← Chapters

နောင်တမရသူများ

Vol. 44 Ch. 651

နောင်တမရသူများ

Vol. 44 Ch. 651

“တိုးတက်မှုကို ပြပါဦး”

ရဲ့လင်းချန်သည် သူ့အ‌ရှေ့မှကားကို စစ်ဆေး၍ တည်ငြိမ်စွာ ပြောလိုက်သည်။

ကား၏ အပြင်ပိုင်းသည် သာမန်ကားများနှင့် မခြားနားချေ။ သို့သော် ၎င်း၌ အခြေခံ လုပ်ဆောင်ချက်များအပြင် အပို လုပ်ဆောင်ချက်ကိုပါ ထည့်သွင်းထားသည်။

အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာသည် အဆင့်အမြင့်ဆုံး နည်းပညာဟု ဆိုနိုင်ပေသည်။ ရဲ့လင်းချန်၏ နည်းပညာ ကျွမ်းကျင်မှု ရာခိုင်နှုန်းသည် တစ်ရာ ဖြစ်လုနီးပါးပင်။ ယင်းက ရာခိုင်နှုန်း ပြည့်နေပြီးသော်လည်း စာရွက်ပေါ်မှ သီအိုရီကို လက်တွေ့ အသုံးချပါက ဖြစ်မြောက်လိမ့်မည်ဟု မဆိုလိုပါ။

သူ အောင်မြင်မှုမရခင်က ယင်းက နည်းပညာအတွက် သူ၏ စွမ်းရည်ကို အဆင့်မြှင့်ရန် လိုအပ်နေမည်ကို သူ စိုးထိတ်နေသည်။

ထို့ကြောင့် သူသည် ဉာဏ်ရည်မြင့်စနစ်များ၏ အစိတ်အပိုင်း အနည်းငယ်ကို ဒီဇိုင်းဆွဲခြင်းဖြင့်သာ စတင်ရန် စီစဉ်ခဲ့သည်။ သူသည် အန္တရာယ်ကို အလိုအလျောက် သတိပြုမိနိုင်သည့် လုပ်ငန်းကို သူ ပထမဆုံး ထည့်ခဲ့သည်။

“ဝူး”

ထိုစဉ် စက်ကို နှိုးလာပြီး ကားက ရှေ့သို့ ဖြည်းဖြည်းချင်း မောင်းလာသည်။ လမ်းတွင် အတားအဆီးတစ်ခုက ရုတ်တရက် ပေါ်လာသည်။ အံ့ဩစရာ ကောင်းလောက်အောင်ပင် ရွေ့နေသော ကားက စက္ကန့်ပိုင်းအတွင်း သူ့ဘာသာသူ ရပ်သွားလေသည်။

ထိုသို့သော သက်ရောက်မှုသည် ဂရုမစိုက်သော ယာဉ်မောင်း သို့မဟုတ် မထင်မှတ်ထားသော အဖြစ်အပျက်များကြောင့် ဖြစ်ပေါ်လာမည့် မတော်တဆမှု အရေအတွက်ကို လျှော့ချနိုင်ပေလိမ့်မည်။

ထို့နောက် ဒုတိယအကြိမ် စမ်းသပ်မှုကို ပြုလုပ်လေသည်။

ယခုတစ်ခေါက်၌ ကား၏ အရှိန်က ပို၍ မြန်လာသည်။ အကွာအဝေးကလည်း ပို၍ ရှည်လျားလာ၏။ အတားအဆီး ပေါ်လာသောအခါ ကားတာယာများမှ နားကွဲမတတ် ပွတ်ဆွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် စနစ်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားပြီး အတားအဆီးအား ဝင်တိုက်လေတော့သည်။

“ဥက္ကဋ္ဌရဲ့၊ ကျွန်မတို့ ဒါကို အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးပါပြီ၊ အရှိန်က 50 mph ထပ်နည်းမှပဲ ဒီစနစ်က အလုပ်လုပ်ပါတယ်၊ အဲ့အရှိန်ထပ် ကျော်သွားရင် ရပ်အောင် လုပ်ဖို့ အရမ်း ခက်ခဲသွားပါပြီ”

အိုးရန်ချင်းက ကူကယ်ရာမဲ့စွာ ရှင်းပြလေသည်။

သူမတို့ အဖြေပေါင်းများစွာကို စဉ်းစားခဲ့သော်လည်း မည်သို့သော တိုးတက်မှုမျိုးကိုမှ မလုပ်နိုင်ခဲ့ပေ။

ဘာမှပြောင်းလဲမှုမရှိလျင် စနစ်က အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။ လူအများအား အရှိန်နှေးနှေးဖြင့် မောင်းခိုင်းရန်က မဖြစ်နိုင်ချေ။

“ငါတို့ရဲ့ လက်ရှိ နည်းပညာနဲ့ဆိုရင် အပြည့်အဝ ရှောင်တိမ်းနိုင်နှုန်းရဖို့က မဖြစ်နိုင်လုနီးပါးပဲ”

ရဲ့လင်းချန်က နှာခေါင်းပွတ်နေပြီး ထိုအချက်ကြောင့် ယိမ်းယိုင်သွားခြင်း မရှိပေ။

“မင်းက နားလည်မှုလွဲနေပြီ၊ ဒီလို အခြေအနေမျိုးကို မင်းတို့ စဉ်းစားနေစရာ မလိုပါဘူး၊ ဘယ်လို နည်းပညာပဲ ဖြစ်ဖြစ်၊ မမျှော်လင့်ထားတဲ့ အရာတစ်ခုကို ရှောင်ဖို့ မဖြစ်နိုင်ဘူး”

“ငါတို့ လုပ်ဖို့လိုတာဆိုလို့ သာမန်ကားမောင်းနေတဲ့ အခြေအနေမျိုးမှာ ဖြစ်တဲ့ မတော်တဆမှုတွေကို ရှောင်ရှားဖို့ပဲ”

လမ်းပေါ်မှ တစ်စုံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပါက အထူးသဖြင့် အဝေးပြေးလမ်းမ၌ ကားမောင်း နေချိန်တွင် တစ်ခုခုက ထွက်လာပါက ဘုရားတောင်မှ သူတို့ကို ရှောင်တိမ်းရန် ကူညီနိုင်မည် မဟုတ်ပါ။ ယင်းက လက်တွေ့မကျချေ။

“အနောက်က အစီအစဉ်တွေကို ငါ့ကို ပြပါဦး၊ တစ်ချက် ကြည့်ကြည့်ဦးမယ်”

ရဲ့လင်းချန် ညွှန်ကြားလိုက်သည်။

သူသည် အစီအစဉ်များကို တစ်ချက်ကြည့်၍ ပြောင်းလဲမှုအချို့ ပြုလုပ်လိုက်သည်။

“အဝေးပြေးလမ်းပေါ်က အမြင့်ဆုံး အရှိန် ကန့်သတ်ချက်က 120 mph ပဲ၊ ငါတို့က ကန့်သတ်ချက်ကို 130 mph ထားလိုက်မယ်၊ ဒီအရှိန်ကို စံသတ်မှတ်ချက်လို့ သတ်မှတ်ပြီးတော့ ဘေးကင်းမယ့် ဘရိတ် အကွာအဝေးအတွက် အမြင့်ဆုံး အကွာအဝေးကို ပြန်ညှိလိုက်”

ဘေးကင်းမည့် ဘရိတ် အကွာအဝေးဆိုသည်မှာ ယာဉ်မောင်းဖြစ်သူအား ကားအရှေ့မှ အရာကို ဝင်မတိုက်မိဘဲ အန္တရာယ်ကင်းနိုင်မည့် ဘရိတ်ဆွဲနိုင်မည့် အကွာအဝေးကို ဆိုလိုခြင်း ဖြစ်သည်။

ထိုအကွာအဝေးအတွင်း ယာဉ်မောင်းဖြစ်သူက ဘရိတ်ကို မဖမ်းနိုင်လျင် ကားက အလိုအလျောက် အရှိန်ကို လျှော့ပေးမည် ဖြစ်သည်။

“130 mph နဲ့ စမ်းကြည့်”

ရဲ့လင်းချန်က ညွှန်ကြားလိုက်သည်။

“ဝူး”

ကားအား အတားအဆီး ချထားသည့် နေရာနှင့် ခပ်ဝေးဝေးမှ ပြန်မောင်းလာသည်။

130 mph တွင် ကားအား ခပ်ဝါးဝါးသာ မြင်ရတော့သည်။ ထို့နောက်တွင် အခြား ဘာတိုင်းတာမှုမှ မရှိဘဲ ကားက အလိုလို အရှိန်လျော့သွားပြီး အတားအဆီး မရောက်ခင် မီတာဝက်အလို၌ ရပ်သွားလေသည်။

“ဒါဆို အဆင်ပြေပြီ”

အိုးရန်ချင်း ပြုံးလိုက်သည်။ သူတို့သည် မလုပ်မနေ လုပ်ရမည့် ဘေးကင်းမှု အချက်ကို ထည့်ထားခြင်း ဖြစ်သော်လည်း ထိုအချက်ကို ကောင်းကောင်း လက်ခံလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။ အချို့သော အခြေအနေများ၌ ထိုအချက်က အသက်များကို ကယ်နိုင်ပေသည်။

ကားမောင်းနေစဉ် အတောအတွင်း အချိန်ပြည့် သတိအပြည့်နှင့် နေနိုင်မည်ဟု မည်သူမှ အာမမခံနိုင်ပါ။ လူတစ်ယောက်က လမ်းသွားလမ်းလာ သို့မဟုတ် ကားတစ်စိးကို မမြင်လိုက်ပါက မတော်တဆမှု အကြီးစား ဖြစ်လာလောက်သည်။

“ဒါက မလုံလောက်ဘူး”

ရဲ့လင်းချန်က ခေါင်းခါသည်။

“လမ်းပေါ်က အခြေအနေက ခန့်မှန်းမရဘူး၊ အများစု တိုက်မိတာက အရာဝတ္ထုတွေ မဟုတ်ဘူး၊ သွားနေတဲ့ ကားတွေပဲ၊ ငါတို့ ဒီအချက်အပေါ် တိုးတက်မှုတွေ ထပ်ထည့်ဖို့ လိုအပ်တယ်”

ဤနည်းပညာသာ တိုးတက်လာပါက လူတော်တော်များများက ဝမ်းသာကြပေလိမ့်မည်။ မည်သည့် သာမန်လူမဆို သူတို့၏ ဘေးကင်းမှုကိုသာ ပထမဦးစားပေး ထားမည် ဖြစ်ပြီး ဤစနစ်အား သူတို့ကား၌ တပ်ဆင်မည် ဖြစ်သည်။

ထိုအချိန် ရောက်လာလျင် သူသည် ပိုက်ဆံ ရလာမည်ဖြစ်ပြီး ရေပန်းစားမှုအမှတ်များစွာ ရနိုင်ပေဦးမည်။ ကောင်းလိုက်သည့် အဖြစ်ပင်။

ရဲ့လင်းချန်သည် စိတ်ထဲမှနေ၍ အောင်ပွဲခံနေလေသည်။

မကြာခင်မှာပင် အိုးရန်ချင်းသည် ပရောဂျက်များအား စီမံခန့်ခွဲကာ ချက်ချင်း အစည်းအဝေးစ၍ ဖြစ်နိုင်သော အခြေအနေများကို ဖြတ်ကျော်နိုင်ရန်နှင့် ၎င်းတို့အား တားဆီးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးလေသည်။ ထိုအခိုက်တွင် ရဲ့လင်းချန်သည် ဖုန်းထုတ်၍ ရေပန်းစားနေသော သတင်းကို စကြည့်နေသည်။

ထိုအတောအတွင်း အိုးရန်ချင်းက ရဲ့လင်းချန်အား မကြာခဏ စိုက်ကြည့်လေသည်။ သို့သော် သူက သူဌေး ဖြစ်နေသဖြင့် သူမ ဘာမှမတတ်နိုင်ချေ။

ရဲ့လင်းချန်သည် ဖုန်းကိုကြည့်ပြီး မျက်မှောင်ကြုတ်မိသွားသည်။ ယနေ့မနက်က သူ ဖတ်ခဲ့သော ကိုရီးယားနိုင်ငံနှင့် ပတ်သက်သည့် သတင်းက ပို၍ ပြင်းထန်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။

ကင်ဟျွန်းမင်သည် အနုပညာရှင် ကန့်သတ်ချက် အမိန့်နှင့်အတူ ကိုရီးယားနိုင်ငံသို့ ပြန်လာပြီးနောက် ကင်ဟျွန်းမင်၏ အနုပညာ ကုမ္ပဏီမှ နိုင်ငံတွင်း နာမည်ကြီး အနုပညာရှင်အချို့က ကင်ဟျွန်းမင်၏ မမျှမတ ဆက်ဆံခံရမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ကို အတူတူ ထုတ်ပြန်ကြလေသည်။

ယင်းအား ကိုရီးယားနိုင်ငံ၏ မီဒီယာက မီးလောင်ရာ လေပင့်လိုက်သောအခါ မီးစက ပို၍ ကြီးထွားလာသည်။ ကိုရီးယားနိုင်ငံ၏ ပရိသတ်များက ချက်ချင်း ဒေါသူပုန်ထလာကြကာ အချိန် ကြာလာသည်နှင့်အမျှ ပိုပို၍ ဆိုးရွားလာသည်။ ကိုရီးယားနိုင်ငံ၏ အနုပညာရှင်က မတရား ဆက်ဆံခံရသည့် အဖြစ်က ချက်ချင်း နိုင်ငံတွင်း ခေါင်းစီးများ၌ ပါလာသည်။ ထို့နောက် ယင်းက ပြည်ပသို့ ပျံ့နှံ့သွားသည်။

ထို့အပြင် နတ်ဆေးဆရာဝိုင်၏ ခွေးရူးပြန် ရောဂါကုသဆေးက နိုင်ငံတကာ ဆေးအဖွဲ့အစည်း၏ အသိအမှတ် ပြုခြင်း ခံလိုက်ရသောကြောင့် ကိုရီးယားလူမျိုးများ ပိုမို၍ ဗျာများလာကြသည်။

[လူတိုင်း မျှမျှတတ ဆက်ဆံခံရသင့်တယ်၊ ဘာလို့ မင်းက ငါတို့ကို ခွေးရူးပြန် ရောဂါ ကုသဆေး မပေးရတာလဲ၊ ငါတို့ လက်မခံနိုင်ဘူး၊ ငါတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်]

[ဒါ အရမ်း ယုတ်မာတယ်၊ ဒါ အနိုင်ကျင့်တာပဲ၊ မင်းတို့က နောက်ကွယ်မှာ အကွက်ချရုံတင် မကဘူး၊ ဆေးလောကမှာပါ ကန့်ကွက်နေတာလား]

[ခွေးရူးပြန် ရောဂါ ကုသဆေးက ငါတို့နိုင်ငံရဲ့ အမွေအနှစ်ပဲ၊ အဲ့ဒါကို ငါတို့နိုင်ငံက ပိုင်တာ၊ သူခိုးတွေ]

[ငါတို့နိုင်ငံက ကမ္ဘာ့ ခွေးရူးပြန်ရောဂါ အဖြစ်များတဲ့ ထိပ်တန်း ဆယ်နိုင်ငံထဲမှာ ပါတယ်၊ နတ်ဆေးဆရာဝိုင် မင်းက လူသတ်သမားပဲ၊ မင်းက သွေးအေးလူသတ်သမား]

[တရားမျှတမှု မရှိဘူး၊ တစ်လောကလုံး ဆုံးဖြတ်ပေးတာကို ငါတို့ လိုချင်တယ်]

…

ရဲ့လင်းချန် ခနဲ့သံ ပြုလိုက်မိသည်။ ထိုလူများက ပိုမို၍ ဗျာများလာကြလေသည်။ နတ်ဆေးဆရာဝိုင်က ဆုံးဖြတ်ချက် ပြတ်သားသည်ကို မြင်ပြီးနောက် သူတို့သည် အမှန်ကို အမှားလုပ်၍ တစ်လောကလုံး၏ ကရုဏာသက်ခြင်းကို ရအောင်ယူ၍ သူတို့၏ ပန်းတိုင်ကို ရောက်ရန် လုပ်ဆောင်နေကြသည်။

*နောင်တ မရတဲ့ လူတွေပါလား၊ အမှားကို ဝန်ခံဖို့ အဲ့လောက်တောင် ခက်တာလား၊ အခု မင်းတို့က မသမာတဲ့ နည်းတွေကို သုံးဖို့ ကြိုးစားနေပြီပေါ့လေ၊ ဟာသပဲ*

ထို့အပြင် သတင်းက လျင်မြန်စွာ ပျံ့နှံ့နေသဖြင့် ကမ္ဘာ့သတင်း ဖြစ်လာရန် အလားအလာ ရှိလေသည်။

အိုးရန်ချင်းသည် နောက်ဆုံး၌ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ အနားသို့ တိုး၍ ကြည့်လာသည်။ သူမ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဒီအချက်အလက်တွေက မူမမှန်ဘူး”

“ကျွန်တော် ဒီမနက်ကတည်းက သတိထားမိတယ်၊ နိုင်ငံခြား IP တွေ အများကြီး ဝင်လာတာ၊ အများစုက ကိုရီးယားနိုင်ငံက”

ဝမ်ရုံနည်းပညာ၏ ဝန်ထမ်းတစ်ယောက်က ဝင်ပြောလာသည်။ သူတို့အားလုံးသည် အင်တာနက် ကျွမ်းကျင်သူများ ဖြစ်လေသည်။

“အရေအတွက်က မနက်ကထက် ပိုများလာတယ်၊ အခု IP တစ်သိန်း ကျော်သွားပြီ၊ ကြောက်ဖို့ကောင်းတယ်”

ကွန်ပျူတာရှေ့၌ ထိုင်နေသော လူတစ်ယောက်က လေးနက်သော မျက်နှာအမူအရာနှင့် ပြောလာသည်။

“ကြုံရာ IP တွေ အများကြီး ဖြစ်နေတာဆိုတော့ တစ်ခုခု မှားနေတာ သေချာတယ်”

အိုးရန်ချင်းက ပြောသည်။ ထို့နောက် သူက ရဲ့လင်းချန်ကို ကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဥက္ကဋ္ဌရဲ့၊ အခုချိန်ကစပြီး ရှင် သတိထားဖို့ လိုလိမ့်မယ်၊ ကိုရီးယားနိုင်ငံက လူတွေက အခု ရှင့်ကို ပြင်းပြင်းပြပြ မုန်းနေတာ၊ သူတို့ ရှင့်အသက်ကို လာယူလောက်တယ်”

…

All Chapters