ငှားထားတဲ့ ပစ္စည်းကို ပြန်ပေးသင့်တယ်
Vol. 74 Ch. 1153
ရှေးဘုရင်ဂြိုလ်၏ အတွင်းဘက်စက်ဝိုင်းကုန်းမြေထဲ လူသားမြို့တော်၏ အပြင်ဘက် ကျောက်စိမ်းဖြူလမ်းကြောင်း၏ အဆုံးသတ်တွင် လီယွင်ရှန်းနှင့် ဓားကိုင်သုံးသောင်းသည် မြို့တော်ထဲသို့ မဝင်ရောက်ခဲ့ကြပေ။
သူတို့၏ အရေအတွက်က နန်းမြို့တော်နှင့် နှိုင်းယှဉ်လျှင် သေးနုတ်သော်လည်း အကယ်၍ သူတို့က အထဲဝင်ရောက်မည်ဆိုလျှင် ရဲတင်းလွန်းရာကျလိမ့်မည်။
ထိုအချက်ကို လီယွင်ရှန်းက ကောင်းမွန်စွာ နားလည်ထားသည်။ ထို့ကြောင့် သူက ရွှီချင်းကို ကျောက်စိမ်းဖြူလမ်းကြောင်း၏ အဆုံးသတ်သို့ လိုက်ပို့ဆောင်ပေးပြီးနောက် ဓားကိုင်များကို ခေါ်ဆောင်ပြီး ဘေးဘက်မှာ တပ်စခန်းချလိုက်သည်။ သူက ခုန်းရှန်းလုံကို ဓားကိုင်တစ်ရာအား ဦးဆောင်စေပြီး ရွှီချင်း၏ နောက်သို့ လိုက်ပါစေသည်။
ထိုသို့ဖြင့် ရွှီချင်းတို့အုပ်စုသည် မင်းသမီးအန်းဟိုင်နှင့်အတူ နန်းမြို့တော်ထဲသို့ ဝင်ရောက်သွားကြသည်။
အစောနက စည်းချအစီအရင်မှ ထွက်ပေါ်လာခဲ့သော အားလှိုင်းအတတ်အကျများကြောင့် မူလက စည်ကားသိုက်မြိုက်သော မြို့တော်သည် ယခု လူသူကင်းရှင်းနေသည်။
စည်းချအစီအရင်၏ ပြဿနာက ဖြေရှင်းပြီးသွားပြီဖြစ်သော်လည်း လမ်းမများပေါ်မှာ ဖြတ်သန်းသွားလာနေသူများသည် ယခင်ကထက် အများကြီး လျော့နည်းသွားသည်။
သို့တိုင်အောင် ယင်းက ဖုန်းဟိုင်ဒေသငယ်၏ ဒေသငယ်မြို့တော်ထက် ပိုပြီးစည်ကားနေဆဲပင်။ ထို့ပြင် ဖြတ်သန်းသွားလာသူများသည် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ တဖြည်းဖြည်း များပြားလာနေသည်။
ဤအခိုက်အတန့်မှာ မင်းသမီးအန်းဟိုင်သည် ရွှီချင်းနှင့် တခြားလူများကို နန်းမြို့တော်ထဲသို့ ဦးဆောင်ခေါ်သွားသည်။
“ ရွှီချင်း… နန်းမြို့တော်ထဲမှာ အထက်ရွှမ်နန်းတော်ငါးခုနဲ့ အောက်ရွှမ်နန်းတော်ငါးခုအပြင် သတိထားရမယ့် တခြားအင်အားစုတွေ ရှိသေးတယ် ”
“ ဥပမာ ကောင်းကင်ဘုရင်(၃၃)ပါး… အခုတော့ (၃၂)ပါးဖြစ်သွားပြီ ”
မင်းသမီးအန်းဟိုင်သည် တစ်ခဏ ရပ်တန့်သွားသည်။
“ သူတို့အပြင် ရုံးတော်ထဲက ရာထူးမြင့်အရာရှိတွေ ရှိသေးတယ်… ဥပမာ တရားရေးဝန်ကြီးတွေ၊ အုပ်ချုပ်ရေးဝန်ကြီးတွေ၊ ဗိုလ်မှူးချုပ်တွေ၊ ကောင်းကင်ဘုံအမတ်(၁၀၈)ပါးနဲ့ မင်းသားတွေရဲ့ စံအိမ်တွေပဲ ”
“ မင်းသားအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်စံအိမ်ကို ဆောက်လုပ်ဖို့ အခွင့်အာဏာ ရရှိထားကြတယ်… ဒါပေမဲ့ အဲ့ဒါက နန်းမြို့တော်ထဲမှာပဲ အကျုံးဝင်တယ် ”
“ ပြီးတော့ လူသားမျိုးနွယ်ရဲ့ အထူးဂိုဏ်းဆယ်ဂိုဏ်းရှိသေးတယ်… အဲ့ဒီဂိုဏ်းတွေရဲ့ အခြေခံအုတ်မြစ်က အရမ်းနက်ရှိုင်းကြတယ်… တချို့က ရှေးဘုရင်ရွှမ်ယုံခေတ်မှာ တည်ထောင်ခဲ့ကြတာ ဖြစ်တယ် ”
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး မင်းသမီးအန်းဟိုင်ကို ကြည့်လိုက်သည်။
“ ဒီနေရာမှာ အရမ်းနာမည်ကျော်ကြားတဲ့ နွေဦးအင်မော်တယ်နန်းတော်ရှိတယ်လို့ ငါကြားဖူးတယ် ”
ထိုနာမည်သည် ရွှီချင်းကို နှလုံးခုန်မြန်သွားစေသည်။ သူက ခေါင်းလှည့်လိုက်ပြီး မင်းသမီးအန်းဟိုင်ကို ကြည့်လိုက်သည်။
နင်ယန်သည်လည်း အတူတူပင်။ သူက ဤနေရာမှ ကိစ္စများကို အနည်းအကျဉ်း သိထားသော်လည်း မင်းသမီးအန်းဟိုင်ကဲ့သို့ အသေးစိတ် မသိထားပေ။ ထို့ကြောင့် သူက နားဆွင့်လိုက်သည်။ ဝူကျန်းဝူသည်လည်း စိတ်ဓာတ်တတ်ကြွလာသည်။ ယင်းက ရှေးဘုရင်ရွှမ်ယုံနှင့်သက်ဆိုင်သရွေ့ သူက လိုချင်တပ်မက်လိမ့်မည်။
ခုန်းရှန်းလုံသည်တော့ ထိုအကြောင်းကို စိတ်မဝင်စားချေ။ သူ၏ တာဝန်အတိုင်း ရွှီချင်းကို စောင့်ကြပ်ပေးရန် ဘေးပတ်ဝန်းကျင်ကို အမြဲမပြတ် သတိထားနေသည်။
မင်းသမီးအန်းဟိုင်က ခေါင်းညိတ်လိုက်ပြီး ဆက်လက် ပြောသည်။
“ အဲ့ဒီအထူးဂိုဏ်းဆယ်ဂိုဏ်းထဲမှာ ကြယ်ကောင်းကင်မဟာဧကရာဇ် တည်ထောင်ခဲ့တဲ့ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၊ ကောင်းကင်ဘုရင် ယုလင်းရဲ့ မိုးပြာနတ်ဘုရားစကြာဝဌာဂိုဏ်း၊ မြေအောက်လောကတာအိုကို ထိန်းချုပ်ထားတဲ့ သရဲမိစ္ဆာအမှောင်ဂိုဏ်းနဲ့ ပရောဟိတ်ဆရာရဲ့ သွေးမျိုးဆက်ဖြစ်တဲ့ အထွတ်အမြတ်လခရမ်းဂိုဏ်းတို့ ပါဝင်ကြတယ် ”
“ ပြီးတော့ နောက်ပိုင်းမှာ တည်ထောင်ခဲ့တဲ့ ရွှမ်မီးတောက်ကိုးခုဂိုဏ်း၊ ဒေသကြီးအများအပြားမှာ စီးပွားရေးလုပ်ဆောင်ကြတဲ့ သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်၊ လူသားမျိုးနွယ်ရဲ့ လီထူဂိုဏ်းခွဲမှာလည်း ကြောက်စရာကောင်းတဲ့ လွှမ်းမိုးနိုင်စွမ်းရှိတယ်… ပြီးတော့ နတ်ဘုရားမျက်နှာပျက်ကြီးကို ကိုးကွယ်ယုံကြည်ပြီး နတ်ဘုရားသားတော်ကို လိုက်လံရှာဖွေနေကြတဲ့ အစစ်အမှန်ကမ္ဘာလည်း ရှိတယ်… နောက်တစ်ခုကတော့ မဟာနန်းမြို့တော်ဒေသကြီးအောက်က အသူရာချောက်နက်ထဲမှာ တည်ရှိပြီး ထူးခြားတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေကြတဲ့ ရွှမ်ကမ္ဘာလမ်းစဉ်ဖြစ်တယ် ”
( ဘာသာပြန်သူ၏ မှတ်ချက်: ဂိုဏ်းဆယ်ဂိုဏ်းလို့ ရေးထားပေမဲ့ တချို့က ဂိုဏ်းတွေမဟုတ်ဘဲ အဖွဲ့အစည်းတွေ အင်အားစုတွေပဲ ဖြစ်ပါတယ် )
မင်းသမီးအန်းဟိုင်၏ စကားထဲမှာ သတင်းအချက်အလက်များစွာ ပါရှိသည်။ ဤသည်မှာ ဂိုဏ်းတိုင်းတွင် ကိုယ်စီထူးခြားမှုတစ်ခု ရှိသည့်အလားပင်။ ဥပမာ လီထူဂိုဏ်းသည် ဝမ်ကူးကုန်းမြေတစ်ခုလုံးသို့ ဖြန့်ကြက်ထားသည့် အထူးဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်း ရွှီချင်း သိထားပြီးသား ဖြစ်သည်။
ထိုဂိုဏ်း၏ မူဝါဒသည် ဝမ်ကူးကုန်းမြေမှ ထွက်ခွာပြီး သူတော်စင်ကုန်းမြေကို လိုက်လံရှာဖွေရန် ဖြစ်သည်။ မျိုးနွယ်စုတိုင်းတွင် လီထူဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုရှိသော်လည်း ၎င်း၏ ပင်မဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်နေဆဲပင်။ ၎င်း၏ ဂိုဏ်းခေါင်းဆောင်ကို မဟာကမ္မစီရင်သူဟု ခေါ်ဆိုကြောင်း ရွှီချင်း သိထားသည်။
ထို့ပြင် ရွှမ်ကမ္ဘာလမ်းစဉ်လည်း ရှိသေးသည်။ မင်းသမီးအန်းဟိုင်သည် ဟွမ်ကောင်းကင်ဘုံအကြောင်းကို မသိထားသောကြောင့် ထိုအင်အားစု၏ တာဝန်အကြောင်းကို မသိနိုင်ပေ။ သို့သော်လည်း ထိုအကြောင်းကို ရွှီချင်းကြားသည့်အခါ ယင်းကို အကြမ်းဖျဉ်း သူခန့်မှန်းနိုင်သည်။
အသူရာချောက်နက်ထဲမှာ နေထိုင်ပြီး လျှို့ဝှက်စွာ ထမ်းဆောင်ရသော ၎င်းတို့၏ တာဝန်သည် အမှန်မှာတော့ ဂိတ်စောင့်ကြပ်ခြင်းသာ ဖြစ်သည်။
အစစ်အမှန်ကမ္ဘာသည်တော့ အတိတ်တုန်းက နန်းဟွမ်ကုန်းမြေမှာ ထိုအကြောင်းကို ရွှီချင်းကြားခဲ့ဖူးသည်။ ထိုအဖွဲ့အစည်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ရွှီချင်းသည် ၎င်းတို့နှင့် တစ်ခါမှ မဆက်ဆံဖူးပေ။
ယခု သူသိလိုက်ရသည်မှာ အစစ်အမှန်ကမ္ဘာသည် နန်းမြို့တော်၏ အထူးဂိုဏ်းဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။
“ အစစ်အမှန်ကမ္ဘာက နတ်ဘုရားမျက်နှာပျက်ကြီးကို ကိုးကွယ်ယုံကြည်တာလား ”
ရွှီချင်းသည် အန်းဟိုင်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။
မင်းသမီးအန်းဟိုင်သည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ တချို့က ကြောက်ရွံ့ရိုသေတယ်… တချို့က ရွံရှာမုန်းတီးတယ်… တချို့က ကိုးကွယ်ယုံကြည်တယ်… အစစ်အမှန်ကမ္ဘာက အဲ့လိုအဖွဲ့အစည်းတစ်ခုပဲ… သူတို့က လီထူဂိုဏ်းလိုပဲ မျိုးနွယ်စုတွေကြားထဲမှာ ဂိုဏ်းခွဲတွေ တည်ရှိကြတယ် ”
“ သူတို့ရဲ့ မူဝါဒကတော့ နတ်ဘုရားသားတော်ကို ရှာဖွေဖို့ပဲ… နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အကြည့်အောက်မှာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့လူတွေက နတ်ဘုရားရဲ့ မျက်နှာသာပေးမှုကို ခံရပြီး နတ်ဘုရားသားတော်ဖြစ်လာဖို့ အရည်အချင်းရှိတယ်လို့ သူတို့က ယုံကြည်ထားကြတယ်… အဲ့ဒါကြောင့် သူတို့က အဲ့လိုလူမျိုးတွေကို ဝမ်ကူးကုန်းမြေတစ်လျှောက် လိုက်လံရှာဖွေနေကြတယ် ”
“ နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အကြည့်ကို အကြိမ်ပေါင်းများစွာ တောင့်ခံနိုင်ပြီး မသေဆုံးနိုင်တဲ့ သက်ရှိတစ်မျိုးရှိနိုင်တယ်ဆိုပြီး သူတို့က တစ်ထစ်ချ ယုံကြည်နေကြတယ်… အဲ့လိုလူမျိုးက နတ်ဘုရားရဲ့ ကောင်းချီပေးမှုကို ခံရပြီး သူတို့ရှာဖွေနေတဲ့ နတ်ဘုရားသားတော် ဖြစ်တယ် ”
“ သူတို့က နတ်ဘုရားသားတော်ကို ရှာဖွေပြီးရင် နတ်ဘုရားသားတော်ရဲ့ အသွေးအသားကို စားသောက်ပြီး နတ်ဘုရားအတွက် ယဇ်ပူဇော်နိုင်သရွေ့ နတ်ဘုရားအစွမ်းတွေကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”
မင်းသမီးအန်းဟိုင်၏ စကားသည် ရွှီချင်းကို နှုတ်ဆိတ်သွားစေသည်။
“ နောက်ဆုံးတစ်ခုကတော့ စောစောက ပြောသွားတဲ့ နွေဦးအင်မော်တယ်နန်းတော်ပဲ ”
“ အဲ့ဒီနန်းတော်က အရမ်းထူးခြားတယ်… ဒဏ္ဍာရီအရတော့ နွေဦးအင်မော်တယ်နန်းတော်က ဝမ်ကူးကုန်းမြေရဲ့ သက်ရှိတွေကြားမှာ ပထမဆုံး ပေါ်ပေါက်လာခဲ့တဲ့ ဂိုဏ်းဖြစ်တယ်လို့ ပြောထားတယ်… ဒါ့အပြင် အစမှာ နွေဦးအင်မော်တယ်နန်းတော်က လူသားမျိုးနွယ်ထဲမှာပဲ တည်ရှိခဲ့တာ မဟုတ်ဘူး ”
“ နောက်ပိုင်းမှာ နွေဦးအင်မော်တယ်နန်းတော်က ခွဲထွက်သွားပြီး ဒေသကြီးအများအပြားကြားမှာ တည်ရှိလာတယ် ”
“ ရှေးဘုရင်ရွှမ်ယုံခေတ်မတိုင်မီမှာ နွေဦးအင်မော်တယ်နန်းတော်က ကောင်းကင်ဘုံတာအိုနဲ့ အဆက်အသွယ်ရှိပြီး တော်ဝင်အခွင့်အာဏာကို အတိုင်းအတာတစ်ခုထိ ဖိနှိပ်နိုင်ခဲ့တယ်လို့ ပြောထားတဲ့ ကောလဟာလတွေတောင် ရှိတယ်… အရင်ရှေးဟောင်းဝိညာဉ်အင်ပါယာက ကောင်းကင်ဘုံတာအိုကို အစားထိုးလိုတဲ့ အကြောင်းအရင်းက အဲ့ဒီနန်းတော်နဲ့ ရန်ငြိုးရန်စရှိတာကြောင့်လည်း ပါဝင်တယ် ”
“ ရှေးဟောင်းဝိညာဉ်အင်ပါယာပြီးနောက် ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေတစ်ခုလုံးကို စည်းလုံးညီညွတ်အောင် ပြုလုပ်နိုင်ခဲ့တယ်… ရှေးဘုရင်က နွေဦးအင်မော်တယ်နန်းတော်ရဲ့ စနစ်ကို ဖျက်သိမ်းခဲ့တယ်… တော်ဝင်အခွင့်အာဏာက အရာအားလုံးထက် သာလွန်သွားပြီး မျိုးနွယ်စုအသီးသီးမှာရှိတဲ့ နွေဦးအင်မော်တယ်နန်းတော်တွေနဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တယ် ”
“ အဲ့ဒီနောက် နွေဦးအင်မော်တယ်နန်းတော်က တစ်နှစ်ပတ်လုံး တရားပိတ်ဝါဒကို ကျင့်သုံးခဲ့ပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြုလုပ်ခြင်းကို ရှောင်ရှားခဲ့တယ်… နှစ်တစ်ထောင်ကြာသွားတဲ့အခါတိုင်း တပည့်တစ်ယောက်က အပြင်လောကကို ထွက်ပေါ်လာလိမ့်မယ်… သူတို့ရဲ့ သက်ဆိုင်ရာမျိုးနွယ်စုထဲမှာ အဲ့ဒီနှစ်တစ်ထောင်အတွင်း ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာအားလုံးနဲ့ ကိစ္စအားလုံးကို မှတ်တမ်းတင်လိမ့်မယ်… ဒါပေမဲ့ သူတို့က ဘယ်လောကီရေးရာကိစ္စကိုမှ ဝင်စွက်ဖက်မှာမဟုတ်ဘူး ”
“ အခုထိတောင် နွေဦးအင်မော်တယ်နန်းတော်က အဲ့ဒီအတိုင်းပဲ… သူတို့က ရှေးဘုရင်ရွှမ်ယုံနဲ့ ပြုလုပ်ခဲ့တဲ့ သဘောတူညီမှုကို လိုက်နာနေတုန်းပဲ ”
မင်းသမီးအန်းဟိုင်က စကားပြောနေစဉ် လူတိုင်းသည် အဖြူရောင်သစ်သားဖြင့် ဆောက်လုပ်ထားသော အဌဂံမျှော်စင်ကို ဖြတ်ကျော်သွားကြသည်။ မျှော်စင်သည် တိမ်တိုက်ဖြင့် ထိစပ်နေပြီး ကောင်းကင်ဘုံဘုရားကျောင်းနှင့် ဆင်တူသည်။
မျှော်စင်၏ ဘေးပတ်ပတ်လည်ကို အဖြူရောင်နံရံများဖြင့် ဝိုင်းရံထားသည်။ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် တအိအိလှုပ်ရှားထကြွနေပြီး အပြင်လူများအား မဝင်ရောက်နိုင်စေရန် တားဆီးထားသည်။
“ အထွတ်အမြတ်လခရမ်းဂိုဏ်းက ပရောဟိတ်ဆရာက သူ့ရဲ့ အချိန်အများစုကို ကြယ်နိမိတ်ဖတ်မျှော်စင်ထဲမှာ အသုံးပြုလေ့ရှိတယ်… ကောင်းကင်ဘုရင်တွေနဲ့ ဝန်ကြီးတွေတောင် သူ့ကို တစ်ခါမှ မမြင်ဖူးကြဘူး… ခမည်းတော်နဲ့ စတုတ္ထမင်းသားပဲ သူ့ရဲ့ မျက်နှာကို မြင်ဖူးကြတယ် ”
“ စတုတ္ထမင်းသားက ပရောဟိတ်ဆရာရဲ့ တပည့်ပဲ ”
“ လူတွေပြောကြတာတော့ ပရောဟိတ်ဆရာမှာ ကောင်းကင်ဘုံဆန့်ကျင်တဲ့ စွမ်းရည်တွေနဲ့ အံ့မခန်း ဉာဏ်ပညာရှိတယ်တဲ့ ”
မင်းသမီးအန်းဟိုင်သည် ခေါင်းမော့လိုက်ပြီး တိမ်တိုက်များကို ကြည့်လိုက်သည်။ မြူခိုးက မျှော်စင်၏ ထိပ်ဖျားပေါ်မှာ ရစ်ဝဲနေသော်လည်း ထိုနေရာမှာ စံအိမ်တစ်ခုရှိကြောင်း မသဲမကွဲ မြင်နိုင်သေးပေသည်။ နဂါးများသည် စံအိမ်နားမှာ ပျံသန်းရွေ့လျားနေကြပြီး ကောင်းချီးမင်္ဂလာဖြင့် ပြည့်နှက်စေသည်။
ရွှီချင်းသည် မျှော်စင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ မင်းသမီးအန်းဟိုင်သည် လမ်းတစ်လျှောက်တွင် သူတို့ကို အဖော်ပြုပေးပြီး နန်းမြို့တော်ထဲမှ အင်အားစုများအကြောင်းကို မိတ်ဆက်ပေးသည်။ ဤသည်မှာ သူက သဘောရိုးဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ထင်ရှား၏။
ဤအခိုက်အတန့်မှာ သူက ရွှီချင်း၏ ဘက်သို့ လှည့်လိုက်သည်။
“ သခင်လေး… နန်းတော်ဆီ ငါပြန်သွားရတော့မယ်… နန်းမြို့တော်ထဲက အခြေအနေက အမြဲတမ်း ပြောင်းလဲနေပြီး ဒီနေရာက လူတွေရဲ့ နှလုံးသားက ရှုပ်ထွေးပါတယ်… ဒါကြောင့် သခင်လေးက မျက်စိဖွင့်ထားနိုင်ပြီး ဒီနေရာက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် ”
မင်းသမီးအန်းဟိုင်သည် စကားဆုံးအောင် ပြောပြီးနောက် အရိုအသေပေးလိုက်သည်။ ရွှီချင်းက ပြန်လည်နှုတ်ဆက်လိုက်သည်။ လမ်းတစ်လျှောက်တွင် မင်းသမီးအန်းဟိုင်၏ မိတ်ဆွေဖွဲ့လိုသော ရည်ရွယ်ချက်ကို သူအာရုံခံနိုင်သည်။ တစ်ဖက်လူက ကောင်းမွန်သော ဆန္ဒကို ထုတ်ဖော်ပြမှတော့ သူကလည်း ကောင်းကောင်းမွန်မွန် ပြန်လည်တုံ့ပြန်ရမည်။
“ မင်းသမီးရဲ့ လုပ်ဆောင်မှုတိုင်းက အဆင်ပြေမယ်လို့ ငါမျှော်လင့်ပါတယ်… တကယ်လို့ အနာဂတ်မှာ မင်းသမီးက ငါ့ဆီကနေ အကူအညီလိုတယ်ဆိုရင် ကျေးဇူးပြုပြီး ငါ့ကို အကြောင်းကြားလိုက်ပါ ”
အန်းဟိုင်သည် ပြုံးလိုက်ပြီး ထွက်သွားသည်။
မင်းသမီးအန်းဟိုင်၏ နောက်ကျောကို ကြည့်နေရင်း နင်ယန်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက တစ်စုံတစ်ခုပြောတော့မည့်အချိန် နတ်မိမယ်ကျစ်ရွှမ်းကို မြင်သွားသည်။ သို့ဖြစ်၍ သူက နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။
သို့သော်လည်း သူ၏ အပြုအမူကို နတ်မိမယ်ကျစ်ရွှမ်းက မြင်သွားသည်။ ထို့ကြောင့် နတ်မိမယ်ကျစ်ရွှမ်းက တည်ငြိမ်စွာ ပြောသည်။
“ နင်ယန်… မင်းရဲ့ စံအိမ်ဆီ ငါတို့ကို ခေါ်သွားပေးပါ ”
နင်ယန်သည် အမြန်ခေါင်းညိတ်လိုက်ပြီး လမ်းပြလိုက်ကာ နန်းမြို့တော်ထဲမှ သူ၏ စံအိမ်ဆီသို့ လျှောက်သွားသည်။
မင်းသားများသည် အရွယ်ရောက်လာသည့်အခါ အပြင်ဘက်တွင် နေထိုင်ရလိမ့်မည်။ သို့ဖြစ်၍ သူတို့တစ်ယောက်စီမှာ နန်းမြို့တော်ထဲ၌ ကိုယ်ပိုင်စံအိမ်များ ရှိကြသည်။ နင်ယန်၏ စံအိမ်သည် နန်းမြို့တော်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာသည် တခြားနေရာများနှင့် နှိုင်းယှဉ်လျှင် အစွန်အဖျားကျသည်။
သို့သော်လည်း အကောင်းဘက်မှကြည့်လျှင် ထိုနေရာသည် အလွန်တိတ်ဆိတ်သည်။
အထူးသဖြင့် စံအိမ်သည် အထပ်သုံးထပ်ပါရှိပြီး အလွန်ကျယ်ဝန်းသည်။ အပြင်ဘက်တွင် ကြေးမုံနှင့်ဆင်တူသော ရေကန်တစ်ကန်ရှိပြီး စံအိမ်နှင့် လုံးဝလိုက်ဖက်ညီသည်။ စံအိမ်၏ အသွင်အပြင်၊ ဘေးပတ်ဝန်းကျင်မှ ရှုခင်းများနှင့် ဤနေရာမှ လေထုသည် ထင်ရှားသော အသွင်ပုံစံကို သိသာပေါ်လွင်စေသည်။
စံအိမ်၏ ဗိသုကာလက်ရာသည် ကြော့ရှင်းလှပပြီး အနုစိတ်သည်။ ခေါင်းလောင်းတချို့ကိုပင် စံအိမ်၏ ထောင့်တစ်နေရာစီမှာ ချိတ်ဆွဲထားသည်။ လေတဟူးဟူး တိုက်ခတ်လာသည့်အခါတိုင်း ရေကန်၏ မျက်နှာပြင်သည် တအိအိလှိုင်းထသွားပြီး ခေါင်းလောင်းသံများက အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။
စံအိမ်ကို ကြည့်နေရင်း နတ်မိမယ်ကျစ်ရွှမ်း၏ မျက်လုံးထဲတွင် စိတ်ကျေနပ်မှုနှင့် ချီးမွမ်းမှုအရိပ်အယောင် ထွက်ပေါ်လာသည်။
ထိုစံအိမ်သည် လမ်းတစ်လျှောက်တွင် သူမြင်ခဲ့သော အဆောက်အဦးများနှင့် ခြားနားကြောင်း ရွှီချင်း ပြောနိုင်သည်။ ဘေးမှ ခေါင်းဆောင်သည်လည်း ချီးမွမ်းလိုက်သည်။
“ လေတိုက်တဲ့အခါ ရေကန်က လှုပ်ရှားသွားတယ်… ခေါင်းလောင်းသံက နှလုံးသားထဲမှာ ပေါ်ထွက်လာပြီး ဝိညာဉ်ကို ထိုးဖောက်သွားတယ်… အဲ့ဒါမှာ တမူထူးခြားတဲ့ ဆွဲဆောင်မှုရှိတယ်… ယေဘုယျပြောရရင် ဒီလိုနေရာမျိုးမှာ ရတနာတစ်ခုကို သေချာပေါက် ပျိုးထောင်ထားရမယ် ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် ရေကန်ကို ကြည့်နေရင်း နှုတ်ခမ်းသပ်လိုက်သည်။
“ မယ်တော် အသက်ရှင်ခဲ့ချိန်က ငါတို့ညီအကိုနှစ်ယောက်အတွက် ဒီစံအိမ်ကို ဆောက်လုပ်ပေးခဲ့တာ ”
နင်ယန်သည် စံအိမ်ကို ကြည့်လိုက်သည်။ သူက နူညံ့စွာ ပြောလိုက်သည့်အခါ ညှိုးမှိုင်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထို့နောက် သူက လမ်းပြလိုက်သည်။ သူက မပျံသန်းသွားခဲ့ပေ။ ယင်းအစား သူက ရေကန်ဆီသို့ တိုက်ရိုက် လျှောက်သွားသည်။
သူ၏ ခြေလှမ်းက ရေကန်၏ မျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည့်အခိုက် နှုတ်ခမ်းမွှေးရှည်များဖြင့် သက်တံ့ငါးတစ်ကောင်သည် ရေကန်ထဲမှ ခုန်ထွက်လာသည်။ နေရောင်ခြည်က သက်တံ့ငါး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ရောင်စုံအလင်းရောင်က ဖြာထွက်လာသည်။ ရေစက်များက လေထဲမှာ ပျံ့နှံ့သွားလေရာ အလွန်လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
သူတို့အရှေ့မှ ရေကန်၏ မျက်နှာပြင်ပေါ်တွင် ထိုသို့သက်တံ့ငါးများက တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။ ၎င်းတို့က အသိဉာဏ်ရှိသည့်အလား ၎င်းတို့၏ သခင်ကို မှတ်မိကြသည်။ ၎င်းတို့က ရေကန်၏ မျက်နှာပြင်ပေါ်မှ ဆက်လက် ခုန်ပျံထွက်လာကြပြီး ရွှီချင်းနှင့် တခြားလူများကို ရေကန်၏ ကမ်းစပ်နားသို့ ရောက်သည်အထိ လမ်းပြပေးကြသည်။
ကံမကောင်းစွာပင် သူတို့က ကမ်းစပ်ပေါ်သို့ ခြေချလိုက်ပြီး စံအိမ်၏ ဝင်ပေါက်ရှေ့မှာ ထွက်ပေါ်လာကြသည့်အခိုက် စံအိမ်မှ ထုတ်လွှတ်နေသော ယိုယွင်းပျက်စီးမှုအရှိန်အဝါကြောင့် အနုပညာရသပေးသော ခံစားမှုက အနည်းငယ် လျော့ကျသွားသည်။
စံအိမ်ကို အဝေးမှကြည့်လျှင် အဆင်ပြေပေသည်။ အနီးကပ်ကြည့်မည်ဆိုလျှင် နှစ်အတန်ကြာအောင် လူမနေသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုအရှိန်အဝါက ပိုပြီးအားကောင်းလာသည်။
အနီရောင်ဂိတ်တံခါးသည် အပေါက်များဖြင့် ခြောက်သွေ့နေပြီး ခေါင်းလောင်းများသည် သံချေးတတ်နေသည်။ ဂိတ်တံခါးကို တွန်းဖွင့်လိုက်လေရာ မြက်ပင်များဖြင့် ပြည့်နှက်နေသော ခြံဝန်းက ထွက်ပေါ်လာသည်။ ယိုယွင်းပျက်စီးသော အငွေ့အသက်သည် စံအိမ်ကို လွှမ်းခြုံထားသည်။
စံအိမ်ကို ကြည့်နေရင်း နင်ယန်သည် ခါးသီးမှုကို ခံစားမိသွားသည်။ သူက အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ ငါ့အိမ်ကနေ ကြိုဆိုပါတယ် ”
ရွှီချင်းသည် နင်ယန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။ ခေါင်းဆောင်သည်တော့ လက်ဝှေ့ယမ်းလိုက်သည်။
“ နင်နင်လေး… မင်းရဲ့ အိမ်က မဆိုးပါဘူး… လာ လာ လာ အတူတူ သန့်ရှင်းရေးလုပ်ရအောင်… ဒီနေရာက ဖုန်းရွှေကောင်းတဲ့ ရတနာနယ်မြေဖြစ်မယ်လို့ ငါယုံကြည်တယ်… ငါ့ရဲ့ တွက်ချက်မှုအရတော့ ဒီနေရာက နဂါးတစ်ကောင်ပုန်းအောင်းနေတဲ့ နေရာပဲ… တစ်နည်းပြောရရင် မင်းက အနာဂတ်မှာ အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာလိမ့်မယ် ”
နင်ယန်သည် ရင်ထဲထိသွားသည်။ သူက လေးဖင့်စွာ ခေါင်းညိတ်လိုက်ပြီး အားလုံးနှင့်အတူ စံအိမ်ကို သန့်ရှင်းရေးလုပ်လိုက်သည်။
မကြာမီ စံအိမ်တစ်ခုလုံးသည် ရွှီချင်းနှင့် တခြားလူများ၏ ရှင်းလင်းခံလိုက်ရသည်။ ခုန်းရှန်းလုံသည် ဓားကိုင်တချို့ကို သူနှင့်အတူ ခေါ်ဆောင်သွားပြီး စံအိမ်၏ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
သို့သော်လည်း နင်ယန်သည် အဆောက်အဦးအားလုံးကို စစ်ဆေးကြည့်ပြီးနောက် သူ၏ အမူအရာက အနည်းငယ် ညှိုးမှိုင်သွားသည်။ သူက နေရာမှာ မိန်းမောတွေဝေစွာ ရပ်နေသည်။
ဤသည်ကို မြင်သောအခါ ရွှီချင်းက နင်ယန်ဆီသို့ လျှောက်သွားပြီး မေးသည်။
နင်ယန်သည် အစက တုံ့ဆိုင်းနေသည်။ သို့သော်လည်း အဆုံးမှာ သူက အကြောင်းအရင်းကို ပြောပြလိုက်လေသည်။
“ ပစ္စည်းတချို့ ပျောက်ဆုံးနေတယ်… အဲ့ဒါတွေက ငါ့မယ်တော် မသေဆုံးခင်က ချန်ထားခဲ့တဲ့ ပစ္စည်းတွေပါ… အတိတ်မှာ ငါက လောလောနဲ့ နန်းမြို့တော်ကနေ ထွက်သွားခဲ့တာကြောင့် အဲ့ဒီပစ္စည်းတွေကို ငါနဲ့အတူ မသယ်သွားနိုင်ခဲ့ဘူး… ဒါကြောင့် အဲ့ဒါတွေကို အိမ်မှာပဲ ငါထားရစ်ခဲ့တယ် ”
“ အခု အဲ့ဒါတွေ မရှိတော့ဘူး… စောစောက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တတိယအမတော်ဆီ ငါအသံပို့လွှတ်ခဲ့တယ်… သူက ငါ့ကို ကူညီစုံစမ်းပေးတယ်… ငါ့ပစ္စည်းတွေကို ယူသွားတဲ့လူက မင်းသားတစ်ဆယ်ပါ ”
“ မင်းသားတစ်ဆယ်ရဲ့ မယ်တော်ဘက်က ကလန်မှာ လူသားဧကရာဇ်ရဲ့ လက်ရှိပထမကောင်းကင်ဘုရင် ကျန်းယန်ရှိတယ်… မင်းသားတစ်ဆယ်က လွှမ်းမိုးဖိနှိပ်တဲ့ အကျင့်စရိုက်ရှိတာကြောင့် ဘုရင်ကျန်းယန်က သူ့ကို သဘောမကျဘူး… ဒါပေမဲ့ မြို့တော်ထဲမှာ လူအနည်းစုပဲ သူ့ကို ရန်ပြုရဲတယ် ”
“ သူက ငါ့ပစ္စည်းတွေကို ယူဆောင်သွားတယ်ဆိုမှတော့ ပြန်ယူဖို့ အတော်ခက်ခဲလိမ့်မယ် ”
နင်ယန်က ခါးသီးစွာ ပြောသည်။
ဤသည်ကို ရွှီချင်းကြားသောအခါ သူက အချိန်တစ်ခဏ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ခုန်းရှန်းလုံကို လှည့်ကြည့်လိုက်သည်။
ရွှီချင်း၏ အကြည့်ကို မြင်သွားသောအခါ ခုန်းရှန်းလုံ၏ မျက်လုံးသည် ဝင်းလက်သွားသည်။ ရွှီချင်းက မည်သည့်အရာကို တွေးတောနေကြောင်း သူနားလည်သည်။
“ အကိုခုန်း… မင်းသားတစ်ဆယ်ရဲ့ စံအိမ်ဆီ ကျောက်စိမ်းပြားပေးပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပြီး ငှားသွားတဲ့ ပစ္စည်းတွေကို တစ်ရက်အတွင်း ပြန်လာပေးဖို့ ပြောခိုင်းလိုက်ပါ ”