← Chapters

ရေက ပန်းပွင့်ကြားထဲမှာ စီးဆင်းနေဆဲ

Vol. 74 Ch. 1145

ရေက ပန်းပွင့်ကြားထဲမှာ စီးဆင်းနေဆဲ

Vol. 74 Ch. 1145

နန်းဟွမ်ကုန်းမြေ… နွေဦးရာသီအချိန်…

အမှောင်တိမ်တိုက်များသည် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည်။

နေ့လယ်ခင်းသာ ရှိသေးသော်လည်း အမှောင်တိမ်တိုက်များသည် ကောင်းကင်ယံမှာ ထူထဲစွာ စုဝေးရှိနေကြသည်။ ယင်းတို့က အဆုံးမဲ့စွာ တည်ရှိနေပြီး ယင်းတို့၏ အကျယ်အဝန်းသည် အလွန်ကြီးမားသည်။ ဤသည်မှာ တိမ်တိုက်များက ကောင်းကင်တစ်ခွင် အပြည့်လွှမ်းခြုံထားပြီး နေရောင်ခြည်ကို ဖုံးကွယ်ချင်နေဟန် ရသည်။

အေးစက်မှုသည် မြေပြင်ကို ဖုံးလွှမ်းသွားပြီး လူသားလောကကို မှောင်မည်းသွားစေသည်။ နွေဦးသည် အသက်ဓာတ်ဖြင့် ပြည်နှက်နေသော ဥတုတစ်မျိုးဖြစ်သော်လည်း ဤနေရာမှာ မည်သည့်အသက်ဓာတ်မှ မရှိပေ။ ထိုအချက်အားလုံးက ဖိနှိပ်သော စိတ်ခံစားမှုကို ဖြစ်ပေါ်စေပြီး ရှေးဟောင်းမြို့တစ်မြို့ကို လွှမ်းခြုံသွားသည်။

ထိုမြို့သည် အချိန်အတော်ကြာ တည်ရှိနေခဲ့ခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ရှေးဟောင်းစာအုပ်များကို ပြန်လည်လှန်လှောမည်ဆိုလျှင် ဤမြို့ထဲမှာ ကျစ်လွီဆဲ့တိုင်းပြည် တည်ရှိခဲ့သောခေတ်နှင့် ပတ်သက်သော ခြေရာလက်ရာများကို ရှာဖွေနိုင်လိမ့်မည်။

မှန်ပေသည်။ ယင်းက သမိုင်းကြောင်းထဲမှာ မြှုပ်နှံခံလိုက်ရသော ကျစ်လွီဆဲ့တိုင်းပြည်ကို ဆိုလိုခြင်းမဟုတ်ပေ။ ယင်းအစား နန်းဟွမ်ကုန်းမြေမှ ကျစ်လွီဆဲ့ဒေသငယ်ကို ဆိုလိုခြင်း ဖြစ်သည်။

ဒဏ္ဍာရီအရ နန်းဟွမ်ကုန်းမြေ၏ ကျစ်လွီဆဲ့ဒေသငယ်ကို အတိတ်တုန်းက လျှို့ဝှက်ဆန်းကြယ်သော ကျစ်လွီဆဲ့တိုင်းပြည်မှ နောင်သားမျိုးဆက်များ၏ ဌာနခွဲတစ်ခုက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုဒေသငယ်သည် ကျိန်စာသင့်နေသည့်အလား အဖြစ်ဆိုးများဖြင့် ကြုံတွေ့ခဲ့သည်။ ဤသည်မှာ ‘ ကျစ်လွီဆဲ့ ’ဟူသော နာမည်ကို ဤလောကထဲမှာ တည်ရှိခွင့်မပြုဟန် ရသည်။

ထို့ကြောင့် နန်းဟွမ်ကုန်းမြေမှ ကျစ်လွီဆဲ့ဒေသငယ်သည် အချိန်ကြာရှည်စွာ မတည်မြဲခဲ့ပေ။ ယင်းက အတွင်းရေးပဋိပက္ခများဖြင့် ရင်ဆိုင်ခဲ့ရပြီး ရှေးဟောင်းမိသားစုကြီးရှစ်ခု၏ ဖြုတ်ချခြင်းခံလိုက်ရသည်။

သို့ဖြစ်၍ ခရမ်းနယ်မြေဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ မြို့သည် နှစ်ပေါင်းများစွာကြာအောင် တည်တံ့နေခဲ့သော်လည်း ရှေးရိုးစွဲအမူအကျင့်များကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။ မြို့ထဲတွင် လမ်းသွားလမ်းလာများ အလွန်နည်းပါးသည်။ ဤခရမ်းနယ်မြေထဲတွင် ရာထူးဂုဏ်သိမ်ကို အထူးအလေးထားသည်။ သို့ဖြစ်၍ မြို့ထဲမှ လူအများအပြား၏ တန်ဖိုးသည် တိရိစ္ဆာန်များနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။

ဤသည်မှာ လောက၏ စည်းမျဉ်းဖြစ်ပြီး ပြောင်းလဲပစ်ရန် အလွန်ခက်ခဲသည်။ အကယ်၍ အတင်းအကျပ် ပြောင်းလဲပစ်မည်ဆိုလျှင်ပင် တူညီသော ကိစ္စမျိုးက ထပ်မံ ဖြစ်ပွားနိုင်သေးပေသည်။

မည်သို့ဖြစ်ပါစေ လူ့အဖွဲ့အစည်းတွင် ခေါင်းပုံဖြတ်ခြင်းနှင့် ဖိနှိပ်ခြင်းသည် မကြာခဏ ဖြစ်ပွားတတ်သောအရာ ဖြစ်၏။

ရွှီချင်းသည် ခရမ်းနယ်မြေ၏ လမ်းသွယ်တစ်ခုပေါ်မှာ တိတ်တဆိတ် လျှောက်နေသည်။ သူက ရှေးခေတ်အဆောက်အဦးများကို ဖြတ်ကျော်သွားနေရင်း မြို့တော်နှင့် ဤနေရာမှ လူနေမှုဘဝကို လေ့လာကြည့်ရှုလိုက်သည်။ လေသည် အရှေ့အရပ်မှ တိုက်ခတ်လာနေပြီး သူ၏ ဆံပင်ကို တဖျပ်ဖျပ်လှုပ်ခတ်သွားစေသည်။

မြို့ထဲတွင် သူ၏ မိတ်ဆွေဟောင်းများရှိသည်။

မြို့ထဲတွင် သူ၏ ဆရာရှိသည်။

ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို မြို့ထဲသို့ ဖြန့်ကြက်လိုက်သည့်အခါ သူ၏ မိတ်ဆွေဟောင်းများက အဆင်ပြေစွာ ရှိနေကြကြောင်း သူမြင်သွားသည်။ ယင်းက သူ့အတွက် လုံလောက်ပေသည်။

သူ၏ ဆရာသည်တော့…

ရွှီချင်းသည် သူ၏ ဘေးမှ ပန်းရောင်းနေသော ဈေးဆိုင်ကို ကြည့်လိုက်သည်။ သုဿန်နားမှ ဈေးဆိုင်အများစုသည် သေဆုံးပြီးသွားသော လူများအတွက် ပေးလှူသော ပစ္စည်းများကိုသာ အဓိက ရောင်းချကြသည်။ ပန်းဆိုင်၏ ဆိုင်ရှင်သည် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ ရွှီချင်းကို သတိထားမိသွားသောအခါ သူက ဖော်လံဖားသော အပြုံးကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

ရွှီချင်း၏ သပ်ရပ်သော အဝတ်အစားနှင့် ချောမောခန့်ညားသော မျက်နှာကြောင့် ထိုကောင်လေးက ဆူဖြိုးသော သိုးကြီးတစ်ကောင်ဖြစ်ကြောင်း ဆိုင်ရှင်အား ချက်ချင်း နားလည်သွားစေသည်။ သို့သော်လည်း သူ၏ ခန့်မှန်းမှုအရ တစ်ဖက်လူသည် မိသားစုကြီးရှစ်ခုထဲမှ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်၏ သားဖြစ်နိုင်ပေသည်။

သူက ထိုသို့လူမျိုးကို မလှည့်စားဝံ့ပေ။

ရွှီချင်းသည် ပန်းဆိုင်ထဲသို့ ဝင်သွားပြီး တတိုင်းမွှေးပန်းတစ်စည်းကို ဝယ်လိုက်သည်။ ထို့နောက် သူက သုဿန်ထဲသို့ လျှောက်ဝင်သွားပြီး ဆရာသခင်ပိုင်၏ အုတ်ဂူရှေ့မှာ ရပ်လိုက်သည်။

အုတ်ဂူပေါ်မှာ တင်ထားသော လတ်လတ်ဆတ်ဆတ် ပန်းများကို မြင်သွားသောအခါ ရွှီချင်း၏ အကြည့်သည် နူးညံ့လာသည်။ သူက လက်ထဲမှ ပန်းစည်းကို အုတ်ဂူပေါ်မှာ ညင်သာစွာ ချထားလိုက်ပြီး ဒူးထောက်လိုက်သည်။

“ ဆရာ… ငြိမ်းချမ်းစွာ အနားယူပါ ”

ရွှီချင်းသည် နူးညံ့စွာ တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

အနက်ရောင်တိမ်တိုက်များသည် ကောင်းကင်ပေါ်မှာ ရွေ့လျားနေပြီး အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ နေရောင်ခြည်သည် ထိုအက်ကွဲကြောင်းထဲမှ ဖြာဆင်းကျလာပြီး သုဿန်ပေါ်သို့ ထွန်းလင်းပေးလိုက်သည်။

ထိုအလင်းရောင်သည် နေဝင်ဆည်းဆာအလင်းနှင့် ဆင်တူပြီး လှပမှုကို ဖော်ပြနေသည်။ ယင်းက သုဿန်ပေါ်သို့ ကျဆင်းလာသည့်အခါ ဤနေရာကို ကပ်ဘေးနယ်မြေထဲမှ တစ်ခုတည်းသော မြင့်မြတ်ကုန်းမြေအဖြစ် ထင်မှတ်ရစေသည်။ နွေဦး၏ အငွေ့အသက်သည်လည်း ထိုထဲမှာ ပါဝင်သည်။

ကောင်းကင်ပေါ်မှ မြန်ဆန်စွာ ဆင်းသက်လာသော နေရောင်ခြည်သည် ခရမ်းနယ်မြေထဲမှ လူအများအပြား၏ စိတ်အာရုံကို ဖမ်းစားသွားသည်။

နတ်ဘုရားစိတ်အာရုံအများအပြားသည် သုဿန်ဆီသို့ ကျရောက်လာကြသည်။ သို့သော်လည်း ခရမ်းနယ်မြေမှ ကျင့်ကြံသူအားလုံး အံ့ဩသွားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သုဿန်ထဲမှ မည်သည့်မူမမှန်မှုကိုမှ ရှာမတွေ့ခဲ့ကြပေ။

ဆရာသခင်ပိုင်၏ အုတ်ဂူအရှေ့တွင်လည်း မည်သူမှ မရှိပေ။

တတိုင်းမွှေးပန်းများသည်သာ တိတ်တဆိတ် ဆက်လက် ပွင့်လန်းနေကြသည်။ ပန်းစကား ပန်းလောက၏ အဓိပ္ပာယ်အရဆိုလျှင် တတိုင်းမွှေးသည် နွေဦးရောက်ရှိလာမှုကို ကိုယ်စားပြုသည်။

ရွှီချင်းသည် သုဿန်ထဲမှ ထွက်ခွာသွားပြီးပြီ ဖြစ်သည်။

ဤလောကမှာ အချိန်သည် တစ်သမတ်တည်းရှိသော်လည်း နေရာဒေသပေါ်မူတည်၍ မတူညီသော ကောင်းကင်နှင့် မတူညီသော ဥတုများ ရှိသည်။

ဥပမာ ခရမ်းနယ်မြေ၌ နွေဦးစတင်ချိန်ဖြစ်သော်လည်း နန်းဟွမ်ကုန်းမြေ၏ အရှေ့ပိုင်းဒေသတွင် ဆောင်းဦးရာသီသို့ ရောက်ရှိနေသည်။

အေးစက်စက် လေသည် မြေပြင်ပေါ်တွင် ဓားသွားတစ်စင်းနှယ် ဖြတ်သန်းနေသည်။ ယင်းက လေထဲမှာ နှင်းပွင့်ချပ်များကို ထွက်ပေါ်လာစေပြီး အရိုးခိုက်ခိုက်တုန်စေသော အအေးဓာတ်ကို ဖြစ်ပေါ်စေသည်။

တောရိုင်းနယ်မြေထဲတွင် လှုပ်ရှားမှုကင်းမဲ့နေသော အရိပ်များကို မြင်တွေ့နိုင်ပေသည်။ ယင်းတို့က အေးခဲသေဆုံးနေကြသော အလောင်းများ ဖြစ်ကြသည်။

ရွှီချင်းက ဒေသကြီးတစ်ခု၏ အရှင်သခင်ဖြစ်လာသောကြောင့် ခေတ်သည် မပြောင်းလဲသွားပေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားမျက်နှာပျက်ကြီးက ကောင်းကင်ပေါ်မှာ ထာဝရတည်ရှိနေသောကြောင့် ဖြစ်သည်။

ရွှီချင်းသည် တိတ်တဆိတ် လျှောက်သွားပြီး အတိတ်တုန်းက ရတနာမုဆိုးစခန်းဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာသည် ယခင်အတိုင်း ဆက်လက် တည်ရှိနေသေးသော်လည်း သူ၏ မိတ်ဆွေဟောင်းအားလုံးသည် အခြေခံအားဖြင့် သေဆုံးသွားကြသည်။ ယင်းတို့က နောက်ရောက်လာသူများ၏ ပြန်လည်သိမ်းပိုက်ခံလိုက်ရသည်။ သူတို့သည် တားမြစ်ဇုန်နားမှ ခုနစ်ရွက်မြက်ပင်ဆီမှာ ဆက်လက် စုဝေးနေကြသည်။

ညစ်ပတ်မှု၊ ရှုပ်ပွမှု၊ အေးစက်မှုနှင့် သွေးလွှမ်းမှုသည် ဤနေရာ၏ အဓိက အနှစ်သာရများ ဖြစ်နေဆဲပင်။

ငှက်မွှေးရွက်ဖျင်တဲသည်ပင် တည်ရှိနေသေးသည်။

ရွှီချင်း၏ အကြည့်သည် ကောင်းကင်ပေါ်မှနေ၍ ရတနာမုဆိုးစခန်းပေါ်သို့ ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ သူက တားမြစ်ဇုန်ဆီသို့ ဝင်ရောက်သွားသည်။

သူက တားမြစ်ဇုန်ဆီသို့ ခြေချလိုက်သည်နှင့်ချက်ချင်း တားမြစ်ဇုန်တစ်ခုလုံးသည် ရုတ်တရက် တုန်ဟီးသွားသည်။ ဘေးပတ်ဝန်းကျင်မှ မြူခိုးသည် ချက်ချင်း သိပ်သည်းလာပြီး အပြင်းအထန် လှုပ်ရှားထကြွလာသည်။ အနီရောင်လျှပ်စီးသွားများသည် တိမ်တိုက်များကြားထဲမှာ လင်းလင်းသွားသည်။

တားမြစ်ဇုန်ထဲမှ သစ်ပင်များနှင့် သားရိုင်းကောင်အားလုံးသည် တုန်ယင်နေကြသည်။

ထိုသို့ ကြီးမားသော အပြောင်းအလဲက အပြင်ဘက်မှ ရတနာမုဆိုးများ၏ စိတ်အာရုံကို ဆွဲဆာင်သွားသည်။ သူတို့က ကြောက်လန့်တုန်လှုပ်နေကြစဉ် တားမြစ်ဇုန်၏ အနက်ပိုင်းထဲမှ ဟိန်းဟောက်သံများသည် ပိုပြီးကျယ်လောင်လာသည်။

ထိုဟိန်းဟောက်သံသည် သားရိုင်းကောင်များ၏ အကူအညီမဲ့သော အော်သံနှင့် တူညီသည်။ ဤသည်မှာ ၎င်းတို့က သဘာဝရန်သူနှင့် ရင်ဆိုင်နေရသည့်အလား ဆက်တိုက် အနောက်ဆုတ်ပေးနေရသည်။

စူးရှပြီး ထက်ရှသော ဇီသာအသံသည်လည်း ထွက်ပေါ်လာသည်။ ဤသည်မှာ ၎င်းက ရွှီချင်းအား တားမြစ်ဇုန်၏ အနက်ပိုင်းထဲသို့ မဝင်ရောက်နိုင်အောင် ရပ်တန့်ချင်သည့်အလားပင်။ သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်၏။

ရွှီချင်း၏ အမူအရာသည် လုံးဝမပြောင်းလဲသွားပေ။ သူ၏ ခြေလှမ်းတိုင်းက လေးလံသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း တားမြစ်ဇုန်တစ်ခုလုံး လှုပ်ခါသွားပြီး ဝုန်းခနဲ မြည်ဟိန်းသွားသည်။ မကြာမီ တားမြစ်ဇုန်ထဲမှ သားရိုင်းကောင်အားလုံးသည် ဝမ်းလျားမှောက်လိုက်ကြသည်။

ဇီသာအသံသည်သာ ကျန်ရှိတော့သည်။ သို့သော်လည်း ယင်းက ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

ရွှီချင်းသည်တော့ ဇီသာအသံကို ငြီးငွေ့လာသည်။ ထို့ကြောင့် သူက တားမြစ်ဇုန်၏ အနက်ပိုင်းထဲသို့ အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ နားညည်းလိုက်တာ ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း သူ၏ ခြေဖဝါးအောက်မှ အရိပ်လေးသည် ချက်ချင်း ပြန့်ပွားထွက်လာသည်။ လောဘရမ္မက်နှင့် တဂျွတ်ဂျွတ် ဝါးစားသံသည် ဇီသာအသံနှင့် အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ချက်ချင်း ပျံသန်းထွက်လာပြီး လေထဲမှာ မျောလွင့်နေသည်။ ၎င်း၏ ထိပ်ဖျားက တားမြစ်ဇုန်ဘက်သို့ မျက်နှာမူထားသည်။ ဤသည်မှာ ရွှီချင်းသာ အမိန့်ပေးမည်ဆိုလျှင် ၎င်းက တားမြစ်ဇုန်ကို အပေါက်တစ်ထောင်ဖြစ်အောင် ထိုးဖောက်ပစ်တော့မည့်အလားပင်။

ထိုအခါ ဇီသာအသံသည် ရုတ်တရက် ရပ်တန့်သွားသည်။

ပန်းပင်များနှင့် သစ်ပင်များသည် ရွှီချင်း၏ အရှေ့မှာ ခွဲထွက်သွားကြသည်။ သစ်ပင်များသည် ၎င်းတို့၏ အမြစ်များကို မြေကြီးထဲမှ ဆွဲနုတ်လိုက်ကြပြီး ဘေးဘက်သို့ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ မကြာမီ ဖြောင့်တန်းသော လမ်းကြောင်းတစ်ခုသည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ထိုလမ်းကြောင်း၏ အရှေ့တွင် တုန်ယင်နေသော သစ်ပင်တစ်ပင် ရှိသည်။ ထိုသစ်ပင်၏ အရှေ့တွင် သီးခြားတည်ရှိနေသော အုတ်ဂူတစ်ခုရှိသည်။

ရွှီချင်းသည် တည်ငြိမ်စွာ ဆက်လျှောက်သွားပြီး သီးခြားတည်ရှိနေသော ထိုအုတ်ဂူ၏ အရှေ့သို့ ရောက်ရှိသွားသည်။ ထို့နောက် သူက သစ်ပင်ကို ကျောပေး၍ ထိုင်ချလိုက်သည်။

သေရည်တစ်အိုးသည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်ငုံသောက်လိုက်ပြီး အုတ်ဂူပေါ်သို့ အနည်းငယ် လောင်းချပေးလိုက်သည်။

သူက မည်သည့်စကားမှ မပြောပေ။ အမှန်မှာ မည်သည့်စကားမှ ပြောနေရန် မလိုအပ်ပေ။ ဤနေရာမှာ ထိုင်ချလိုက်သည့်အခိုက် ရွှီချင်း၏ နှလုံးသည် တည်ငြိမ်လာသည်။ ခေါင်းဆောင်လဲ့က သူ၏ အရှေ့မှာ ထွက်ပေါ်လာပြီး သူနှင့်အတူ သေရည်သောက်နေကာ ကောင်းကင်ကို ကြည့်ရှုနေသည်ဟု ဝေဝေဝါးဝါး သူခံစားမိသည်။

ယင်းက ကောင်းကင်ပေါ်မှာ နေမဝင်သွားခင်အထိ ကြာမြင့်ခဲ့သည်။

ရွှီချင်းက နူးညံ့စွာ စကားပြောလိုက်သည့်အခါ သူ၏ အသံက အက်ရှနေသည်။

“ ခေါင်းဆောင်လဲ့… ကောင်းကင်ကံကြမ္မာပန်းကို ငါရှာတွေ့ခဲ့တယ်… ”

ထိုစကားထဲမှာ အတိတ်ကို လွမ်းဆွတ်ခြင်း၊ နောင်တရမှု၊ ဖော်မပြနိုင်သော အတွေးများနှင့် အကူအညီမဲ့မှုတို့ ပါရှိသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် နူးညံ့စွာ သက်ပြင်းချလိုက်ပြီး သေရည်အိုးထဲမှ သေရည်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

နေဝင်သွားပြီဖြစ်သည်။

တောက်ပသော ဖိုးလမင်းသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

လရောင်ခြည်အောက်မှာ ရွှီချင်းသည် အုတ်ဂူကို အရိုအသေပေးလိုက်သည်။ ထိုနောက် သူက မတ်တတ်ရပ်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။ သူ့အနောက်မှ ပန်းပင်များနှင့် သစ်ပင်များသည် မူလနေရာသို့ ပြန်ရောက်လာကြပြီး အုတ်ဂူကို ဖုံးလွှမ်းလိုက်ကြသည်။

လေနှင့်အတူ ရွှီချင်း၏ အသံက တားမြစ်ဇုန်ထဲမှာ ပျံ့လွင့်သွားသည်။

“ ငါမင်းကို မသတ်ဘူး… ဒါပေမဲ့ မင်း ဒီနေရာကို ကောင်းကောင်းမွန်မွန် ကာကွယ်စောင့်ရှောက်ပေးရမယ် ”

ရွှီချင်း၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ ဝေဝါးသော ပုံရိပ်တစ်ခုသည် အုတ်ဂူ၏ ဘေးမှာ ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် ခေါင်းဆောင်လဲ့၏ ယခင်ချစ်သူမဟုတ်ပေ။ ယင်းအစား အဖွားအိုတစ်ယောက်ဖြစ်သည်။ အနီးကပ်သေချာကြည့်မည်ဆိုလျှင် သူ၏ လက်ထဲမှာ ပျက်စီးနေသော ဇီသာတူရိယာကို ကိုင်ဆောင်ထားကြောင်း မြင်နိုင်လိမ့်မည်။

သူက ဤတားမြစ်ဇုန်၏ အရှင်သခင်ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက ရွှီချင်း၏ နောက်ကျောကို စိုက်ကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းငုံ့လိုက်ကာ အမိန့်နာခံရန် ရွေးချယ်လိုက်သည်။

လရောင်အောက်မှာ ရွှီချင်းသည် ကောင်းကင်ပေါ်သို့ လျှောက်သွားသည်။ လရောင်သည် စင်ကြယ်ပြီး ထွန်းလင်းတောက်ပသည်။ သို့သော်လည်း ရွှီချင်း၏ ဘေးတွင် ခရမ်းရောင် ရောင်ခြည်စက်ဝန်းတစ်ခု ထွက်ပေါ်နေသည်။

ခရမ်းရောင်လရောင်ခြည်မှ ဖြစ်ပေါ်လာသော ရောင်ခြည်စက်ဝန်းက အမှောင်ထုထဲမှာ ရွှီချင်း၏ ပုံရိပ်ကို နတ်ဘုရားတစ်ပါးအလား အောက်မေ့ရစေသည်။ သူက ကောင်းကင်ပေါ်မှာ လမ်းလျှောက်နေရင်း နန်းဟွမ်ကုန်းမြေ၏ တစ်ခုတည်းသော တားမြစ်ဒေသကြီးဆီသို့ ရောက်ရှိသွားသည်။ ဤသည်မှာ ရွှီချင်းမြင်ဖူးသမျှထဲမှာ အကြီးမားဆုံး တားမြစ်ဒေသကြီးဖြစ်သည်။

ဖီးနစ်တားမြစ်ဒေသကြီး…

ဖီးနစ်တားမြစ်ဒေသကြီးသည် အလွန်ကြီးမားသောကြောင့် နန်းဟွမ်ကုန်းမြေ၏ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားသည်။ အမှန်မှာ အကယ်၍ မီးတောက်ဖီးနစ်သာ ဆန္ဒရှိမည်ဆိုလျှင် ၎င်းက နန်းဟွမ်ကုန်းမြေတစ်ခုလုံးကို အလွယ်တကူ ဖုံးလွှမ်းပစ်နိုင်သည်။

ထိုမျှကြီးမားသော တားမြစ်ဒေသကြီးသည် ထူးဆန်းသော မျိုးနွယ်စုတချို့ကို မွေးထုတ်ပေးနိုင်သည်။ သို့သော်လည်း တားမြစ်ဒေသကြီးထဲမှာ မျိုးနွယ်စုမည်မျှရှိကြောင်း မည်သူမှ မသိကြပေ။

ထိုမျိုးနွယ်စုများသည် မီးတောက်ဖီးနစ်၏ အမိန့်ကို နာခံသောကြောင့် အပြင်လူများကို အန္တရာယ်မပေးကြသလို မည်သည့်အခါမှ အရင်ဦးစွာ မတိုက်ခိုက်ကြပေ။ သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့ကို ရန်ပြုလာမည်ဆိုလျှင် ငြိမ်ခံနေလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့်ပင် ဖီးနစ်တားမြစ်ဒေသကြီးက မည်မျှကြောက်စရာကောင်းကြောင်း ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုအများအပြား၏ သမိုင်းမှတ်တမ်းများထဲတွင် မှတ်တမ်းတင်ထားရခြင်း ဖြစ်သည်။ ဖီးနစ်တားမြစ်ဒေသကြီး၏ အရှင်သခင်သည် မီးတောက်ဖီးနစ်ဖြစ်ပြီး ၎င်းကို နန်းဟွမ်ဟု ခေါ်ဆိုကြသည်။

မီးတောက်ဖီးနစ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးခေတ်မှ သက်ရှိတစ်ကောင်ဖြစ်သည်။ ၎င်းက အလွန်ရှားပါးပြီး ကြင်နာတတ်သော အကျင့်စရိုက်ရှိသည့် တည်ရှိမှုတစ်ခုဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်းသည် ဖီးနစ်တားမြစ်ဒေသကြီး၏ အစွန်အဖျားသို့ ရောက်ရှိသွားသည်။ လရောင်အောက်မှာ သူက အမှန်တရားတောင်တန်းဒေသထဲမှ တောင်ထွတ်တစ်ခုပေါ်တွင် မတ်တတ်ရပ်လိုက်သည်။

သူ၏ ရောက်ရှိလာမှုကို တစ်စုံတစ်ယောက်က စောစီးစွာ အာရုံခံမိခဲ့သည်မှာ ရှင်းလင်းသည်။ ထို့ကြောင့် တစ်ဖက်လူက ဤနေရာမှာ ကြိုစောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ရွှီချင်းက လမ်းလျှောက်လာသည့်အခါ ဖက်တီးလေးတစ်ယောက်သည် ဥတစ်လုံးကို စုပ်နေကြောင်း သူမြင်သွားသည်။ သူက ချောက်ကမ်းပါးနားမှာ ယစ်မူးသော အမူအရာဖြင့် ထိုင်နေပြီး သီချင်းပင် ညည်းနေသေးသည်။

“ အဲ့ဒါက ငါချစ်တဲ့ သေမျိုးလောကမဟုတ်ဘူး… အဲ့ဒါက ငါ့အတိတ်က ဆက်ဆံရေးတစ်ပိုင်းတစ်စ ဖြစ်နိုင်တယ်… ပန်းတွေက ပွင့်လန်းလာပြီး အချိန်ကျလာတဲ့အခါ ကြွေကျရတယ်… မိန်းမက စိုက်ကြည့်လိုက်တဲ့အခါ ငါဟာ ကျောက်ရုပ်ဖြစ်သွားတယ်… ပြီးသွားတာက ပြီးသွားပါစေ… လက်ရှိရှိနေတာက အရေးကြီးတယ်… ငါ့ခေါင်း‌ပေါ်မှာ ပန်းတွေ တောင်လိုပေါများလာတဲ့အထိ ငါမနားဘူး… အိမ်က ဘယ်မှာလဲလို့ ငါ့ကို မမေးပါနဲ့ ”

သီချင်းသံကို ကြားသည့်အခါ ရွှီချင်းသည် ဟွမ်ယုံဆီသို့ လျှောက်သွားပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

ဟွမ်ယုံသည် ပြုံးဖြီးဖြီးအမူအရာဖြင့် ရွှီချင်းကို ဥတစ်လုံး ကမ်းပေးလိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ သေးငယ်သော မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူက ပြုံးလျက် ပြောသည်။

“ မင်းရဲ့ မရီးက မီးမဖွားရသေးတာတောင် သူ့ရဲ့ ဒေါသက အတော်လေး ဆိုးရွားလာတယ်… ဟူး… မင်း ဒီရောက်လာပြီဆိုမှတော့ ငါနဲ့အတူ ဥတချို့ သောက်သွားပါလား ”

ရွှီချင်းသည် ဥကို လှမ်းယူလိုက်ပြီး ယင်းကို မထိုးဖောက်ခင် ဟွမ်ယုံ၏ နည်းလမ်းအတိုင်း တစ်ပုံစံတည်း ပြုလုပ်လိုက်သည်။ ထို့နောက် သူက ဥကို စုပ်လိုက်လေရာ အရသာအလွန်ရှိကြောင်း ခံစားမိသွားသည်။

“ ဒုတိယစီနီယာအမ မီးဖွားဖို့ ဘယ်လောက်လိုသေးလဲ ”

ရွှီချင်းသည် ဟွမ်ယုံကို ကြည့်လိုက်သည်။

ဟွမ်ယုံသည် ဘဝင်မြင့်သော အမူအရာဖြင့် သူ၏ ဝမ်းဗိုက်ကို ပုတ်လိုက်သည်။

“ ငါ့မျိုးစေ့က ထူးခြားတယ်… အဲ့ဒါက သဘာဝဝိညာဉ်အဖြစ် မွေးဖွားလာတာ… အဲ့ဒါကြောင့် ပျိုးထောင်ဖို့ အချိန်အကြာကြီး လိုအပ်တယ်… ကလေးမွေးဖွားဖို့ ဆယ်စုနှစ်အနည်းငယ် ကြာလိမ့်မယ် ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သို့ဆိုလျှင် သူ၏ ဒုတိယစီနီယာအမ မီးမဖွားခင် သူပြန်လာနိုင်လောက်သည်။

ထို့သို့ဖြင့် ရွှီချင်းနှင့် ဟွမ်ယုံသည် ဥများကို သောက်နေကြရင်း လက်တလောမှာ ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်လည်ပြောကြသည်။ ဟွမ်ယုံသည် ဖခင်တစ်ယောက်ဖြစ်လာသည့် သူ၏ စိတ်ခံစားချက်များနှင့် မျှော်လင့်ထားမှုအကြောင်းကို အဓိက ပြောသည်။ ရွှီချင်းသည်တော့ လပူဇော်ဒေသကြီးမှ သူ၏ အတွေ့အကြုံများနှင့် နန်းမြို့တော်သို့ သွားရောက်မည့် သူ၏ ရည်ရွယ်ချက်ကို ပြောသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ နောက်ဆုံးမှာတော့ နေလုံးသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းမှ မြှောက်တတ်လာသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးလိုက်ကြသည်။

ရွှီချင်းသည် သူ၏ အဝတ်အစားကို ဖုန်ခါလိုက်ပြီး မတ်တတ်ရပ်လိုက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ဟွမ်ယုံက မီးတောက်ဖီးနစ်ဟုတ်သလားဟု သူမမေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက အရေးမကြီးပေ။ အရေးကြီးသည်မှာ သူနှင့် ဟွမ်ယုံသည် မိတ်ဆွေများဖြစ်ကြသည်။

ဟွမ်ယုံသည်လည်း ထိုအကြောင်းကို မဟပေ။ အရာအားလုံးသည် ပြောစရာမလိုဘဲ ရှင်းလင်းပြီးသား ဖြစ်သည်။

သို့သော်လည်း ရွှီချင်းမထွက်သွားမီ ဟွမ်ယုံသည် ထိုအကြောင်းကို စဉ်းစားလိုက်ပြီး သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်သည်။ သူက အနီရောင်ငှက်မွှေးတစ်ချောင်းကိုပင် ထုတ်လိုက်ပြီး ရွှီချင်းထံသို့ ကမ်းပေးလိုက်သည်။

ငှက်မွှေးသည် သလင်းကျောက်ပမာ ကြည်လင်သည်။ ယင်းက ကျောက်စိမ်းနှင့် ဆင်တူသော်လည်း ကျောက်စိမ်းမဟုတ်ပေ။ လောင်ကျွမ်းသော စိတ်ဆန္ဒနှင့် နတ်ဘုရားအစွမ်းကို ထိုငှက်မွှေးထံမှ ထုတ်လွှတ်နေသည်။ ယင်းက ရွှီချင်းမြင်ခဲ့ဖူးသမျှ နတ်ဘုရားအားလုံး၏ အရှိန်အဝါနှင့် ခြားနားသည်။

ယင်းထဲမှာ ရှေးဟောင်းအငွေ့အသက်တချို့ပင် ကိန်းအောင်းနေသည်။

“ အဲ့ဒါက မင်းအတွက် ”

“ နန်းရှင်းဒေသငယ်မှာ ငါ့ညီမတစ်ယောက်ရှိတယ်… နန်းမြို့တော်ဆီ မင်းသွားတဲ့အခါ နန်းရှင်းဒေသငယ်ကို ဖြတ်သန်းသွားရလိမ့်မယ်… သူက နန်းဟွမ်ကုန်းမြေကို အရင်က ရောက်လာဖူးပြီး ဒီနေရာက ဒေသထွက် သစ်သီးတွေကို အရမ်းသဘောကျတယ်… အတိတ်တုန်းက အဲ့ဒါတွေက သိပ်မများသေးဘူး… ဒါပေမဲ့ အခု အဲ့ဒါတွေက ရင့်မှည့်နေပြီ… မင်း အဲ့ဒါတွေကို ငါ့ညီမဆီ ယူသွားပေးနိုင်မလား ”

“ ငါ့ညီမက အရမ်းဆိုးတယ်… ဒါပေမဲ့ သူက ငါ့လိုပဲ အရမ်းသစ္စာရှိတယ် ”

ဟွမ်ယုံသည် ပြုံးလိုက်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက ဟွမ်ယုံ၏ တောင်းဆိုမှုကို မငြင်းပေ။ သူက ငှက်မွှေးနှင့် သိုလှောင်အိတ်ကို လက်ခံယူလိုက်သည်။ ထို့နောက် သူက ဟွမ်ယုံကို ကြည့်လိုက်သည်။

“ ဂရုစိုက်ပါ ”

ထိုသို့ပြောပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်သည် တစ်ချက်လှုပ်ယမ်းသွားပြီး ကောင်းကင်ဆီသို့ လျှောက်သွားသည်။

ဟွမ်ယုံသည် ရွှီချင်းကို သနားကြင်နာသော အမူအရာဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် အော်ပြောလိုက်သည်။

“ ရွှီချင်း… အရင်က ငါပြောခဲ့တဲ့အတိုင်းပဲ… တကယ်လို့ အပြင်မှာ မင်းမပျော်တော့တဲ့အခါ နန်းဟွမ်ကုန်းမြေဆီ ပြန်လာနိုင်တယ်… ဒီနေရာက ဘေးကင်းလုံခြုံတယ် ”

ကောင်းကင်ပေါ်တွင် ရွှီချင်းသည် လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက ခြေလှမ်းကျဲကြီးများဖြင့် အဝေးသို့ လျှောက်သွားသည်။ တဖြည်းဖြည်း သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။

ဟွမ်ယုံ၏ ပုံရိပ်သည်လည်း ဝေဝါးလာသည်။ သူပျောက်ကွယ်သွားသည့်အခါ တားမြစ်ဒေသကြီး၏ အနက်ပိုင်းထဲမှ ဧရာမမျက်လုံးတစ်စုံသည် ရုတ်တရက် ပွင့်သွားသည်။ သူ၏ အရှိန်အဝါက ပျံ့လွင့်ထွက်လာသည့်အခါ တားမြစ်ဒေသကြီးထဲမှ သက်ရှိအားလုံးသည် မြေပြင်ပေါ်မှာ ဝမ်းလျားမှောက်လိုက်ကြပြီး သူ၏ ဦးတည်ရာဆီသို့ အရိုအသေပေးလိုက်ကြသည်။

သူက အဝေးမှ ကောင်းကင်ကို စိုက်ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ဂရုစိုက်ပါ ”

All Chapters