါကို မစောင့်နိုင်ပေ။ သူ၏ မိတ်ဆွေများကလည်း အဲဒါကို စောင့်ဆိုင်းနိုင်မည် မဟုတ်ပေ။

ဒါ့အပြင်.. သူသည် ကောက်ချက်ချအဖြေထုတ်မှုကို ပြန်လည်စတင်မည်ဆိုလျှင် သူတွေ့ကြုံရမည့် အခက်အခဲများက ပို၍များပြားလာပေလိမ့်မည်။

သူသည် ဤတစ်ကြိမ် ထွက်ခွာပြီးလျှင် သိုင်းတာအိုကို ဘယ်တော့မှ ပြန်လည် ကောက်ချက်ချအဖြေထုတ်နိုင်တော့မည် မဟုတ်ဟု သူက ခံစားမိနေ၏။

ဆူဇီမိုသည် ကျောက်သားရုပ်တု ၃၀ ကျော်ကို တစ်ချက်ကြည့်ပြီး ညင်သာစွာ ပြောလိုက်၏။

“စီနီယာတို့.. ဘာမှမပူပါနဲ့.. ကျုပ်က ဒီနေရာမှာပဲ နေမှာပါ.. ကျုပ် ကျရှုံးသွားမယ်ဆိုရင်တောင် ခင်ဗျားတို့ရဲ့ တာအိုနှလုံးသားနဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေရပါဘူး”

သူသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်နှင့်အတူ သေဖို့အတွက်ပင် ပြင်ဆင်ထားခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် သူ၏မျက်လုံးနှစ်ဖက်ကို တစ်ဖန်ပြန်မှိတ်ပြီး ဆက်လက်၍ ဆင်ခြင်သုံးသပ်လိုက်၏။

အချိန်က လျင်မြန်စွာ ကုန်ဆုံးလာနေဆဲဖြစ်၏။

ဆူဇီမို၏ ဘဝသက်တမ်းကလည်း လျော့ကျလာနေ၏။

နှစ် ၆၀၀..

နှစ် ၅၀၀..

နှစ် ၄၀၀..

သူ့မျက်နှာပေါ်ရှိ အရောင်အဝါက ပျောက်ဆုံးသွားပြီဖြစ်ပြီး အရေးအကြောင်းများဖြင့် ပြည့်နှက်၍ သူ၏သွင်ပြင်က အလွန်တရာ အိုစာလာခဲ့၏။

သူ၏ခန္ဓာကိုယ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ဖြစ်သည်ဆိုလျှင်တောင်.. သူ၏သွေးချီသည် စတင်၍ ခမ်းခြောက်လာပြီး သူ၏ဆံပင်နှင့် မုတ်ဆိတ်မွေးများကလည်း ဆွတ်ဆွတ်ဖြူလာခဲ့ပြီဖြစ်၏။ သူ့ထံမှ အလွန်တရာ အိုမင်းရင့်ရော်သည့် အော်ရာတစ်ခုက ဖြာထွက်လာခဲ့၏။

ဆူဇီမိုသည် ထမလာသေးပေ။

သိပ်မကြာမီ.. သူ့မှာ ဘဝသက်တမ်း နှစ် ၂၀၀ သာလျှင် ကျန်ရှိတော့၏။

သူ၏ အသက်က နှစ် ၄၈၀၀ ဖြစ်လာခဲ့လေပြီ။

ရုတ်တရက်ဆိုသလို..

ဆူဇီမိုသည် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏မျက်လုံးနှစ်ဖက်ကို ရုတ်တရက် ဖွင့်လိုက်၏။ အစက မှုန်ရီဝေဝါးနေသော သူ၏မျက်လုံးထဲတွင် ပြိုးပြိုးပြက်ပြက် အလင်းတန်းတစ်ခုက ဖျပ်ခနဲလက်သွား၏။

အောင်မြင်လေပြီ..။

လျှို့ဝှက်ဆန်းကြယ်သော သုတ္တန်များစွာသည် သူ၏စိတ်ထဲမှာ ပဲ့တင်ထပ်ပေါ်ထွက်လာခဲ့ပြီး တာအိုတစ်ခု၏ ဖွဲ့တည်မှုက တဖြည်းဖြည်း ပို၍ ရှင်းလင်းလာ၏။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံလာခဲ့၏။

အဲဒါက စိတ်ဝိညာဉ်စွမ်းအင်၊ ဓမ္မစွမ်းအား၊ သို့မဟုတ် နတ်ဘုရားစွမ်းအားများ မဟုတ်ပေ။

သို့သော်လည်း ထိုစွမ်းအင်က ပြန်လည်ပျက်ပြယ်သွားပြီး အမှန်တကယ် စုဖွဲ့မလာနိုင်ခဲ့ပေ။

ဆူဇီမိုသည် အလောတကြီး ရှိမနေပေ။ သူ၏မျက်လုံးနှစ်ဖက်ကို တစ်ဖန်ပြန်ပိတ်ပြီး ဆက်လက်၍ နားလည်ဆင်ခြင်သုံးသပ်လိုက်၏။

သူသည် သိုင်းတာအို၏ လမ်းကြောင်းကို စတင်ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်ပြီး အဲဒီမှာ ဟာကွက်များနှင့် အားနည်းချက်များစွာ ရှိနေသေး၏။ သူက ဆက်လက်၍ ဆင်ခြင်သုံးသပ်ပြီး ထိုဟာကွက်နှင့် အားနည်းချက်များကို ပြုပြင်မွမ်းမံနေ၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။

ဆူဇီမို၏ ဘဝသက်တမ်းက ကုန်ခမ်းလုနီးပါး ဖြစ်လာခဲ့လေပြီ။

မသိလိုက် မသိဘာသာနှင့်ပင်.. သူ့မှာ ဘဝသက်တမ်း နှစ်တစ်ရာသာလျှင် ကျန်ရှိတော့၏။

ပြောရမည်ဆို.. လက်ကျန်ဘဝသက်တမ်း နှစ်တစ်ရာပင် မကျန်ရှိတော့သည့်အခါ သူတို့၏ ဘဝသည် လမ်းဆုံးခါနီးသို့ ရောက်လာခဲ့လေပြီ။

ထိုကဲ့သို့သော အခြေအနေအောက်တွင် သိုင်းတာအိုကို ကောက်ချက်ချအဖြေထုတ်ဖို့အတွက် အားထုတ်မှုများစွာ အသုံးပြုနေရသော သူ့အနေဖြင့် အလွန်တရာ အန္တရာယ်များလေသည်။ သူက အချိန်မရွေး သေဆုံးသွားနိုင်၏။

သို့သော်လည်း ဆူဇီမိုက သူ၏ ကောက်ချက်ချအဖြေထုတ်ခြင်းကို ရပ်တန့်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးမှာတော့ သူ၏ဘဝသက်တမ်း နှစ် ၅၀သာ ကျန်ရှိတော့သည့်အခါ.. သူ၏မျက်လုံးနှစ်ဖက်ကို တစ်ဖန်ပြန်လည်ဖွင့်လိုက်၏။

ဆူဇီမိုသည် ဖြည်းဖြည်းချင်း ထရပ်ပြီး သူ၏ အိုမင်းရင့်ရော်သော မျက်နှာပေါ်တွင် စိတ်လိုလက်ရ အပြုံးတစ်ခုက နောက်ဆုံးပေါ်ထွက်လာခဲ့၏။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် သူ၏ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး ဧရာမ ရွှေရောင်စာလုံးများကို ဖြစ်ပေါ်လာစေ၏။

အဲဒီမှာ စုစုပေါင်း ရွှေရောင်စာလုံး ၈၁ လုံးရှိပြီး သူတို့က ရပ်တန့်မရသော အော်ရာနှင့် စိတ်စွမ်းအားတို့ဖြင့် တလိပ်လိပ် ထကြွနေ၏။

အဲဒါက သိုင်းတာအို၏ အော်ရာဖြစ်၏။

အဲဒါက သိုင်းတာအို၏ စိတ်အားမာန်ဖြစ်၏။

သိုင်းတာအိုသည် ရဲဝံ့စွာဖြင့် ရှေ့သို့သာ တက်လှမ်းရမည်ဖြစ်၏။

သိုင်းတာအိုသည် ယိမ်းယိုင်ခြင်း မရှိဘဲ လူသန်းပေါင်းများစွာကို ခုခံနိုင်မည့် ရဲစွမ်းသတ္တိရှိ၏။

သိုင်းတာအိုကို မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကောက်ချက်ချအဖြေထုတ်ခြင်းကပင် သိုင်းတာအို၏ စစ်မှန်သော သရုပ်သကန်ဖြစ်၏။

ဆူဇီမို၏ အမူအရာသည် စိတ်ခံစားချက်များဖြင့် ပြည့်လျှမ်းနေပြီး သူ၏ ဘေးပတ်လည်တွင်ရှိသော ရွှေရောင်စာလုံးများစွာကို ကြည့်ကာ တီးတိုးရေရွတ်ပြောဆိုလိုက်၏။

“ဆက်သွား.. လောကမှာရှိတဲ့ သက်ရှိအားလုံးကို ဒါကို ပြပေးလိုက်”

ဧရာမ ရွှေရောင်စာလုံး ၈၁ လုံးသည် အသိစိတ်ရှိသည့်အလား.. ကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။

တာအိုအမွေအနှစ်ကုန်းမြေသည် ၎င်း၏ကိုယ်ပိုင် တည်ဆောက်မှုပုံသဏ္ဌာန်တစ်ခု ရှိလေသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ အာကာသသည် ရွှေရောင်စာလုံး ၈၁ ခုကို တားဆီးနိုင်ခြင်း မရှိဘဲ ကြေမွပျက်ပြယ်ကာ လောကကို တုန်ခါသွားစေ၏။

ရွှေရောင်စာလုံး ၈၁ ခုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ကောင်းကင်ထက်မှာ ပေါ်ထွက်လာခဲ့၏။

ထိုအခိုက်အတန့်တွင် အဲဒါက မော်တယ်ဖြစ်စေ.. ကျင့်ကြံသူဖြစ်စေ.. ကိစ္စမရှိပေ။

အဲဒါက အင်မော်တယ်ဂိုဏ်းမှဖြစ်စေ.. ဗုဒ္ဓဂိုဏ်းမှဖြစ်စေ.. သို့မဟုတ် မိစ္ဆာဂိုဏ်းမှဖြစ်စေ.. ကိစ္စမရှိပေ။

သူတို့သည် သားရဲများဖြစ်စေ.. ကမ္ဘာဦးမျိုးနွယ် ၉ စုမှဖြစ်စေ.. ကိစ္စမရှိပေ။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ သက်ရှိများ အားလုံးသည် သူတို့၏ ဦးခေါင်းထက်မှ ရွှေရောင်စာလုံး ၈၁ ခုကို သတိထားမိသွားကြ၏။

လောကက တုန်လှုပ်သွားခဲ့လေပြီ။

“အဲဒါ ဘာတွေဖြစ်နေတာလဲ”

“အရမ်းကို ထူးခြားတဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က အဲဒါကို ဖြစ်စေလိုက်တာလား”

“ကြည့်ရတာတော့ အဲဒါက တာအိုအမွေအနှစ်ကုန်းမြေဘက်က လာတဲ့ပုံပဲ”

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက ဆူညံပွက်လောရိုက်လာခဲ့၏။

ဖြစ်ပျက်နေသည့် အရာများကို မသိရှိသော မော်တယ်များစွာသည် ကပ်ဘေးတစ်ခု ဆင်းသက်လာမည် စိုးရိမ်သောကြောင့် ဒူးထောက်ချပြီး ဆုတောင်းနေကြ၏။

“ကျုပ်က အထီးကျန်သိုင်းသခင်ပဲ.. နှစ်ငါးထောင်ကြာပြီးတဲ့နောက် ကျုပ်က သိုင်းသုတ္တန်တစ်ဝက်ကို နောက်ဆုံးမှာ ဖန်တီးနိုင်ခဲ့ပြီ.. ဒီကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးက အဲဒါကို ကျင့်ကြံနိုင်ပြီး အင်မော်တယ်တွေ ဖြစ်လာလိမ့်မယ်”

ထိုစဉ်မှာပင်.. အိုမင်းသော အသံတစ်သံက လေထဲကနေ ထွက်ပေါ်လာခဲ့၏။

ကျောက်သားရုပ်တု သုသာန်တွင် ဆူဇီမိုက ခပ်တိုးတိုး ပြောဆိုနေရုံသာဖြစ်၏။ သို့သော်လည်း သူ၏အသံသည် ရွှေရောင်စာလုံး ၈၁ ခုကို ကြားခံပြုပြီး​ လောကတစ်ခုလုံးသို့ ဖြန့်ကြက်သွားခဲ့၏။

အသွန်းတစ်ရာဂိုဏ်းတွင်..

ပုံရိပ်များသည် လိုဏ်ဂူခန်းဝါထဲကနေ ပြေးထွက်လာကြပြီး လေထဲသို့ ခုန်တက်လိုက်၏။

သူတို့၏ ခေါင်းဆောင်က အသွန်းတစ်ရာဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ် အဆုံးစွန်မီးပင် ဖြစ်လေသည်။

“ဒါက..”

စွမ်းအားကြီးပုဂ္ဂိုလ် အဆုံးစွန်မီးသည် တုန်လှုပ်သော အမူအရာတစ်ခု ရှိနေပြီး ကောင်းကင်ထက်သို့ မယုံကြည်နိုင်စွာကြည့်ကာ သူ၏အသံက တုန်တုန်ယင်ယင်ဖြစ်နေ၏။

“ဇီမိုက သူ့ရဲ့တာအိုကို တည်ဆောက်တာ အောင်မြင်သွားပြီလား”

ဆန်းကြယ်တောင်ထွတ်တွင်..

အင်မော်တယ်ကြိုးကြာအို၊ နန်းကြည်နှင့် ဂိုဏ်းမှ အခြားသော ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။

“သခင်လေးက အောင်မြင်သွားပြီပဲ”

နန်းကြည်က ကျေနပ်နှစ်ခြိုက်သော အမူအရာနှင့်အတူ သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။

မဟာကျိုးနန်းတော်တွင်..

ကျိယောင်ရွှယ်နှင့် ရှောင်းနင်က စိတ်လှုပ်ရှားစွာဖြင့် အတူတူ မတ်တတ်ရပ်လာကြ၏။

ပင်ယန်းမြို့တွင်..

ထောင်ယောင်သည် ခြံဝန်းထဲမှာ မတ်တတ်ရပ်၍ သူ၏ခေါင်းကို စောင်းငဲ့ကြည့်လိုက်၏။ သူ၏ ကြီးမားဝိုင်းစက်သော မျက်လုံးများကို ပုတ်ခတ်ရင်း သူက စဉ်းစားတွေးတောကာ ပြောဆိုလိုက်၏။

“ဒီလိုဆိုမှတော့.. သခင်လေးက ပြန်လာတော့မှာပေ့ါ”

“အထီးကျန်သိုင်းသခင်က ဘယ်သူလဲ”

ပင်ယန်းမြို့မှ မော်တယ်များစွာက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ကြ၏။

“ငါကြားတာတော့ အထီးကျန်သိုင်းသခင်က ငါတို့မြို့က ဒုတိယ သခင်လေးဆူပဲ”

“အား.. အဲဒါ သူလား”

“ဒုတိယသခင်လေးဆူက ငါတို့မော်တယ်တွေပါ အဲဒါကို ကျင့်ကြံနိုင်တယ်လို့ ပြောလိုက်တာလား”

“မြန်မြန်လုပ်ဟေ့.. အဲဒါကို မှတ်သားကြရအောင်”

များစွာသော မော်တယ်များသည် လေထဲရှိ ရွှေရောင်စာလုံး ၈၁ လုံးကို မမှိတ်မသုန် စောင့်ကြည့်နေကြ၏။

တစ်ချိန်တည်းမှာပင်.. အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် တံခါးပိတ်ကျင့်ကြံနေရာကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။ တကယ်ဆို တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်များပင်လျှင် ပေါ်ထွက်လာကြ၏။

“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ဆောက်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”

“ဂျူနီယာတစ်ယောက်က ဒီလိုမျိုး အံ့မခန်း လုပ်ရပ်တစ်ခုကို တကယ်ပဲ အောင်မြင်အောင် လုပ်လိုက်နိုင်တာလား”

လူအချို့က တုန်လှုပ်နေကြပြီး အချို့က သံသယရှိနေကြ၏။

ပဟေဠိနန်းတော်တွင်..

အနည်းငယ် ဝဖိုင့်သော ကျင့်ကြံသူတစ်ယောက်သည် ပျော်ရွှင်စွာဖြင့် ကခုန်၍ စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုနေ၏။

“အဘိုးကြီး.. မြန်မြန်ထွက်လာကြည့်ဦး.. ညီအစ်ကိုဆူက အဲဒါကို အောင်မြင်သွားပြီ”

“ချီးပေါက်နေတာ ရပ်လိုက်စမ်းပါ.. ငါလည်း စောင့်ကြည့်နေတာပဲဟ”

လေထဲတွင် ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း​ ပေါ်ထွက်လာ၏။

အဘိုးအိုသည် ကွန်ဖြူးရှပ် သရဖူကို ဆောင်းထားပြီး သူ၏လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ဆုပ်ကိုင်ထား၏။ တည်ကြည်သော အမူအရာနှင့်အတူ သူက ကောင်းကင်ထက်ရှိ ရွှေရောင်စာလုံးများကို ကြည့်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။

“ဒီသိုင်းသုတ္တန်တစ်ဝက်က အထီးကျန်သိုင်းသခင် ဖော်ပြထားသလို တကယ်ပဲ ဟုတ်တယ်ဆိုရင်.. အဲဒါက အများလူထုအတွက် ကောင်းချီးတွေကို ဆောင်ကျဉ်းပေးလာမယ့် အထွတ်အထိပ် အကျိုးဆောင်မှုတစ်ရပ်ပဲ.. အဲဒီ အကျိုးဆောင်မှုက ကမ္ဘာတည်သရွေ့ ထာဝရ တည်တံ့နေလိမ့်မယ်”

All Chapters