သမိုင်းဝင်အခိုက်အတန့်
Vol. 74 Ch. 1152
ရွှီချင်းနှင့် တခြားလူများက ရောက်ရှိလာသည့်အခါ နန်းမြို့တော်၏ စည်းချအစီအရင်သည် စုံစမ်းစစ်ဆေးသော အခြေအနေသို့ အသက်ဝင်သွားခဲ့သည်။ ယင်းကို တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း ချန်းအားညိုပြောသွားသည့်အတိုင်းဖြစ်ရန် ပိုပြီးရာခိုင်နှုန်းများသည်။ ယင်းကို တခြားလူများက တမင်သက်သက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
အမှန်တကယ်ပင် ထိုသို့ဖြစ်သည်။
ရွှီချင်းနှင့် တခြားလူများက နန်းမြို့တော်၏ စည်းချအစီအရင်အပြင်ဘက်မှာ ရပ်နေကြစဉ် အတွင်းစက်ဝိုင်းနန်းမြို့တော်ထဲဝယ် တစ်စုံတစ်ယောက်သည် လျှို့ဝှက်သော တစ်နေရာတွင် နှာခေါင်းရှုံ့လိုက်သည်။ တစ်ချိန်တည်းမှာ နန်းမြို့တော်ထဲမှ အင်အားစုအများအပြားသည် ဤနေရာကို အထူးအာရုံစိုက်လာကြသည်။
သူတို့အတွက်တော့ ရွှီချင်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ တခြားလူများသည် အံ့ဖွယ်ကောင်းသော နောက်ခံအင်အားကို ပိုင်ဆိုင်ထားကြသည့် သူစိမ်းများဖြစ်ကြသည်။ သို့သော်လည်း သူတို့၏ နားလည်မှုအများစုသည် သတင်းအချက်အလက်များနှင့် အသိဉာဏ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
သူတို့သည် ရွှီချင်းနှင့် တစ်ခါမှ မဆက်ဆံဖူးကြချေ။
ရှုပ်ထွေးပွေလီသော ဤနန်းမြို့တော်ထဲတွင် တစ်စုံတစ်ယောက်သည် သူစိမ်းများဖြင့် အလွယ်တကူ မဆက်ဆံကြချေ။
သို့ဖြစ်၍ စစ်ဆေးလေ့လာခြင်းသည် နန်းမြို့တော်ထဲမှ အင်အားအများစု ရွေးချယ်ခဲ့သောအရာ ဖြစ်သည်။
တခြားလူများက စုံစမ်းစစ်ဆေးခြင်းကို ပြုလုပ်ရန် လှုပ်ရှားသည်ကိုလည်း သူတို့က မြင်ချင်ကြသည်။ သို့မှသာ သူတို့၏ အနာဂတ်လုပ်ဆောင်မှုများကို မှန်ကန်စွာ ဆုံးဖြတ်နိုင်လိမ့်မည်။
မည်သို့ဖြစ်ပါစေ ဤလောကသည် အဖြူအနက်လောကတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ယောက်၏ ရှုထောင့်နှင့် စိတ်ဝင်စားမှုသည် ထိုသူ၏ ဦးတည်ရာကို ဆုံးဖြတ်ပေးလိမ့်မည်။ မိတ်ဆွေနှင့် ရန်သူဟူသော သရုပ်ကို တစ်စုံတစ်ယောက်၏ နှလုံးသားထဲမှ မျက်နှာဖုံးကို ဖြုတ်ခြင်းတပ်ခြင်း ပြုလုပ်ရုံမျှဖြင့် ပြောင်းလဲပစ်နိုင်သည်။
သရုပ်ကို ပြောင်းလဲခြင်းလုပ်ငန်းစဉ်သည် တစ်ခါတစ်ရံ ချက်ချင်း ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ နှေးကွေးနိုင်သည်။ အရာအားလုံးသည် အလိုဆန္ဒပေါ်မှာ အခြေခံသည်။
ယင်းက လူသားမျိုးနွယ်နှင့် တခြားမျိုးနွယ်စုများတွင်လည်း အတူတူဖြစ်သည်။ ဤသည်မှာ လူသားသဘာဝ၏ ရှုပ်ထွေးမှုဖြစ်ပြီး လူ့အသိုင်းအဝိုင်း၏ ပုံမှန်ပြယုဂ်တစ်ခု ဖြစ်သည်။
လူတိုင်း၏ အကြည့်အောက်မှာ စည်းချအစီအရင်၏ အပြင်ဘက်မှ အားညိုသည် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး ရွှီချင်းကို လှည့်ကြည့်လိုက်သည်။
“ ဂျူနီယာညီလေး… မင်းဘယ်လိုထင်လဲ ”
ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူ့အရှေ့မှ စည်းချအစီအရင်ကို ကြည့်လိုက်ပြီးနောက် သူက လေးနက်စွာ ပြောသည်။
“ တစ်ယောက်ယောက်က မြင်ချင်နေမှတော့ မြင်စမ်းပါစေ ”
ရွှီချင်းသည် စကားပြောပြီးနောက် သူ့အရှေ့မှ စည်းချအစီအရင်ဆီသို့ လျှောက်သွားသည်။
သူက ခရမ်းသလင်းကျောက်ပေါ်မှာ အပြည့်အဝ ယုံကြည်မှုရှိသည်။ ဝိညာဉ်ရောင်ဝါအင်ပါယာသော်လည်းကောင်း နီလာနတ်သမီးသော်လည်းကောင်း သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်ကို လုံးဝ အာရုံမခံမိကြပေ။ သို့ဖြစ်၍ ဤစည်းချအစီရင်က သူ၏ ခရမ်းသလင်းကျောက်ကို အာရုံခံမိရန် မည်သို့မှ မဖြစ်နိုင်ပေ။
ခရမ်းသလင်းကျောက်မှလွဲ၍ ရွှီချင်းမှာ တခြားဖုံးကွယ်စရာမရှိပေ။
သူက အရှေ့သို့ လျှောက်သွားပြီး စည်းချအစီအရင်၏ နယ်နိမိတ်ထဲသို့ ခြေချလိုက်သည့်အခိုက် အစီအရင်သည် လှုပ်ခါလာပြီး သူ၏ ပုံရိပ်ကို လွှမ်းခြုံသွားသည်။
စုံစမ်းစစ်ဆေးခြင်းက… စတင်လာသည်။
စုံစမ်းစစ်ဆေးခြင်းစွမ်းအားက အသက်ဝင်လာသည်နှင့်ချက်ချင်း စည်းချအစီအရင်သည် ချက်ချင်း လှိုင်းထသွားပြီး အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ အပြာရောင်အလင်းသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ဖုံးလွှမ်းသွားသည်။
အပြာရောင်အလင်းသည် စည်းချအစီအရင်က အတိုင်းအတာတစ်ခုထိ အဆင့်မြင့်တတ်သွားကြောင်း ဆိုလိုသည်။
စည်းချအစီအရင်၏ အပြောင်းအလဲများက သူ၏ နတ်ဘုရားခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ရွှီချင်း အာရုံခံနိုင်သည်။ သူ၏ ခန္ဓာကိုယ်သည် စည်းချအစီအရင်ကို အနည်းငယ် ပြုပြင်ပြောင်းလဲသွားစေခဲ့သည်။
နန်းမြို့တော်ထဲမှ အင်အားစုများသည် အပြာရောင်အလင်းကို မြင်ပြီးနောက် အတွေးနက်သွားကြသည်။ နောက်အခိုက်အတန့်မှာ သူတို့၏ နှလုံးသားက အနည်းငယ် လှိုင်းထသွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက အရှေ့သို့ ရွေ့လျားသွားသည်နှင့်အမျှ စုံစမ်းစစ်ဆေးခြင်းစွမ်းအားက ပိုပြီးသိပ်သည်းလာသောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာ နန်းမြို့တော်ကို လွှမ်းခြုံထားသော စည်းချအစီအရင်မှ အပြာရောင်အလင်းသည် အဝါရောင်သို့ ပြောင်းလဲသွားသည်။
စည်းချအစီအရင်သည် တဝီဝီမြည်ဟိန်းလာပြီး ထပ်မံအဆင့်မြင့်တတ်သွားသည်။
ရွှီချင်းသည် ထိုပြောင်းလဲမှု၏ ဇစ်မြစ်ကို အာရုံခံနိုင်သည်။ ယင်းက သူ၏ နတ်ဘုရားရတနာသိုက်ကြောင့် ဖြစ်သည်။ သူ၏ အနောက်တွင် နတ်ဘုရားရတနာသိုက်က စည်းချအစီအရင်၏ ပုံပျက်တွန့်လိမ်မှုကြားမှာ ဒြပ်ထည်ဖြစ်တည်လာသည်။
ထိုမျှသာဆိုလျှင် အဆင်ပြေလိမ့်မည်။ စည်းချအစီအရင်မှ အဝါရောင်အလင်း ထွက်ပေါ်လာခြင်းသည် အကြိမ်ရေမများသော်လည်း နန်းမြို့တော်ထဲမှ အင်အားစုများနှင့် လွှမ်းမိုးနိုင်စွမ်းရှိသူများအတွက်တော့ ယင်းက လက်ခံနိုင်သော အတိုင်းအတာထဲမှာ ရှိ၏။
သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာ သူတို့၏ အတွေးများသည် ပြောင်းလဲသွားကြသည်။ ရွှီချင်း၏ ခါးမှာ ချိတ်ဆွဲထားသော စက်လုံးတစ်လုံးသည် စည်းချအစီအရင်၏ စစ်ဆေးခံလိုက်ရဟန် ရသည်။ ၎င်းက အသက်ဝင်လာပြီး လေထဲမှာ သူ့ဘာသာ မျောလွင့်သွားသည်။
ထို့နောက် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
၎င်းက လေထဲမှာ မျောလွင့်နေပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေစဉ် နန်းမြို့တော်ထဲမှ စည်းချအစီအရင်သည် စူးရှသော အသံကို ထုတ်လွှတ်လာသည်။ ယင်းထဲမှာ သတိပေးသော အဓိပ္ပာယ်ပါရှိပြီး အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ ယင်းက ရွှီချင်းအား စောင့်ကြည့်လေ့လာနေသူများကို ဝိညာဉ်လွင့်သွားစေသည်။
စည်းချအစီအရင်၏ အရောင်သည် အဝါရောင်မှ လိမ္မော်ရောင်သို့ ပြောင်းလဲသွားသည်။
လိမ္မော်ရောင်သည် အန္တရာယ်များသော အဓိပ္ပာယ်ကို ဖော်ဆောင်သည်။
ထိုစဉ် ဘေးမှ မင်းသမီးအန်းဟိုင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ စည်းချအစီအရင်ထဲသို့ လျှောက်သွားနေသော ရွှီချင်းကို ကြည့်နေရင်း သူ၏ အသိစိတ်သည် လှိုင်းထသွားသည်။
“ သူက အာရုဏ်ဦးနေမင်းကို တကယ် ပိုင်ဆိုင်ထားတာပဲ ”
သို့သော်လည်း လူတိုင်းက အသိပြန်မဝင်သေးခင်မှာ ရွှီချင်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြီး နီလာနတ်သမီး၏ အသွေးအသားတစ်တုံးကို ထုတ်လိုက်သည်။ သွေးနီရောင်အလင်းသည် သူ၏ နတ်ဘုရားရတနာသိုက်များနှင့် သိုလှောင်အိတ်ထဲမှ ပျံသန်းထွက်လာသည်။
ထိုသွေးနီရောင်အလင်းသည် ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။ နတ်ဘုရားအရှိန်အဝါသည် လောကကြီးနှင့် စည်းချအစီအရင်အပေါ် လွှမ်းခြုံသွားသည်။ ယင်းက စည်းချအစီအရင်ကို တစ်ဟုန်ထိုး အဆင့်မြင့်တတ်သွားစေသည်။ ၎င်းက တအိအိလှုပ်ရှားထကြွလာသည့်အခါ အနက်ရောင်မျှော်စင်အားလုံး တုန်ခါသွားကြသည်။ စည်းချအစီအရင်၏ အရောင်သည် အနီရောင်သို့ ပြောင်းလဲသွားသည်။
အနီရောင်သတိပေးမှု…
ဤအခိုက်အတန့်မှာ နန်းမြို့တော်ထဲမှ အင်အားစုများသည် တည်ကြည်သွားကြသည်။ ဤကိစ္စကို နောက်ကွယ်မှ စီစဉ်ခဲ့သူသည်လည်း တည်ကြည်သွားသည်။
“ နီလာနတ်သမီးရဲ့ အသွေးအသား ”
“ ကောလဟာလထဲမှာတော့ သူက ကူညီပေးရုံပဲလို့ ပြောတယ်… သူ့အနေနဲ့ နတ်ဘုရားကို သတ်ဖြတ်တဲ့ တိုက်ပွဲမှာ ပါဝင်ဖို့ဆိုတာ ဘယ်လိုမှအဓိပ္ပာယ်မရှိဘူး… ဒါပေမဲ့ အခုကြည့်ရတာတော့ အဲ့လိုမဟုတ်တဲ့ပုံပဲ ”
“ သူက နီလာနတ်သမီးကို သတ်ဖြတ်တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့ရုံတင်မကဘူး နီလာနတ်သမီးရဲ့ အသွေးအသားကိုလည်း ရရှိခဲ့တယ် ”
အင်အားစုများက အံ့ဩသွားကြစဉ် နီလာနတ်သမီး၏ အသွေးအသားနှင့် ရှေးဟောင်းနေလုံးသည် တစ်ချိန်တည်းမှာ လှုံ့ဆော်ခံလိုက်ရပြီး ပေါင်းစပ်သွားတော့မည့် လက္ခဏာများပြလာသည်။
ယင်းက တစ်နှင့်တစ် ပေါင်းခြင်းကဲ့သို့ မရိုးရှင်းပေ။
သို့ဖြစ်၍ မျက်တောင်တစ်ခတ်အတွင်းမှာ နန်းမြို့တော်မှ စည်းချအစီအရင်၏ အရောင်သည် အနီရောင်မှ အနက်ရောင်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။
နန်းမြို့တော်တစ်ခုလုံး တုန်ယင်လာသည်။ လူသားမျိုးနွယ်၏ အဓိကအမြူတေမှ ကာကွယ်ရေးစနစ်သည် ဤအခိုက်အတန့်မှာ အပြည့်အဝ အသက်ဝင်လာသည်။ ရှေးဟောင်းခေါင်းလောင်းမြည်သံသည်ပင် နန်းမြို့တော်ထဲမှာ ပဲ့တင်ထပ်လာသည်။
ဒုံး… ဒုံး… ဒုံး…
ခေါင်းလောင်းမြည်သံသည် မြန်ဆန်သော အလျင်ဖြင့် နန်းမြို့တော်တစ်လျှောက် ပျံ့လွင့်သွားသည်။ ထိုအခိုက်အတန့်မှာ နန်းမြို့တော်ထဲမှ အင်အားစုများ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် နန်းမြို့တော်ထဲမှ ပေါက်ကွဲထွက်လာပြီး ဤနေရာကို ပစ်မှတ်ထားလိုက်ကြသည်။
ခေါင်းဆောင်သည်လည်း ထိတ်လန့်သွားသည်။ ဖုန်းဟိုင်ဒေသငယ်မှ လူတိုင်းသည် တည်ကြည်လေးနက်သွားကြသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ လီယွင်ရှန်း၏ အကြည့်က အေးစက်လာစဉ် နတ်မိမယ်ကျစ်ရွှမ်းက ရှေးဘုရင်ဂြိုလ်ကို ကြည့်လိုက်လေရာ အနက်ရောင်အလင်းက သူ၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်ပေါ်မှ တိမ်တိုက်များနှင့် မြူခိုးသည် မြန်ဆန်စွာ ကင်းစင်လာသည်။
ကပ်ဘေးဖြစ်ပွားတော့မည်ကို မြင်သောအခါ ခေါင်းဆောင်သည် ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ သန့်စင်ရေလှိုင်းဒေသကြီးရဲ့ ဒေသအရှင်သခင်က ဧကရာဇ်ရဲ့ ဆင့်ခေါ်မှုကို ဖြေကြားဖို့အတွက် ဒီကို ရောက်လာတယ်… ဒါကို မင်းတို့က စည်းချအစီအရင်ကို အသုံးပြုပြီး ဒေသအရှင်သခင်ကို အနိုင်ကျင့်ချင်တယ်… ဒေသအရှင်သခင်ရဲ့ အခြေခံအုတ်မြစ်ကို ထုတ်ပြဖို့ အတင်းဖိအားပေးတယ်… ဒါဘာအဓိပ္ပာယ်လဲ ”
“ မင်းတို့က သန့်စင်ရေလှိုင်းဒေသကြီးနဲ့ မဟာနန်းမြို့တော်ဒေသကြီးကြားမှာ ပဋိပက္ခဖြစ်အောင် လုပ်ချင်တာလား… ငါတို့ကို လူသားမျိုးနွယ်ထဲကနေ ခွဲထွက်စေချင်တာလား… ဒီကိစ္စမှာ… မင်းတို့ရဲ့ ရည်ရွယ်ချက်က ခွင့်မလွှတ်နိုင်တဲ့အရာပဲ ”
ထိုကိစ္စကို နောက်ကွယ်မှ စီမံနေသော ပုဂ္ဂိုလ်သည် ခေါင်းဆောင်၏ စကားကို ကြားပြီးနောက် မျက်နှာပျက်ယွင်းသွားသည်။ သူတို့က ရွှီချင်းကို အမှန်တကယ် စစ်ဆေးကြည့်ချင်သည်။ သို့သော်လည်း စစ်ဆေးမှုမှ ထွက်ပေါ်လာသော ရလဒ်က ဤကိစ္စသည် အလွန်ကြီးမားကြောင်း သူတို့ကို နားလည်သွားစေသည်။
ယင်းက သူတို့မတောင့်ခံနိုင်သော ပမာဏအထိ ကြီးမားသည်။
သူတို့က ရွှီချင်းကို သူတို့၏ လုပ်နိုင်စွမ်းအား ပြသချင်ရုံသာ ဖြစ်သည်။ သူတို့က ဤနေရာမှာ မုန်တိုင်းတစ်ခု မစတင်စေချင်ပေ။
သို့သော်လည်း အခြေအနေက ထိုအဆင့်သို့ ချက်ချင်း ရောက်ရှိသွားပြီး ထိန်းချုပ်မှုအောက်မှ ကင်းလွတ်လုနီးပါးဖြစ်သွားသည်။ ထိုအတွက် တန်ကြေးကို သူတို့မတတ်နိုင်ပေ။
အနက်ရောင်သတိပေးမှုသည် စည်းချအစီအရင်၏ အကန့်အသတ်နှင့် အလွန်နီးကပ်သော ကပ်ဘေးသတိပေးမှု ဖြစ်သည်။
ထို့ပြင် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်သတိပေးမှုသည် စည်းချအစီအရင်၏ လှုံ့ဆော်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်သည်။ သူက ယင်းကို တမင်သက်သက် ထုတ်လွှတ်ခဲ့ခြင်း မဟုတ်ပေ။
ထို့ကြောင့် နောက်အခိုက်အတန့်မှာ သူတို့၏ လှုပ်ရှားမှုများသည် ချက်ချင်း ရပ်တန့်သွားကြပြီး နည်းလမ်းအမျိုးမျိုးဖြင့် သတိပေးလိုက်သည်။ စည်းချအစီအရင်ကို တာဝန်ယူရသော ပြည်ထဲရေးနန်းတော်သည်လည်း ဤကိစ္စမှာ ဝင်ရောက်စွက်ဖက်လာသည်။ ယင်းက နန်းမြို့တော်မှ စည်းချအစီအရင်ကို ချက်ချင်း အဆင့်ကျသွားစေပြီး လှုံ့ဆော်မှုကို အားလျော့သွားစေသည်။
ထိုလုပ်ငန်းစဉ်သည် မြန်ဆန်စွာ ပြီးမြောက်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရွှီချင်းကို လွှမ်းခြုံထားသော စည်းချအစီအရင်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး စုံစမ်းစစ်ဆေးခြင်း မပြုလုပ်တော့ပေ။ ယင်းက သိမ်မွေ့ညင်သာလာသည်။
ခေါင်းဆောင်၊ လီယွင်ရှန်းနှင့် နတ်မိမယ်ကျစ်ရွှမ်းသည် မျက်လုံးမှိတ်ထားသော ရွှီချင်းဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။ သူတို့က ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ကြပြီး ဖိနှိပ်မှုမှာ ကူညီပေးလိုက်ကြသည်။
နန်းမြို့တော်ထဲမှ အင်အားစုများ၏ အထူးအာရုံစိုက်မှုအောက်မှာ ရွှီချင်းသည် တစ်ခဏကြာပြီးနောက် မျက်လုံးပြန်ဖွင့်လိုက်သည်။
နီလာနတ်သမီး၏ အသွေးအသားနှင့် ရှေးဟောင်းနေလုံး၏ ပေါင်းစပ်မှုသည် နောက်ဆုံးမှာတော့ ရပ်တန့်သွားသည်။
ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက ခါးသီးစွာ ပြုံးလိုက်သည်။ ရွှီချင်းက ထိုနှစ်ခုကို အမှန်တကယ် ပေါင်းစပ်နေခြင်းလော သို့မဟုတ် သူတို့ကို တမင်ခြောက်လှန့်နေခြင်းလော သူမပြောနိုင်ပေ။
သို့သော်လည်း ရွှီချင်းထံမှ ရူးသွပ်မှုကို သူအာရုံခံနိုင်သည်။ ထို့အတူ မဟာနန်းမြို့တော်ဒေသကြီးထဲမှ အင်အားစုများသည်လည်း ယင်းကို အာရုံခံနိုင်ကြသည်။
နတ်မိမယ်ကျစ်ရွှမ်းသည် မည်သည့်စကားမှ မပြောပေ။ သူက ရွှီချင်း၏ အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်ပေးလိုက်သည်။ သူက ရွှီချင်း၏ မျက်လုံးကို သိမ်မွေ့ညင်သာသော အမူအရာဖြင့် ကြည့်လိုက်သည်။ ထိုထဲမှာ စိတ်ဓာတ်ပြတ်သားမှု တစ်စွန်းတစ်စပါရှိသည်။
ရွှီချင်းသည် ပြုံးလိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်းကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်ကို လှည့်ကြည့်လိုက်ပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။
သိမ်မွေ့ညင်သာသော စည်းချအစီအရင်သည် ရွှီချင်း၏ အရှေ့မှာ အကာအကွယ်အလွှာကို ဖွင့်ပေးလိုက်ပြီး ရွှီချင်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ လူများကို စည်းချအစီအရင်အတွင်းသို့ ချောချောမွေ့မွေ့ ဖြတ်သန်းသွားနိုင်စေခဲ့သည်။ နန်းမြို့တော်၏ မြေကြီးပေါ်သို့ ခြေချလိုက်ပြီးနောက် ရွှီချင်းသည် အရှေ့သို့ ကြည့်လိုက်သည်။
သူ၏ အရှေ့တွင် ကျောက်စိမ်းဖြူလမ်းကြောင်းတစ်ခု ရှိသည်။
ထိုသို့လမ်းကြောင်းများသည် အတွင်းစက်ဝိုင်းကုန်းမြေထဲတွင် တစ်ထောင်ကျော်ရှိသည်။ ယင်းတို့က နေလုံးမှ ထုတ်လွှတ်သော အလင်းတန်းများနှင့် ဆင်တူပြီး ထိန်ထိန်လင်းစွာ တောက်ပနေကာ ကောင်းကင်ဆီသို့ ဆက်သွယ်ထားသည်။
အဝေးမှ မြို့ဧရိယာထဲတွင် အနီရောင်အမိုးနှင့် အဖြူရောင်အုတ်ခဲများဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးများစွာရှိပြီး အရွယ်အစား စုံလင်ကြသည်။ ယင်းတို့က ရှေးကျသော်လည်း ခမ်းနားထည်ဝါသော ခံစားမှုကို ပေးသည်။
ထိုအဆောက်အဦးများကြားတွင် အထပ်သုံးထပ်ပါရှိသော ပဉ္စဂံပုံသဏ္ဍာန် စံအိမ်များလည်း ရှိကြသည်။ စံအိမ်တစ်ခုစီသည် ထူးခြားသော ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားကြသည်။
အနုစိတ်ကျသော ဗိသုကာလက်ရာများသည် ကြော့ရှင်းတင့်တယ်ပြီး လှပသည်။ နက်နဲသိမ်မွေ့ပြီး ခမ်းနားထည်ဝါသော အသွင်အပြင်ကြောင့် ဤစက်ဝိုင်းကုန်းမြေတစ်လျှောက် ပျံ့နှံ့နေသော စံအိမ်များသည် လူသားမျိုးနွယ်၏ အခမ်းနားဆုံး မြို့တစ်မြို့ကို ဖွဲ့စည်းနေကြသည်။
မြို့ထဲတွင် ဝေးကွာနေသော်လည်း စိတ်အာရုံကို အလိုအလျောက် ဖမ်းစားနိုင်သော အဆောက်အဦးတစ်ခု ရှိသည်။ ယင်းက အဌဂံပုံသဏ္ဍာန် မျှော်စင်တစ်ခုဖြစ်သည်။ မျှော်စင်တစ်ခုလုံးကို အဖြူရောင်သစ်သားဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ယင်းက ကောင်းကင်ဘုံအထိ ထိုးတတ်နေသော ဘုရားကျောင်းနှင့် ဆင်တူသည်။ ၎င်း၏ အမြင့်သည် ဤကုန်းမြေ၏ အစွန်အဖျားမှာရှိသော ရုပ်တုတချို့ထက်ပင် သာလွန်နေသည်။
မျှော်စင်၏ ထိပ်ဖျားပေါ်ရှိ တိမ်တိုက်များနှင့် မြူခိုးကြားဝယ် မိုးပျံနဂါးများနှင့် သားရဲရုပ်တုများ၏ ဝိုင်းရံခံထားရသော စံအိမ်တစ်ခုရှိကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။ စံအိမ်သည် ကောင်းချီးမင်္ဂလာ အရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ အဲ့ဒါက ပရောဟိတ်ဆရာနေထိုင်တဲ့ ကြယ်နိမိတ်ဖတ်မျှော်စင်ပဲ ”
“ ပရောဟိတ်ဆရာက လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ… ပုံမှန်ဆိုရင် ခမည်းတော်ဆင့်ခေါ်မှပဲ သူက အပြင်ထွက်လာတတ်တယ်… သူက တခြားလူတွေကို တွေ့ဆုံလေ့မရှိဘူး… ငါတောင်မှ တစ်ခါပဲ သူ့နောက်ကျောကို မြင်ဖူးတယ် ”
မင်းသမီးအန်းဟိုင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ စိတ်ခံစားချက်များကို ထိန်းညှိလိုက်သည်။ သူက ရွှီချင်း၏ ဘေးသို့ လျှောက်သွားပြီးနောက် တစ်ဖက်လူ၏ အကြည့်ကို သတိထားမိသွားသည်။
ရွှီချင်းက ကြယ်နိမိတ်ဖတ်မျှော်စင်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ နန်းမြို့တော်ထဲမှာ တော်ဝင်နန်းတော်အပြင် နောက်ထပ် နန်းတော်ဆယ်ခုရှိသေးတယ်… အဲ့ဒါတွေက အထက်ရွှမ်နန်းတော်ငါးခုနဲ့ အောက်ရွှမ်နန်းတော်ငါးခုဖြစ်ကြတယ် ”
“ အဲ့ဒါက ရှေးခေတ်အုပ်ချုပ်မှုပုံစံဖြစ်တယ်… အထက်ရွှမ်နန်းတော်ငါးခုထဲမှာ ဓားကိုင်နန်းတော်၊ တရားရေးနန်းတော်နဲ့ ပြည်ထဲရေးနန်းတော်တို့ ပါဝင်တယ်… ပြီးတော့ နန်းမြို့တော်ထဲမှာ သံတမန်ကိစ္စနဲ့ အထူးအရေးကိစ္စတွေကို စီမံဆောင်ရွက်တဲ့ အထူးအမိန့်ပေးနန်းတော် ရှိတယ်… နောက်ဆုံးတစ်ခုကတော့ အင်မော်တယ်အတတ်ပညာတွေနဲ့ နတ်ဘုရားတွေကို အထူးပြုလေ့လာတဲ့ ဖန်တီးခြင်းနန်းတော်ဖြစ်တယ် ”
“ အဲ့ဒီအထက်ရွှမ်နန်းတော်ငါးခုက လူသားမျိုးနွယ်ရဲ့ ပင်မထောက်တိုင်တွေဖြစ်တယ်… သူတို့က လူသားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းကာကွယ်ပေးရတယ် ”
“ အောက်ရွှမ်နန်းတော်ငါးခုက အဓိကအနေနဲ့ ပြည်တွင်းကိစ္စရပ်တွေကိုပဲ အာရုံစိုက်ကြတယ်… အဲ့ဒါတွေက ဝိညာဉ်အစိုးရနန်းတော်၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနန်းတော်၊ အုပ်ချုပ်မှုဆိုင်ရာနန်းတော်၊ ဖွဲ့စည်းမှုနန်းတော်နဲ့ အသင်္ချေနန်းတော်တို့ ဖြစ်ကြတယ် ”
မင်းသမီးအန်းဟိုင်က ဆက်ပြီးမိတ်ဆက်ပေးနေစဉ် ရွှီချင်းသည် သူ၏ အကြည့်ကို ကြယ်နိမိတ်ဖတ်မျှော်စင်ထံမှ ပြန်ရုပ်သိမ်းလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
မြို့၏ အတွင်းဘက်ထဲတွင် သက်တံ့လမ်းကြောင်းတစ်ခုရှိကြောင်း မြင်နိုင်လိမ့်သည်။ ယင်းက ခမ်းနည်းထည်ဝါပြီး အံ့ဖွယ်ကောင်းသည်။ ထိုလမ်းကြောင်းသည် အတွင်းစက်ဝိုင်းကုန်းမြေနှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားပြီး ရှေးဘုရင်ဂြိုလ်ဆီသို့ ဦးတည်နေသည်။
ထိုလမ်းကြောင်း၏ အဆုံးသတ်တွင် ရှေးဘုရင်ဂြိုလ်နှင့် နီးကပ်သော အလွန်ကျယ်ပြောသည့် နန်းတော်တစ်ခုက သက်တံ့ပေါ်မှာ တည်ရှိသည်။
ထိုနန်းတော်သည် ဟင်းလင်းပြင်ထဲမှာ မျောလွင့်နေဟန်ရပြီး ခမ်းနားထည်ဝါသည်။ နန်းတော်၏ ကိုယ်ထည်တစ်ခုလုံးသည် ရွှေရောင်တောက်ပနေပြီး နက်နဲသိမ်မွေ့သော အလင်းကျောက်များနှင့် နံရံဆေးပန်းချီ အမိုးအကာများလည်း ရှိသည်။ ထိုနန်းတော်ကြီး၏ အတွင်းဘက်တွင် ခမ်းနားတောက်ပြောင်သော စံအိမ်များနှင့် နန်းတော်များရှိသည်။ ထို့ပြင် နိမ့်ချည်မြင့်ချည် တည်ရှိနေကြသော ခန်းမများလည်း ရှိသည်။ အလုံးစုံခြုံငုံကြည့်လျှင် ယင်းက အလွန်ကျယ်ပြောသော အစီအရင်တစ်ခုဖြစ်ဟန် ရ၏။
အဝေးမှကြည့်လျှင် ယင်းက ရှေးဘုရင်ဂြိုလ်၏ ဂိတ်တံခါးနှင့် ပိုပြီးတူညီသည်။
အကွာအဝေးက အလွန်ဝေးကွာပြီး ရှေးဘုရင်ဂြိုလ်၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကြောင့် နန်းတော်၏ အရှိန်အဝါသည် ရှေးဘုရင်ဂြိုလ်နှင့် အတူတကွ ပေါင်းစပ်သွားလေရာ ယင်းက သိသာထင်ရှားစွာ ခွဲထွက်နေရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ၎င်းက ရှေးဘုရင်ဂြိုလ်၏ အရှိန်အဝါကို ငှားယူထားလေရာ အလွန်အံ့ဖွယ်ကောင်းသည်။
မင်းသမီးအန်းဟိုင်က ထိုနန်းတော်အကြောင်း မိတ်ဆက်ပေးလိုက်စဉ် ရွှီချင်း၏ အကြည့်က နန်းတော်ပေါ်သို့ ကျရောက်သွားသည်။ တစ်ချိန်တည်းမှာ အကြည့်တစ်ခုသည် ရွှီချင်းပေါ်သို့ ကျရောက်လာသည်။
ထို့နောက် ထိုအကြည့်က နတ်မိမယ်ကျစ်ရွှမ်းထံသို့ ရွှေ့ပြောင်းသွားသည်။
အချိန်အတော်ကြာပြီးနောက် အကြည့်သည် ပြန်ဆုတ်ခွာသွားသည်။
တစ်ချိန်တည်းမှာ နန်းမြို့တော်ထဲမှ ကြယ်နိမိတ်ဖတ်မျှော်စင်ထဲဝယ် ပရောဟိတ်ဆရာသည် မတ်တတ်ရပ်နေသည်။ သူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ခရမ်းရောင်ဆံပင်ရှည်က သူ၏ ပခုံးထက်သို့ ကျဆင်းနေသည်။
သူက ထိုနေရာမှာ မတ်တတ်ရပ်နေစဉ် လေတိုက်ခတ်မှုကြောင့် သူ၏ အဝတ်အစားများက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။
သူက မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်စဉ် သူ၏ အမူအရာသည် သိမ်မွေ့ညင်သာလာသည်။ သူ၏ ပါးစပ်ထောင့်က အပေါ်ဘက်သို့ ပင့်တတ်သွားပြီး ခပ်ရေးရေး ပြုံးလိုက်သည်။
“ ညီလေး… နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့ ”
တစ်ချိန်တည်းမှာ နန်းမြို့တော်ထဲဝယ် အလွန်ခမ်းနားထည်ဝါသော ဧရိယာတစ်ခုရှိသည်။ ထိုဧရိယာတစ်ခုလုံးက ရွှေရောင်နှင့် ကျောက်စိမ်းအလင်းရောင်ဖြင့် ထွန်းလင်းနေသည်။ ကျေးငှက်များ၏ တေးသံများနှင့် ရယ်မောသံများက မရပ်မစဲ ပဲ့တင်ထပ်နေသည်။ ထိုနေရာ၏ နက်နဲသိမ်မွေ့သော ထောင့်တစ်နေရာတွင် နတ်စင်တစ်ခု ရှိသည်။ နတ်စင်ထဲတွင် ယဇ်ပလ္လင်တစ်ခုရှိပြီး ယင်းအပေါ်တွင် နတ်ဘုရားတစ်ပါး၏ ရုပ်တုရှိသည်။
ယင်းက ရွှံ့မြေခွေးဖြစ်သည်။
ဤအခိုက်အတန့်မှာ ရွှံ့မြေခွေးသည် အနည်းငယ် လှုပ်ယမ်းသွားပြီး တရှုပ်ရှုပ် အနံ့ခံလိုက်သည်။
“ မောင်လေးရဲ့ ယန်အဆီအနှစ်ပဲ… ”