← Chapters

စက်ဆုပ်ဖွယ်ကောင်းသော ချန်းအားညို

Vol. 74 Ch. 1148

စက်ဆုပ်ဖွယ်ကောင်းသော ချန်းအားညို

Vol. 74 Ch. 1148

ရွှီချင်းသည် ခေါင်းဆောင်၏ အတွေးများကို မကြားနိုင်ပေ။

သို့သော်လည်း ခေါင်းဆောင်၏ မျက်လုံးထဲမှ အလင်းရောင်ကို သူသတိထားမိသည်။ သူ၏ မှတ်ဉာဏ်ထဲမှာ နောက်ဆုံးအကြိမ် ထိုသို့အလင်းရောင် ထွက်ပေါ်လာချိန်သည် ချီယွဲ့ထုံဂိုဏ်းက ယင်ဟွမ်ပြည်နယ်မှာ ဂိုဏ်းဆောက်လုပ်နေစဉ် ဝိညာဉ်သခင်မယုံကျင်းက တန်ဖိုးကြီးမားသော အင်မော်တယ်ဝတ်ရုံဖြင့် ကောင်းကင်ပေါ်မှာ ဖြတ်သန်းသွားချိန် ဖြစ်သည်။

ထိုအချိန်တုန်းက ဝိညာဉ်သခင်မယုံကျင်း၏ အဝတ်အစားများကို ကြည့်နေသော ခေါင်းဆောင်၏ အကြည့်ထဲမှာ ယခုကဲ့သို့ အလင်ရောင်မျိုး အားကောင်းစွာ ထွက်ပေါ်နေသည်။

ရှင်းလင်းစွာပင် လူတိုင်းကို အံ့ဩမှင်သက်စေခဲ့သော စည်းချအစီအရင်က ခေါင်းဆောင်ကို ကြီးမားစွာ ဆွဲဆောင်ထားနိုင်ခဲ့သည်။

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး သူ့ကို မဖျောင်းဖျတော့ပေ။ သူက ထိုကိစ္စကို ကျင့်သားရနေပြီ ဖြစ်သည်။

နောက်ရက်များတွင် ခေါင်းဆောင်၏ လှုပ်ရှားမှုများက ရွှီချင်း၏ ခန့်မှန်းမှုကို အတည်ပြုပေးခဲ့သည်။

သူက အမွှေးပန်ကိတ်ကို အမှန်တကယ် သဘောကျနေခြင်း ဖြစ်သည်။

ခေါင်းဆောင်သည် ကောင်းကင်ပေါ်မှ အမွှေးပန်ကိတ်နောက်သို့ လိုက်သွားသည်။ သူက တစ်ဖက်လူနှင့် နီးစပ်ချင်ပြီး ကစားချင်သည်။

“ အမွှေးကြီး… ခဏစောင့်ပါဦး… ငါ့မှာ လဝက်ပဲ အချိန်ရတယ်… တကယ်လို့ မင်းနဲ့ မိတ်မဆက်ဘဲ သိကျွမ်းခွင့်မရဘူးဆိုရင် အနာဂတ်မှာ ငါနောင်တရနေလိမ့်မယ်… ဝမ်ကူးကုန်းမြေမှာ ထူးဆန်းတဲ့အရာတွေ အများကြီး ရှိတယ်… ဒါပေမဲ့ မင်းက ငါ့အတွက်တော့ အထူးခြားဆုံးပဲ ”

ဖြစ်နိုင်သည်မှာ ခေါင်းဆောင်၏ စကားက စိတ်ရင်းမှန်မဟုတ်ဘဲ သူ၏ အကြည့်က မစင်ကြယ်သောကြောင့် အမွှေးပန်ကိတ်နားသို့ သူမကပ်နိုင်ခင်မှာ သူ၏ တစ်ကိုယ်လုံးက လင်းလက်လာပြီး နောက်အခိုက်အတန့်မှာ ပျောက်ကွယ်သွားသည်။

သူက တည်နေရာပြောင်းရွှေ့ခံလိုက်ရခြင်း ဖြစ်သည်။

ခေါင်းဆောင်၏ ဇွဲကောင်းမှုသည် သူ၏ ရူးသွပ်မှုမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ထို့ကြောင့် သူက သိပ်မကြာမီ ပြန်ရောက်လာပြီး ရိုးသားစွာ ဆက်လက် ပျံသန်းလိုက်သွားသည်။

သူက အမွှေးပန်ကိတ်နားသို့ ရောက်ရှိသွားသည့်အခါ အန္တရာယ်ပေးမည့် မည်သည့်အရိပ်အယောင်မှ မပေါ်လွင်မိစေရန် ချုပ်ထိန်းလိုက်ပြီး သူ့ကိုယ်သူ သိမ်မွေ့နူးညံ့သော လူတစ်ယောက်အသွင် ပြောင်းလဲထုတ်ဖော်လိုက်သည်။ သူက ပိုပြီးသဘာဝကျစေရန် မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ပြီး ကိုက်စားလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် မက်မွန်သီးကို သူစားလိုက်သည့်အခါ ထူးခြားသော သိမ်မွေ့ညင်သာမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

“ ဟေး… မင်းမှာ ထူးခြားတဲ့ အကျင့်စရိုက်ရှိတယ်လို့ ငါထင်တယ်… ဒါကြောင့် ငါ မင်းနားကိုလာပြီး မင်းနဲ့ ခင်မင်ရင်းနှီးချင်တယ် ”

ဝှစ်…

အမွှေးပန်ကိတ်သည် ခေါင်းဆောင်ကို အရေးမစိုက်ပေ။ ၎င်းက သူ့ကို အဝေးသို့ ထပ်မံ တည်နေရာပြောင်းရွှေ့လိုက်သည်။

နှစ်နာရီကြာပြီးနောက် ခေါင်းဆောင်၏ ပုံရိပ်က အဝေးမှ ပျံသန်းလာပြီး လက်ဝှေ့ယမ်းလိုက်သည်။

“ မထွက်သွားပါနဲ့… မင်းက ငါ့မိတ်ဆွေတစ်ယောက်နဲ့ တကယ်ဆင်တူတယ်ဆိုတာ သိလား… သူက ငါ့ရဲ့ အကောင်းဆုံး မိတ်ဆွေပဲ… ”

ဝှစ်…

သူက ထပ်မံ ပျောက်ကွယ်သွားသည်။

ထိုသို့ဖြင့် ခုနစ်ရက်ကြာပြီးနောက် ခေါင်းဆောင်၏ မလျော့သော ဇွဲကောင်းမှုနှင့် သူ၏ အမျိုးမျိုးသော စကားများအောက်မှာ ထိုသို့အဖြစ်မျိုးကို တစ်ခါမှ မကြုံခဲ့ဖူးသော အမွှေးပန်ကိတ်သည် နောက်ဆုံးမှာတော့ ခေါင်းဆောင်ကို သတိထားမိလာသည်။

သံသယသည် ပထမဆုံးအကြိမ် ၎င်း၏ မျက်လုံးကြီးထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ၎င်းက ခေါင်းဆောင်ကို ပေတစ်ရာအကွာအဝေးအတွင်းသို့ ပထမဆုံးအကြိမ် ချဉ်းကပ်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်ထဲမှာ ပျော်ရွှင်လာသည်။ ဤအတွေ့အကြုံက အတိတ်မှာ လီရှစ်ထောင်ကို သူလိုက်လံပိုးပန်းခဲ့စဉ်က အချိန်ကို ပြန်အောက်မေ့သတိရစေသည်။ ထို့ကြောင့် သူက မက်မွန်သီးကို ကိုက်စားနေရင်း သိမ်မွေ့နူးညံ့သော အသံဖြင့် စကားအများကြီးပြောကာ ပိုပြီးနီးကပ်အောင် ကြိုးစားလိုက်သည်။

သို့သော်လည်း အမွှေးပန်ကိတ်သည် အလွန်သတိကြီးသည်။ ခေါင်းဆောင်က ၎င်း၏ အနားသို့ ရောက်လာတော့မည်ကို မြင်သောအခါ ၎င်း၏ တစ်ကိုယ်လုံးက အလင်းရောင်တောက်ပလာပြီး ခေါင်းဆောင်ကို တည်နေရာပြောင်းရွှေ့ပေးရန် ပြင်လိုက်သည်။

ခေါင်းဆောင်သည် အထိတ်တလန့်ဖြစ်သွားပြီး အမြန်ပြောသည်။

“ အမွှေးကြီး… မင်း တစ်ခုခု ကျကျန်ခဲ့တယ် ”

ခေါင်းဆောင်သည် ထိုသို့ပြောပြီးနောက် နှလုံးနာကျင်မှုကို သည်းခံလိုက်ပြီး နီလာနတ်သမီး၏ သေးငယ်သော အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းက လက်သည်းခွံထက်ပင် ပိုပြီးသေးငယ်သည်။

ထိုအသွေးအသား ထွက်ပေါ်လာသည်နှင့်ချက်ချင်း အမွှေးပန်ကိတ်၏ အကြည့်သည် အေးခဲသွားပြီး ၎င်း၏ သတိထားမှုက အနည်းငယ် လျော့ကျသွားသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ခေါင်းဆောင်သည် အသားတုံးကို ယူဆောင်လိုက်ပြီး အမွှေးပန်ကိတ်၏ အရှေ့သို့ နောက်ဆုံးမှာတော့ ရောက်ရှိသွားသည်။

သူက အမွှေးပန်ကိတ်ကို အသားတုံး ကျွေးလိုက်သည်။ အမွှေးပန်ကိတ်က အသားတုံးကို ဝါးမျိုရန် အာရုံစိုက်နေစဉ် သူက အားကုန်အသုံးပြုလိုက်ပြီး အမွှေးပန်ကိတ်၏ ခန္ဓာကိုယ်ပေါ်မှ အပြာရောင်ဆံပင်မွှေးတစ်ရာကျော်ကို ဆွဲနုတ်လိုက်သည်။

အက်ကွဲသံနှင့်အတူ ဆံပင်မွှေးတစ်ရာကျော်သည် တိုက်ရိုက် ပြတ်တောက်သွားသည်။ ယင်းက အမွှေးပန်ကိတ်၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။ အလင်းပင်လယ်သည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

ချက်ချင်းပင် ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များနှင့် မြူခိုးသည် အဝေးသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။ ခေါင်းဆောင်၏ ပုံရိပ်သည်လည်း မည်သည့်သဲလွန်စမှ ရှာမရအောင် ပျောက်ကွယ်သွားသည်။

သို့သော်လည်း ဤတစ်ကြိမ်သည် ယခင်ကနှင့် ခြားနားသည်။ တည်နေရာပြောင်းရွှေ့ခြင်း အလင်းကို ထုတ်လွှတ်ပြီးနောက် အမွှေးပန်ကိတ်သည် ယခင်ကဲ့သို့ ပျော်ရွှင်စွာ ဆက်လက် မကစားတော့ပေ။ ၎င်း၏ မျက်လုံးကြီးထဲမှာ ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။ ၎င်းက လှည့်စားခံခဲ့ရသည်ဟု ခံစားမိသွားသည်။ ထို့ကြောင့် ၎င်းက တည်နေရာပြောင်းရွှေ့ခြင်း အလင်းကို ဆက်လက် ထုတ်ဖော်လိုက်ပြီး ကောင်းကင်ကို လင်းထိန်သွားစေသည်။

မကြာမီ ၎င်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြေးထွက်သွားပြီး ခြေရာလက်ရာများကို လိုက်လံရှာဖွေသည်။ ၎င်းက ဦးတည်ရာတစ်ခုကို ချိပ်ပိတ်လိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။

သို့ဖြစ်၍ လာမည့်ရက်များတွင် တိုင်အန်ဒေသငယ်မှ လူများသည် အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့သွားကြသည်။

ကောင်းကင်ပေါ်တွင် အမွှေးပန်ကိတ်သည် အလင်းပင်လယ်ကို ဖွဲ့စည်းထားပြီး ပုံရိပ်တစ်ခုနောက်သို့ လိုက်ဖမ်းနေသည်။ ၎င်းက တစ်ဖက်လူကို လိုက်မီသွားသည့်အခါတိုင်း ပါးစပ်ကို ကျယ်လောင်စွာ ဟ၍ ချက်ချင်း ဝါးစားပစ်လိုက်သည်။ သို့သော်လည်း မကြာမီ ယင်းက မူလခန္ဓာကိုယ်မဟုတ်သေးကြောင်း ထပ်မံ အာရုံခံမိသွားသည်။

သို့ဖြစ်၍ အမွှေးပန်ကိတ်သည် ခေါင်းဆောင်ကို ဆက်လက် ရှာဖွေပြီး ဒေါသတကြီး ဝါးမျိုပစ်သည်။

ထိုသို့လုပ်ငန်းစဉ်သည် အဆုံးမဲ့စွာ ဆက်လက်ဖြစ်ပွားနေသည်။

လိုက်ဖမ်းခံနေရသော ပုံရိပ်သည်တော့ အော်ဟစ်ညည်းညူသံကို အဆက်မပြတ် ထုတ်လွှတ်နေလေရာ အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားစေသည်။

ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများသည်လည်း ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ကြသည်။ သူတို့အားလုံးဆီမှာ ထူးဆန်းသော အမူအရာများ ထွက်ပေါ်လာသည်။ နင်ယန်နှင့် ဝူကျန်းဝူသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြသည်။ သူတို့က ထိုသို့အဖြစ်အပျက်မျိုးကို ကျင့်သားရနေပြီဖြစ်သည်။

နတ်မိမယ်ကျစ်ရွှမ်းသည် ယင်းကို လျစ်လျူရှုထားသည်။

ရွှီချင်းသည် သက်ပြင်းချလိုက်သည်။ ယာယီရွက်ဖျင်တဲထဲတွင် သူ့အရှေ့မှ အပြာရောင်ပိုးကောင်ကို ကြည့်လိုက်ပြီး‌ ခေါင်းခါလိုက်သည်။

“ စီနီယာအကိုကြီး… အဲ့လိုလုပ်ရတာ ထိုက်တန်လို့လား ”

အပြာရောင်ပိုးကောင်သည် လက်ချောင်းတစ်ချောင်း၏ အရွယ်အစားမျှသာရှိပြီး ၎င်းမှာ လူ့ဦးခေါင်းတစ်ခု ရှိသည်။ ၎င်းသည် ခေါင်းဆောင်ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူ၏ အမူအရာက ဘဝင်မြင့်နေဆဲပင်။

“ ဒါပေါ့… တန်တယ်… အဲ့ဒါက ကိစ္စမရှိပါဘူး… အဲ့ဒီအမွှေးကြီးက မိန်းကလေးဖြစ်မယ်လို့ ငါထင်တယ်… အခုလို သူစိတ်ဆိုးသွားတာက ပုံမှန်ပါပဲ… ဒါကြောင့် သူကစားလို့ရအောင် ကိုယ်ပွားတချို့ကို ငါပြင်ဆင်ခဲ့တယ် ”

“ ဒါပေမဲ့ ဒီတစ်ကြိမ် ရိတ်သိမ်းမှုက အဲ့ဒီအတွက် ထိုက်တန်ပါတယ် ”

“ ချင်းလေး… ဒီစည်းချအစီအရင်က သာမန်မဟုတ်ဘူး… နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အကြည့်အောက်မှာ အဲ့ဒါက တားမြစ်ဇုန်ကို ပြောင်းလဲသွားသင့်တယ်… ဒါပေမဲ့ အဲ့ဒါက တကယ်ကြီး အသက်ဝင်လာတယ်… ဒီလို သန္ဓေပြောင်းလဲမှုက ရှားပါးတယ်… အဲ့ဒါကို နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ နောင်သားမျိုးဆက်လို့တောင် ဆိုနိုင်တယ် ”

“ သူ့မှာ နတ်ဘုရာမျက်နှာပျက်ကြီးရဲ့ ဝိသေသလက္ခဏာတချို့ ပိုင်ဆိုင်ထားလောက်တယ် ”

“ ဒါကြောင့် နီလာနတ်သမီးရဲ့ အသားတုံးကို ငါဆုံးရှုံးခဲ့တာကိုပဲ မြင်မနေပါနဲ့… ဒီဆံပင်မွှေးတွေက အဲ့ဒါထက် ပိုပြီးအရေးပါတယ် ”

“ မင်းပျော်တယ်ဆို ပြီးတာပါပဲ ”

ရွှီချင်းသည် ထိုအကြောင်းကို နောက်ထပ် မပြောတော့ပေ။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး တိတ်တဆိတ် တရားထိုင်လိုက်သည်။

ဤသည်ကိုမြင်သောအခါ ပိုးကောင်သည် ဘေးဘက်သို့ တွားသွားလိုက်ပြီး ထိုနေရာမှာ သက်တောင့်သက်သာရှိစွာ လဲလျောင်းလိုက်သည်။ သူ၏ စိတ်ထဲမှာ ထိုဆံပင်များကို အကောင်းဆုံး မည်သို့အသုံးချရမည်ဖြစ်ကြောင်း စဉ်းစားလိုက်သည်။

အမွှေးပန်ကိတ်သည် ကောင်းကင်ပေါ်မှာ ပျံသန်းနေပြီး ခေါင်းဆောင်၏ ကိုယ်ပွားများကို ရူးသွပ်စွာ ဆက်လက် ကိုက်ဝါးစားနေသည်။ ထိုသို့ဖြင့် အချိန်သည် ကုန်ဆုံးသွားပြီး ခုနစ်ရက် ကုန်လွန်သွားသည်။ အမွှေးပန်ကိတ်၏ ဒေါသက မပျောက်ကွယ်သေးသော်လည်း ၎င်း၏ အိပ်ချိန်က ကျရောက်လာသည်။

၎င်းက ဆန္ဒမရှိသေးသော်လည်း နိုင်းယန်ပြည်နယ်ဆီသို့ ပြန်လာရုံမှလွဲ၍ တခြားရွေးချယ်စရာမရှိပေ။ ၎င်းက မြေပြင်ပေါ်သို့ ပြန်ရောက်သွားသည့်အခါ အမွှေးအမျှင်အားလုံးကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှေးဟောင်းစည်းချအစီအရင်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။ ၎င်းက မြေပြင်ပေါ်မှာ လှုပ်ရှားမှုကင်းမဲ့သွားသည်။

တစ်ချိန်တည်းမှာ ရွှီချင်းနှင့် တခြားလူများအတွက် ထွက်ခွာရန် အချိန်ကျလာပြီ ဖြစ်သည်။

သို့ဖြစ်၍ တိုင်အန်ဒေသငယ်က သတိထားနေကြစဉ် ရွှီချင်းနှင့် တခြားလူများသည် စည်းချအစီအရင်ထံသို့ ရောက်ရှိသွားကြသည်။ အလင်းရောင်က တောက်ပလာသည့်အခါ စည်းချအစီအရင်က အသက်ဝင်လာသည်။

သူတို့က တည်နေရာပြောင်းရွှေ့တော့မည့်အချိန် စည်းချအစီအရင်သည် ရုတ်တရက် အကြိမ်ရေအနည်းငယ် တုန်ခါလာသည်။ ဤသည်မှာ အိပ်မောကျနေသော အမွှေးပန်ကိတ်က ၎င်းကို ဒေါသဖြစ်စေသော အရှိန်အဝါတစ်ခုကို အာရုံခံမိသွားဟန် ရသည်။ ၎င်းက နိုးထချင်သော်လည်း ထိုသို့မလုပ်ဆောင်နိုင်ပေ။

နောက်ဆုံးမှာတော့ စည်းချအစီအရင်၏ ဆန္ဒမရှိမှုကြားမှာ လူတိုင်း၏ ပုံရိပ်သည် တိုင်အန်ဒေသငယ်ထဲမှ ပျောက်ကွယ်သွားကြသည်။

ထို့နောက် သူတို့သည် ဒေသကြီးများစွာကို ဆက်လက် ဖြတ်ကျော်သွားခဲ့ပြီး အကြိမ်ပေါင်းများစွာ တည်နေရာပြောင်းရွှေ့ခဲ့ကြသည်။ တစ်ခါတစ်ရံ သူတို့၏ ခရီးစဉ်မှာ အလှည့်အပြောင်းတချို့ ဖြစ်ပေါ်လာခဲ့သော်လည်း အလုံးစုံခြုံငုံကြည့်လျှင် အဆင်ပြေချောမွေ့သည်။ နောက်ဆုံးမှာတော့ သုံးလကြာပြီးနောက် သူတို့၏ ပုံရိပ်များသည် နောက်ဆုံးဒေသငယ်၏ တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ထိုဒေသငယ်ကို နန်းရှင်းဒေသငယ်ဟု ခေါ်သည်။ ယင်းက မဟာနန်းမြို့တော်ဒေသကြီးနှင့် အနီးကပ်ဆုံးဖြစ်ပြီး မီးခိုးရောင်ပင်လယ်ဒေသကြီးထဲမှာ တည်ရှိသည်။

မီးခိုးရောင်ပင်လယ်ဒေသကြီးထဲမှ ပင်လယ်သည် ပုံမှန်ပင်လယ်များနှင့် ခြားနားသည်။ အဘယ့်ကြောင့်ဆိုသော် ဒုဓလီပန်းနှင့်ဆင်တူသော မျောလွင့်ပန်းများက တစ်နှစ်ပတ်လုံး ပျံ့လွင့်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မြေပြင်သည် မီးခိုးရောင်ဝါဂွမ်းဖြင့် တစ်ချိန်လုံး ဖုံးလွှမ်းခံထားရသည်။ အဝေးမှ ကြည့်လျှင် ယင်းက မီးခိုးရောင်ပင်လယ်ဖြင့် ဆင်တူသောကြောင့် ထိုသို့နာမည်ရလာခဲ့ခြင်း ဖြစ်သည်။

ပထမဆုံးကြည့်လျှင် ယင်းက ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ အဖြူရောင်လေနှင့် ဆင်တူသည်။ သို့သော်လည်း အနှစ်သာရသည် ခြားနားသည်။

ရွှီချင်းတို့အုပ်စုက ထိုနေရာသို့ ရောက်ရှိသွားသည့်အခါ ပန်းပွင့်များထံမှ ဝါဂွမ်းများက စတင်ပျံ့နှံ့နေသည့်အချိန် ဖြစ်သည်။ ကောင်းကင်သည် လွင့်မျောနေသော ဝါဂွမ်းများဖြင့် ပြည့်နှက်နေသည်။ လေတဟူးဟူး တိုက်ခတ်လာသည့်အခါ ယင်းတို့က မြေပြင်တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားပြီး အဆုံးမဲ့သော မီးခိုးရောင်ပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

ယင်းက လှပသောအရာဖြစ်သော်လည်း ဤနေရာမှာ နေထိုင်ကြသော သက်ရှိအားလုံးအတွက်တော့ ဖော်မပြနိုင်သော ကပ်ဘေးတစ်ခု ဖြစ်ပေသည်။

အကယ်၍ ကောင်းကင်ပေါ်မှာ ပြည့်နှက်နေသော မီးခိုးရောင်ဝါဂွမ်းများက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် ယင်းက သူတို့၏ အသက်ဓာတ်ကို မြန်ဆန်စွာ ခမ်းခြောက်သွားစေလိမ့်မည်။ ထို့ကြောင့် ဤနေရာမှာ နေထိုင်ကြသော အသင်္ချေမျိုးနွယ်စုများသည် တစ်ချိန်လုံး သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ အကာအကွယ်အလွှာများကို ဖွဲ့စည်းထားရခြင်း သို့မဟုတ် ထူထဲသော တစ်စုံတစ်ခုကို ဝတ်ဆင်ထားကြရသည်။

ထို့ကြောင့် ဤဒေသကြီးထဲမှာရှိသော သက်ရှိအများစုသည် နှုတ်ဆိတ်ကြပြီး စကားနည်းကြသည်။

ရွှီချင်းနှင့် တခြားလူများက ထွက်ပေါ်လာသည့်အခါ ထိုအတိုင်း သူတို့ခံစားမိကြသည်။

တိုင်အန်ဒေသငယ်နှင့် မတူညီသည်မှာ သူတို့၏ ရောက်ရှိလာမှုက နန်းရှင်းဒေသငယ်ကို နိုးကြားမှုမဖြစ်စေခဲ့ပေ။ စည်းချအစီအရင်ကို စောင့်ကြပ်နေကြသော ကျင့်ကြံသူအများစုသည် ပျင်းရိနေကြသည်။

ထိုမြင်ကွင်းသည် နန်းရှင်းဒေသကြီးတစ်ခုတည်းမှာသာ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ဖုန်းဟိုင်ဒေသငယ်နှင့် ဝေးကွာလာသည်နှင့်အမျှ သူတို့၏ သတိထားမှုသည် လျော့နည်းလာသည်။ အဘယ့်ကြောင့်ဆိုသော် သန့်စင်ရေလှိုင်းဒေသကြီးမှ ကိစ္စများက အပြင်လောကသို့ ပျံ့နှံ့သွားလျှင်ပင် အကွာအဝေးခြားနားမှုက အလွန်ကြီးမားသောကြောင့် ဤနေရာမှာ ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် အလွန်ခက်ခဲလိမ့်မည်။

မည်သို့ဖြစ်ပါစေ အလွန်ဝေးကွာသောကြောင့် ထိုကိစ္စများက သူတို့နှင့် ဘာမှမသက်ဆိုင်ပေ။

နန်းရှင်းဒေသငယ်သည် မဟာနန်းမြို့တော်ဒေသကြီးနှင့် အနီးကပ်ဆုံးဖြစ်သည်။ ထို့ကြောင့် နန်းမြို့တော်နှင့် သူတို့ကြားမှ ဆက်ဆံရေးသည် ထုံးစံအားဖြင့် တခြားဒေသငယ်များထက် ပိုပြီးနီးစပ်သည်။ နန်းမြို့တော်မှ အထက်တန်စား ပုဂ္ဂိုလ်တချို့သည်ပင် ဤနေရာမှ နယ်စပ်နားမှာ နေထိုင်ကြသည်။

ရွှီချင်းနှင့် တခြားလူများသည် ထိုကိစ္စကို အာရုံမစိုက်ကြချေ။ သူတို့က စည်းချအစီအရင်မှ ထွက်လျှောက်လာပြီးနောက် အပြင်သို့ သွားလာရန် အစီအစဉ်မရှိကြပေ။ ယင်းအစား သူတို့က နောက်ဆုံးတည်နေရာပြောင်းရွှေ့ခြင်းကို အသုံးမပြုမီ တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို မြန်ဆန်စွာ ပြန်ပြင်ဆင်လိုက်ကြသည်။

မဟာနန်းမြို့တော်ဒေသကြီးဆီသို့ရောက်ရန် ဤနေရာမှာ နောက်တစ်ခါ တည်နေရာပြောင်းရွှေရန်သာ လိုအပ်တော့သည်။

“ မဟာနန်းမြို့တော်ဒေသကြီးဆီ ငါတို့ရောက်တော့မယ် ”

ရွှီချင်းသည် အဝေးသို့ ကြည့်လိုက်သည်။ လွင့်မျောနေသော မီးခိုးရောင်ဝါဂွမ်းများကြားမှတဆင့် သူက မဟာနန်းမြို့တော်ဒေသကြီး၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

“ ဟွမ်ယုံက ဒီဒေသငယ်မှာ သူ့ညီမတစ်ယောက်ရှိတယ်လို့ ပြောခဲ့တယ် ”

ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်သည်။ တစ်ဖက်လူကို မည်သို့ရှာဖွေရမည်ဖြစ်ကြောင်း သူမသိပေ။ သို့သော်လည်း ဟွမ်ယုံ၏ ရှင်းပြချက်အရ သူ၏ ငှက်မွှေးက သူ့ညီမကို သတိပြုမိစေပြီး သူ့ဘာသာ ရှာဖွေနိုင်စေလိမ့်မည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က နင်ယန်ပေါ်သို့ ကျရောက်သွားသည်။

နင်ယန်၏ အမူအရာသည် တခြားဒေသငယ်များမှာ သူမြင်တွေ့ခဲ့စဉ်ကနှင့် ခြားနားနေသည်။ သူက စိတ်မသက်မသာ ခံစားနေရသည့်အလားပင်။ ထို့ပြင် သူက အနည်းငယ် စိုးထိတ်နေဟန် ရ၏။ ရွှီချင်း၏ အကြည့်ကို သတိထားမိသွားသောအခါ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သူက ရွှီချင်းဆီသို့ မြန်ဆန်စွာ လျှောက်သွားလိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောသည်။

“ ဆရာရွှီ… ငါ့တတိယအမတော်ရဲ့ သွေးမျိုးစက်အရှိန်အဝါကို ငါအာရုံခံမိတယ်… သူက အဲ့ဒါကို ဖုံးကွယ်မထားတာကြောင့် ရှင်းရှင်းလင်းလင်း ငါအာရုံခံမိတယ်… သူလည်းပဲ ငါ့ကို အာရုံခံမိလောက်တယ် ”

“ မင်းသမီးအန်းဟိုင်လား ”

သတ္တမမင်းသား၏ နန်းတော်ထဲမှာ သူမြင်တွေ့ခဲ့ဖူးသော မင်းသမီးအန်းဟိုင်၏ ပုံရိပ်က ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ သူဘာလို့ ဒီမှာ ထွက်ပေါ်လာလဲဆိုတာ အကြမ်းဖျဉ်း ငါခန့်မှန်းနိုင်တယ်… ဘာလို့လဲဆိုတော့ ဒီနေရာမှာ တတိယမင်းသမီးနဲ့ ပဉ္စမမင်းသားရဲ့ အထိန်းတော်အဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့ အကြီးအကဲတစ်ယောက် ရှိတယ် ”

“ တတိယမင်းသမီးနဲ့ ပဉ္စမမင်းသားက အရွယ်ရောက်လာတဲ့အခါ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြခဲ့တာကြောင့် လူသားဧကရာဇ်က အဲဒီအထိန်းတော်ကို ဒီဒေသငယ်မှာ အငြိမ်းစားယူနိုင်အောင် အထူးခွင့်ပြုချက် ပေးခဲ့တယ်… ဘာလို့လဲဆိုတော့ ဒီနေရာက အဲ့ဒီအထိန်းတော်ရဲ့ မွေးရပ်မြေဖြစ်လို့ပဲ ”

နင်ယန်က စကားပြောနေစဉ် ပုံရိပ်တစ်ခုသည် အဝေးမှ ပျံသန်းလာသည်။ ၎င်းက မီးခိုးရောင်ပင်လယ်ကို ဖောက်ထွင်းသွားပြီး ရွှီချင်းနှင့် တခြားလူများ၏ အရှေ့မှာ ထွက်ပေါ်လာကာ အစေခံတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။

ထိုအစေခံ၏ အကြည့်သည် စူးရှပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထူးခြားသည်။ သူက ထွက်ပေါ်လာပြီးနောက် လီယွင်ရှန်းနှင့် နတ်မိမယ်ကျစ်ရွှမ်းကို အရင်ဦးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်ပြီး သူ၏ အမူအရာကို ထိန်းချုပ်လိုက်သည်။ နောက်ဆုံးမှာတော့ သူက ရွှီချင်း၏ ဘေးမှ နင်ယန်ကို ကြည့်လိုက်သည်။

သူက အနည်းငယ် ခေါင်းငုံ့လိုက်ပြီး စကားမပြောခင် အရိုအသေပေးလိုက်သည်။

“ မင်းသားဆယ့်နှစ်ကို နှုတ်ဆက်ပါတယ် ”

“ မင်းသမီးက အဖွားစွန်းရဲ့ ပွဲအခမ်းအနားမှာ ကူညီပေးနေပါတယ်… မင်းသမီးက မင်းသားဆယ့်နှစ်ရဲ့ အရှိန်အဝါကို အာရုံခံမိတာကြောင့် ဒီအစေခံကို စေလွှတ်ပြီး မင်းသားကို ပွဲအခမ်းအနားတတ်ရောက်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ် ”

All Chapters