ခရီးစဉ်… နေနဲ့လလို ကြံ့ခိုင်သော လမ်းစဉ်
Vol. 74 Ch. 1146
ရွှီချင်းသည် နန်းဟွမ်ကုန်းမြေမှ သူ၏ မိတ်ဆွေဟောင်းများဖြင့် အောင်မြင်စွာ တွေ့ဆုံခဲ့သည်။
ဖုန်းဟိုင်ဒေသငယ်သို့ သူပြန်လာပြီးနောက် တစ်လဟူသော အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။
ထိုတစ်လတွင် အမတ်ယောင်နှင့် သတ္တမသခင်ကြီး၏ စီမံမှုအောက်မှာ ဝိညာဉ်နက်ဒေသကြီးတစ်ဝက်သည် သန့်စင်ရေလှိုင်းဒေသကြီးထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အပြည့်အဝ ပေါင်းစည်းသွားခဲ့သည်။
ဖုန်းဟိုင်ဒေသငယ်၏ အုပ်ချုပ်မှုအောက်မှာ လပူဇော်ဒေသကြီး၏ နယ်စပ်ဖြစ်သော စတေးခံယင်မြစ်ပေါ်မှာ ဧရာမတံတား(၁၇)စင်းကို ဆောက်လုပ်ခဲ့သည်။
ထိုတံတားများသည် အလွန်ရှည်လျားကြပြီး သန့်စင်ရေလှိုင်းဒေသကြီးနှင့် လပူဇော်ဒေသကြီးကို ပိုပြီးနီးစပ်သွားစေသည်။
ယခုအချိန်မှစ၍ ဒေသကြီးနှစ်ခုမှ ကုန်သည်များသည် အပြန်အလှန် ကုန်ကူးသန်းနိုင်ပြီး တစ်နေရာမှ တစ်နေရာဆီသို့ သယ်ယူပို့ဆောင်ခြင်းကို ပြုလုပ်နိုင်တော့ပေမည်။
ယင်းက အဆင့်နိမ့်ကျင့်ကြံသူများအတွက် ပိုပြီးအဆင်ပြေစေသည်။
ထိုမျှသာ မကသေးပေ။ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကိုလည်း ဆောက်လုပ်ခဲ့ပြီး ဒေသကြီးနှစ်ခုကို ဆက်သွယ်ပေးခဲ့သည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် ဝမ်ကူးကုန်းမြေ၏ တောင်ပိုင်းဒေသတွင် တိုက်ရိုက်ဖြစ်စေ သွက်ဝိုက်၍ဖြစ်စေ ရွှီချင်းသည် ဒေသကြီးနှစ်ခုနှင့် တစ်ဝက်ကို ထိန်းချုပ်နိုင်ခဲ့ပြီးပြီ ဖြစ်သည်။
ထိုသို့အင်အားစုသည် ဝမ်ကူးကုန်းမြေမှ အသင်္ချေမျိုးနွယ်စုများကြားတွင် ရှားပါးသည်။
လက်ရှိလူသားဧကရာဇ်အတွက်တော့ ယင်းက ပဒေသရာဇ်အရှင်သခင်၏ လုပ်နိုင်စွမ်းထက် သာလွန်သွားပြီ ဖြစ်သည်။ ယင်းက မျိုးနွယ်ခြားများကြားတွင် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။
တစ်ချိန်တည်းမှာ နယ်မြေတိုးချဲ့သွားခြင်းသည် အမျိုးမျိုးသော ပြည်နယ်များကြားတွင် အာဏာခွဲဝေမှုကို အသစ်ပြန်လည်စတင်စေသည်။ အုပ်ချုပ်ခွင့်အာဏာကို အများဆုံး ရရှိခဲ့သူများသည် ဖုန်းဟိုင်ဒေသငယ်မှ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။
သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးသည် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ပေါင်းစည်းခြင်း လုပ်ငန်းစဉ်သည် အဆင်ပြေချောမွေ့ခဲ့သည်။
အဆုံးမှာတော့ သူတို့က ဒေသဆိုင်ရာဌာနတစ်ခုကို တည်ဆောက်ခဲ့သည်။
ရွှီချင်းသည်တော့ ဒေသအရှင်သခင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုသို့ရွေးချယ်ခံရခြင်းသည် သူ၏ ကျင့်ကြံခြင်းနှင့် သက်ဆိုင်ခြင်းမရှိပေ။ အဓိကအကြောင်းအရင်းမှာ သူက လပူဇော်ဒေသကြီးနှင့် ဆက်သွယ်နိုင်ခဲ့ပြီး သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးကို အညံ့ခံစေခဲ့ကာ ကောင်းကင်နက်မျိုးနွယ်မှ ရိုးရာနတ်ဆရာများ၏ ထောက်ပံ့မှုကို ရရှိခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ တစ်ခြားတစ်ယောက်သာဆိုလျှင် လပူဇော်ဒေသကြီး၊ သန့်စင်ရေလှိုင်းဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးတစ်ဝက်ကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေရန် အလွန်ခက်ခဲလိမ့်မည်။
ဒေသကြီးတစ်ခုကို စီမံအုပ်ချုပ်ခြင်းသည် တစ်ယောက်တည်း ဆောင်ရွက်နိုင်သော အရေးကိစ္စမဟုတ်ပေ။ များသောအားဖြင့် အရေးကြီးကိစ္စများကို တစ်ယောက်တည်း၏ စိတ်ဆန္ဒဖြင့် မဆုံးဖြတ်နိုင်ပေ။ ထို့ကြောင့် ဒေသဆိုင်ရာဌာနထဲတွင် ဆုံးဖြတ်ချက်ချရန် ကောင်စီတစ်ခုကို ဖွဲ့စည်းခဲ့သည်။
အမတ်ယောင်၊ ပြည်ထောင်သုံးခုမှ အရှင်သခင်များ၊ ပုပ်ရဟန်မင်းယိုစန့်၊ လပူဇော်ဒေသကြီးမှ သံတမန်များနှင့် ဒေသကြီးအတွင်းမှ အစွမ်းထက် မျိုးနွယ်စုခေါင်းဆောင်များသည် ဒေသကောင်စီ၏ အဖွဲ့ဝင်များဖြစ်လာကြသည်။
သူတို့သည် ဒေသကြီးနှစ်ခုနှင့် တစ်ဝက်မှ အရေးကိစ္စများကို ဆွေးနွေးတိုင်ပင်ကြပြီး ဖြေရှင်းကြသည်။ ထို့နောက် သူတို့၏ ဖြေရှင်းချက်များကို ပိုပြီးရာထူးမြင့်သော ကောင်စီအကြီးအကဲများထံသို့ တင်ပြကြရသည်။
ကောင်စီအကြီးအကဲများသည် အဖွဲ့ဝင်အများကြီး မရှိပေ။ သူတို့ထဲမှာ သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီး၊ အဖိုးကိုးနှင့် ကောင်းကင်နက်မျိုးနွယ်မှ တစ်ကိုယ်လုံးကို အဝတ်ပတ်ထားသော အဆင့်မြင့်နတ်ဆရာတစ်ဦးတို့ ပါဝင်ကြသည်။ ထို့ပြင် သတ္တမသခင်ကြီးသည်လည်း ကောင်စီအကြီးအကဲအဖြစ် ရွေးချယ်ခံခဲ့ရသည်။
သူတို့လေးယောက်၏ အထက်မှာ အိမ်ရှေ့စံမင်းသားနှင့် ရွှီချင်း ဖြစ်သည်။
ထိုသို့ အဆင့်ဆင့် ဖွဲ့စည်းအုပ်ချုပ်ပုံအောက်မှာ သန့်စင်ရေလှိုင်းဒေသကြီး၊ လပူဇော်ဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးတစ်ဝက်သည် စတင်ငြိမ်းအေးလာပြီး ပြန်လည်နာလန်ထူနိုင်လာသည်။ သူတို့၏ စုပေါင်းစွမ်းအားသည် သူတို့ကိုယ်သူတို့ ကာကွယ်ရန် လုံလောက်ပေသည်။
ယခု ခရီးရှည်တစ်ခု စတင်လာတော့မည် ဖြစ်သည်။
ရွှီချင်းနှင့် နင်ယန်သည် လူသားဧကရာဇ်၏ အမိန့်တော်များကို ရရှိပြီးနောက် မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ဦးတည်သွားရလိမ့်မည်။
ဤခရီးစဉ်သည် ရွှီချင်းနှင့် ခေါင်းဆောင် လပူဇော်ဒေသကြီးဆီသို့ တိတ်တခိုး ထွက်သွားခဲ့စဉ်ကနှင့် ခြားနားသည်။ ဤတစ်ကြိမ်တွင် သူတို့သည် ပုန်းလျှိုးကွယ်လျှိုးသွားရန် မလိုအပ်တော့ပေ။ ထို့ပြင် ထိုအချိန်ကနှင့် နှိုင်းယှဉ်လျှင် ယခု သူတို့၏ သရုပ်အဆင့်သည် အများကြီး မြင့်တတ်သွားသည်။
ယခု ရွှီချင်း၏ သရုပ်အဆင့်နှင့် သူကိုယ်စားပြုထားသော အင်အားစုများကြောင့် သူ့အနေဖြင့် တိတ်တဆိတ် ခရီးထွက်ပြီး တစ်ယောက်တည်းသွားရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူ၏ ခရီးစဉ်မှာ ကိုယ်ရံတော်များ လိုအပ်သည်။
ဖုန်းဟိုင်ဒေသငယ်မှ တိုက်ပွဲအတွေ့အကြုံများပြားသော ဓားကိုင်(၃၀၀၀၀)သည် သူနှင့်အတူ မဟာနန်းမြို့တော်ဒေသကြီးဆီသို့ လိုက်ပါကြလိမ့်မည်။ ထိုအုပ်စု၏ ခေါင်းဆောင်သည် ဓားကိုင်ရုံးတော်သခင် လီယွင်ရှန်းဖြစ်သည်။
ခုန်းရှန်းလုံသည် သူတို့ထဲမှာ ပါဝင်သည်။
နတ်မိမယ်ကျစ်ရွှမ်းသည်လည်း သူနှင့်အတူ လိုက်ပါလိမ့်မည်။ ဝူကျန်းဝူသည် အစက မသွားချင်ပေ။ သို့သော်လည်း သူက နင်ယန်၏ သွေးဆောင်မှုကို မတောင့်ခံနိုင်သောကြောင့် နောက်ဆုံးမှာ လိုက်ပါရန် အင်တင်တင်ဖြင့် သဘောတူလိုက်သည်။
မှန်ပေ၏။ ဤခရီးစဉ်မှာ တစ်စုံတစ်ယောက်က မပါမဖြစ်ပေ။
ထိုသူသည် ခေါင်းဆောင်ဖြစ်သည်။
ထိုသို့ဖြင့် သန့်စင်ရေလှိုင်းဒေသကြီးမှ ကိစ္စများက အစီအစဉ်တကျ ဆက်လက်သွားနေသည်နှင့်အမျှ ထိုအုပ်စုသည် မဟာနန်းမြို့တော်ဒေသကြီးဆီသို့ သူတို့၏ ခရီးစဉ်ကို စတင်ကြသည်။
မဟာနန်းမြို့တော်ဒေသကြီးသည် သန့်စင်ရေလှိုင်းဒေသကြီးနှင့် အလွန်အမင်း ဝေးကွာသည်။ ၎င်းက ဝမ်ကူးကုန်းမြေ၏ အလယ်ပိုင်းဒေသထဲတွင် တည်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေတစ်ခုလုံးကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။
အတိတ်တွင် ထိုနေရာသည် မျိုးနွယ်စုအားလုံး၏ အရိုအသေပေးခြင်းခံခဲ့ရသည်။ ယင်းသည် ဝမ်ကူးကုန်းမြေ၏ အထွတ်အထိပ်နေရာဖြစ်ပြီး မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။
၎င်း၏ နယ်နိမိတ်ထဲမှာ ထူးခြားသော အဓိပ္ပာယ်တစ်ခု ရှိရုံသာမက မြေပထဝီအနေအထားသည်လည်း ခြားနားပေသည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုနေရာသို့ ပုံမှန်အတိုင်း ခရီးသွားမည်ဆိုလျှင် အချိန်အတော်ကြာမြင့်လိမ့်မည်ဖြစ်ပြီး မရေမတွက်နိုင်သော မျိုးနွယ်စုများ၏ နယ်နိမိတ်များကို ဖြတ်ကျော်သွားရလိမ့်မည်။
ထို့ကြောင့် အကယ်၍ တစ်စုံတစ်ယောက်က မဟာနန်းမြို့တော်ဒေသကြီးဆီသို့ သွားရောက်ချင်သည်ဆိုလျှင် တာဝေးတည်နေရာပြောင်းရွှေ့ခြင်းကို အများအပြား အသုံးပြုရမည်ဖြစ်ပြီး သေချာသော လမ်းကြောင်းတစ်ခုကိုလည်း လိုအပ်သေးပေသည်။
ထိုလမ်းကြောင်းသည် ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်အတွင်းမှာ တည်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းက ရှေးခေတ်လမ်းကြောင်း ဖြစ်သည်။
ထိုရှေးခေတ်လမ်းကြောင်းပေါ်တွင် လူသားမျိုးနွယ်ပိုင် ဒေသခုနစ်ခုကို တည်ဆောက်ထားသည်။ ထို့ကြောင့် ဘုရင်ထျန်းလန်နှင့် သတ္တမမင်းသား၏ စစ်တပ်က သန့်စင်ရေလှိုင်းဒေသကြီးဆီသို့ နန်းမြို့တော်မှ အချိန်တိုအတွင်း ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ဒေသခုနစ်ခုထဲမှ တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်များကို အသုံးပြုချင်သည်ဆိုလျှင် နှစ်ဖက်စလုံးထံမှ သဘောတူညီမှုရရှိရန် လိုအပ်ပေသည်။
သို့မဟုတ်လျှင် သူတို့က တည်နေရာပြောင်းရွှေ့နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးပြုခြင်းနှင့်ပတ်သက်ပြီး နှစ်မျိုးခွဲခြားနိုင်သည်။ ပထမတစ်မျိုးသည် နန်းမြို့တော်မှ တည်နေရာပြောင်းရွှေ့ခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးသည် နန်းမြို့တော်ဆီသို့ တည်နေရာပြောင်းရွှေ့ခြင်း ဖြစ်သည်။
ပထမတစ်မျိုးသည်သာ အချိန်တိုအတွင်း တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို အသက်သွင်းနိုင်ပြီး ရှေးခေတ်လမ်းကြောင်းတစ်လျှောက် လွယ်ကူချောမွေ့စွာ တည်နေရာပြောင်းရွှေ့နိုင်သည်။ ထို့ပြင် ၎င်းက နှစ်ဖက်စလုံးထံမှ ထိန်းချုပ်ခွင့်အာဏာကို လျစ်လျူရှုထားနိုင်သည်။
ဒုတိယတစ်မျိုးသည်တော့ ထိုသို့အခွင့်အရေး မရှိပေ။
ဒေသကြီးများကို ဖြတ်ကျော်နိုင်သော တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို အသုံးပြုရန် အချိန်အတော်ကြာ ပြင်ဆင်ရမည်ဖြစ်ပြီး ပေးဆပ်ရမည့် တန်ဖိုးသည် အလွန်ကြီးမားသည်။ ရွှီချင်းနှင့် တခြားလူများက တာဝေးတည်နေရာပြောင်းရွှေ့မည်ဆိုလျှင် ထိုအတွက် ကုန်ကျစရိတ်အားလုံးကို ပေးချေရလိမ့်မည်။
ကံကောင်းစွာဖြင့် သူတို့ဆီမှာ တော်ဝင်အမိန့်တော်ရှိပြီး ယခု သန့်စင်ရေလှိုင်းဒေသကြီး၏ အဆင့်အတန်းသည် ယခင်နှင့် အများကြီး ခြားနားသွားသည်။ ထို့ကြောင့် ပြောဆိုဆက်ဆံရသည်မှာ အများကြီး အဆင်ပြေချောမွေ့ခဲ့သည်။
ထုံးစံအားဖြင့် သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်တစ်ခု ရှိသည်။ ယင်းကို ယခင်က ဖုန်းဟိုင်ဒေသငယ်၏ အန်းဖင်ပြည်နယ်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်၏ နယ်နိမိတ်တစ်ဝက်ခန့်ကို လွှမ်းခြုံထားသည်။
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် ယင်းကို တစ်ခါသာ အသက်သွင်းခဲ့သည်။
ယင်းက အတိတ်မှာ သတ္တမမင်းသား ရောက်ရှိလာသည့်အချိန် ဖြစ်သည်။ ထိုအချိန်တုန်းက သူတစ်ယောက်တည်းသာ ယင်းကို အသုံးပြုရန် အခွင့်အာဏာရှိခဲ့သည်။
ထို့နောက် ထိုတာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်က စွန့်ပစ်ခံလိုက်ရသည်။ သတ္တမမင်းသားသည် ဖုန်းဟိုင်ဒေသငယ်ဆီသို့ ပြန်မသွားချင်သောကြောင့် ဒုတိယစည်းချအစီအရင်တစ်ခုကို တည်ဆောက်ခဲ့သည်။
ဘုရင်ထျန်းလန်က သတ္တမမင်းသား ဆောက်လုပ်ခဲ့သော တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် တခြားလူများသည် သတ္တမမင်းသား ဆောက်လုပ်ခဲ့သော တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ပေါ်မှာ မတ်တတ်ရပ်နေကြသည်။
ထိုအစီအရင်သည် ပြည်နယ်တစ်ဝက်နီးပါးကို လွှမ်းခြုံထားပြီး အကျယ်အဝန်းကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ပေ။ မြေပြင်ပေါ်တွင် ကျောက်စိမ်းဖြင့် အပြည့်အဝ ခင်းကျင်းထားပြီး ယင်းအပေါ်မှာ မရေမတွက်နိုင်သော မှော်သင်္ကေတများကို ရေးထွင်းထားသည်။
ကျောက်စိမ်းနှင့် မှော်သင်္ကေတများက လင်းလက်တောက်ပလာသည့်အခါ ဝုန်းခနဲ မြည်သံသည် လောကတစ်ခွင် တုန်လှုပ်သွားစေပြီး အရပ်မျက်နှာအဘက်ဘက်သို့ မိုးထစ်ချုန်းသံပမာ ပဲ့တင်ထပ်သွားသည်။ အလွန်ကျယ်ပြောသော တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်သည် စူးရှသော အလင်းရောင်ဖြင့် လွှမ်းခြုံခံလိုက်ရသည်။
ထိုအလင်းရောင်သည် နေရောင်ခြည်ပမာ အားကောင်းသည်။ စည်းချအစီအရင်က လင်းလက်လာသည့်အခါ ယင်းက အသက်ဝင်လာပြီး မြန်ဆန်စွာ လှည့်ပတ်လာသည်။
စည်းချအစီအရင်က အသက်ဝင်လာတော့မည့်အချိန် ခေါင်းဆောင်၏ မျက်နှာပေါ်မှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။ မဟာနန်းမြို့တော်ဒေသကြီးဆီသို့ သွားရောက်မည့် ဤခရီးစဉ်မှာ သူ့ကိုယ်ပိုင်အစီအစဉ်တစ်ခု ရှိသည်။
“ မဟာနန်းမြို့တော်ဒေသကြီး… ဒီဘဝမှာ အဲ့ဒီကို ငါတစ်ခါမှ မရောက်ဖူးသေးဘူး… ငါ့အရင်ဘဝတွေမှာ အဲ့ဒီကို အကြိမ်ရေအနည်းငယ် သွားခဲ့ဖူးပေမဲ့ ဂူသင်္ချိုင်းဖောက်ဖို့ ကျရှုံးခဲ့တယ် ”
“ ဒီတစ်ကြိမ်တော့ ငါအောင်မြင်နိုင်မလား ကြည့်ကြတာပေါ့ ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဝူကျန်းဝူသည် ခေါင်းဆောင်၏ ဘေးမှာ ရပ်နေသည်။ ခေါင်းဆောင်၏ မျက်လုံးက လင်းလက်တောက်ပနေကြောင်း မြင်လိုက်ရသည့်အခါ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မောက်မာထောင်လွှားစွာ ခေါင်းမော့လိုက်သည်။
“ ပွက်ပွက်ဆူနေတဲ့ မီးပင်လယ်ထဲ… သူရဲကောင်းဝိညာဉ်တွေက ငါ့နှလုံးသားထဲမှာ ပေါ်လျှိုးလာတယ်… ရှေးခေတ်သူရဲကောင်းတွေကို ဂါရဝပြုဖို့အတွက် နန်းမြို့တော်ဆီ ငါဦးတည်သွားမယ် ”
ဤတစ်ကြိမ် သူက နင်ယန်နှင့်အတူ နန်းမြို့တော်ဆီသို့ လိုက်ပါရန် သဘောတူရခြင်းမှာ ရှေးဘုရင်ရွှမ်ယုံ၏ နန်းတော်ကို မြင်ဖူးချင်ပြီး ထိုနေရာမှာ ရှေးဘုရင်ရွှမ်ယုံ၏ ကဗျာများ ရှိသလားဟု ရှာဖွေချင်သောကြောင့် ဖြစ်သည်။
သူ၏ ကဗျာဖန်တီးမှုစွမ်းရည်က အကန့်အသတ်သို့ ရောက်ရှိနေကြောင်း သူခံစားမိသည်။ သူက ရှေးဘုရင်၏ ခြေရာလက်ရာများကို လိုက်လံရှာဖွေရန် လိုအပ်သည်။ သို့မှသာ သူက ရှေးဘုရင်၏ လမ်းစဉ်အတိုင်း အမှန်တကယ် လျှောက်လှမ်းနိုင်လိမ့်မည်။
ထိုသို့တွေးမိသောအခါ ဝူကျန်းဝူသည် မျက်လုံးဝင်းလက်သွားသည်။
ခေါင်းဆောင်နှင့် ဝူကျန်းဝူက မျက်လုံးဝင်းလက်နေကြောင်း နင်ယန် သတိထားမိသွားသည်။ သို့သော်လည်း သူက မည်သို့မှ စိတ်ထဲမထားပေ။ ဤအခိုက်အတန့်မှာ သူ၏ စိတ်ခံစားချက်များက ပရမ်းပတာဖြစ်နေသည်။ နောက်ဆုံးမှာတော့ သူက သက်ပြင်းချလိုက်လေသည်။
အတိတ်မှာ တိတ်တဆိတ် သူထွက်ပြေးခဲ့ရသည့် အကြောင်းအရင်းနှင့် အေးတိအေးစက် နန်းမြို့တော်အကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ထိုနေရာကို အမှန်တကယ် သူပြန်မသွားချင်ပေ။ သို့သော်လည်း မသွားမဖြစ်ကြောင်း သူသိသည်။
“ ဆရာရွှီက ငါ့အနားမှာ ရှိနေရင် ငါဘာမှမဖြစ်လောက်ပါဘူး ”
နင်ယန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဝေးမှာ မတ်တတ်ရပ်နေသော ရွှီချင်းကို အလိုအလျောက် ကြည့်လိုက်သည်။
ရွှီချင်း၏ ဘေးတွင် နတ်မိမယ်ကျစ်ရွှမ်းနှင့် ခုန်းရှန်းလုံအပြင် ဓားကိုင်ရုံးတော်သခင် လီယွင်ရှန်းလည်း ရှိသည်။ လီယွင်ရှန်းက ရွှီချင်းကို စကားပြောနေသည်။
“ ဒေသအရှင်သခင်… မဟာနန်းမြို့တော်ဒေသကြီးဆီ ဦးတည်သွားမယ်ဆိုရင် တာဝေးတည်နေရာပြောင်းရွှေ့အစီအရင် ခုနစ်ခုနဲ့ လူသားမျိုးနွယ်ရဲ့ ဒေသငယ်ခြောက်ခုကို ဖြတ်ကျော်ရပါမယ်… အဲ့ဒါတွေအားလုံးကို ဖြတ်ကျော်ပြီးမှ မဟာနန်းမြို့တော်ဒေသကြီးဆီ ရောက်ပါမယ် ”
“ တာဝေးတည်နေရာပြောင်းရွှေ့အစီအရင်က အရမ်းပဲ စိတ်မသက်မသာ ခံစားရစေပါတယ်… အဲ့ဒါကြောင့် တစ်ခါတည်နေရာပြောင်းရွှေ့ပြီးသွားတိုင်း တစ်ခဏကြာ အနားယူဖို့ လိုအပ်ပါတယ် ”
“ ပထမတည်နေရာပြောင်းရွှေ့မှုရဲ့ အဆုံးသတ်က တိုင်အန်ဒေသငယ်ပါ… အဲ့ဒါက အော်ဒွန်ဒေသကြီးထဲမှာ တည်ရှိပါတယ်… အဲ့ဒီဒေသကြီးနဲ့ ကျုပ်တို့လူသားမျိုးနွယ်ကြားမှာ ပဋိပက္ခတွေအများကြီး ရှိပါတယ်… တကယ်တော့ တိုင်အန်ဒေသငယ်က ဒီနှစ်တွေမှာ တစ်ခါမှ မအေးချမ်းပါဘူး ”
လီယွင်ရှန်းသည် ဤခရီးစဉ်၏ လုံခြုံရေးအတွက် သူတာဝန်ယူရမည်ဟု သိရှိပြီးနောက် ထိုလမ်းကြောင်းကို အချိန်အတော်ကြာ လေ့လာစုံစမ်းခဲ့သည်။ ဤအခိုက်အတန့်မှာ သူ၏ စကားနှင့် အမူအရာသည် တည်ငြိမ်သည်။
“ ဒါပေမဲ့ တိုင်အန်ဒေသငယ်နဲ့ ဖုန်းဟိုင်ဒေသငယ်က ရံဖန်ရံခါ ပူးပေါင်းဆောင်ရွက်ဖူးပါတယ်… ဒါကြောင့် သူတို့နဲ့ ဆွေးနွေးပြောဆိုတာက အဆင်ပြေချောမွေ့ပါတယ်… သူတို့က ကျုပ်တို့ကို တည်နေရာပြောင်းရွှေ့ပေးဖို့ သူတို့ရဲ့ အခွင့်အာဏာကို အသက်သွင်းထားပြီးပါပြီ ”
“ တည်နေရာပြောင်းရွှေ့ခြင်းကို အခု စတင်နိုင်ပါပြီ ”
“ ဘေးကင်းလုံခြုံဖို့အတွက် ဒီတစ်ကြိမ်မှာ ကျုပ်တို့က အသုတ်သုံးသုတ်ခွဲပြီး တည်နေရာပြောင်းရွှေ့ပါမယ်… ပထမအသုတ်ကို ဒီအဖိုးကြီးနဲ့ ဓားကိုင်တွေက ဦးဆောင်ပါမယ်… ဒုတိယအသုတ်ကို ဒေသအရှင်သခင်ရဲ့ ဘေးက လူတွေ သွားပါမယ်… နောက်ဆုံးကတော့ ဒေသအရှင်သခင်ပါ ”
ရွှီချင်းသည် ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်သည်။ လီယွင်ရှန်း၏ စီစဉ်မှုနှင့်ပတ်သက်ပြီး သူမငြင်းပေ။ ဤအခိုက်အတန့်မှာ သူက ရင်းနှီးကျွမ်းဝင်သော လောကကြီးကို အဝေးမှ လှမ်းကြည့်လိုက်သည်။ နန်းမြို့တော်ဆီသို့ ဤခရီးစဉ်နှင့်ပတ်သက်ပြီး မျှော်လင့်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
သူ၏ ဘေးမှ နတ်မိမယ်ကျစ်ရွှမ်းသည် ပြုံးလိုက်ပြီး ရွှီချင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်သည်။ နတ်မိမယ်ကျစ်ရွှမ်းကို သူကြည့်လိုက်စဉ် အစိမ်းရောင်အလင်းသည် စည်းချအစီအရင်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ဆီသို့ ပျံတတ်သွားသည်။ ဝုန်းခနဲ မြည်ဟိန်းသံသည် ယခင်ကထက် ပိုပြီးကျယ်လောင်လာသည်။ ပထမအသုတ်ကို တည်နေရာပြောင်းရွှေ့ပေးမည့် စည်းချအစီအရင်သည် အသက်ဝင်လာသည်။
တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲမှ လေသည် ကြမ်းတမ်းစွာ တိုက်ခတ်လာပြီး နတ်မိမယ်ကျစ်ရွှမ်း၏ ဆံနွယ်များကို အပေါ်သို့ မြှောက်တတ်သွားစေသည်။ သူ၏ ပြိုင်စံရှားအောင် ချောမောလှပသော မျက်နှာက ရွှီချင်း၏ မျက်လုံးထဲမှာ ရှင်းလင်းစွာ ပုံရိပ်ထင်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် မုန်တိုင်းက အားနည်းသွားစဉ် နတ်မိမယ်ကျစ်ရွှမ်း၏ အသံက နူးညံ့စွာ ပျံ့လွင့်လာသည်။
“ ရွှီချင်း… နန်းမြို့တော်ဆီသွားမယ့် ဒီခရီးစဉ်ဟာ မင်းအတွက် အရမ်းထူးခြားလိမ့်မယ်လို့ ငါခံစားမိတယ် ”
နတ်မိမယ်ကျစ်ရွှမ်းသည် ရွှီချင်း၏ မျက်လုံးကို ကြည့်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။ ဒုတိယအကြိမ် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က အသက်ဝင်လာသည့်အခါ ခေါင်းဆောင်၊ နင်ယန်နှင့် တခြားလူများ၏ ပုံရိပ်များက အစိမ်းရောင်အလင်းအောက်မှာ ပျောက်ကွယ်သွားကြသည်။
နောက်ဆုံးမှာတော့ စည်းချအစီအရင်ထဲမှာ ရွှီချင်းတစ်ယောက်တည်းသာ ကျန်ရှိနေတော့သည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ကောင်းကင်ယံတွင် အဖိုးကိုးသည် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။
သူက ရွှီချင်းနှင့်အတူ နန်းမြို့တော်ဆီသို့ မလိုက်ပေ။ အကယ်၍ လင်းယုန်ငယ်လေးက ရှင်သန်ကြီးထွားချင်သည်ဆိုလျှင် အကြီးအကဲ၏ စောင့်ရှောက်မှုအောက်သို့ ထာဝရ မလိုက်သင့်ပေ။ တစ်ခါတစ်ရံ လွှတ်ထားပေးခြင်းသည် နောက်တစ်ဆင့်သို့ မြင့်တတ်သွားစေလိမ့်မည်။
သူက ထိုအကြောင်းကို ရွှီချင်းအား ပြောထားပြီးသားဖြစ်သည်။
ရွှီချင်းသည် နားလည်သည်။ သူက လက်သီးဆုပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ အရိုအသေပေးလိုက်သည်။ ထို့နောက် ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာဆီသို့ အရိုအသေပေးလိုက်သည်။
အစိမ်းရောင်အလင်းက လင်းလက်သွားပြီး အလင်းပင်လယ်သို့ ပြောင်းလဲသွားကာ အရာအားလုံးကို ဝါးမျိုသွားသည်။
အချိန်အတော်ကြာပြီးနောက် အလင်းပင်လယ်သည် လွင့်ပြယ်သွားပြီး စည်းချအစီအရင်က ပြန်လည်ငြိမ်သက်သွားသည်။ ရွှီချင်း၏ ပုံရိပ်သည် စည်းချအစီအရင်ထဲမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အဖိုးကိုးသည် အနောက်လှည့်လိုက်ပြီး လပူဇော်ဒေသကြီးဆီသို့ လျှောက်သွားသည်။
တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်မြို့တော်၏ နေအိမ်တစ်ခုထဲတွင် သတ္တမသခင်ကြီးသည် မတ်တတ်ရပ်နေပြီး တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၏ ဦးတည်ရာဆီသို့ ကြည့်နေသည်။ ကလေးငယ်များ အဝေးသို့ ခရီးထွက်သွားခြင်းကို ကြည့်ရှုနေရသော ခံစားချက်သည် သူ့အား ဝမ်းနည်းသော စိတ်ခံစားမှု ဖြစ်ပေါ်စေသည်။
“ အကြီးဆုံးတပည့်က ဘဝပေါင်းများစွာ ရှင်သန်ဖူးတယ်… ဒီတော့ မဟာနန်းမြို့တော်ရဲ့ နက်ရှိုင်းမှုကို သူသိလောက်တယ်… ဒီတော့ သူ့ကို စိတ်ပူဖို့ မလိုဘူး… တကယ်လို့ သူက ကိုယ့်သေလမ်းကိုယ်ရှာပြီး သေသွားမယ်ဆိုရင်တောင် ကိစ္စမရှိဘူး ”
“ စတုတ္ထတပည့်ကတော့ နန်းမြို့တော်ဆီ သေချာပေါက် သွားရမယ် ”
“ ဝမ်ကူးကုန်းမြေနဲ့ပတ်သက်ပြီး သူ့ကို ငါပြောပြနိုင်တာထက် ပိုပြီးနက်ရှိုင်းတဲ့ သမိုင်းကြောင်းတချို့က နန်းမြို့တော်မှာ ရှိတယ်… ”
“ အထူးသဖြင့် နွေဦးအင်မော်တယ်အကြောင်းပဲ ”
သတ္တမသခင်ကြီးသည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။