ဆန်းကြယ်ကျွန်းသို့ ပြန်သွားခြင်း
Vol. 44 Ch. 650
ဆန်းကြယ်ကျွန်း …
တုန်းမြောင်မြောင်သည် ဆေးစိုက်ခင်းထဲ၌ ဟောင်ယွင်နှင့်အတူ ဆေးပင်များကို စီမံရင်း အလုပ်များ နေသည်။ သူမသည် ဆေးများ၏ ဆေးအာနိသင်နှင့် ပတ်သက်၍ မကြာခဏ မေးမြန်းသော်လည်း သူမ၏ အာရုံက ခပ်လှမ်းလှမ်းမှ အခြားအရာတစ်ခုအပေါ် ကျရောက်နေသည်။
ထိုနေရာ၌ ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ရှောင်ပိုင်အား ကျီစယ်နေကြသည်။ သူတို့သည် ရှောင်ပိုင်အား ဝိုင်းထားပြီး နှုတ်သီးဖြင့် တွန်းထိုးနေကြသဖြင့် ရှောင်ပိုင်သည် မြေကြီးပေါ် မကြာခဏ လူးလိမ့်နေ၏။ ဝံပုလွေ နှစ်ကောင်နှင့် ကျားတစ်ကောင်တို့သည် ပျော်ပျော်ပါးပါး ကစားနေကြသည်။
“သူတို့က ရှောင်ပိုင်ကို အနိုင်ကျင့်လို့ရတုန်း အနိုင်ကျင့်နေကြတာ၊ ရှောင်ပိုင် ကြီးလာတဲ့အခါကျရင် သူတို့ အခြေအနေက ပြောင်းပြန် ဖြစ်သွားမှာ”
ဟောင်ယွင်က ရယ်မောနေပြီး အားကျစွာ ပြောလာသည်။
“ရဲ့နတ်ဘုရားက သူတို့ကို ဘယ်လို လေ့ကျင့်ပေးထားလို့ ဒီလောက် ဉာဏ်ကောင်းနေတာလဲ မသိဘူး၊ ငါ မနာလိုလိုက်တာ”
“တိရစ္ဆာန်တွေတင် မကဘူး၊ ဒီဆေးပင်တွေ ဘယ်လောက်တောင် ကောင်းကောင်း ကြီးထွားလာလဲ ကြည့်ပါဦး၊ သူတို့ရဲ့ တစ်နေ့ ကြီးထွားနှုန်းက တောထဲမှာ တစ်နှစ်လောက် ကြီးထွားတာနဲ့ အတူတူ နီးပါးလောက်ပဲ၊ ဒီစိုက်ခင်းကိုကြည့်၊ ဒီဆေးပင်တွေက သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အရမ်း ဇီဇာကြောင်တာ၊ ပြီးတော့ နည်းနည်းလေး လွဲသွားတာနဲ့ သေသွားနိုင်တယ်၊ ဒါပေမဲ့ အခု သူတို့ ဘယ်လောက်တောင် ကောင်းကောင်း ရှင်နေလိုက်လဲ၊ ဘယ်အပင်ကမှ ပြဿနာ မတက်ဘူး၊ ဒါက ထူးဆန်းတယ်”
တုန်းမြောင်မြောင်က အလန့်တကြား ပြောလေသည်။
ထိုစဉ် ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ နားရွက်များက ထောင်တက်လာပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် လျှာများ ထုတ်လာကြကာ အူကာ တစ်နေရာသို့ ပြေးသွားကြသည်။
ရှောင်ပိုင်သည်လည်း နောက်၌ ကျန်ရစ်မနေခဲ့ချေ။ သူသည် နောက်တစ်ကြိမ်မျှ လှိမ့်ပြီးနောက် ထရပ်၍ ဝံပုလွေများနောက်သို့ စိတ်လှုပ်ရှားစွာ လိုက်သွားလေသည်။
*မဟုတ်မှလွဲရော …*
တုန်းမြောင်မြောင်နှင့် ဟောင်ယွင်သည် အချင်းချင်း ပြန်ကြည့်၍ လုပ်လက်စအရာများကို ခပ်မြန်မြန် ပစ်ချ၍ ဖြည်းဖြည်းချင်း လှမ်းလာသည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့ ထိုသို့ ပြုမူနေပုံက သူတို့၏ သခင် ပြန်လာ၍ ဖြစ်ပေမည်။
ထင်ထားသည့်အတိုင်းပင် သူတို့ ကမ်းစပ်သို့ ရောက်လာသည်နှင့် သင်္ဘောတစ်စီးက ဖြည်းဖြည်းချင်း ကပ်လာနေ၏။
“ရှောင်ချင်၊ ရှောင်ဟွေ မင်းတို့ ငါ့ကို လွမ်းနေတာလား”
ရုတ်တရက် ထွက်ပေါ်လာသော အသံက ရှောင်ချင်နှင့် ရှောင်ဟွေတို့ကို အံ့ဩသွားစေပြီး ပြေးလာနေရာမှ ရပ်ကာ တအံ့တဩနှင့် ဘေးဘီကို လိုက်ကြည့်လေသည်။
“မင်းတို့ ဘာလို့ အံ့ဩသွားတာလဲ၊ ဒီကို လာကြ”
ထိုအသံက ထပ်မံ၍ ထွက်ပေါ်လာသောအခါ သူတို့၏ ကျောပေါ်မှ အမွေးများ ထောင်တက်လာပြီး ရဲ့လင်းချန်အား အလွန် အံ့အားသင့်ဟန်ဖြင့် ကြည့်လာကြသည်။
“ရွှတ် ရွှတ် ရွှတ် …”
“ဒယ်ဒီ၊ ဒယ်ဒီ စကားပြောနေတာလား”
“ဟုတ်တယ်၊ ငါပဲ”
ရဲ့လင်းချန် ပြုံးလိုက်သည်။ စနစ်မှ ပေးလာသော ခွေးဘာသာစကားက အတော်လေး လိုက်လျောညီထွေ ဖြစ်၍ တော်ပါသေးသည်။ ယင်းက ရဲ့လင်းချန် ခွေးတစ်ကောင်ကဲ့သို့ ဟောင်ရန် မလိုအပ်ပေ။ သူသည် စကားပြောရန် နှုတ်ခမ်းကို လှုပ်ရန်သာ လိုအပ်သဖြင့် ကိုးရိုးကားရားဖြစ်ခြင်းအား ရှောင်ရှား နိုင်လေသည်။
“ဝိုး … နောက်ဆုံးတော့ ဒယ်ဒီ စကားပြောတာကို ငါ ကြားနိုင်ပြီကွ”
ရှောင်ချင်နှင့် ရှောင်ဟွေသည် စိတ်လှုပ်ရှားစွာ အူ၍ ရဲ့လင်းချန်အနား၌ ပတ်ပြေးကာ သူ့ပေါင်အား ခေါင်းဖြင့် အဆက်မပြတ် တိုးဝှေ့နေကြသည်။
“ဒီအတောအတွင်း မင်းတို့ သေသေချာချာ လေ့ကျင့်ရဲ့လား”
ရဲ့လင်းချန်က လေသံမာမာနှင့် မေးလိုက်သည်။
“ဟုတ်၊ ဟုတ်၊ ကျွန်တော်တို့ နေ့တိုင်း လေ့ကျင့်ပါတယ်၊ အခု ကျွန်တော်တို့ သန်မာနေပါပြီ”
ရှောင်ချင်နှင့် ရှောင်ဟွေက တက်ကြွစွာ ဖြေလာပြီးနောက် ထပ်ပြောလေသည်။
“ပျင်းနေတာ ရှောင်ပိုင်၊ သူက အမြဲတမ်း ပတ်ပြေးပြီး စကားနေတာ၊ ဟွန်း … တော်တော်ကို မလိမ်မာတာ”
ထိုအခိုက်တွင် ရှောင်ပိုင်သည် ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ဖော်ကောင်လုပ်ခြင်း ခံလိုက်ရသည်ကို မသိဘဲ ပြေးလာကာ ရဲ့လင်းချန်အား ဖြူစင်စွာ ကြည့်၍ ရဲ့လင်းချန်၏ လက်မောင်းထဲ ခုန်ဝင်ချင်နေ၏။
“အင်း မဆိုးပါဘူး”
ရဲ့လင်းချန်က ခေါင်းညိတ်၍ ရှောင်ပိုင်အား ပွေ့ချီကာ ခေါင်းကို ပွတ်ပေးလိုက်သည်။
ရှောင်ပိုင်က မျက်လုံးလေးစင်း၍ ရဲ့လင်းချန် ပွတ်ပေးသည်ကို သဘောကျနေလေသည်။ ထိုအခါ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ရှောင်ပိုင်အား အားကျသော အကြည့်ဖြင့် ကြည့်နေသည်။ သူတို့သည် အရွယ်ရောက်ပြီးပြီ ဖြစ်သဖြင့် ရှောင်ပိုင်ကဲ့သို့ ရဲ့လင်းချန်၏ လက်မောင်းပေါ် နေ၍ မရတော့ပေ။
“ရဲ့နတ်ဘုရား (ဥက္ကဋ္ဌရဲ့)၊ ရှင် ပြန်လာပြီပဲ”
တုန်းမြောင်မြောင်နှင့် ဟောင်ယွင်တို့လည်း ရောက်လာပြီး သူ့အား နှုတ်ဆက်လာသည်။ သို့သော် သူ့ကို မြင်သောအခါ သူတို့၏ မျက်လုံးနှင့် ပါးစပ်များက ထိတ်လန့်မှုကြောင့် ချက်ချင်း ပြူးကျယ်လာသည်။
“အား …”
တုန်းမြောင်မြောင်က ထအော်၍ အပြေး လှမ်းလာသည်။ သူမက ရဲ့လင်းချန်ကို ကျော်သွားပြီး သင်္ဘောပေါ်မှ ချနေသော ပစ္စည်းများကို ကြည့်နေသည်။
“ဒ…ဒ…ဒါက သွေးလင်ဇီးလား”
“ပြီးတော့ ဒါက အချင်းခြောက်လား”
“အား … ဒါက တောက်တဲ့ လက်ဝါးပင်ပဲ၊ အကြီးကြီးပဲ၊ ဒါ အနည်းဆုံး နှစ်ခုနစ်ဆယ် ရှိပြီ၊ ဟုတ်တယ်မလား”
တုန်းမြောင်မြောင်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမ မြင်နေရသည့် အရာများကို သူမ မယုံနိုင် ဖြစ်နေ၏။
သူမက ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး မိသားစု၌ မွေးဖွားလာပြီး ကောင်းမွန်စွာ ပညာသင်ယူခဲ့သည်ဟု ဆိုနိုင်သော်လည်း သူမရှေ့မှ ထိုဆေးပင်များကို သူမ လုံးဝ မမြင်ဖူးချေ။ ၎င်းတို့ထဲမှ မည်သည့် အရာမဆိုက သူမအတွက် ပိုင်ဆိုင်နိုင်ရန် အလှမ်းဝေးလှသည်။
၎င်းတို့သည် အလွန် ရှားပါးလွန်းလှသည်။ ထို့အပြင် ၎င်းတို့ အကုန်လုံးက သက်တမ်းရင့်များ ဖြစ်သဖြင့် ပို၍ ရှားပါးလေသည်။
“
“ပိုပြီးတော့ ညင်ညင်သာသာ ချပေးပါ၊ အပင်တွေ နာအောင် မလုပ်ပါနဲ့”
တုန်းမြောင်မြောင် မနေနိုင်တော့ဘဲ ပစ္စည်းများ ချနေသော ဝန်ထမ်းများကို သတိပေး၍ ဆေးပင်များကို ဂရုတစိုက် ကြည့်နေသည်။
“ဥ…ဥ…ဥက္ကဋ္ဌရဲ့၊ ဒီဆေးပင်တွေအားလုံးက ကျွန်မတို့ဟာတွေလား”
ယခုအချိန်အထိ သူမ မယုံနိုင်သေးပေ။
“အဲ့ဒါတွေက မိတ်ဆွေတွေဆီက လက်ဆောင်တွေလေ”
ရဲ့လင်းချန်က အေးအေးလူလူ ပြန်ဖြေ၍ ထပ်ပြောလိုက်သည်။
“ငါတို့ ဆေးစိုက်ခင်းက တော်တော်လေး လစ်ဟင်းနေတာ၊ မင်း ဒီဆေးပင်တွေကို နေရာချပြီး အဲ့မှာ စိုက်ထားလိုက်”
“ဒါပေါ့၊ ကျွန်မ ဒါတွေကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်”
တုန်းမြောင်မြောင်က အာမခံလာသည်။
“ဝိုး … ကြီးလိုက်တဲ့ သစ်နက်သားပါလား”
ယခုအခါ အံ့ဩရသူက ဟောင်ယွင်ပင်။ သူမသည် ဆေးပင်များနှင့် ပတ်သက်၍ မသိသော်လည်း သူမ၏ မိသားစုက ဆောက်လုပ်ရေး နယ်ပယ်၌ ကျင်လည်နေသော မိသားစု ဖြစ်သည်။ အိမ်သုံးပစ္စည်းများနှင့် ပတ်သက်၍ သူမ၏ ဗဟုသုတက များပြားလေသည်။ ထို့ကြောင့်ပင် သူမ မြင်လိုက်ရသည့် အရာကြောင့် ရင်သက်ရှူမော ဖြစ်သွားရသည်။
“ရှင်သာ ကျွမ်းကျင်တဲ့ ပန်းပုဆရာကို ရှာနိုင်ရင် အဲ့လူက သူမတူတဲ့ အရာတစ်ခုခုကို ထွင်းထုနိုင်မှာပဲ”
ဟောင်ယွင်က သစ်နက်ကို ကိုင်ကြည့်နေပြီးနောက် အာရုံက အခြားတစ်ခုသို့ ပြောင်းသွားလေသည်။
“အား … ကြီးလိုက်တဲ့ ကျောက်မျက်သန္တာပါလား၊ ကျွန်မ ခေါင်းထက်တောင် ကြီးသေးတယ်၊ ဒီလောက် ကြီးတဲ့ သန္တာကျောက်မျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”
“ဒီမှာလဲ ရင်းတိုက်သားတွေ အများကြီးပဲ၊ ဒါတွေနဲ့ ပရိဘောဂ လုပ်ရင် ရှင့်နေရာက ခမ်းနားနေတော့မှာပဲ”
ဟောင်ယွင်သည် အဖိုးတန် စံအိမ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ တောက်ပနေ၏။
“ရှင့်မိတ်ဆွေတွေက သိပ်ချမ်းသာတာပဲ”
ဟောင်ယွင်က ရဲ့လင်းချန်ကို နှုတ်ခမ်းစူ၍ ကြည့်လေသည်။
*ဘာလို့ ငါ့မှာ ဒီလို ချမ်းသာတဲ့ မိတ်ဆွေမျိုး မရှိရတာလဲ*
“ဒါတွေက အရမ်း မများပါဘူး”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
ထိုပစ္စည်းများသည် စီချွမ်-တိဘက်ဒေသမှ မိသားစုကြီးများက သူ့အား ပေးလိုက်ခြင်း ဖြစ်သည်။ ထိုမိသားစုများသည် နှစ်ရာချီ၍ ချမ်းသာကြွယ်ဝလာသဖြင့် အိတ်ကပ်ဖောင်းကြသည်။ ရှားပါး ရတနာအချို့ကို မြင်ရသည်က အံ့ဩစရာ မဟုတ်ပေ။
သို့သော် ရဲ့လင်းချန်တွင် သစ်သားဝိညာဉ် ခန္ဓာကိုယ် ရှိသဖြင့် ၎င်းတို့က သူ့အတွက် အဖိုးမတန်ချေ။ အကယ်၍ ထူးခြားသော သစ်သားမျိုး သူ လိုအပ်ခဲ့ပါက သူကိုယ်တိုင် စိုက်၍ ရပေသည်။ လက်ရှိ၌ သူ၏ ကျွန်းပတ်လည်တွင် ထူးခြားသော သစ်များကို စိုက်ထားပြီးသား ဖြစ်သည်။
“ဟုတ်သားပဲ၊ ရဲ့နတ်ဘုရား၊ ရှင် ပြန်လာပြီဆိုတော့ ဒီအလုပ်သရဲကို ရှင် ထိန်းသင့်တယ်”
ဟောင်ယွင်က ဆိုင်းမဆင့် ဘုံမဆင့် ပြောလာသည်။
“အလုပ်သရဲ”
ရဲ့လင်းချန် အနည်းငယ် အံ့ဩသွားသည်။
“ကျွန်မနောက်က လိုက်ခဲ့”
လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းမှ လူများသည် အားသွန်ခိုက်စိုက် အလုပ်လုပ်နေကြသည်။ ရလဒ်က ကောင်းမွန်လှပေသည်။ အခြေခံအုတ်မြစ်ကို ကောင်းမွန်စွာ ဆောက်လုပ်ထားပြီး ရိုးရှင်းသော ဆောက်လုပ်ရေး အချို့ကို ဆောက်လုပ်ပြီးလေပြီ။
လုပ်ငန်းခွင်၌ လူတစ်ယောက်က စာရင်းဇယားတစ်ခုကို ကိုင်၍ မကြာခဏ ညွှန်ကြားချက်များ ပေးနေသည်။
“မြန်မြန်လုပ်၊ ဟိုတစ်ယောက်၊ ရှင် ရေသောက်နေတာ သုံးမိနစ် ရှိပြီ”
“ဒီဖရိန်က လျော့နေသလိုပဲ၊ မြန်မြန်ပြင်”
“ဟိုးနားကလူ၊ ရှင့် ကိရိယာက ကောက်ကွေးနေတာ မမြင်ဘူးလား၊ အာရုံစိုက်လေ”
ဟောင်ယွင် စိတ်ပျက်သွားသည်။
“ရဲ့နတ်ဘုရား၊ အခု ရှင် မြင်ပြီးလား၊ သူ ရောက်လာကတည်းက မနားစတမ်း အမိန့်တွေ ပေးနေတာ၊ ပြီးတော့ သူက ပြန်ဖို့ကိုတောင် ငြင်းနေသေးတယ်၊ သူက အလုပ်သမားတွေကို မနက်စောစော အလုပ်လုပ်ဖို့ စေ့ဆော်ပြီးတော့ မနားခိုင်းဘူး၊ လုပ်ငန်းပြီးစီးဖို့ သတ်မှတ်ထားတဲ့အချိန်ကို မမီမှာ စိုးနေတာလေ”
ရဲ့လင်းချန် မချိပြုံးပြုံး၍ အနားသို့ လျှောက်သွားလိုက်သည်။
“ဒါရိုက်တာအိုးရန်၊ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”
“ဥက္ကဋ္ဌရဲ့”
ရဲ့လင်းချန်ကို မြင်သော် အိုးရန်ချင်းက တလေးတစား ပြန်ဖြေလာသည်။
“ဒါက ကျွန်မတို့ရဲ့ ဌာနချုပ် ဖြစ်လာမှာဆိုတော့ ကျွန်မ အချိန်ယူပြီး ဒီကို လာကြည့်တာပါ၊ ဒါပေမဲ့ ဒီလူတွေက အလုပ်ကို ပေါ့ပေါ့လေး လုပ်နေတာကို ကျွန်မ သတိထားမိလို့ ဒီမှာ နေဖို့ ဆုံးဖြတ်လိုက်တာပါ”
“ဟွန့် … ကျွန်မက ကျွန်မအဘိုးနဲ့အတူ ဒီမှာ ရှိနေတာပါနော်၊ သူတို့က ဘယ်လိုလုပ် အလုပ်ကို ပေါ့ပေါ့တန်တန် လုပ်မှာလဲ”
ဟောင်ယွင်က ပြန်ချေပလေသည်။
“ကျွန်မအဘိုးက ဘယ်သူလဲ သိလား၊ အလုပ်သမားတွေက ကျွန်မတို့ဆီလာပြီး ရှင့်အကြောင်း တိုင်ကြတယ်၊ ရဲ့နတ်ဘုရားကြောင့်သာ မဟုတ်ရင် သူတို့ အလုပ်က ထွက်သွားတာ ကြာပြီ”
“ဒါဆိုလဲ ထွက်ပါစေပေါ့၊ ငါ့မှာ ဒီအလုပ်ကို လုပ်ချင်တဲ့သူတွေ အများကြီး ရှိတယ်”
အိုးရန်ချင်းက အေးစက်စွာ ပြန်ပြောသည်။
“ငါတို့က သူတို့ကို အလုပ်လုပ်ဖို့ ပေးထားတာ၊ ဇိမ်ခံနေဖို့ မဟုတ်ဘူး”
“ကျစ် … ရှင်က သူတို့ကို လုံလုံလောက်လောက် အနားယူခွင့် မပေးဘူးလေ၊ သူတို့ ဘယ်လိုလုပ် အလုပ်လုပ်ဖို့ အားရှိမှာလဲ”
ဟောင်ယွင်က နှုတ်ခမ်းစူလာသည်။
“သူတို့က ရုံးအလုပ်တွေ လုပ်နေတယ္လို့ ထင်နေတာလား၊ သူတို့က ကော်ဖီလေး သောက်လိုက်ရုံနဲ့ ဆက်လုပ်လို့ ရတယ်လို့ ထင်နေတာလား၊ ရှင့်လို သူဌေးတွေက ဂုတ်သွေးစုတ်တဲ့ သူတွေပဲ”
ရဲ့လင်းချန်က သူတို့နှစ်ယောက်ကို အလျင်အမြန် လူခွဲလိုက်သည်။ အိုးရန်ချင်း၏ အလုပ်အစွဲက စလာလေပြီ။ သူမ၏ သူဌေးဗီဇ ပေါ်လာသည်နှင့် သူမက အလွန်အမင်း အပြစ်မြင်လာသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုနှင့် ခြားနားသည်။ ထို့အပြင် သူမသည် ဝမ်ရုံ နည်းပညာ၏ ဌာနချုပ်ကို မြန်မြန် ဆောက်ပြီးစေချင်သည့် ဆန္ဒကြောင့် အပြင်းအထန် တွန်းနေခြင်း ဖြစ်သည်။
“ဒါရိုက်တာအိုးရန်၊ ဆောက်လုပ်ရေးကိစ္စက အလျင်လိုလို့မ ဖြစ်ဘူး၊ သူတို့ကို အလုပ်ကြိုးစားစေချင်ရင် အနားယူချိန် လုံလုံလောက်လောက် ပေးဖို့ လိုတယ်၊ မင်း သူတို့ကို သင့်တော်တဲ့ အနားယူတဲ့ သတ်မှတ်ချက်တွေ ပေးသင့်တယ်”
ရဲ့လင်းချန်က အကြံပြုလိုက်သည်။
သူသည် အိုးရန်ချင်းအား စီမံခန့်ခွဲမှုမှ မပိတ်ပင်ချေ။ ကြီးကြပ်ခြင်းအား တစ်စုံတစ်ယောက်က လုပ်ဆောင်ရန် လိုအပ်ပေသည်။ ဟောင်ယွင်၏ အဘိုးက မဟာ ဗိသုကာ ပညာရှင် ဖြစ်သော်လည်း ထိုအတွက်ကြောင့်နှင့် အလုပ်သမားများက ကောင်းကောင်းလုပ်မည်ဟု မဆိုလိုပေ။ အိုးရန်ချင်း၏ စောင့်ကြည့်မှုက မဆိုးသော်လည်း အနည်းငယ် စိတ်မရှည် ဖြစ်လွန်းနေ၏။
“ဥက္ကဋ္ဌရဲ့၊ ဒါက ကျွန်မတို့ရဲ့ ဌာနချုပ် ဖြစ်လာမှာဆိုတော့ ကျွန်မတို့ အထူး ဂရုစိုက်သင့်တယ်၊ တစ်ခုခု ဖြစ်လာခဲ့ရင် ဒုက္ခရောက်လိမ့်မယ်၊ ကျွန်မ ကြီးကြပ်ဖို့ လိုတယ်”
အိုးရန်ချင်းက ခွန်းတုံ့ပြန်လာသည်။
“မင်း စိတ်ပူတာကို ငါ နားလည်တယ်၊ ဒါပေမဲ့ အရာအားလုံးက အကန့်အသတ် ရှိသင့်တယ်၊ တခြားသူတွေ ပုန်ကန်လာအောင် မလုပ်နဲ့”
ရဲ့လင်းချန်က သတိပေးလိုက်ပြီးမှ ထပ်ပြောလိုက်သည်။
“မင်း တစ်ချိန်လုံး ဒီမှာ ရှိနေတာလား”
အိုးရန်ချင်းက ခေါင်းညိတ်လာသည်။
“ဒီမှာ နေရာတွေ အများကြီးပဲ၊ ဒီမှာ စမ်းသပ်မှုတွေ လုပ်လို့ရတယ်ဆိုတော့ ကုမ္ပဏီက ပရောဂျက်တွေကို ကျွန်မ ယူလာတယ်၊ ဟုတ်သားပဲ၊ ဥက္ကဋ္ဌရဲ့၊ ရှင် ကျွန်မတို့ကို လိုအပ်ချက်နဲ့ မကိုက်ညီဘူးလို့ အရင်က ပြောခဲ့တဲ့ အလိုအလျောက် မောင်းနှင်တဲ့ ကားဒီဇိုင်းက ဉာဏ်ရည်မြင့် စနစ် အပိုင်းလေ”
ရဲ့လင်းချန် မျက်ခုံးပင့်သွားပြီး အိုးရန်ချင်းနောက်မှနေ၍ စမ်းသပ်နေရာသို့ လိုက်သွားသည်။
အိုးရန်ချင်း၏ လုပ်ငန်း အခြေစိုက်ဖြစ်သဖြင့် ထိုနေရာ၌ တဲကုပ်လေးများ ရှိနေသည်။ ၎င်းတို့အထဲ၌ ကွန်ပျူတာများနှင့် အခြားပစ္စည်းများ ရှိသည်။ အပြင်ဘက်တွင် ကြီးမားသော စမ်းသပ်မှုများ ပြုလုပ်သည်။ သာမန် sedan ကားတစ်စီးကို လမ်းပေါ်၌ ရပ်ထားလေသည်။
ဝန်ထမ်းအချို့က ၎င်းကို စမ်းသပ်နေ၏။
*ဒီလိုနေရာမျိုးမှာ လုပ်ငန်း အခြေစိုက်ကို ထောင်နိုင်တာပဲ၊ အလုပ်သရဲဆိုတဲ့ သူ့နာမည်နဲ့ တကယ် လိုက်တယ်*
ဝမ်ရုံ နည်းပညာသည် နည်းပညာမြင့် သန့်ရှင်းရေးစက်ရုပ် ရှောင်ယွင်ကို ထုတ်လုပ်ပြီး ဖြစ်သည်။ ထို့နောက် သူတို့သည် ရေသန့်စင်စက်များကိုလည်း ထုတ်လုပ်ခဲ့သည်။ တိုးတက်လာသော နာမည်နှင့်အတူ ရဲ့လင်းချန်နသည် ပိုကြီးမားသော နည်းပညာ ပရောဂျက်များကို စတင်ခဲ့ပြီး ဝမ်ရုံ နည်းပညာ၏ မူလ ပရောဂျက် ဖြစ်သော မော်တော်ကားဘက်သို့ မျက်စိကျလာသည်။
ဝမ်ရုံနည်းပညာသည် အလိုအလျောက် မောင်းနှင်သော ကားများ၏ စမ်းသပ်မှု ကျရှုံးခြင်းကြောင့် ဒေဝါလီ ခံရလုနီးပါး ဖြစ်ခဲ့သည်။ ယခု ရဲ့လင်းချန်က သူတို့ကို မော်တော်ကား လုပ်ငန်းဘက်သို့ ပြန်လှည့်ခွင့် ပေးလိုက်သည်။ သို့သော် သူတို့သည် အလိုအလျောက် မောင်းနှင်သော ကားများကို တန်း၍ စမ်းသပ်ခွင့် မပေးဘဲ ကားတွင် တပ်ဆင်မည့် ဉာဏ်ရည်မြင့် စနစ်နှင် စတင်ခိုင်းခဲ့သည်။
…