ဝမ်ကူးကုန်းမြေ၏ ပထမဆုံးဒေသကြီး
Vol. 74 Ch. 1150
အဖွားစွန်း၏ စကားသည် ပွဲအခမ်းအနားထဲမှာရှိသော လူတိုင်းကို အနည်းငယ် ခေါင်းငုံ့သွားစေပြီး သူတို့၏ အမူအရာများကို ဖုံးကွယ်လိုက်ကြသည်။
အဘယ့်ကြောင့်ဆိုသော် တချို့လူများသည် တားမြစ်ချက်ဖြစ်ပြီး ထုတ်ဖော်ပြောကြားခွင့် မရှိပေ။
မင်းသမီးအန်းဟိုင်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ အထိန်းတော်အကြောင်းကို သူကောင်းကောင်းသိသည်။ အဖွားစွန်းသည် ငယ်ရွယ်စဉ်အခါက နန်းမြို့တော်ထဲမှာ ကျယ်ပြောသော အဆက်အသွယ်များရှိရုံသာမက ထူးချွန်ပြောင်မြောက်သော အရည်အချင်းများကိုလည်း ပိုင်ဆိုင်ထားသည်။
သို့မဟုတ်လျှင် သူက မိမိနှင့် ပဉ္စမမင်းသား၏ အထိန်းတော်ဖြစ်လာလိမ့်မည်မဟုတ်ပေ။
ထို့ပြင် နန်းမြို့တော်ကဲ့သို့ ရှုပ်ထွေးပွေလီလှသော နေရာမျိုးမှာ ယခုအချိန်ထိ အသက်ရှင်သန်နိုင်သူသည် မည်သို့ကြောင့် သာမန်ဖြစ်နိုင်မည်နည်း။ သူက အငြိမ်းစားယူခွင့်ရရန် လူသားဧကရာဇ်ထံမှ ချီးမြှင့်မြှောက်စားခံထားရသည်။
ထို့ကြောင့် အဖွားစွန်းက ဉာဏ်အမြော်အမြင်ရှိပြီး လူသားဧကရာဇ်အပေါ် သစ္စာရှိသည်ဟု ဆိုနိုင်သည်။
သို့ဖြစ်၍ အတွေ့အကြုံများသော အဖွားစွန်းသည် စကားကို လက်နက်အဖြစ်သော်လည်းကောင်း သဘောထားဖော်ပြခြင်းအတွက်သော်လည်းကောင်း နှစ်မျိုးအသုံးပြုနိုင်ကြောင်း သိထားသည်။ မည်သည့်စကားကိုမဆို အပေါ်ယံအဓိပ္ပာယ်ကိုကြည့်ပြီး ကောက်ချက်မချသင့်ပေ။
ထို့ကြောင့် စောစောက သူပြောသွားသော စကားများတွင် လေးနက်သော အဓိပ္ပာယ်ပါရှိသည်။
မင်းသမီးအန်းဟိုင်သည် အတွေးနက်သွားပြီး သူ၏ ဘေးမှ ကြင်နာသနားစိတ်ရှိသော အထိန်းတော်ကို ကြည့်လိုက်သည်။ နန်းမြို့တော်သို့ အဖွားစွန်းမဝင်ရောက်လာခင်က သူ၏ နောက်ခံအကြောင်းနှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စမှ သူရှာမတွေ့ခဲ့ပေ။ ထိုအကြောင်းကို စုံစမ်းစစ်ဆေးရန် သူ့မှာ နည်းလမ်းမရှိပေ။
သူသိထားသည်မှာ တစ်ဖက်လူတွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားခဲ့သော သမီးတစ်ယောက်ရှိကြောင်းသာ ဖြစ်သည်။ နောက်ပိုင်းတွင် သူ့မယ်တော်၏ တောင်းဆိုမှုကြောင့် အဖွားစွန်းက နန်းမြို့တော်ထဲသို့ ဝင်ရောက်လာနိုင်ခဲ့ပြီး သူ၏ အထိန်းတော်ဖြစ်လာခဲ့သည်။
တော်ဝင်မိသားစု၏ အထိန်းတော်ဟူသည်မှာ ရိုးရှင်းသော အထိန်းတော်မဟုတ်ပေ။ သူတို့ဆီမှာ မြင့်မားသော အဆင့်အတန်း ရှိကြသည်။
တော်ဝင်မိသားစု၏ ဂုဏ်ကျက်သရေကို ထိပါးစေနိုင်သော နိုင်ငံရေးအရှုပ်အရှင်းများကို တားဆီးရန်အတွက် အင်ပါယာရုံးတော်သည် မင်းသားများနှင့် သူတို့၏ မယ်တော်များကြားမှ ဆက်ဆံရေးကို လျော့ပါးသွားစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။ ထိုလုပ်ငန်းစဉ်တွင် အထိန်းတော်များသည် အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။
သူတို့သည် မင်းသားများနှင့် မင်းသမီးများ၏ နေ့စဉ်ဘဝကို သူတို့အရွယ်မရောက်ခင်အထိ တာဝန်ယူဆောင်ရွက်ပေးရပြီး ငယ်ရွယ်စဉ်မှာ သွန်သင်ညွှန်ပြပေးရသည်။
သူတို့သည် သူတို့၏ မိခင်နေရာမှာ အစားထိုးဝင်ရောက်လာပြီး သူတို့ကို နေ့ရောညပါ ပြုစုစောင့်ရှောက်ပေးကြသည်။ သို့ဖြစ်၍ မင်းသားများ၏ ဘဝနေထိုင်မှုပုံစံနှင့် တန်ဖိုးသည် အထိန်းတော်များ၏ သက်ရောက်ခံရလိမ့်မည်။ အထိန်းတော်များသည် မင်းသားများ၏ အမူအကျင့်နှင့် စိတ်နေသဘောထားအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည်။ အနာဂတ်မှာ မင်းသားများ၏ ပြုမူဆောင်ရွက်ပုံနှင့် ကိစ္စများအား ကိုင်တွယ်ဖြေရှင်းပုံသည် ငယ်စဉ်အခါက အထိန်းတော်များ၏ သင်ကြားပြသပေးမှုဖြင့် အဓိကသက်ဆိုင်သည်။
ထို့ကြောင့် တော်ဝင်မိသားစုတွင် အထိန်းတော်သည် မိခင်တစ်ယောက်ဖြစ်သလို ဆရာတစ်ယောက်လည်း ဖြစ်သည်။
မင်းသမီးအန်းဟိုင်က နက်နဲစွာ တွေးတောနေစဉ် အဖွားစွန်းက သူ၏ လက်ကို ညင်သာစွာ ပုတ်လိုက်သည်။ မင်းသမီးအန်းဟိုင်သည် အမြန်ခေါင်းမော့လိုက်ပြီး နင်ယန်ကို ချက်ချင်း ပြုံးပြလိုက်သည်။
နင်ယန်၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။
အဖွားစွန်း၏ စကားသည် သူ၏ မယ်တော်ကို ပြန်လည်အောက်မေ့သတိရစေသည်။ ယင်းက သူ၏ နှလုံးသားထဲမှာ နက်ရှိုင်းစွာ မြှုပ်နှံထားသော ကြေကွဲဖွယ်ရာမှတ်ဉာဏ်များကို ပြန်တူးဆွလိုက်သည်။
သူ့မယ်တော်၏ ရုပ်အသွင်အပြင်ကို ရှင်းလင်းစွာ သူမမှတ်မိပေ။
သူ့မယ်တော်၏ နာမည်သည်တော့ နန်းမြို့တော်ထဲမှာ တားမြစ်ချက်တစ်ခု ဖြစ်လာသည်။ မည်သူမှ ထိုအကြောင်းကို ပါးစပ်မဟဝံ့ကြချေ။ သူ၏ မှတ်ဉာဏ်ထဲတွင် သူ့မယ်တော် ကွယ်လွန်သွားပြီးနောက် တစ်စုံတစ်ယောက်က သူ့မယ်တော်အကြောင်း ပြောလာခြင်းသည် ဤတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်သည်။
ထို့ကြောင့် နင်ယန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မတ်တတ်ရပ်လိုက်ကာ အဖွားစွန်းဆီသို့ လျှောက်သွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
အဖွားစွန်းသည် ကြင်နာသော အပြုံးဖြင့် နင်ယန်ကို ကြည့်လိုက်ပြီး သူ၏ ဘေးမှာ လာထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
သူက နင်ယန်၏ လက်ပေါ်မှာ သူ့လက်ကိုပင် တင်လိုက်သေးသည်။
သို့သော်လည်း သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ နင်ယန်ကို ဖိတ်ခေါ်ခဲ့သည့် အန်းဟိုင်၏ ရည်ရွယ်ချက်ကို သူနားလည်သည်။ သို့သော်လည်း နန်းမြို့တော်မှ သူထွက်ခွာလာပြီးနောက် တော်ဝင်မိသားစု၏ အရေးကိစ္စများမှာ ပါဝင်စွက်ဖက်ရန် ဆန္ဒမရှိပေ။
မည်သို့ဖြစ်ပါစေ ဘုရင်ထျန်းလန်၏ သေဆုံးမှုနှင့် လူသားဧကရာဇ်၏ အမိန့်တော်သည် နန်းမြို့တော်ထဲမှာ သေချာပေါက် မုန်တိုင်းတစ်ခု အစပျိုးလာစေလိမ့်မည်။
နောက်တစ်ချက်သည် နင်ယန်ကြောင့် ဖြစ်သည်။
နောင်မျိုးဆက်များသည် ဖုံးကွယ်ခံထားရသော သမိုင်းကြောင်းကို မသိရှိနိုင်ကြပေ။ သို့သော်လည်း သူကတော့ နင်ယန်၏ မယ်တော်၏ မြင့်တတ်လာမှုနှင့် သူ၏ ပြိုင်စံရှားသော ပါရမီကို မျက်မြင်တွေ့ခဲ့ဖူးသည်။ သူက သွေးပျက်ဖွယ်ကောင်းသော ကြေကွဲဖွယ်ရာ ညတစ်ညနှင့် မင်းသားတစ်ပါး၏ ကျရှုံးမှုကိုပင် မျက်မြင်တွေ့ခဲ့သည်။
ထိုမင်းသားသည် နင်ယန်၏ အမွှာအကိုဖြစ်သည်။
ထိုနေ့မှစ၍ နင်ယန်သည် တခြားလူများနှင့် ရည်ရွယ်ချက်ရှိစွာ ရှောင်ဖယ်လာခဲ့သည်။
ထို့ကြောင့် သူက အစောနတုန်းက နင်ယန်နှင့် ရွှီချင်းကို အေးတိအေးစက် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့မှာ မကောင်းသော ရည်ရွယ်ချက်မရှိပေ။ သူတို့အားလုံးသည် ကိုယ်ပိုင်မျဉ်းကြောင်းပေါ်မှာ ရပ်တည်နေကြပြီး ကိုယ့်ကိစ္စကိုယ်သာ အရေးထားကြသည်။
သို့သော်လည်း ဝိညာဉ်ရောင်ဝါအင်ပါယာ၏ ရောက်ရှိလာမှုက အားလုံးကို ခြားနားသွားစေသည်။
သူက တစ်စုံတစ်ယောက်အပေါ်မှာ အားလုံးကိုပုံအော၍ အလောင်းအစား မပြုလုပ်နိုင်သော်လည်း သင့်တင့်လျောက်ပတ်သော ဂရုစိုက်မှုကို ပြသနိုင်သေးပေသည်။ ထို့ကြောင့် သူက စောစောက စကားကို ပြောခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဤပွဲအခမ်းအနားသို့ တတ်ရောက်လာသူတိုင်းမှာ နန်းမြို့တော်၌ အဆက်အသွယ်များ ရှိကြသည်။
ထို့ကြောင့် သူ၏ စကားနှင့် အပြုအမူ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ဉာဏ်အမြော်အမြင်ရှိသော လူများက မကြာခင် ရှာတွေ့သွားကြလိမ့်မည်။
ထိုမျှက လုံလောက်ပေသည်။
ထိုသို့ဖြင့် ပွဲအခမ်းအနားကို ကောင်းကင်ယံမှာ လမထွက်ခင်အထိ ဆက်လက် ကျင်းပခဲ့သည်။ ဝိညာဉ်ရောင်ဝါအင်ပါယာသည် ကျောဆန့်လိုက်ပြီး ထွက်ခွာရန် မတ်တတ်ရပ်လိုက်သည်။ ရွှီချင်းသည်လည်း မတ်တတ်ရပ်လိုက်ပြီး အဖွားစွန်းကို ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။
ရွှီချင်းကို ကြည့်နေရင်း လေးနက်သော အဓိပ္ပာယ်သည် အဖွားစွန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ခဏတွေးတောပြီးနောက် သူက ကျောက်စိမ်းတံဆိပ်တော်သုံးခုကို ထုတ်လိုက်ပြီး နင်ယန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
နင်ယန်က နန်းမြို့တော်သို့ ရောက်သွားသည့်အခါ ယင်းတို့ကို သူ၏ မိတ်ဆွေဟောင်းများထံသို့ သူ့ကိုယ်စား သွားရောက်ပို့ဆောင်ပေးရလိမ့်မည်။
နင်ယန်သည် ရွှီချင်းကို ချက်ချင်း ကြည့်လိုက်သည်။ ရွှီချင်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် နင်ယန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျောက်စိမ်းတံဆိပ်တော်များကို တည်ကြည်စွာ လက်ခံလိုက်သည်။
ထို့နောက် သူတို့က ထွက်ခွာသွားကြသည်။
တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ဆီသို့ ပြန်သွားသည့် လမ်းခရီးတွင် နင်ယန်သည် လရောင်အောက်မှာ အတိတ်တုန်းက မှတ်ဉာဏ်များကို ပြန်တွေးတောလိုက်သည်။ သူက ရွှီချင်း၏ ဘေးမှ တိတ်တဆိတ် လိုက်ပါလာနေစဉ် သူ၏ စိတ်ခံစားချက်သည် ဟိုးအောက်သို့ ကျဆင်းသွားသည်။
လမ်းတစ်ဝက်တွင် ရွှီချင်းသည် နင်ယန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“ ဘာမှမဖြစ်ဘူး… ဘာပဲဖြစ်လာဖြစ်လာ မင်းက ဖုန်းဟိုင်ဒေသငယ်ရဲ့ ဓားကိုင်တစ်ယောက် ဖြစ်နေတုန်းပဲ ”
ရွှီချင်း၏ စကားကို ကြားသောအခါ နွေးထွေးမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ကျေးဇူးတင်ပါတယ် ဆရာ ”
“ တကယ်တော့ ငါ့မှာ ဘာမှမရှိဘူး… မင်းကို အရှက်ရစေမှာပဲ ငါစိုးရိမ်တာပါ… မင်းသားတစ်ပါးအနေနဲ့ နန်းမြို့တော်မှာ ငါ့ရဲ့ ဂုဏ်အဆင့်အတန်းက သာမန်ပါပဲ… နန်းမြို့တော်မှာ ငါက ဘေးဖယ်ခံထားရပြီး ဘယ်သူမှ ငါ့ကို အဆက်အဆံမလုပ်ချင်ကြဘူး ”
“ ဘာဖြစ်လို့ အဲ့လိုဖြစ်ရတာလဲဆိုတာ ငါသိတယ်… အဲ့ဒါက ငါ့မယ်တော်ကြောင့်ပါ… ငါ့မယ်တော်က နန်းမြို့တော်မှာ တားမြစ်ချက်တစ်ခုပါ… ”
“ အစက ငါ့မှာ အကိုတစ်ယောက်ရှိတယ်… ငါတို့က အမွှာတွေပါ… သူက ငါ့ထက် ပိုပြီးတိကျပြတ်သားပြီး ဉာဏ်ထက်မြက်တယ်… သူက အစစအရာရာ ငါ့ထက် သာတယ်… သူက အနေအေးပေမဲ့ ဘယ်အရာကမှ သူ့ကို အခက်တွေ့စေနိုင်တာ မရှိဘူး ”
“ သူက ငါ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်… ငါကလေးဘဝတုန်းက နည်းနည်း ကြောက်တတ်တယ်… အဲ့ဒီအချိန်တုန်းက သူက ငါ့ကို ကာကွယ်ပေးခဲ့တယ်… ဒါပေမဲ့ သူလည်းပဲ သေဆုံးသွားခဲ့တယ်… ငါ့မယ်တော် သေဆုံးပြီးနောက်တစ်နေ့မှာ သူက သေဆုံးသွားခဲ့တယ်… စံအိမ်ထဲက လူတိုင်းလည်း သေဆုံးသွားခဲ့ကြတယ်… ဘာမှအသုံးမကျတဲ့ ငါတစ်ယောက်တည်းပဲ အသက်ရှင်ခဲ့တယ် ”
“ အဲ့ဒီနောက် ငါက စိတ်ဓာတ်ကျသွားပြီး နန်းမြို့တော်ထဲမှာ အကူအညီမဲ့နေတယ်… အဲ့ဒီအချိန်မှာ ငါက တစ်ယောက်ယောက်ရဲ့ ဂရုစိုက်ခံရဖို့ လိုအပ်ခဲ့တယ်… ဒါပေမဲ့ ငါတစ်ယောက်တည်းပဲ အထီးကျန်နေခဲ့တယ် ”
“ နန်းမြို့တော်က အကျယ်ကြီးပဲ… ”
နင်ယန်သည် ခါးသီးစွာ ခေါင်းခါလိုက်သည်။
“ နှစ်အနည်းငယ်ကြာပြီးနောက် ငါ့ခမည်းတော်ဆီကနေ အမိန့်တော်တစ်ခု ရရှိခဲ့တယ်… သူက ငါ့ကို ဖုန်းဟိုင်ဒေသငယ်ဆီသွားပြီး အဲ့ဒီမှာ ရုပ်ဖျက်နေထိုင်ဖို့ ညွှန်ကြားခဲ့တယ်… ပြီးတော့ အားလုံးကို တိတ်တဆိတ် ငါမှတ်တမ်းတင်ခဲ့တယ် ”
“ အဲ့ဒီနောက်တော့ ဆရာ့ကို ငါတွေ့ဆုံခဲ့တာပဲ ”
နင်ယန်သည် ရွှီချင်းကို ကြည့်လိုက်သည်။ လရောင်အောက်၌ မီးခိုးရောင်ပင်လယ်ထဲတွင် သူက တခြားလူများကို မပြောဘဲ အမြဲဖုံးကွယ်ထားခဲ့သော အရာကို ရွှီချင်းအား ဖွင့်ပြောပြလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာဆီသို့ ရောက်ရှိလာပြီးနောက် ရွှီချင်းက သူ၏ အကိုတော်ဖြင့် တဖြည်းဖြည်း ပိုပြီးဆင်တူလာသည်ဟု သူ၏ မသိစိတ်ထဲမှာ ခံစားမိသောကြောင့် ဖြစ်၏။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ သူက မည်သည့်အရာကို တွေးတောနေကြောင်း မည်သူမှ မသိနိုင်ပေ။ အချိန်အတော်ကြာပြီးနောက် သူက လက်မြှောက်လိုက်ပြီး နင်ယန်၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။
“ နန်းမြို့တော်ကို ရောက်ပြီးသွားလို့ တကယ်လို့ မင်းမပျော်ရွှင်ဘူးဆိုရင် ဖုန်းဟိုင်ဒေသငယ်ကို ငါတို့တွေ အတူတူ ပြန်ကြတာပေါ့ ”
“ အင်း ”
နင်ယန်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
ရွှီချင်းသည် ပြုံးလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် တဖြည်းဖြည်း ဝေးသထက် ဝေးသွားကြပြီး မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားကြသည်။
ရက်အနည်းငယ်ကြာပြီးနောက် ရှေးဟောင်းစည်းချအစီအရင်သည် အသက်ဝင်လာသည်။ ဤတစ်ကြိမ်တွင် ရွှီချင်းနှင့် သူတို့အဖွဲ့ချည်းသာ တည်နေရာပြောင်းရွှေ့လိမ့်မည် မဟုတ်ချေ။ တစ်စုံတစ်ယောက်က သူတို့နှင့်အတူ လိုက်ပါရန် ရောက်ရှိလာသည်။
ထိုသူသည် မင်းသမီးအန်းဟိုင်ဖြစ်သည်။
မင်းသမီးအန်းဟိုင်သည် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင် အသက်မဝင်လာမီ တစ်ရက်အလိုမှာ ရောက်ရှိလာသည်။ သူက ရွှီချင်းတို့အုပ်စုနှင့်အတူ မဟာနန်းမြို့တော်ဒေသကြီးဆီသို့ တည်နေရာပြောင်းရွှေ့ချင်သည်။
စည်းချအစီအရင်မှ အလင်းရောင်က ပျောက်ကွယ်သွားသည့်အခါ မီးခိုးရောင်ပင်လယ်ဒေသကြီးနှင့် ဒေသကြီးသုံးခုကွာဝေးသော ကုန်းမြေကျယ်တစ်ခုမှာ ကြီးမားသော ဧရိယာကို ဖုံးလွှမ်းထားသော စည်းချအစီအရင်တစ်ခုက အရောင်တောက်ပလာသည်။
ထိုစည်းချအစီအရင်၏ အကျယ်အဝန်းသည် လမ်းတစ်လျှောက်တွင် ရွှီချင်းမြင်ခဲ့ဖူးသော တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်အားလုံးထက် အများကြီး သာလွန်သည်။ ယင်းက အနည်းဆုံး သုံးဆပိုကြီးမားပြီး စည်းချအစီအရင်ကို ဖွဲ့စည်းထားသော ပစ္စည်းများက ပိုပြီးအံ့ဖွယ်ကောင်းသည်။ ယင်းတို့အားလုံးကို အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ပြင် မရေမတွက်နိုင်သော ဧရာမကျောက်တုံးများသည် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၏ ဘေးပတ်ပတ်လည်မှာ တည်ရှိနေကြသည်။
ကျောက်တုံးတစ်ခုစီမှာ မှော်သင်္ကေတများကို ရေးထွင်းထားပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေကြသည်။
ထိုနေရာ၏ အဝေးမှာ စစ်စခန်းတစ်ခု ရှိသည်။
သူတို့၏ တာဝန်သည် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို စောင့်ကြပ်ပေးရန် ဖြစ်သည်။ သူတို့က ဘေးပတ်ဝန်းကျင်ကို တစ်ချိန်လုံး ကင်းလှည့်စောင့်ကြပ်နေကြသော လူသားစစ်သည်တော်များ ဖြစ်ကြသည်။
ထို့ပြင် ဤကုန်းမြေမှာ စည်းချအစီအရင်က တစ်ခုတည်းရှိခြင်း မဟုတ်ပေ။ တခြားသော ဧရိယာများတွင် သူတို့က စောင့်ကြပ်ပေးနေရသော တခြားစည်းချအစီအရင်များလည်း ရှိသေးသည်။
ကုန်းမြေသည်တော့ စက်ဝိုင်းပုံသဏ္ဍာန် ရှိသည်။
ဤသည်မှာ အလွန်ကျယ်ပြောသော စက်ဝိုင်းတစ်ခုဖြစ်ပြီး သေးငယ်သော ဒေသကြီးတစ်ခုနှင့် အများကြီး ဆင်တူသည်။
သို့သော်လည်း ဤနေရာမှာ ယင်းက လူသားမျိုးနွယ်မှ မဟာနန်းမြို့တော်ဒေသကြီး၏ တစ်စိတ်တစ်ဒေသမျှသာ ရှိသည်။
ထိုစက်ဝိုင်းသဏ္ဍာန်ကုန်းမြေထဲတွင် အလွန်ကျယ်ပြောသော ချောက်နက်ဖြင့် ပိုင်းခြားခံထားရသော နောက်ထပ် စက်ဝိုင်းသဏ္ဍာန်ကုန်းမြေတစ်ခု ရှိသေးသည်။ ပိုပြီးနက်ရှိုင်းသော အတွင်းပိုင်းထဲမှာ ထိုသို့စက်ဝိုင်းသဏ္ဍာန်ကုန်းမြေများက အသိုက်တစ်ခုပမာ တည်ရှိနေကြသည်။ အရေအတွက်အားဖြင့် စုစုပေါင်း တစ်ရာကျော်သည်။
ထိုစက်ဝိုင်းကုန်းမြေတစ်ရာကျော်၏ အလယ်ဗဟိုတွင် ဧရာမကြယ်ဂြိုလ်တစ်လုံး ရှိသည်။ ၎င်းက အလွန်ကြီးကျယ်ခမ်းနားပြီး အံ့ဖွယ်ကောင်းသည်။ အဝေးမှကြည့်လျှင်ပင် ကြယ်ဂြိုလ်၏ ပုံရိပ်ကို မသဲမကွဲ မြင်နိုင်လိမ့်မည်။
ယင်းက အစိုင်အခဲမှ ဖြစ်တည်လာခြင်း မဟုတ်ပေ။ အငွေ့မှ ဖြစ်တည်လာခြင်းသာ ဖြစ်သည်။
တိမ်တိုက်များနှင့် မြူခိုးက ကြယ်ဂြိုလ်၏ အပေါ်မှာ လွင့်မျောနေကြသည်။ တစ်ခါတစ်ရံ ဝဲကတော့များသည် မုန်တိုင်းတစ်ခုနှယ် ထွက်ပေါ်လာလေ့ ရှိသည်။ ထို့နောက် မိုးခြိမ်းသံများက မြည်ဟိန်းထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
ဤသည်မှာ ကြီးကျယ်ခမ်းနားပြီး အံ့ဖွယ်ကောင်းသော ဓာတ်ငွေ့ကြယ်ဂြိုလ်တစ်လုံး ဖြစ်သည်။
ကြယ်ဂြိုလ်၏ ဘေးပတ်ပတ်လည်တွင် စက်ဝိုင်းသဏ္ဍာန်ကုန်းမြေများ ရှိကြသည်။
ထိုဧရာမကြယ်ဂြိုလ်၏ အောက်ပိုင်းတွင် အမှောင်အသူရာချောက်နက်တစ်ခု ရှိသည်။
“ အဲ့ဒါက မဟာနန်းမြို့တော်ဒေသကြီးပဲ ”
“ မဟာနန်းမြို့တော်ဒေသကြီးတစ်ခုလုံးကို လေထဲမှာ လွင့်မျောနေတာလို့ သတ်မှတ်နိုင်တယ်… မဟာနန်းမြို့တော်ဒေသကြီးရဲ့ အောက်ဘက်မှာ အဆုံးမရှိတဲ့ အသူရာချောက်နက်တစ်ခု ရှိတယ်… အဲ့ဒီထဲမှာ ဘယ်လိုသက်ရှိမျိုးတွေ တည်ရှိလဲဆိုတာ လူအနည်းစုပဲ သိထားကြတယ်… ဒဏ္ဍာရီထဲမှာတော့ အဲ့ဒီနေရာက ဟွမ်ကောင်းကင်ဘုံလို့ခေါ်တဲ့ နေရာဆီ ဦးတည်သွားတဲ့ နေရာလို့ ဆိုထားတယ် ”
“ မဟာနန်းမြို့တော်ဒေသကြီးရဲ့ အသွင်ပုံစံကတော့ အံ့ဖွယ်ကောင်းတဲ့ ဓာတ်ငွေ့ကြယ်ဂြိုလ်တစ်လုံးဖြစ်တယ်… ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေရဲ့ ကောင်းကင်အလွန်မှာ ဒီကြယ်ဂြိုလ်ကို သန့်စင်ခဲ့ပြီး သူ့ရဲ့ နန်းတော်အဖြစ် အသုံးပြုခဲ့တယ်… အခု အဲ့ဒါက ငါတို့လူသားမျိုးနွယ်ရဲ့ ဘိုးဘေးကုန်းမြေဖြစ်လာတယ် ”
“ တော်ဝင်မိသားစုရဲ့ နောင်သားမျိုးဆက်တွေတောင် ကြယ်ဂြိုလ်ထဲ ဝင်ရောက်ဖို့အတွက် အရည်အချင်းမပြည့်မီကြဘူး… လက်ရှိလူသားဧကရာဇ်နဲ့ နောင်ဧကရာဇ်ဖြစ်မယ့် အိမ်ရှေ့စံမင်းသားကပဲ ကြယ်ဂြိုလ်ထဲကို ဝင်ရောက်နိုင်ပြီး သူတို့ရဲ့ ဘိုးဘေးတွေကို အရိုအသေပေးနိုင်ကြတယ် ”
“ အဲ့ဒီကြယ်ဂြိုလ်ဘေးက စက်ဝိုင်းကုန်းမြေအလွှာတစ်ရာက ငါတို့နေထိုင်ကြတဲ့ နေရာပဲ… အခု ငါတို့ရပ်နေတဲ့ နေရာက အပြင်ဘက်ဆုံးမှာရှိတဲ့ အလွှာပဲ… ဒီနေရာက မြေကြီးလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ အဲ့ဒါက နတ်ဘုရားအစွမ်းကနေ ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ အလင်းထုထည်ပဲ ”
“ ဒီစက်ဝိုင်းကုန်းမြေတွေက အပြင်ဘက်ကနေ အတွင်းဘက်ဆီ ဦးတည်သွားတယ်… ကြယ်ဂြိုလ်နဲ့ ပိုပြီးနီးကပ်လာလေ အဲ့ဒီမှာ နေထိုင်ဖို့အတွက် လိုအပ်ချက်နဲ့ အဆင့်အတန်းက ပိုပြီးမြင့်မားလာတယ်… အတွင်းဘက်ဆုံးမှာရှိတာကတော့ ငါတို့လူသားမျိုးနွယ်ရဲ့ နန်းမြို့တော်ပဲ ”
ကြယ်ဂြိုလ်၏ အပြင်ဘက်ဆုံးမှာရှိသော စက်ဝိုင်းကုန်းမြေပေါ်တွင် တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်က လင်းလက်တောက်ပလာသည့်အခါ ရွှီချင်းနှင့် တခြားလူများသည် မင်းသမီးအန်းဟိုင်နှင့်အတူ ထွက်ပေါ်လာကြသည်။
သူတို့ထွက်ပေါ်လာသည့်အခိုက် မင်းသမီးအန်းဟိုင်၏ အသံက ပျံ့လွင့်လာသည်။
ဖုန်းဟိုင်ဒေသငယ်မှ လူတိုင်းသည် သူတို့၏ အရှေ့မှ ကျယ်ပြောလှသော မြင်ကွင်းကြောင့် အံ့ဩသွားကြသည်။ အဆုံးသတ်ကို သူတို့၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ထွင်းဖောက်မမြင်နိုင်ကြပေ။ မင်းသမီးအန်းဟိုင်၏ စကားများက ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများ၏ စိတ်ထဲမှာ မြင်ကွင်းတစ်ခုကို ဖန်တီးနိုင်စေသည်။
သို့သော်လည်း ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ သူက အရေးမစိုက်ပေ။ နတ်မိမယ်ကျစ်ရွှမ်းသည် ကြယ်ဂြိုလ်၏ ပုံရိပ်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
တခြားလူများက အံ့ဩသွားကြသော်လည်း သူတို့၏ စိတ်ထဲမှ လှိုင်းလုံးများကို အမြန်ဖိနှိပ်လိုက်ကြပြီး အသိပြန်ဝင်လာကြသည်။ သူတို့အားလုံးက နှုတ်ဆိတ်သွားကြသည်။ ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး မင်းသမီးအန်းဟိုင်ကို ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
မင်းသမီးအန်းဟိုင်၏ အမူအရာသည် တည်ငြိမ်သည်။ သို့သော်လည်း သူ၏ စိတ်ထဲမှာ အံ့ဩသွားသည်။ မဟာနန်းမြို့တော်ဒေသကြီးက ရှေးဘုရင်ရွှမ်ယုံတည်ဆောက်ခဲ့သော ဝမ်ကူးကုန်းမြေ၏ ပထမဆုံး ဒေသကြီးဖြစ်သည်။ ထို့ကြောင့် ယင်းက တခြားဒေသကြီးများနှင့် ခြားနားသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်က မဟာနန်းမြို့တော်ဒေသကြီးကို ပထမဆုံးအကြိမ် မြင်လိုက်လျှင် စိတ်တည်ငြိမ်အောင်ထိန်းရန် အလွန်ခက်ခဲလိမ့်မည်။ ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများက အံ့ဩသွားကြသော်လည်း သူတို့က မြန်ဆန်စွာ ပြန်လည်တည်ငြိမ်သွားကြသည်။
မင်းသမီးအန်းဟိုင်သည် သူ၏ အံ့ဩမှုကို မြန်ဆန်စွာ ဖိနှိပ်လိုက်ပြီး ရွှီချင်းနှင့် တခြားလူများနှင့်အတူ ခရီးဆက်လိုက်သည်။ ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ မင်းသမီးအန်းဟိုင်၏ စီစဉ်မှုများအောက်မှာ သူတို့သည် အတွင်းဘက်ဆုံး စက်ဝိုင်းကုန်းမြေဆီသို့ ရောက်သည်အထိ လမ်းတစ်လျှောက် အကြိမ်ကြိမ် တည်နေရာပြောင်းရွှေ့ခဲ့ကြသည်။
သူတို့က အနားရောက်လာသည်နှင့်အမျှ ကြီးကျယ်ခမ်းနားပြီး အံ့ဖွယ်ကောင်းသော ကြယ်ဂြိုလ်သည် လူတိုင်း၏ မျက်စိရှေ့မှာ ပိုပြီးရှင်းလင်းထင်ရှားလာသည်။
တိမ်တိုက်များက မျောလွင့်နေစဉ် ကြယ်ဂြိုလ်သည် မြူခိုး၏ ဝိုင်းရံခံထားရသည်။ တစ်ခါတစ်ရံ တိမ်တိုက်များက ကင်းစင်သွားပြီး မြူခိုးက လွင့်ပြယ်သွားသည့်အခါ ရှေးဘုရင်ရွှမ်ယုံ၏ အံ့ဖွယ်ကောင်းသော ရုပ်တုက အထဲမှာ ထွက်ပေါ်လာသည်။
ထိုရုပ်တုသည် ကြယ်ဂြိုလ်ပေါ်မှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ ၎င်းက အသက်မဲ့သော ရုပ်တုတစ်ခုသာ ဖြစ်သော်လည်း အသက်ဝင်နေဟန် အောက်မေ့ရပြီး ၎င်း၏ အရှိန်အဝါသည် ကောင်းကင်အထိ မြှောက်တတ်နေသည်။