← Chapters

ဝမ်ကူးကုန်းမြေ၏ နောက်ဆုံးနွေဦးအင်မော်တယ်

Vol. 74 Ch. 1151

ဝမ်ကူးကုန်းမြေ၏ နောက်ဆုံးနွေဦးအင်မော်တယ်

Vol. 74 Ch. 1151

“ အဲ့ဒီကြယ်ဂြိုလ်ကို ရှေးဘုရင်ဂြိုလ်လို့ ခေါ်တယ် ”

“ အဲ့ဒီနေရာက ရှေးဘုရင်ရွှမ်ယုံရဲ့ နန်းတော်ဖြစ်ရုံတင်မကဘူး အဲ့ဒီထဲမှာ ရှေးဘုရင်ရွှမ်ယုံရဲ့ အမွှေအနှစ်လည်း ရှိတယ်… ဧကရာဇ်အရှိန်အဝါရှိတဲ့ လူတွေပဲ အဲဒါကို နားလည်နိုင်ကြတယ်… ဒါပေမဲ့ နှစ်ပေါင်းများစွာကြာပြီးသွားတာတောင် အဲ့ဒီအမွေအနှစ်ကို တော်ဝင်မိသားစုရဲ့ ဘယ်မျိုးဆက်မှ မရရှိခဲ့ကြဘူး ”

လူတိုင်းက ရှေးဘုရင်ဂြိုလ်ကို စိုက်ကြည့်နေကြစဉ် မင်းသမီးအန်းဟိုင်၏ အသံက ပဲ့တင်ထပ်လာသည်။ လမ်းတစ်လျှောက်တွင် သူက မဟာနန်းမြို့တော်ဒေသကြီးအကြောင်းကို ရွှီချင်းနှင့် တခြားလူများအား မိတ်ဆက်ပေးသည်။

“ ရှေးဘုရင်ဂြိုလ်ပေါ်မှာ ထိုင်နေတဲ့ ရှေးဘုရင်ရွှမ်ယုံရဲ့ ရုပ်တုအကြောင်းကိုတော့ ရှေးဟောင်းစာအုပ်တချို့ထဲမှာပဲ ငါဖတ်ဖူးတယ်… အစက အဲ့ဒါက ဂြိုလ်ပေါ်မှာ မတည်ရှိဘူး ”

“ ရှေးဘုရင်ရွှမ်ယုံ ထွက်သွားပြီးနောက် အဲ့ဒီရုပ်တုက လူသားဧကရာဇ်ကျင့်ယွင်ရဲ့ ခေတ်အတွင်းမှာ ဝမ်ကူးကုန်းမြေရဲ့ ကောင်းကင်အလွန်ကနေ ရုတ်တရက် ကျဆင်းလာခဲ့တယ်… အဲ့ဒါက သူတော်စင်ကုန်းမြေရဲ့ အမိန့်တော်တစ်ခုနဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်တယ် ”

( ဘာသာပြန်သူ၏ မှတ်ချက်: သူတော်စင်ကုန်းမြေကို အရင်အပိုင်းတွေမှာ မြင့်မြတ်ကုန်းမြေလို့ ဘာသာပြန်ခဲ့ပါတယ် )

“ အကြောင်းအရာအသေးစိတ်ကိုတော့ ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းမတင်ထားဘူး… လူအနည်းစုပဲ အဲ့ဒီအကြောင်းကို သိထားကြတယ် ”

“ ငါတို့လူသားတွေအတွက်တော့ ရှေးဘုရင်ဂြိုလ်တစ်ခုလုံးက ဘိုးဘေးကုန်းမြေဖြစ်သလို တားမြစ်နယ်မြေလည်း ဟုတ်တယ်… အထူးအခြေအနေမျိုးမှာပဲ မင်းက အဲ့ဒါကို အပြင်ဘက်ကနေ ဆင်ခြင်နားလည်နိုင်တယ် ”

မင်းသမီးအန်းဟိုင်၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ရွှီချင်းနှင့် တခြားလူများသည် မဟာနန်းမြို့တော်ဒေသကြီးအကြောင်းကို ဖြည်းဖြည်းချင်း နားလည်လာသည်။ အားလုံးက စိတ်ဝင်တစား နားထောင်နေကြစဉ် ခေါင်းဆောင်သည် ရှေးဘုရင်ဂြိုလ်ဆီသို့ အလိုရမ္မက်မျက်လုံးဖြင့် ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှာ နောင်တရမှု ထွက်ပေါ်လာသည်။

‘ အဲ့ဒီနေရာကို ဝင်ရောက်ဖို့အတွက် ဘဝပေါင်းများစွာ ငါကြိုးစားကြည့်ခဲ့ဖူးတယ်… ဒါပေမဲ့ အကြိမ်တိုင်း ငါသေဆုံးသွားခဲ့တယ်… တစ်ခါမှ ငါမအောင်မြင်ခဲ့ဘူး ’

ခေါင်းဆောင်သည် ခံပြင်းမှုကို ခံစားမိသွားသည်။ ထို့နောက် သူက ကြယ်ဂြိုလ်၏ အောက်ဘက်မှ အမှောင်အသူရာချောက်နက်ကို ကြည့်လိုက်သည်။ သူက ထပ်မံ သက်ပြင်းချလိုက်သည်။

‘ အဲ့ဒီနေရာကိုလည်း တစ်ခါမှ ငါမဝင်ရောက်နိုင်ခဲ့ဘူး ’

ခေါင်းဆောင်က စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်စဉ် မင်းသမီးအန်းဟိုင်က တခြားအရာများကို ဆက်လက် မိတ်ဆက်ပေးသည်။

နတ်မိမယ်ကျစ်ရွှမ်းသည်တော့ သူ၏ အမူအရာက ပိုပြီးစိတ်ရှုပ်ထွေးလာသည်။ နောက်ဆုံးမှာတော့ သူက ရှေးဘုရင်ဂြိုလ်ကို ကြည့်လိုက်သည်။ အတိတ်ကို လွမ်းဆွေးသတိရမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယခင်ဘဝတွင် ထိုကြယ်ဂြိုလ်က သူ၏ နေအိမ်ဖြစ်ကြောင်း သူမှတ်မိသည်။

နင်ယန်သည်တော့ ရှေးဘုရင်ဂြိုလ်အကြောင်းကို မင်းသမီးအန်းဟိုင်ကဲ့သို့ အများကြီး မသိထားသော်လည်း နန်းမြို့တော်မှာ ငယ်စဉ်ကတည်းက နေထိုင်လာခဲ့သူဖြစ်သောကြောင့် ယင်းကို သူက နေသားကျနေပြီ ဖြစ်သည်။ ထို့ကြောင့် သူက ဘေးမှ ဆက်လက် ခေါင်းညိတ်နေသည်။

သူ၏ ဘေးမှ ဝူကျန်းဝူသည် စိတ်လှုပ်ရှားနေသည်။ သူ၏ ကဗျာစပ်စွမ်းရည်က ဤနေရာမှာ အဆင့်ချိုးဖြတ်နိုင်လိမ့်မည်ဟု သူခံစားနေမိသည်။ ရှေးဘုရင်ဂြိုလ်ပေါ်မှ ရှေးဘုရင်၏ စာအုပ်စင်များထဲမှာ ရှေးဟောင်းကဗျာများ သေချာပေါက် ရှိလိမ့်မည်ဟုပင် သူက စိတ်ကူးကြည့်နေမိသည်။

ရွှီချင်း၏ စိတ်အာရုံသည်တော့ ရှေးဘုရင်ဂြိုလ်ပေါ်မှာ အပြည့်အဝ ရှိမနေပေ။

သူ၏ အကြည့်က စက်ဝိုင်းကုန်းမြေနှစ်ခုကြားမှ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားပြီး မဟာနန်းမြို့တော်ဒေသကြီးအောက်မှ အသူရာချောက်နက်ပေါ်သို့ ကျရောက်သွားသည်။

အစောနက မင်းသမီးအန်းဟိုင်သည် ဒဏ္ဍာရီထဲမှာ ထိုအသူရာချောက်နက်က ဟွမ်ကောင်းကင်ဘုံဟုခေါ်ဆိုသော နေရာဆီသို့ ဦးတည်သွားသော နေရာဖြစ်သည်ဟု ပြောခဲ့သည်။ တခြားလူများသည် ဟွမ်ကောင်းကင်ဘုံကို မသိနိုင်ပေ။ သို့သော်လည်း လပူဇော်ဒေသကြီးမှ ကိစ္စများကို သူတွေ့ကြုံပြီးနောက် ထိုအကြောင်းကို အနည်းငယ် နားလည်လာသည်။

ဟွမ်ကောင်းကင်ဘုံသည် နီလာနတ်သမီးနှင့် လီဇီဟွား၏ မွေးရပ်မြေဖြစ်သည်။ ယင်းက ဝမ်ကူးကုန်းမြေ၏ ဖိနှိပ်ခံထားရသော တားမြစ်ချက်တစ်ခု ဖြစ်သည်။

ရွှီချင်းက တွေးတောနေစဉ် မင်းသမီးအန်းဟိုင်ပြောသော စကားတချို့က သူ၏ နှလုံးသားထဲမှာ လှိုင်းထသွားစေပြီး သူ၏ အတွေးများကို နှောင့်ယှက်လိုက်သည်။

“ ပြီးတော့ ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ ကောင်းကင်ဘုံအမတ်တွေ၊ ကောင်းကင်ဘုရင်တွေနဲ့ မဟာဧကရာဇ်တွေက သူတို့ရဲ့ အမွေအနှစ်တွေကို အဲ့ဒီဂြိုလ်ပေါ်မှာ ချန်ထားခဲ့ကြတယ်… အတိတ်မှာ ရှေးဘုရင်ရွှမ်ယုံ ထွက်မသွားခင်… သူတော်စင်ကုန်းမြေဆီ သူနဲ့အတူ လိုက်ပါသွားခဲ့ကြတဲ့ ကောင်းကင်ဘုရင်အားလုံးက အဲ့ဒီဂြိုလ်ပေါ်မှာ သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ထားခဲ့ကြတယ် ”

“ နောက်ဆုံးအမွေအနှစ်ချန်ထားခဲ့တဲ့လူက ဓားကိုင်ဧကရာဇ်ပါ ”

“ ဓားကိုင်ဧကရာဇ်က လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမဟာဧကရာဇ်ပါ… သူ့ရဲ့ မူလခန္ဓာကိုယ်က လူသားမျိုးနွယ်ကို ကာကွယ်ပေးရင်း သေဆုံးသွားခဲ့တယ်… သူ့ရဲ့ ကိုယ်ပွားကပဲ မဟာနန်းမြို့တော်ဒေသကြီးမှာ ကျန်ရှိခဲ့တယ် ”

“ ဓားကိုင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမွေအနှစ်ကတော့ သူ့ရဲ့ လက်စွဲတော် ဧကရာဇ်ဓားပါ… အဲ့ဒါကို ရှေးဘုရင်ဂြိုလ်ရဲ့ အနက်ပိုင်းထဲမှာ မြှုပ်နှံထားတယ်… နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားတဲ့အထိ ဧကရာဇ်ဓားက ငြိမ်သက်နေခဲ့တယ်… ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ရှေးဘုရင်ဂြိုလ်ဆီသို့ စိုက်ကြည့်လိုက်သည်။

‘ ဓားကိုင်ဧကရာဇ် ’ဟူသော စကားလုံးသည် သူ့အတွက် လေးနက်သော အဓိပ္ပာယ်ရှိသည်။

ဓားကိုင်ဧကရာဇ်အား ဂါရဝပြုရန်သည် မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ရောက်ရှိလာရသည့် ဤခရီးစဉ်၌ သူ၏ ရည်ရွယ်ချက်များအနက် တစ်ခုဖြစ်သည်။ ထို့ကြောင့် သူက ရုတ်တရက် ပြောသည်။

“ မင်းသမီးအန်းဟိုင်ခင်ဗျာ… ဓားကိုင်ဧကရာဇ်ရဲ့ ကိုယ်ပွားက ရှေးဘုရင်ဂြိုလ်ပေါ်မှာလား ဒါမဟုတ်… ”

ရွှီချင်းက မင်းသမီးအန်းဟိုင်ကို မေးသည်။

ဤသည်မှာ မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ရောက်ရှိလာပြီးနောက် ရွှီချင်းက ပထမဆုံး စကားပြောလိုက်ခြင်း ဖြစ်သည်။ ယင်းကို မင်းသမီးအန်းဟိုင်ကြားသောအခါ သူက ချက်ချင်း အလေးအနက်ထားလိုက်ပြီး ပြောသည်။

“ ဓားကိုင်ဧကရာဇ်ရဲ့ ကိုယ်ပွားကနေ ဖြစ်တည်လာတဲ့ ရုပ်တုက ရှေးဘုရင်ဂြိုလ်ပေါ်မှာ မရှိဘူး… အဲ့ဒါက သူအသက်ရှင်ခဲ့ချိန်တုန်းက ရွေးချယ်ခဲ့တဲ့အရာ ဖြစ်တယ်… သူက ကိုယ်ပွားကို ရှေးဘုရင်ဂြိုလ်ရဲ့ အပြင်ဘက်မှာ တည်ရှိဖို့ ရွေးချယ်ခဲ့ပြီး သူ့ကိုယ်သူ လူသားမျိုးနွယ်နဲ့ ဘိုးဘေးကုန်းမြေရဲ့ နောက်ဆုံးခံစစ်ကြောင်းအဖြစ် သဘောထားခဲ့တယ် ”

“ အကြိမ်ရေအနည်းငယ် တည်နေရာပြောင်းရွှေ့ပြီးလို့ နန်းမြို့တော်ဆီ ငါတို့ရောက်တဲ့အခါ မဟာဧကရာဇ်ရဲ့ ရုပ်တုကို မြင်နိုင်လိမ့်မယ် ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ထိုသို့ဖြင့် လူတိုင်းက အရှေ့ဆက်သွားကြသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရွှီချင်းနှင့် တခြားလူများသည် မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ရွေ့လျားသွားကြသည်။ မင်းသမီးအန်းဟိုင်၏ တည်ရှိမှုကြောင့် သူတို့၏ ခရီးစဉ်သည် အဆင်ပြေချောမွေ့သည်။ သုံးကြိမ်တည်နေရာပြောင်းရွှေ့ပြီးနောက် သူတို့သည် နောက်နေ့မနက်မှာ နန်းမြို့တော်ကို မြင်တွေ့သွားကြသည်။

ရွှီချင်သည်လည်း ဓားကိုင်ဧကရာဇ်ကို မြင်တွေ့သွားသည်။

အတွင်းဘက်ဆုံး စက်ဝိုင်းကုန်းမြေတစ်ခုလုံးသည် နန်းမြို့တော်ဖြစ်သည်။

စက်ဝိုင်းသဏ္ဍာန်ကုန်းမြေ၏ အစွန်အဖျားတွင် မိုးကောင်ကင်ပေါ်သို့ ထိုးထောင်နေသော အနက်ရောင်မျှော်စင်များ တည်ရှိကြသည်။ ထို့ပြင် ဧရာမရုပ်တုများသည်လည်း ကန့်လန့်ဖြတ်၍ တည်ရှိကြသည်။

အနက်ရောင်မျှော်စင်များနှင့် ဧရာမရုပ်တုများသည် ရှေးဘုရင်ဂြိုလ်ကို စက်ဝိုင်းသဖွယ် ဝိုင်းရံထားကြသည်။

ထိုရုပ်တုများသည် အသွင်သဏ္ဍာန် ခြားနားကြပြီး အရှိန်အဝါ ကွဲပြားကြသည်။ သို့သော်လည်း ၎င်းတို့အားလုံးသည် လူသားများ ဖြစ်ကြသည်။ သူတို့ထဲမှာ ယောင်္ကျားများ၊ မိန်းမများ၊ လူကြီးများ၊ လူငယ်များ ရှိကြသည်။ သူတို့အားလုံး၏ အမူအရာသည် တစ်ယောက်နှင့်တစ်ယောက် ခြားနားကြသည်။ စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုးကို သူတို့ထံမှာ မြင်တွေ့နိုင်သည်။

“ အနက်ရောင်မျှော်စင်တွေက နန်းမြို့တော်ရဲ့ စည်းချအစီအရင်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်… နန်းမြို့တော်ကို ဝိုင်းရံထားတဲ့ ရုပ်တုတွေကတော့ ဓားကိုင်ဧကရာဇ်ကလွဲရင် ကျန်ရုပ်တုအားလုံးကို နောက်ပိုင်းမျိုးဆက်တွေက ဆောက်လုပ်ခဲ့ကြတာဖြစ်တယ်… သူတို့ထဲက တချို့က ရှေးဘုရင်ရွှမ်ယုံနဲ့အတူ ထွက်ခွာသွားကြတဲ့ သူတော်စင်တွေဖြစ်ပြီး တချို့က တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ သူတော်စင်တွေဖြစ်တယ်… အတိတ်တုန်းက လူသားဧကရာဇ်တချို့လည်း ပါရှိတယ် ”

“ ရှေးခေတ်တုန်းက ကောင်းကင်ဘုံအမတ်(၁၀၈)ပါး၊ ကောင်းကင်ဘုရင်(၃၃)ပါးနဲ့ မဟာဧကရာဇ်(၉)ပါး ရှိခဲ့တယ် ”

“ လူသားဧကရာဇ်ဒုန်းရှန့်ခေတ်တုန်းက ဒီနေရာမှာ ရုပ်တုထားဖို့အတွက် အရည်အချင်းပြည့်မီတဲ့ ကောင်းကင်ဘုရင်(၂၇)ပါး ရှိခဲ့တယ်… ဒါပေမဲ့ လူသားဧကရာဇ်ရွှမ်ထျန်းရဲ့ မတော်တဆမှုဖြစ်ပြီးနောက် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက ကျဆင်းသွားခဲ့တယ်… လူသားဧကရာဇ်ရှန့်ထျန်းရဲ့ ခေတ်အတွင်းမှာ ကောင်းကင်ဘုရင်(၅)ပါးပဲ အရည်အချင်းပြည့်မီတော့တယ်… လူသားဧကရာဇ်ကျင့်ယွင်ရဲ့ ခေတ်မှာဆိုရင် ကောင်းကင်ဘုရင်(၆)ပါးပဲ ရှိခဲ့တယ် ”

“ လူသားဧကရာဇ်တာအိုရှီကျဲရဲ့ ခေတ်နဲ့ တခြားလူသားဧကရာဇ်တွေရဲ့ ခေတ်မှာဆိုရင် ဒီနေရာမှာ ရုပ်တုဆောက်လုပ်ဖို့ တစ်ယောက်မှ အရည်အချင်းမပြည့်မီကြဘူး… လက်ရှိ လူသားဧကရာဇ်ရွှမ်ကျန်းရဲ့ ခေတ်မှာလည်း အဲ့ဒီအတိုင်းပဲ ”

မင်းသမီးအန်းဟိုင််က နူးညံ့စွာ ပြောသည်။ ထိုအခါ တစ်ချိန်လုံး တိတ်ဆိတ်နေသော ဘေးမှ ခုန်းရှန်းလုံက မမေးဘဲ မနေနိုင်ပေ။

“ ဒီနေရာမှာ ရုပ်တုဆောက်ခွင့်ရဖို့ဆိုရင် ဘယ်အဆင့်ကျင့်ကြံခြင်းကို လိုအပ်တာပါလဲ ”

“ အုပ်ချုပ်သူ ”

“ ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာဆိုရင် အုပ်ချုပ်သူအဆင့် ပုဂ္ဂိုလ်တွေကို ကောင်းကင်ဘုံအမတ်လို့ သတ်မှတ်ကြတယ်… ကောင်းကင်ဘုံအမတ်တွေက ဒေသကြီးတစ်ခုကို ဖိနှိပ်နိုင်တဲ့ ပဒေသရာဇ်အရှင်သခင်တွေ ဖြစ်ကြတယ် ”

“ အုပ်ချုပ်သူအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေကိုပဲ ကောင်းကင်ဘုရင်ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့တယ်… ကောင်းကင်ဘုရင်တစ်ပါးက နယ်ပယ်တစ်ခု ဒါမှမဟုတ် ဒေသကြီးအများအပြားကို အုပ်ချုပ်နိုင်တယ်… အုပ်ချုပ်သူတစ်ယောက်ရဲ့ အမိန့်တော်က မဟာဧကရာဇ်တွေနဲ့ ရှေးဘုရင်ထက်ပဲ နိမ့်ကျတယ် ”

ထိုနေရာသို့ရောက်သည့်အခါ မင်းသမီးအန်းဟိုင်သည် ရွှီချင်းကို ကြည့်လိုက်သည်။

“ လပူဇော်ဒေသကြီးရဲ့ အရင်အုပ်ချုပ်သူဖြစ်တဲ့ စီနီယာလီဇီဟွားက အတိတ်မှာ ရှေးဘုရင်ရွှမ်ယုံလက်အောက်က ကောင်းကင်ဘုရင်တစ်ပါး ဖြစ်ခဲ့တယ်… သူ့ရဲ့ ရုပ်တုလည်းပဲ ဒီနေရာမှာ ရှိတယ် ”

“ မဟာဧကရာဇ်ကရော ”

ရွှီချင်းက ဖြည်းညင်းစွာ မေးသည်။

“ ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာတော့ မဟာဧကရာဇ်တွေက အသင်္ချေမျိုးနွယ်စုတွေကြားမှာ ရံဖန်ရံခါ ထွက်ပေါ်လာခဲ့တယ်… ဒါပေမဲ့ အရေအတွက်က အရမ်းနည်းပါးတယ်… ငါတို့လူသားမျိုးနွယ်က အတိတ်မှာ ရှေးဟောင်းကောင်းချီးကို ရရှိခဲ့တာကြောင့် လူသားမျိုးနွယ်ထဲမှာ စုစုပေါင်း မဟာဧကရာဇ်(၉)ပါး ထွက်ပေါ်လာခဲ့တယ်… သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အုပ်ချုပ်သူထက် သာလွန်ပြီး သူတို့ကို ခြေလှမ်းဝက်အင်မော်တယ်တွေလို့ သိထားကြတယ် ”

“ ရှေးဘုရင်ရွှမ်ယုံခေတ်ပြီးတဲ့နောက် မဟာဧကရာဇ်တွေက အသင်္ချေမျိုးနွယ်စုတွေကြားမှာ နောက်ထပ် မပေါ်ထွန်းလာတော့ဘူး ”

“ ခြေလှမ်းဝက်အင်မော်တယ်… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူ့အရှေ့မှ နန်းမြို့တော်၏ အတွင်းစက်ဝိုင်းကုန်းမြေဆီသို့ လှမ်းကြည့်လိုက်သည့်အခါ လေးနက်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက တခြားရုပ်တုများနှင့် သိသိသာသာ ကွဲထွက်နေသော ထိတ်လန့်ဖွယ်ရာ ဧရာမရုပ်တုတစ်ခုကို မြင်သွားသည်။

ထိုဧရာမရုပ်တုသည် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ ပထမဆုံးကြည့်လျှင် သူက သန့်ရှင်းစင်ကြယ်ပုံပေါ်သည်။ သို့သော်လည်း အနီးကပ်ကြည့်မည်ဆိုလျှင် သူ၏ မျက်လုံးထဲမှာ တင်းမာခက်ထန်မှုနှင့် လွှမ်းမိုးဖိနှိပ်သော အငွေ့အသက် ရှိသည်။ ဤသည်မှာ သူဒေါသထွက်သွားမည်ဆိုလျှင် ကောင်းကင်က လောင်ကျွမ်းသွားပြီး မြေပြင်က အက်ကွဲသွားမည့်ဟန် ရသည်။

သူ၏ အကြည့်သည်တော့ သူက နတ်ဘုရားများကိုပင် သတ်ဖြတ်ပစ်နိုင်ဟန် ရသည်။

သူက လက်နောက်ပစ်ထားသည်။ ထိတ်လန့်ဖွယ်ကောင်းသော ဓားချီသည် သူ၏ အနောက်မှ ပေါ်လျှိုးထွက်နေပြီး ကောင်းကင်အထိ ပျံတတ်သွားနေသည်။ သူ၏ တစ်ကိုယ်လုံးက တလက်လက်တောက်ပသော အဖြူရောင်အလင်းကို ထုတ်လွှတ်နေလေရာ ရုပ်တုက အသက်ဝင်နေဟန် အောက်မေ့ရသည်။ ဤသည်မှာ သူ၏ မူလခန္ဓာကိုယ်က ထိုနေရာမှာ ရပ်နေပြီး ဘေးပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေဟန် ရသည်။

ထိုသက်လတ်ပိုင်းအမျိုးသားသည် လူသားမျိုးနွယ်၏ နောက်ဆုံးမဟာဧကရာဇ်ဖြစ်ပြီး ရှေးဘုရင်ရွှမ်ယုံနှင့်အတူ မထွက်သွားခဲ့ဘဲ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် တစ်ယောက်တည်း ကျန်ရစ်နေခဲ့သော ဓားကိုင်ဧကရာဇ် ဖြစ်သည်။

ရွှီချင်းသည် မဟာဧကရာဇ်၏ ရုပ်တုကို စိုက်ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ရိုသေလေးစားမှုကို အဝေးမှ ထုတ်ဖော်ပြလိုက်သည်။ ထို့နောက် သူက အချိန်အတော်ကြာအောင် သူအဖြေရှာမတွေ့ခဲ့သော မေးခွန်းတစ်ခုကို မင်းသမီးအန်းဟိုင်အား မေးမြန်းလိုက်သည်။

“ ရှေးဘုရင်ရွှမ်ယုံရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ ”

ရွှီချင်းက မေးမြန်းလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ လူတိုင်းက စိတ်ဝင်တစား နားဆွင့်လိုက်ကြသည်။ ခေါင်းဆောင်သည်လည်း စူးစမ်းလိုသော အမူအရာကို ထုတ်ဖော်လိုက်သည်။ နတ်မိမယ်ကျစ်ရွှမ်းတစ်ယောက်တည်းသာ ရှေးဘုရင်ဂြိုလ်ကို ဆက်လက် ကြည့်ရှုနေဆဲပင်။

အန်းဟိုင်သည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ ပြောသည်။

“ ရှေးဘုရင်ရွှမ်ယုံရဲ့ ကျင့်ကြံခြင်းအဆင့်က ပဟေဠိတစ်ခုပဲ… ဒါပေမဲ့ တော်ဝင်မိသားစုရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာတော့ ရှေးဘုရင်ရွှမ်ယုံနဲ့ပတ်သက်တဲ့ မှတ်တမ်းတစ်ခုရှိတယ် ”

“ အပျက်အစီးခေတ်ရဲ့ အဆုံးသတ်မှာ ရှေးဘုရင်က တောင်ပိုင်းဒေသကနေ ရောက်ရှိလာပြီး ယင်ဟွမ်ပြည်နယ်မှာ ခြေချခဲ့တယ်… ကမ္ဘာမြေက တုန်လှုပ်သွားပြီး ကောင်းကင်ဘုံက ကောင်းချီးပေးရတယ်… ပြီးတော့ သူ့ကို ခြေလှမ်းဝက်အင်မော်တယ်အဖြစ် အသိအမှတ်ပြုခဲ့ကြတယ်… နှစ်ပေါင်းသုံးထောင်ကြာပြီးတဲ့နောက် လူသားမျိုးနွယ်က ကြီးကြီးမားမား တိုးတတ်လာပြီး အသင်္ချေမျိုးနွယ်တွေက သူ့အရှေ့မှာ အညံ့ခံခဲ့ကြတယ်… မဟာဧကရာဇ်တွေက သူ့ကို အရိုအသေပေးရပြီး နွေဦးအင်မော်တယ်အဖြစ် ဂုဏ်ပြုခေါ်ဆိုကြတယ် ”

“ နွေဦးအင်မော်တယ် ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ဘေးမှ နတ်မိမယ်ကျစ်ရွှမ်းက ရုတ်တရက် ပြောသည်။

“ သူက… ဝမ်ကူးကုန်းမြေရဲ့ နှစ်ပေါင်းများစွာအတွင်း အသင်္ချေမျိုးနွယ်စုတွေထဲမှာ ထွက်ပေါ်လာခဲ့တဲ့ နောက်ဆုံးနွေဦးအင်မော်တယ်ပဲ ”

နတ်မိမယ်ကျစ်ရွှမ်း၏ စကားကြောင့် လူတိုင်း၏ အကြည့်က သူ့ထံသို့ ကျရောက်လာကြသည်။ မင်းသမီးအန်းဟိုင်သည်လည်း နတ်မိမယ်ကျစ်ရွှမ်းကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်းက မျက်လုံးမှိတ်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။

လူတိုင်းက နှုတ်ဆိတ်သွားကြသည်။

ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်း၏ မျက်နှာပေါ်မှ အတိတ်ကို လွမ်းဆွေးသော အရိပ်အယောင်ကို သတိပြုမိသည်။ သူက နောက်ထပ် မမေးတော့ဘဲ သူ့အရှေ့မှ နန်းမြို့တော်ဆီသို့ လျှောက်သွားသည်။

သူတို့အုပ်စုက အနားရောက်ရှိသွားသည့်အခါ သူတို့အရှေ့မှ ဓားကိုင်ဧကရာဇ်၏ ရုပ်တုသည် ပိုပြီးရှင်းလင်းလာသည်။

ရုပ်တုများကို တစ်ခုနှင့်တစ်ခု ခွဲခြားထားသော အနက်ရောင်မျှော်စင်များသည် မှေးမှိန်သော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။ မမြင်နိုင်သော စည်းချအစီအရင်အလွှာများနှင့် အကန့်အသတ်စည်းများသည် အနက်ရောင်မျှော်စင်များထံမှ ထွက်ပေါ်နေပြီး အတူတကွ ပေါင်းစပ်သွားကာ နန်းမြို့တော်၏ အတွင်းစက်ဝိုင်းကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။

တစ်ချိန်တည်းမှာ အရေအတွက်များပြားသော နတ်ဘုရားစိတ်အာရုံများနှင့် အကြည့်များသည် နန်းမြို့တော်ထဲရှိ အင်အားစုများထံမှ ပျံ့နှံ့ထွက်လာကြပြီး ရွှီချင်းတို့အုပ်စုကို ပစ်မှတ်ထားလိုက်ကြသည်။

ထိုနတ်ဘုရားစိတ်အာရုံများထဲတွင် တချို့သည် သတိထားမှုဖြင့် ပြည့်နှက်နေပြီး တချို့သည် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။ တချို့သည် စူးစမ်းလိုမှုဖြင့် ပြည့်နှက်နေပြီး တချို့သည် ရန်လိုမှုဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည် နန်းမြို့တော်ဆီသို့ တစ်ခါမှ မရောက်ဖူးသော်လည်း သူ၏ နာမည်သည် မဟာနန်းမြို့တော်ဒေသကြီးထဲမှာ ပျံ့နှံ့နေပြီးသား ဖြစ်သည်။

သူက ဒေသကြီးတစ်ခု၏ အုပ်ချုပ်သူဖြစ်ပြီး သူ၏ အနောက်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်များစွာ ရှိသည်။ ထို့ပြင် သူက ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာများ၏ ကိုးကွယ်ပူဇော်ခြင်းခံရသည်။ သူက နတ်ဘုရားတစ်ပါးကို သတ်ဖြတ်သည့် တိုက်ပွဲမှာပင် ပါဝင်ခဲ့သည်။ ဘုရင်ထျန်းလန်သည် သူ့ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ထိုအချက်များက နန်းမြို့တော်ထဲမှ ဂုဏ်သရေရှိသူများ၊ မင်းသားများနှင့် မင်းသမီးများကို သူ့အား အာရုံမစိုက်မိစေရန် အတော်လေး ခက်ခဲစေသည်။ ထို့ကြောင့် ရွှီချင်းက တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်ပေါ်သို့ ခြေချလိုက်ကတည်းက သူနှင့်ပတ်သက်သော သတင်းအချက်အလက်များနှင့် အတိတ်အကြောင်းများသည် နန်းမြို့တော်ထဲမှာ ပျံ့နှံ့နေခဲ့ပြီးသား ဖြစ်သည်။

ယနေ့ သူရောက်ရှိလာပြီ ဖြစ်သည်။

နန်းမြို့တော်၏ အတွင်းစက်ဝိုင်းကုန်းမြေရှေ့တွင် ရွှီချင်းနှင့် တခြားလူများသည် ဟင်းလင်းပြင်ထဲသို့ ဖြည်းဖြည်းချင်း ခြေချလိုက်ကြသည်။

ရွှီချင်းသည် နေရာမှာရပ်နေရင်း သူ့အရှေ့မှ နန်းမြို့တော်ကို ကြည့်လိုက်သည်။ ကြောက်စရာကောင်းသော စွမ်းအင်အတတ်အကျကို စည်းချအစီအရင်မှ ထုတ်လွှတ်နေကြောင်း သူအာရုံခံနိုင်သည်။ ယင်းထဲမှာ အဆုံးမဲ့သော ဖိအားပါရှိပြီး စူးစမ်းလိုသော ခံစားမှုကို ပေးသည်။

သူက စည်းချအစီအရင်ထဲသို့ လျှောက်သွားသရွေ့ သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ချက်အားလုံးနှင့် သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းများသည်ပင် သေချာပေါက် ထုတ်ဖော်ခံရလိမ့်မည်။

ပုံမှန်အခြေအနေမျိုးမှာဆိုလျှင် ထိုသို့စည်းချအစီအရင်ကို အမြဲတစေ ဖွင့်မထားနိုင်ပေ။ ထိုမျှတင်းကျပ်သော စစ်ဆေးမှုကို ထူးခြားသည့် အခြေအနေအချိန်အခါမျိုးမှာသာလျှင် အသုံးပြုလေ့ ရှိသည်။ မည်သို့ဖြစ်ပါစေ နေ့တိုင်း နန်းမြို့တော်ဆီသို့ ဝင်ထွက်သွားလာသူများသည် အရေအတွက် အလွန်များပြားသည်။ လမ်းမများပေါ်တွင်လည်း ဖြတ်သန်းသွားလာသူများသည် အလွန်များသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး မင်းသမီးအန်းဟိုင်ကို ကြည့်လိုက်သည်။

မင်းသမီးအန်းဟိုင်သည်လည်း မျက်မှောင်ကြုတ်သွားပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။ အသံပို့လွှတ်ပြီးနောက် သူ၏ အမူအရာသည် အနည်းငယ် အရုပ်ဆိုးသွားသည်။

“ လွန်ခဲ့တဲ့ရက်တုန်းက တခြားမျိုးနွယ်စုတစ်ခုရဲ့ သူလျှိုတစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာပြီး နန်းမြို့တော်ရဲ့ စည်းချအစီအရင်ကို အသက်ဝင်စေခဲ့တယ်… ဒါကြောင့် နန်းမြို့တော်ထဲက စည်းချအစီအရင်က ပုံမှန်အခြေအနေကနေ စုံစမ်းစစ်ဆေးတဲ့ အခြေအနေကို သူ့အလိုအလျောက် ပြောင်းလဲသွားခဲ့တယ် ”

“ တစ်ယောက်ယောက်က စည်းချအစီအရင်ရဲ့ သဘောတရားနဲ့ ဘယ်သူမှ အပြစ်မရှာနိုင်မယ့် နည်းလမ်းကို အသုံးပြုပြီး ငါတို့ကို စစ်ဆေးချင်နေတယ်… စိတ်ဝင်စားစရာပဲ… နန်းမြို့တော်က လူတွေက မျောက်တွေလိုပဲ တကယ်ဉာဏ်များတယ်… သူတို့ရဲ့ နည်းလမ်းတွေက ကောက်ကျစ်တယ် ”

ခေါင်းဆောင်သည် ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး ရွှီချင်း၏ ဘေးသို့ လျှောက်သွားသည်။

( ဘာသာပြန်သူ၏ မှတ်ချက်: နတ်ဘုရားလမ်းစဉ်အရ စတုတ္ထအဆင့်ကို နတ်ဘုရားယဇ်ပလ္လင်လို့ ခေါ်ပြီး အင်မော်တယ်လမ်းစဉ်အရ စတုတ္ထအဆင့်ကို မဟာဧကရာဇ် ဒါမှမဟုတ် ခြေလှမ်းဝက်အင်မော်တယ်လို့ ခေါ်ပါတယ်… အင်မော်တယ်လမ်းစဉ်အရ ပဉ္စမအဆင့်ကိုတော့ နွေဦးအင်မော်တယ် ဒါမှမဟုတ် အဆင့်နိမ့်အင်မော်တယ်လို့ ခေါ်ပါတယ်… နတ်ဘုရားလမ်းစဉ်အရတော့ ပဉ္စမအဆင့်ကို အစစ်အမှန်နတ်ဘုရားလို့ ခေါ်ပါတယ်… ပဉ္စမအဆင့်က ဝမ်ကူးကုန်းမြေမှာ အမြင့်ဆုံးပါ )

All Chapters