← Chapters

သက်တံ့ဝိညာဉ်ရောင်ဝါအင်ပါယာ

Vol. 74 Ch. 1149

သက်တံ့ဝိညာဉ်ရောင်ဝါအင်ပါယာ

Vol. 74 Ch. 1149

ရွှီချင်းသည် မင်းသမီးအန်းဟိုင်နှင့်ပတ်သက်ပြီး အများကြီး မသိပေ။ အတိတ်တုန်းက သတ္တမမင်းသား၏ ဂုဏ်ပြုပွဲအခမ်းအနားမှာ သူမြင်တွေ့လိုက်ရစဉ်က တစ်ဖက်လူသည် စကားအများကြီး မပြောခဲ့ပေ။ သို့သော်လည်း သန့်စင်ရေလှိုင်းဒေသကြီးမှ အခြေအနေများကို လေ့လာသုံးသပ်ပြီးနောက် မင်းသမီးအန်းဟိုင်က မည်မျှဉာဏ်ထက်မြက်ကြောင်း သူမြင်နိုင်သေးပေသည်။

အတိတ်မှာ မင်းသမီးအန်းဟိုင်ကို ကြည့်သော သတ္တမမင်းသား၏ အကြည့်ထဲမှာ စိုးရိမ်သော အရိပ်အမြွက်တချို့ရှိကြောင်း သူသတိထားမိသည်။

ထို့ပြင် သူ့အစေ၏ ပြောဆိုဆက်ဆံပုံမှတဆင့် သူက ရိုကျိုးလွန်းခြင်းမရှိသလို မောက်မာလွန်းခြင်းမရှိကြောင်း မြင်သာသည်။ သူ၏ အမူအရာနှင့် စကားများသည် တည်ငြိမ်သည်။ သူက သင့်တင့်လျောက်ပတ်သော ရိုသေလေးစားမှုကိုသာ ထုတ်ဖော်ပြထားသည်။

ထို့ကြောင့် ရွှီချင်းက နင်ယန်ကို ကြည့်လိုက်သည်။

နင်ယန်သည် တုံ့ဆိုင်းသွားသည်။

ဤသည်ကို အစေခံမြင်သောအခါ သူက နောက်ထပ် မပြောတော့ပေ။ သူက နင်ယန်နှင့် ရွှီချင်းကို အရိုအသေပေးပြီးနောက် လှည့်ပြန်သွားသည်။

တစ်ဖက်လူက ထွက်ခွာသွားကြောင်း မြင်လိုက်ရသောအခါ နင်ယန်သည် သက်ပြင်းချလိုက်သည်။

“ ဆရာရွှီ… အဲ့ဒီအဖွားစွန်းရယ် တတိယမင်းသမီးရဲ့ မယ်တော်ရယ် ပဉ္စမမင်းသားရဲ့ မယ်တော်ရယ်က ရင်းနှီးတဲ့ မိတ်ဆွေတွေပါ ”

“ ဒီကိစ္စက ရှုပ်ထွေးတယ်… အဲ့ဒီကို ငါခရီးတစ်ခေါက် သွားသင့်တယ်လို့ ထင်တယ်… ဆရာရွှီ… ငါနဲ့အတူ အဖော်လိုက်ပေးနိုင်မလား ”

နင်ယန်သည် ရွှီချင်းကို အင်တင်တင် ကြည့်လိုက်သည်။ သူက အနည်းငယ် စိတ်မသက်မသာ ခံစားမိနေသည်။

မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ပိုပြီးနီးကပ်လာလေ နင်ယန်က ပိုပြီးစိုးရိမ်လာလေ ဖြစ်သည်။ သူက နန်းမြို့တော်သို့ ပြန်ရန် ဆန္ဒမရှိခြင်းသည် အလိမ်အညာ မဟုတ်ပေ။

ရွှီချင်းသည် ထိုအကြောင်းကို စဉ်းစားကြည့်လိုက်သည်။ စည်းချအစီအရင်ကို ပြင်ဆင်ရန် ရက်အနည်းငယ်ကြာမြင့်လိမ့်မည်။ သို့ဖြစ်၍ သူ့မှာ ထိုအတွက် အချိန်အလုံအလောက်ရသည်။ ထို့ပြင် နင်ယန်က သူ့အား ထိုသို့တောင်းဆိုလာခြင်းသည် သူ့ကိုယ်သူ ယုံကြည်မှုမရှိသောကြောင့် ဖြစ်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

“ သွားစို့ ”

ရွှီချင်း၏ စကားကို နင်ယန်ကြားသောအခါ သူက ချက်ချင်း စိတ်ဓာတ်တတ်ကြွလာသည်။ ရွှီချင်းက သူ၏ ဘေးနားမှာရှိနေလျှင် သူက အလိုအလျောက် ယုံကြည်မှုရှိလာသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်မှ ထွက်ခွာသွားကြသည်။

နတ်မိမယ်ကျစ်ရွှမ်းသည် လီယွင်ရှန်းနှင့်အတူ စည်းချအစီအရင်ကို ထိန်းသိမ်းရမည်ဖြစ်သောကြောင့် ရွှီချင်းနှင့်အတူ မသွားနိုင်ပေ။ ခေါင်းဆောင်သည်တော့ ဤလများတွင် အမွှေးပန်ကိတ်၏ ဆံပင်များကို စူးစမ်းလေ့လာနေသောကြောင့် အပြင်ထွက်ရန် စိတ်မပါပေ။

ထို့ကြောင့် ရွှီချင်းနှင့် နင်ယန်သာလျှင် ဓားကိုင်တချို့၏ ကာကွယ်ပေးမှုအောက်မှာ အဖွားစွန်း၏ ခြံဝန်းဆီသို့ ပျံသန်းသွားကြသည်။

နေရာအတိအကျကို သိရှိထားရန် မလိုအပ်ပေ။ နင်ယန်သည် မင်းသမီးအန်းဟိုင်နှင့် သူ့ကြားမှ သွေးမျိုးစက်ဆက်နွယ်မှုကို အာရုံခံ၍ ထိုနေရာကို အမြန်ရှာတွေ့သွားသည်။ ယင်းက ပန်းဥယျာဉ်တစ်ခုနှင့်ဆင်တူသော ခြံဝန်းတစ်ခုဖြစ်ပြီး အလွန်ကျယ်ပြောသည်။ ပန်းပေါင်းစုံသည် ထိုနေရာမှာ ပွင့်လန်းနေကြပြီး မီးခိုးရောင်ဝါဂွမ်းကို တစ်နှစ်ပတ်လုံး ကာကွယ်ပေးထားသော စည်းချအစီအရင်တစ်ခုလည်း ရှိသည်။

ခြံဝန်းကျယ်ကြီးထဲရှိ လူလုပ်တောင်တန်းများကို ကျောက်စိမ်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့ပြင် ရွေ့လျားနေသော ဝိညာဉ်ရေပူစမ်းတစ်ခုလည်း ရှိသေးသည်။ ထိုရေပူစမ်းက ခြံဝန်းတစ်ခုလုံး၌ ဝိညာဉ်စွမ်းအင်ဖြင့် အလွန်သိပ်သည်းစေသည်။ ယင်း၏ အဆင့်အတန်းသည် ဖုန်းဟိုင်ဒေသငယ်မှ သာမန်ဂိုဏ်းတော်များ လက်လှမ်းမမှီနိုင်သောအရာ ဖြစ်သည်။

ခြံဝန်း၏ အလယ်တွင် ပွဲအခမ်းအနားကျင်းပနေသော ဧရိယာတစ်ခု ရှိသည်။ အပေါ်ဆုံးမှ ထိုင်ခုံပေါ်တွင် ဇရာအိုနေသော အဖွားအိုတစ်ယောက် ရှိသည်။ အဖွားအိုသည် အမြဲတမ်း ကြင်နာသိမ်မွေ့စွာ ပြုံးထားပြီး တန်ဖိုးကြီးမားသော အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူက နန်းတွင်းအဝတ်အစားဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်နှင့် စကားပြောနေသည်။

သူတို့၏ အောက်ဘက်တွင် ဧည့်စားပွဲဝိုင်းများကို ခင်းကျင်းထားသော အတန်းနှစ်တန်း ရှိသည်။ ပွဲအခမ်းအနားသို့ တတ်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်များသည် စားပွဲဝိုင်းများမှာ ဝင်ထိုင်လိုက်ကြပြီး သူ့တို့ဘာသာ ပျော်ရွှင်နေကြသည်။ အစေခံမိန်းကလေးအများအပြားသည် မရပ်မနား လှည့်ပတ်ရွေ့လျားနေကြသည်။ သူတို့က အစားအစာပန်းကန်များကို ချပေးပြီး ရံဖန်ရံခါ သစ်သီးများကို သယ်ဆောင်လာပေးသည်။

ပွဲအခမ်းအနား၏ အလယ်တွင် အရပ်ရှည်သော ကျင့်ကြံသူကိုးယောက်က တိုက်ခိုက်နေကြသည်။

သူတို့က အပြန်အလှန် တိုက်ခိုက်နေကြစဉ် မန္တန်အားလှိုင်းများက ပဲ့တင်ထပ်လာသည်။ သူတို့၏ တိုက်ခိုက်မှုပုံစံသည် ထူးခြားပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။

သွေးမျိုးစက်ဆက်နွယ်မှုမှတဆင့် မင်းသမီးအန်းဟိုင်သည် ရွှီချင်းနှင့် နင်ယန်၏ ရောက်ရှိလာမှုကို ချက်ချင်း အာရုံခံမိသွားသည်။ သူက အဖွားအိုကို နားနားကပ်၍ တစ်စုံတစ်ခုပြောလိုက်လေရာ အဖွားအိုသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းနှင့် နင်ယန်က အနားသို့ ချဉ်းကပ်ရောက်ရှိလာသည့်အခါ ခြံဝန်းထဲမှ အကာအကွယ်စည်းချအစီအရင်သည် အလိုအလျောက် ပွင့်သွားပြီး လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။

နင်ယန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ဘေးမှ ရွှီချင်းကို ကြည့်လိုက်သည်။ ထိုအခါမှ သူ၏ နှလုံးက အနည်းငယ် တည်ငြိမ်သွားသည်။ သူက စည်းချအစီအရင်ထဲသို့ ရွှီချင်းနှင့်အတူ ဝင်ရောက်သွားပြီး ခြံဝန်းထဲမှာ ထွက်ပေါ်လာသည်။

ပွဲအခမ်းအနားမှ တိုက်ပွဲသည် ရပ်တန့်သွားသည်။ အလယ်မှ ကျင့်ကြံသူများသည် ရိုသေလေးစားစွာ အနောက်ဆုတ်သွားကြသည်။ နင်ယန်သည် အရှေ့သို့ ခြေလှမ်းအနည်းငယ် အမြန်လျှောက်သွားလိုက်ပြီး အဖွားအို၏ အရှေ့မှာ ရပ်လိုက်သည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ အဖွားစွန်းကို နှုတ်ဆက်ပါတယ် ”

အဖွားစွန်း၏ အကြည့်သည် နင်ယန်အပေါ်သို့ ကျရောက်လာသည်။ သူ၏ အမူအရာသည် အနည်းငယ် အေးစက်နေသည်။ သူက အနည်းငယ်သာ ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။ သူက ရွှီချင်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ မင်းသမီးအန်းဟိုင်ကို ဆက်လက် စကားပြောလိုက်သည်။

မင်းသမီးအန်းဟိုင်က အဖွားစွန်းကို ပြန်လည်တုံ့ပြန်လိုက်ပြီး နင်ယန်နှင့် ရွှီချင်းကို တောင်းပန်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

နင်ယန်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမခံစားရပေ။ သူက တစ်ဖက်လူ၏ အေးစက်မှုကို ကျင့်သားရနေပြီ ဖြစ်သည်။ ဤအခိုက်အတန့်မှာ ယင်းက ဆိုးဝါးသည်ဟု သူမခံစားမိသဖြင့် အစွန်ဆုံးနားမှ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။

ရွှီချင်းသည် သူနှင့်မသက်ဆိုင်သော လူများထံမှ အေးစက်မှုနှင့်ပတ်သက်ပြီး ဂရုမစိုက်ပေ။ တစ်ဖက်လူမှာ သူ့အပေါ် မကောင်းသော အတွေးများရှိမရှိကိုသာ သူဂရုစိုက်ပေသည်။

သူ၏ အမူအရာသည် တည်ငြိမ်ပြီး နင်ယန်၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။

ပွဲအခမ်းအနားကို ဆက်လက် ကျင်းပသည်။

သူတို့နှစ်ယောက်၏ ရုတ်တရက် ရောက်ရှိလာမှုသည် တခြားလူများ၏ အာရုံကို ဆွဲဆောင်သွားသည်။ တချို့က အသံပို့လွှတ်ပြီး ဆွေးနွေးနေကြစဉ် တချို့က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။ တချို့သည်တော့ အထင်သေးရှုံ့ချသော အရိပ်အယောင်က သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာကြသည်။

ရွှီချင်းသည် ကိစ္စများစွာကို တွေ့ကြုံပြီးနောက် ထိုလူများ၏ အမူအရာများသည် သူတို့၏ စိတ်ထဲမှ အတွေးများ၏ ရောင်ပြန်မှုသာဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်ထားသည်။ သူတို့အများစုသည် မျက်နှာဖုံးစွပ်ထားရုံမျှသာ ဖြစ်ကြသည်။

သို့ဖြစ်၍ တခြားလူများ၏ အမူအရာက မည်သို့ဖြစ်နေပါစေ သူအာရုံစိုက်ရန် မလိုအပ်ပေ။

ရွှီချင်းသည် သူ့အရှေ့မှ သေရည်ပုလင်းကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူက မျက်လုံးမှေးကျဉ်းလိုက်သည်။ ယင်းက ဖုန်းဟိုင်ဒေသငယ်မှ သေရည်ထက် အများကြီး ပိုကောင်းမွန်သည်။

ယင်းက ယမကာတစ်ခုသာဖြစ်သော်လည်း သူ၏ ပါးစပ်ထဲမှာ ပျစ်နှစ်ပြီး စေးကပ်သည်။ သေရည်၏ အရသာနှင့်ပတ်သက်ပြီး သူ၏ စိတ်ထဲမှာ စကားလုံးတချို့ ချက်ချင်း ထွက်ပေါ်လာသည်။

နတ်သုဒ္ဓါပျားရည်…

သေရည်ကို အရသာခံစားကြည့်ပြီးနောက် ရွှီချင်းသည် နောက်ထပ်အနည်းငယ် မော့သောက်လိုက်သည်။ ဤသည်ကို ဘေးမှ နင်ယန်က မြင်သွားသောအခါ လေသံတိုးတိုးဖြင့် ပြောသည်။

“ ဆရာရွှီ… နန်းမြို့တော်မှာ သေရည်ကောင်းကောင်းရတဲ့ ဆိုင်တချို့ကို ငါသိထားတယ်… ငါတို့ အဲ့ဒီကိုရောက်တဲ့အခါကျရင် မင်းကို ခေါ်သွားပေးမယ် ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက နေရာမှာ ထိုင်နေပြီး ဆက်လက် သေရည်သောက်နေသည်။ သူက ပွဲအခမ်းအနား အဆုံးမသတ်ခင်အထိ သေရည်ထိုင်သောက်ရန် စိတ်ကူးထားသည်။

အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ပွဲအခမ်းအနားသည် ပိုပြီးသက်ဝင်လှုပ်ရှားလာပြီး စည်ကားလာသည်။ ရယ်မောသံများသည် ပွဲထဲမှာ မရပ်မနား ပဲ့တင်ထပ်နေသည်။ ရံဖန်ရံခါ မင်းသမီးအန်းဟိုင်က အဖွားစွန်းကို ရယ်မောပျော်ရွှင်စေမည့် စကားများကို ပြောလေ့ရှိသည်။ ယင်းက ဤနေရာမှာရှိသော လူတိုင်းကို ပြုံးရွှင်စေသည်။

ရွှီချင်းနှင့် နင်ယန်သည်သာ သီးခြားခွဲထွက်နေသည်။ ရွှီချင်းက တည်ငြိမ်စွာ သေရည်သောက်နေပြီး နင်ယန်က သူ့ကို အဖော်ပြုပေးနေသည်။ သေရည်က ကုန်သွားတော့မည်ဖြစ်ကြောင်း အာရုံခံမိသွားသည့်အခါ နင်ယန်က အစေခံတစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး ပိုမိုများပြားသော သေရည်ပုလင်းများကို ယူဆောင်လာရန် မှာကြားလိုက်သည်။

မင်းသမီးအန်းဟိုင်သည်တော့ သူ့မှာ မကောင်းသော ရည်ရွယ်ချက်မရှိဟန် ရသည်။ သူက ရွှီချင်းနှင့် နင်ယန်ကို သူတို့၏ စကားဝိုင်းထဲသို့ ဆွဲခေါ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ အဖွားစွန်းမှာ မကောင်းသော ရည်ရွယ်ချက်မရှိသော်လည်း သူက အများကြီး ဂရုမစိုက်ပေ။ သူ၏ အမူအရာက အေးစက်နေဆဲပင်။

အဆုံးမှာတော့ မင်းသမီးအန်းဟိုင်သည် ကိုယ်တိုင် စကားလာမပြောနိုင်သောကြောင့် သူ၏ ဘေးမှ အစေခံကို သူ့ကိုယ်စား စကားလက်ဆောင်ပါးခိုင်းလိုက်သည်။

“ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့… မင်းသမီးမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိပါတယ်… အဖွားစွန်းက နန်းမြို့တော်ကနေ ထွက်ခွာပြီးပြီဆိုပေမဲ့ နန်းမြို့တော်မှာ သူ့ရဲ့ အဆက်အသွယ်တွေအများကြီး ရှိပါတယ်… နန်းမြို့တော်က အထက်တန်းစား မိသားစုတွေနဲ့ ဂုဏ်သတင်းကျော်ကြားတဲ့ လူတွေက သူ့ရဲ့ မိတ်ဆွေတွေပါ… တကယ်လို့ မင်းသားဆယ့်နှစ်သာ သူ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိမယ်ဆိုရင် နန်းမြို့တော်ရဲ့ နိုင်ငံရေးအရှုပ်အထွေးအများစုကို ဖြေရှင်းနိုင်ပါလိမ့်မယ်… မင်းသမီးက ဒီရည်ရွယ်ချက်ကြောင့် မင်းသားဆယ့်နှစ်ကို ဖိတ်ခေါ်ခဲ့တာပါ ”

ရွှီချင်းသည် အစေခံ၏ စကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်ပြီး သူ၏ သေရည်ခွက်ကို မင်းသမီးအန်းဟိုင်ဆီသို့ မြှောက်ပြလိုက်သည်။

မင်းသမီးအန်းဟိုင်သည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူ့မှာ အမှန်တကယ် ကောင်းမွန်သော ရည်ရွယ်ချက်ရှိသည်။ သို့သော်လည်း ကံမကောင်းစွာပင် အဖွားစွန်းက နင်ယန်အပေါ် နည်းနည်းမှ သဘောမကျပေ။

ယင်းက ကောင်းကင်ပေါ်မှ တိမ်တိုက်များ အနီရောင်သို့ ပြောင်းလဲသွားပြီး မပျံ့နှံ့သွားခင်အထိ ကြာမြင့်ခဲ့သည်။ နေဝင်ချိန်သို့ရောက်ရှိသွားသည့်အခါ ရွှီချင်းက လေချဉ်တတ်လိုက်သည်။

ဤသေရည်ကို အတော်လေး သူသဘောကျသည်။ သူက နင်ယန်နှင့် ထွက်ခွာရန် ပြင်လိုက်စဉ် ကျယ်လောင်သော မိုးခြိမ်းသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

မိုးခြိမ်းသံသည် ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး ကောင်းကင်ယံမှာ မြည်ဟိန်းသွားသည်။ အနီရောင်တိမ်တိုက်များသည် တအိအိလှုပ်ရှားထကြွလာပြီး ပြန့်ကျဲသွားသည်။ ကောင်းကင်ယံသည် သက်တံ့အလင်းရောင်ဖြင့် ချက်ချင်း လွှမ်းခြုံခံလိုက်ရသည်။ ယင်းက သက်တံ့အကာအကွယ်အလွှာတစ်ခုပမာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

ထိုရောင်စုံအကာအကွယ်အလွှာထဲမှာ ဧရာမဒေါင်းတစ်ကောင်သည် ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ ၎င်းက ပုံရိပ်ယောင်ကြားတွင် အပြည့်အဝ ထွက်ပေါ်လာသည့်အခါ သက်တံ့အလင်းရောင်သည် ၎င်း၏ ငှက်မွှေးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဒေါင်းငှက်သည် အလွန်အမင်း ထူးခြားပြီး အလွန်အမင်း လှပသည်။ ၎င်း၏ ထွက်ပေါ်လာမှုသည် လောက၏ အရောင်အသွေးကို ဆုံးရှုံးသွားစေပြီး သက်ရှိအားလုံးကို နိမ့်ကျမှုအား ခံစားမိသွားစေသည်။

ထိုမြင်ကွင်းသည် နန်းရှင်းဒေသငယ်မှ ကျင့်ကြံသူအားလုံးကို ထိတ်လန့်သွားစေသည်။ အဖွားစွန်း၏ ခြံဝန်းထဲမှာရှိသော လူတိုင်းသည် သက်တံ့ရောင်ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး အံ့ဩသွားကြသည်။

အများစုသည် ချက်ချင်း မတ်တတ်ထရပ်လိုက်ကြသည်။ မင်းသမီးအန်းဟိုင်၏ ဘေးမှ အဖွားစွန်းသည် ကောင်းကင်ကို မော့ကြည့်လိုက်လေရာ ပျော်ရွှင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဝိညာဉ်ရောင်ဝါအင်ပါယာ ”

မီးခိုးရောင်ပင်လယ်ဒေသကြီးထဲတွင် တားမြစ်ဇုန်အများအပြားရှိသော်လည်း တားမြစ်ဒေသကြီးသည် တစ်ခုတည်းသာ ရှိသည်။

ယင်းကို ရောင်ဝါသင်္ချိုင်းဟု ခေါ်ဆိုသည်။

ထိုတားမြစ်ဒေသကြီး၏ အရှင်သခင်ကို ရောင်ဝါအင်ပါယာဟု ခေါ်ဆိုသည်။ ၎င်းက အသင်္ချေမျိုးနွယ်စုများနှင့် ရင်းနှီးဖော်ရွေပြီး ၎င်း၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ ထို့ကြောင့် ၎င်းက မီးခိုးရောင်ပင်လယ်ထဲမှာ မျိုးနွယ်စုအများအပြားနှင့်အတူ အေးချမ်းစွာ နေထိုင်သည်။

အပြင်လောကတွင် ၎င်းကို ဝိညာဉ်ရောင်ဝါအင်ပါယာဟု ခေါ်ဆိုကြသည်။

၎င်းသည် အပြင်ထွက်ခဲသည်။ ၎င်းထွက်ပေါ်လာသည့်အခါတိုင်း သက်တံ့အလင်းရောင်က မီးခိုးရောင်ဝါဂွမ်းကို သန့်စင်လိမ့်မည်။ ထို့ကြောင့် ၎င်း၏ ထွက်ပေါ်လာမှုကို မီးခိုးရောင်ပင်လယ်ဒေသကြီးထဲမှာ ကောင်းချီးမင်္ဂလာအဖြစ် သတ်မှတ်နိုင်ပေသည်။

အတိတ်တုန်းက ၎င်းနှင့် အဖွားစွန်းကြားမှာ ဆက်ဆံရေးတစ်ခု ရှိခဲ့သည်။ ၎င်းသည် အဖွားစွန်း၏ အစောပိုင်းနှစ်များတွင် သူ့ကို တစ်ကြိမ် ကူညီပေးခဲ့ဖူးသည်။ ယခုအချိန်ထိပင် ဝိညာဉ်ရောင်ဝါအင်ပါယာ၏ ထိုကြင်နာမှုက အဖွားစွန်းအတွက် အကာအကွယ်တစ်ခုဖြစ်သည်ဟု လူအများအပြားက မြင်နေကြဆဲပင်။

သူ့ကျေးဇူးရှင်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ အဖွားစွန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲတွင် ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေပြီး တစ်ဖက်လူ၏ ထွက်ခွာသွားမှုကို ကြည့်ရှုရန် ပြင်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်ရောင်ဝါအင်ပါယာက အပြင်သို့ ထွက်ခွာခဲကြောင်း သူသိသည်။ ၎င်းက တစ်ခါတစ်ရံမှသာ အပြင်ထွက်လာလေ့ ရှိသည်။

ထို့ကြောင့် သူ၏ အမြင်မှာ တစ်ဖက်လူက ဤနေရာကို ဖြတ်သန်းသွားခြင်းဖြစ်ရမည်ဟု ယူဆထား၏။

သို့သော်လည်း မကြာမီ သူ၏ နှလုံးက ခုန်ပေါက်လာသည်။

သူတစ်ယောက်တည်းသာ မဟုတ်ပေ။ ခြံဝန်းထဲမှ တခြားလူများနှင့် မင်းသမီးအန်းဟိုင်သည်လည်း အံ့ဩမင်သက်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ကောင်းချီးမင်္ဂလာအဖြစ် သတ်မှတ်ခံထားရသော ဝိညာဉ်ရောင်ဝါအင်ပါယာသည် ၎င်း၏ ပုံရိပ်ကို ထုတ်ပြပြီးနောက် ထွက်မသွားခဲ့သောကြောင့် ဖြစ်သည်။ ယင်းအစား ၎င်းက ဤခြံဝန်းဆီသို့ ပျံသန်းလာနေသည်။ ၎င်းက အနားကပ်လာသည့်အခါ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ သက်တံ့အလင်းရောင်သည် တလက်လက် တောက်ပလာသည်။ ၎င်းက ခြံဝန်းအပေါ်သို့ ရောက်ရှိသွားသည့်အခါ ဒေါင်းငှက်မှ လူသားအသွင်သို့ ပြောင်းလဲသွားသည်။

သူ့မှာ ကြော့ရှင်းတင့်တယ်သော ခန္ဓာကိုယ်နှင့် အေးတိအေးစက်သော အမူအရာရှိသည်။ သူ၏ အသွင်ပုံစံသည် ပြိုင်စံရှားအောင် လှပသည်။ သူက နှင်းတောကြားထဲမှ ဇီးပန်းပင်နှင့် ဆင်တူသည်။ ယင်းက အလှမ်းဝေးကွာသည်ဟူသော အတွေးကို ဖြစ်ပေါ်စေပြီး သစ်ကိုင်းများပေါ်မှာ အဆူးရှိကြောင်း တစ်စုံတစ်ယောက်အား သတိမေ့လျော့သွားအောင် ပြုလုပ်နိုင်ပေသည်။

သူ၏ အနက်ရောင်ဆံနွယ်ကို ကျောက်စိမ်းဆံထိုးဖြင့် ချည်နှောင်ထားသည်။ သူက အရှေ့သို့ လျှောက်လှမ်းလာနေစဉ် ပုလဲလုံးများနှင့် ပွင့်ချပ်များက ညင်သာစွာ လှုပ်ယမ်းသွားကြသည်။ ယင်းက လေထဲမှာ ရောင်စုံအလင်းဖြင့် ပြည့်နှက်သွားစေသည်။

သူက နန်းတွင်းအဝတ်အစားကို ဝတ်ဆင်ထားပြီး နတ်သမီးတစ်ပါးသဖွယ် အောက်မေ့ရသည်။ သူက လောကအလယ်မှာ ကြော့ရှင်းတင့်တယ်ပြီး ဂုဏ်ယူဝင်ကြွားစွာ တည်ရှိနေခြင်း ဖြစ်သည်။ သူ၏ ဖီးနစ်မျက်လုံးသည်လည်း အလွန်ဆွဲဆောင်မှု ရှိသည်။ မည်သူမဆို သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အလိုလို ခေါင်းငုံ့သွားကြရလိမ့်မည်။

အထူးသဖြင့် သူ၏ ခရမ်းရောင်နန်းတွင်းအဝတ်အစားများသည် လေတိုးဝှေ့မှုအောက်မှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ ယင်းက သူ၏ အလှကို ဖော်ပြရန် စကားလုံးရှားပါးစေသည်။ သူက တုနှိုင်းမဲ့သော ဂုဏ်ကျက်သရေနှင့် အံ့ဩမင်သက်ဖွယ်ကောင်းသော ဆွဲဆောင်မှုကို ထုတ်လွှတ်နေသည်။

ထိုမြင်ကွင်းကို နတ်သမီးတစ်ပါးက သေမျိုးလောကဆီသို့ ဆင်းသက်လာခြင်းဟုသာ အဓိပ္ပာယ်ဖော်နိုင်ပေသည်။

အဖွားစွန်း၏ အမူအရာသည် တည်ကြည်လာပြီး ရိုသေလေးစားစွာ ပြောသည်။

“ ဝိညာဉ်ရောင်ဝါအင်ပါယာကို ကြိုဆိုပါတယ် ”

တခြားလူများနှင့် မင်းသမီးအန်းဟိုင်သည်ပင် အမြန်နှုတ်ဆက်လိုက်ကြသည်။ နင်ယန်သည်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်ရသည်။ သူက တစ်ဖက်လူ၏ အလှကြောင့် ဆွံ့အသွားခဲ့ရသည်။

နေဝင်ဆည်းဆာ၏ အလင်းရောင်ကြောင့်လော သို့မဟုတ် သူ၏ နှလုံးခုန်မြန်မှုကြောင့်လော သေချာမသိရသော်လည်း သူ၏ မျက်နှာက နီမြန်းနေသည်။

နတ်မိမယ်သမျှလှပသော ဝိညာဉ်ရောင်ဝါအင်ပါယာသည်တော့ လူတိုင်း၏ နှုတ်ဆက်မှုဖြင့် တွေ့ကြုံရသောအခါ သူ၏ အမူအရာသည် တည်ငြိမ်နေဆဲပင်။ သူက အဖွားစွန်းတစ်ယောက်တည်းကိုသာ ခေါင်းညိတ်ပြပြီး ကျန်လူများကို လျစ်လျူရှုထားသည်။ ထို့နောက် သူက ခြံဝန်းအတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။

လူတိုင်း၏ စူးစမ်းလိုသော အကြည့်အောက်မှာ သူက ပွဲအခမ်းအနား၏ အစွန်ဆုံးနားဆီသို့ လျှောက်သွားသည်။

သူက ချဉ်းကပ်ရောက်ရှိလာသည်နှင့် မတ်တတ်ရပ်နေသော နင်ယန်သည် ပိုပြီး နှလုံးခုန်မြန်လာသည်။ တစ်ဖက်လူက သူ့အား စိုက်ကြည့်နေသည်ဟု သူခံစားမိသည်။ သို့သော်လည်း မကြာမီ တစ်ဖက်လူက သူ့ကို စိုက်ကြည့်နေခြင်းမဟုတ်ဘဲ သူ့ဘေးမှ ရွှီချင်းကို စိုက်ကြည့်နေခြင်းသာဖြစ်ကြောင်း အံ့အားသင့်ဖွယ်ကောင်းစွာ သူရှာတွေ့သွားသည်။

ဝိညာဉ်ရောင်ဝါအင်ပါယာသည် ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။

“ ရွှီချင်းလား… ဟွမ်ယုံက မင်းအကြောင်းကို ပြောပြထားတယ် ”

အေးစက်စက် စကားသံသည် သူ၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။

ထိုစကားက လူတိုင်း၏ နှလုံးသားထဲသို့ မိုးထစ်ချုန်းသွားစေသည်။ လူတိုင်းက မယုံကြည်နိုင်သောကြောင့် မျက်လုံးပြူးကျယ်သွားကြသည်။

အထူးသဖြင့် အဖွားစွန်းဖြစ်သည်။

သူက ရွှီချင်းအကြောင်းကို ကြားဖူးသော်လည်း အများကြီး အလေးမထားခဲ့ပေ။ မည်သို့ဖြစ်ပါစေ သူတို့က ဘာမှမသက်ဆိုင်ကြပေ။ တစ်ဖက်လူက မည်သူဖြစ်ပါစေ သူ့ဆီမှာ မျိုးဆက်မကျန်ရှိသောကြောင့် စိုးရိမ်ပူပန်စရာ မည်သည့်ကိစ္စမှ မရှိပေ။ သို့ဖြစ်၍ သူက ရွှီချင်းနှင့် မိတ်ဆွေဖွဲ့ရန် စိတ်မဝင်စားခြင်းဖြစ်သည်။

အကယ်၍ သူတို့က သဘောကောင်းမည်ဆိုလျှင် သူက လက်တစ်ဖက် ငှားပေးလိုက်မည်။ သို့မဟုတ်လျှင် သူတို့ကို ဖြတ်သွားဖြတ်လာများအဖြစ်သာ သဘောထားလိမ့်မည်။

သို့သော်လည်း ယခု အပြင်သို့ ထွက်ပေါ်လာခဲသော ဝိညာဉ်ရောင်ဝါအင်ပါယာက တစ်ဖက်လူအတွက် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။ ထိုမြင်ကွင်းက ယခင်က သူ၏ အတွေးများကို လှိုင်းထသွားစေခဲ့သည်။

ရွှီချင်းသည်တော့ အံ့ဩသွားသော်လည်း ယင်းက သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိသည်။ သူက တစ်ဖက်လူ၏ သရုပ်နှင့်ပတ်သက်ပြီး အဖြေသိရှိပြီးသား ဖြစ်သည်။

ထို့ကြောင့် သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ဟွမ်ယုံပေးခဲ့သော ငှက်မွှေးတစ်ချောင်းနှင့် သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။

ဝိညာဉ်ရောင်ဝါအင်ပါယာ၏ အကြည့်သည် ငှက်မွှေးပေါ်သို့ ကျရောက်သွားသည်။ အဆုံးမှာတော့ သူက သိုလှောင်အိတ်ကို လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူက အနီရောင်သစ်သီးတစ်လုံးကို ထုတ်လိုက်ပြီး သူ၏ ပါးစပ်ရှေ့မှာ ထားလိုက်ကာ စုပ်လိုက်သည်။ ထို့နောက် သူက ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ရွှီချင်း၏ ဘေးမှာ ရိုးရှင်းစွာ ဝင်ထိုင်လိုက်သည်။ သူက ရွှီချင်းကို သူနှင့်အတူ ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

ရွှီချင်းက ရိုသေကျိုးနွံစွာ ထိုင်ချလိုက်ပြီးနောက် ဝိညာဉ်ရောင်ဝါအင်ပါယာက နောက်ထပ် သစ်သီးတစ်လုံးကို ထုတ်လိုက်ပြီး ရွှီချင်းကို ကမ်းပေးလိုက်သည်။

“ စားပါ ”

ရွှီချင်းသည် သစ်သီးကို လှမ်းယူလိုက်ပြီး စုပ်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ ထိုသစ်သီး၏ အရသာသည် အလွန်ထူးခြားသည်။ ယင်းက စောစောက သူသောက်ခဲ့သော သေရည်ထက်ပင် အများကြီး ပိုသန့်စင်ပြီး ပျစ်နှစ်သည်။

လူတိုင်းသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုစဉ် နင်ယန်သည် နှလုံးခုန်မြန်လာသည်။ သူက ဝိညာဉ်ရောင်ဝါအင်ပါယာကိုတစ်လှည့် ရွှီချင်းကိုတစ်လှည့် ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှာ ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်သွားသည်။

“ အဲ့ဒါ ငါ့ရဲ့ ဆရာရွှီကွ ”

နောက်ဆုံးမှာတော့ နင်ယန်သည် ရင်ကိုကော့၍ ခေါင်းမော့လိုက်ပြီး မောက်မာထောင်လွှားစွာ ထိုင်ချလိုက်သည်။

ပွဲအခမ်းအနားက တစ်ခဏကြာ ရပ်တန့်သွားခဲ့သော်လည်း အဖွားစွန်း၏ တည်ကြည်သော စီစဉ်မှုများအောက်မှာ ဆက်လက် သွားနေသည်။ ထို့ပြင် ပွဲအခမ်းအနားသည် ပိုပြီးအရှိန်မြင့်လာသည်။ အကြည့်အားလုံးသည် ရွှီချင်းပေါ်မှာ ကျရောက်နေကြသည်။

အပြုံးသည် အဖွားစွန်း၏ မျက်နှာပေါ်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီးနောက် နင်ယန်ကို ကြည့်လိုက်သည်။ တစ်ခဏကြာ တွေးတောပြီးနောက် ကြင်နာသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မင်းသားဆယ့်နှစ်… ဒီအဖွားကြီးဆီ လာစမ်းပါဦး… မင်းကို ငါကောင်းကောင်း ကြည့်ပါရစေ… အချိန်တွေက အကုန်မြန်လိုက်တာ… မင်းရဲ့ မယ်တော် နန်းတော်ထဲဝင်လာတုန်းက သူ့အတွက် အရှင်မင်းကြီးကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ပွဲအခမ်းအနားက အရမ်းကြီးကျယ်ခမ်းနားလွန်းတယ်… နှစ်တွေအများကြီး ကုန်လွန်သွားပြီဆိုပေမဲ့ အဲ့ဒီအချိန်တုန်းက မြင်ကွင်းကို ငါအခုထိ မှတ်မိနေတုန်းပါပဲ ”

All Chapters